လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်း တို့ကာကွယ်
ယနေ့ခေတ်တွင် ကမ္ဘာကြီးကို ခြိမ်းခြောက်စိန်ခေါ်နေသည့်အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးမှု၊ လက်နက်မှုတို့အပြင် လူကုန်ကူးမှုသည်လည်း ကမ္ဘာ့ထိပ်တန်းရောက်ရှိနေသည့် လူ့အခွင့်အရေးချိုးဖောက်နေသည့် ပြစ်မှုကြီးတစ်ခုအဖြစ် ရောက်ရှိနေ သည်ကို လူအများသိရှိကြမည်ဖြစ်ပေသည်။ လူကုန်ကူးမှုသည် အရင်းအနှီးနည်းပါးစွာဖြင့် အမြတ်အစွန်းများများရရှိ သောလုပ်ငန်း ဖြစ်သဖြင့် လူကုန်ကူးသူလူပွဲစားများသည် ထိုလုပ်ငန်းကို အဓိကထားလုပ်ကိုင်နေကြခြင်းဖြစ်ပေသည်။
လူကုန်ကူးမှုဆိုသည်မှာ လူတစ်ဦးတစ်ယောက်ကို အခြားသူတစ်ဦးတစ်ယောက်က သဘောတူ သည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ခေါင်းပုံဖြတ်ရန်အလို့ငှာ စည်းရုံးခြင်း၊ သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ အနိုင်အထက်ပြုခြင်း၊ မိသားစုဘဝရပ်တည်ရန် အခက်အခဲရှိနေသူများကို လိမ်ညာပြောဆိုပြီး ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လက်သင့်ခံခြင်း၊ ခိုလှုံခွင့်ပေးခြင်း၊ ပြည့်တန်ဆာလုပ်ခိုင်းခြင်း၊ အခြားသော ကာမဆိုင်ရာကိစ္စတစ်မျိုးမျိုး ပြုလုပ်ခိုင်းခြင်း၊ အဓမ္မအလုပ်စေခိုင်းခြင်း၊ အဓမ္မထိမ်းမြားလက်ထပ်ခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန် ကဲ့သို့ခိုင်းစေခြင်း၊ ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေခြင်း၊ အခြားသူတစ်ဦး တစ်ယောက်၏ ခန္ဓာကိုယ် အစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းစားခြင်းစသည်တို့ကိုပြုရာမှ ငွေကြေးကိုသော် လည်းကောင်း၊ အကျိုးအမြတ် တစ်စုံတစ်ရာကိုသော်လည်းကောင်း လက်ခံခြင်း(သို့) လက်ခံရယူ န်သဘောတူခြင်းတို့ ဖြစ်ပါ သည်။
လူကုန်ကူးမှု နောက်ခံသမိုင်း
လူကုန်ကူးမှု နောက်ခံသမိုင်းတွင် ရှေးယခင်က ကျေးပိုင်ကျွန်ပိုင်ရှင်စနစ် ဖြစ်ထွန်းခဲ့ပြီး ကျွန်ဈေးကွက်တွင် အနိုင်အထက်ပြု၍ အင်အားသုံးပြီး ဖမ်းဆီးခေါ်ဆောင်လာသူများကိုကုန် ပစ္စည်းသဖွယ်အရောင်းအဝယ်ပြုလုပ်ကြကာ အမျိုးသမီးများကို ကျွန်အဖြစ်လက်ခံအသုံးပြုပြီး လိင်မှုဆိုင်ရာများတွင် အသုံးချမှုခံခဲ့ကြရပါသည်။ သမိုင်းဦးဘုံမြေစနစ်မှ ကျွန်ပိုင်ရှင်စနစ်သို့ ကူးပြောင်းခြင်းသည် ရှေးဟောင်းအရှေ့တိုင်းဒေသများ၏ သမိုင်းမှစတင်ကာ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၄၀၀၀ မှ ၂၀၀၀ အတွင်း ကျွန်ပိုင်ရှင်စနစ် သည် ဆူမေးနီးယားပြည်၊ ဘေဘီလိုနီး ယားပြည် အာဆီးနီးယားပြည်၊ အီဂျစ်ပြည်၊ အိန္ဒိယပြည်နှင့် တရုတ်ပြည်တို့တွင် လွှမ်းမိုးခဲ့ပါသည်။ ခရစ်တော် 'မပေါ်မီ နှစ်ပေါင်း ၁၀၀၀ ခန့်က ဥရားတုပြည်၌လွှမ်းမိုးခဲ့ကာ ခရစ်တော်မပေါ်မီ နှစ် ၅၀၀ မှ ၄၀၀ အတွင်း ဂရိနိုင်ငံများ၌လည်း လွှမ်းမိုးခဲ့ပါသည်။
ကျွန်ပိုင်ရှင်တစ်ယောက်၏ အခွင့်အာဏာ သည် အကြွင်းမဲ့အာဏာမျိုး (သက်ဦးဆံပိုင် အာဏာ) ဖြစ်ပါသည်။ ကျွန်တို့သည် ကြာပွတ်၏ ထိန်းကျောင်းမှုကိုခံကြရင်း ကြမ်းတမ်းသောလုပ်ငန်း များကိုလုပ်ဆောင်ကြရသည်။ ကျွန်၏ခန္ဓာကိုယ်ပေါ်တွင် ထိုကျွန်၏အမည်ကိုဖြစ်စေ၊ အခြားအ မှတ်အသားကိုဖြစ်စေ ထိုးခတ်ထားသည်။ ထို့အပြင် လည်တိုင်တွင်လည်း ကျွန်၏နာမည်ကို ထိုးခတ်ထားသော သံကော်လာကွင်းကို စွပ်ထားစေသည်။ ကျွန်ပိုင်ရှင်တို့သည် ကျွန်များအပေါ် အကြမ်းကြုတ်ဆုံးသောရက်စက် မှုမျိုးကိုပြုလုပ်ခဲ့ကြပြီး မသေရုံမျှသာအစားအသောက်နှင့် အဝတ်အစားများကိုပေးပါသည်။ လူသားချင်းကျွန်ပြု၍ ရောင်းကုန် ပစ္စည်းသဖွယ် ကျွန်ဈေးကွက် တွင်ရောင်းဝယ်လုပ်ကိုင်ကြပါသည်။
ကျွန်များကို စစ်ပွဲများတွင် စုဆောင်း
ကျွန်ပိုင်ရှင်တို့သည် ကျွန်များကို စစ်ပွဲများတွင် စုဆောင်းကြကာ များစွာသောစစ်သုံ့ပန်းများသည် ကျွန်များ၏ဘဝကိုခံယူကြရ ပါသည်။ ရှေးခေတ်တွင် ကျွန်ပိုင်ရှင်စနစ်ကို ကျင့်သုံးသောနိုင်ငံများစွာတို့သည် အင်အားနည်းသော တိုင်းပြည်များကိုစစ်ရေး အားဖြင့် တိုက်ခိုက်သိမ်းပိုက်၍ စစ်ရှုံးသော စစ်သားများကိုသာမက စစ်ရှုံးနိုင်ငံ၏ ပြည်သူလူထုများစွာကိုလည်း ကျွန်စာရင်းသွင်း ကြပါသည်။ ထိုကျေးကျွန် စနစ်သည် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ခန့်က ကမ္ဘာမှ ပျောက်ကွယ်ခဲ့ပြီး လွန်ခဲ့သော ၁၉၈၀ ဝန်းကျင်ခန့် တွင် ကမ္ဘာနှင့်အဝန်း ဆက်စပ်ယှက်နွှယ်ပြောင်းလဲမှု၊ ဖွံ့ဖြိုးမှုမမျှတခြင်း၊ တည်ငြိမ်မှုမရှိခြင်းတို့ကြောင့် လူကုန်ကူးမှုပြဿနာသည် ခေတ်သစ်ကျေးကျွန် စနစ်ပုံစံဖြင့် ပြန်လည်ပေါ်ပေါက်လာခဲ့ခြင်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် လူကုန်ကူးမှုပြဿနာကို (၁၉၉၅-၁၉၉၆)ခုနှစ်လောက်မှစ၍ သတိပြုလာမိခဲ့ ကြသည်။မြန်မာနိုင်ငံ၏အိမ်နီး ချင်းငါးနိုင်ငံဖြစ်သော ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊
ဗီယက်နမ်နိုင်ငံ၊ တရုတ်နိုင်ငံများအနက် စီးပွားရေးတိုးတက်မှုကွာဟ၍ သွားလာရန်လွယ်ကူသော ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများသို့ တရားမဝင်သွား ရောက်အလုပ်လုပ်ကိုင်ရာမှ အလုပ်လုပ်ကိုင် သူများအပေါ် နည်းမျိုးစုံဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ် ခံကြရသည့်အတွက် လူကုန်ကူးမှုပြဿနာ ကို စတင်သတိပြုမိခဲ့ခြင်း ဖြစ်ပါသည်။
လူကုန်ကူးမှု စတင်ဖြစ်ပေါ်လာ
လူသားတိုင်း မိမိတို့ဘဝ ရပ်တည်နိုင်ရေးအတွက် ရေကြည်ရာမြက်နုရာသို့ တစ်နေရာမှ တစ်နေရာ ရွှေ့ပြောင်းသွားလာနေထိုင် လုပ်ကိုင် စားသောက်ကြရာမှ အလုပ်အကိုင်အခွင့်အလမ်းပေါများသော အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်းအလုပ်သမားများ အဖြစ် သွားရောက်လုပ်ကိုင်လျက် ရှိကြသည်။ ထိုကဲ့သို့ သွားရောက်လုပ်ကိုင်ကြရာတွင် တရားဝင်ရွှေ့ပြောင်းသွားလာမှုနှင့် တရားမဝင် ရွှေ့ပြောင်းသွားလာမှုဟူ၍ နှစ်မျိုးတွေ့ရှိကြရမည် ဖြစ်ပါသည်။ တရားဝင်ရွှေ့ပြောင်း သွားလာမှုသည် ပတ်စ်ပို့၊ ဗီဇာနှင့် စာရွက်စာတမ်းအထောက် အထားများပြုလုပ်ကြပြီး သက်ဆိုင်ရာအေဂျင်စီများနှင့် ချိတ်ဆက်ကာ သွားရောက်လုပ်ကိုင်ခြင်းဖြစ်ပြီး တရားမဝင်ရွှေ့ ပြောင်းသွားလာလုပ်ကိုင်ခြင်းသည် မည်သည့်စာရွက်စာတမ်း အထောက်အထားမျှမပါရှိဘဲ တစ်ဖက်နိုင်ငံသို့ခိုး ဝင်ကာ သွားရောက်အလုပ်လုပ်ကိုင်ကြခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ တရားမဝင်ရွှေ့ပြောင်းသွားလာမှုကို လူမှောင်ခိုမှု ဟုခေါ်ပါသည်။ ထိုလူမှောင်ခိုမှုများကို လူပွဲစားများ၊ လူကုန်ကူးသူများက ကျူးလွန်လျက်ရှိကာ ထိုကဲ့သို့ တရားမဝင် သွားရောက် အလုပ် လုပ်ကိုင်ခြင်းမှ လူကုန်ကူးမှုများဖြစ်ပေါ်လာပြီး ရွှေ့ပြောင်းသွားလာခြင်းသည် လူကုန်ကူးမှုကို စတင်ဖြစ်ပေါ်လာစေပါ သည်။
လူကုန်ကူး၊ လူမှောင်ခိုနှင့် ရွှေ့ပြောင်းသွားလာ ခြင်းတို့သည် တစ်ခုနှင့်တစ်ခုဆက်စပ်လျက်ရှိကြပြီး ယနေ့ခေတ်တွင် ကျယ်ပြန့်စွာလုပ်ကိုင်နေကြကာ လူပွဲစားများက လူကုန်ကူးမှုအသိပညာ ဗဟုသုတ နည်းပါးသောကျေးလက်တော ရွာဒေသများတွင် လွန်ခဲ့သောဆယ်စုနှစ်ခန့်က အိမ်တိုင်ရာရောက် သွားရောက်ကာ တရုတ်နိုင်ငံသို့အိမ်ဖော်အလုပ်လုပ်ရမည်၊ လစာကောင်း ကောင်းရမည်ဟု လိမ်လည်စည်းရုံးခဲ့ကြပြီး အမျိုးသမီးမိန်းကလေးများအား ရောင်းစားခဲ့သည့် လူကုန်ကူးမှု ဖြစ်စဉ်များ မြောက်မြားစွာရှိခဲ့ပါသည်။
အွန်လိုင်းပေါ်မှ စည်းရုံးပြောဆို
ယနေ့ခေတ်တွင် နည်းပညာများ တိုးတက် ထွန်းကားလာသည်နှင့်အမျှ လူပွဲစားများသည် လူမှု ကွန်ရက်စာမျက်နှာများဖြစ်သည့် ဖေ့စ်ဘွတ်၊ ဗိုက်တာ၊ မက်ဆင်ဂျာ၊ ဗီတော့၊ တန်ဂို၊ လိုင်း၊ ယူကျ အစရှိသည်တို့မှ အကောင့်အမျိုးမျိုးပြုလုပ်ကာ အွန်လိုင်းပေါ်မှ စည်းရုံးပြောဆိုလိမ်လည်၍ လူကုန်ကူးမှုများအား စဉ်ဆက်မပြတ် ကျူးလွန်လျက်ရှိသည်ကို ပြည်သူအများ သတိထား ရှောင်ရှားကြရန် လိုအပ်မည်ဖြစ်ပါသည်။ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင် မည်ဆိုပါက ယခင်က ပြည်ပသို့ သွားရောက်လုပ်ကိုင်ခဲ့ဖူးသော အသိမိတ်ဆွေများနှင့် သေချာစွာ ဆွေးနွေးတိုင်ပင်ပြီး မိမိနိုင်ငံအတွင်းရှိ တရားဝင်ခွင့်ပြုထားသော အေဂျင်စီများနှင့် ချိတ်ဆက် ဆောင်ရွက်သင့်ပါသည်။ ထိုကဲ့သို့ ချိတ်ဆက်ဆောင်ရွက် သွားရောက် လုပ်ကိုင်ရာတွင်လည်း မိမိတို့၏ အဓိကကျသည့် ကိုယ်ရေးအချက်အလက်များအပြင် သက်ဆိုင်ရာ ဖုန်းနံပါတ်များကို အလွတ်ကျက်မှတ်ထားရမည့်အပြင် အတူနေထိုင်သည့် မိဘဆွေမျိုးညီအစ်ကို မောင်နှမများ ကိုလည်းအလွယ်တကူ ဆက်သွယ်မှုပြုနိုင်ရန်အတွက် ပေးထားခဲ့ရမည်ဖြစ် ပါသည်။ သို့မှသာ အခက်အခဲတစ်စုံတစ်ရာ ကြုံလာခဲ့ပါက လွယ်ကူလျင်မြန်စွာဖြင့် အမြန်ဆုံးဆက်သွယ် နိုင်မည်ဖြစ် ပါသည်။
လူကုန်ကူးခြင်းသည် အမျိုးသမီးများနှင့် ကလေးငယ်များတွင်သာ ဖြစ်ပွားခြင်းမဟုတ်ဘဲ အမျိုးသားများလည်း လူကုန်ကူးခံရသည့် ဖြစ်စဉ်သာဓကများစွာရှိခဲ့သဖြင့် သတိပြုရန် လိုအပ်လှပါသည်။ လူကုန်ကူးမှု ပပျောက်လျော့နည်းရေးအတွက် ပြည်သူအားလုံးတွင် တာဝန်ရှိသဖြင့်လူကုန်ကူးမှုကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် နိုင်ငံတော်က သတ်မှတ် ပြဋ္ဌာန်းထားရှိပါသည်။ လူကြီးမိဘတို့၏လျစ်လျူရှုပေါ့ဆမှုကြောင့် မသိနားမလည်သေးသော အရွယ်မရောက်သေးသည့်ကလေးသူငယ်များကို လူကုန်ကူး သူလူပွဲစားများက အမျိုးမျိုးမက် လုံးပေးပြီး အခွင့်ကောင်းယူကာ ရောင်းစားနေသည့်အတွက် ပြည်သူလူထု ( တစ်ရပ်လုံးက သတိကြီးစွာဖြင့် ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြရန် အထူးလိုအပ်လှပေသည်။
မိသားစုအတွင်း အိမ်တွင်းရေးပြဿနာများမှ ကလေးသူငယ်များကို လမ်းမှားပေါ်သို့ တွန်းပို့ပေး
နိုင်သဖြင့် လူကြီးမိဘများအနေဖြင့်လည်း ဂရုပြုရန် ( အရေးကြီးပါသည်။ မိမိ၏ဆန္ဒ လိုချင်တပ် မက်မှုများမှတစ်ဆင့် လူကုန်ကူးသူလူပွဲစားများအတွက်အခွင့်အရေးဖြစ်ကာ အမြတ်ထုတ်သွား နိုင်ပါသည်။မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှု အမျိုးအစားများတွင် တရုတ်အမျိုး သားများနှင့် အဓမ္မထိမ်းမြားလက်ထပ်ရန်အတွက် မြန်မာအမျိုးသမီးများအား ရောင်းစားခြင်း၊ တရုတ်နိုင်ငံသို့ ကလေးသူငယ်များကို မွေးစားရန်အတွက်ရောင်းစားခြင်း၊ အမျိုးသားလူငယ် လူရွယ်များကို ထိုင်းငါးဖမ်းလှေများတွင် အဓမ္မခိုင်းစေရန်အတွက် ရောင်းစားခြင်း၊ ထိုင်းနိုင်ငံရှိ စက်ရုံများတွင် အဓမ္မ ခိုင်းစေပြီး လုပ်အားခေါင်းပုံဖြတ်ခြင်း၊ ပြည့်တန်ဆာ ပြုခြင်း၊ အိမ်ဖော်အဖြစ် အဓမ္မစေခိုင်းခြင်း၊ ကလေး သူငယ်များအား လိင်ပိုင်းဆိုင်ရာအလွဲသုံးစား ပြုသည့်အပြင် သူတောင်းစားအဖြစ်တောင်းရမ်း ခိုင်းစေခြင်းတို့ကို အမြဲသတိပြုသိရှိထားရမည် ဖြစ်ပေသည်။ သတိတစ်ချက်ဘဝတစ်သက်ဆိုသည့်အတိုင်း လူကုန်ကူးမှုနှင့်ပတ်သက်လျှင် အရာရာကို သတိတရားလက်ကိုင် ထား၍ လူတိုင်းကိုယ်စီ လူကုန်ကူးမှုအသိပညာဗဟုသုတများကို နားလည် သိရှိထားရန်လည်း အထူးအရေးကြီးလှပါသည်။ အကြမ်းဖျင်းအားဖြင့် လူကုန်ကူးမှု ဖြစ်ပွားစေသော အဓိကအကြောင်းရင်းများကို အောက်ပါအတိုင်း တွေ့ရှိရပါသည်-
(၁) ဝင်ငွေနည်းပါးခြင်း၊
(၂) အလုပ်အကိုင်ရှားပါးခြင်း၊
(၃) ပညာရေးနိမ့်ပါးခြင်း၊
(၄) သတင်းမှန်မသိရှိခြင်း၊
(၅) ယုံလွယ်ခြင်း၊
(၆) မိသားစုထောက်ပံ့ရန်လိုအပ်ခြင်း၊
(၇) လူကုန်ကူးမှု အသိပညာဗဟုသုတများကို စိတ်ဝင်စားမှုနည်းခြင်း၊
(၈) စူးစမ်း စမ်းသပ်လိုခြင်း၊
(၉) မိသားစုပြဿနာရှိခြင်း၊
(၁၀) အကြွေးတင်ခြင်းတို့ကြောင့်ဖြစ်ပါသည်။
ယင်းပြဿနာများကို ဖြေရှင်းရာတွင် တစ်ဦး တစ်ယောက်ကောင်းဖြင့် အောင်မြင်မှု မရရှိနိုင်ဘဲ ဘက်စုံထောင့်စုံမှ ဝိုင်းဝန်းဖြေရှင်းမှ သာအောင်မြင်မှု ရရှိနိုင်မည်ဖြစ်သဖြင့် ပြည်သူလူထုတစ် ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ လူကုန်ကူးမှုများ လျော့နည်း ပပျောက်နိုင်မည်ဖြစ်ပေသည်။
ကြီးလေးသော ပြစ်မှုကြီး
လူကုန်ကူးမှုသည် ကြီးလေးသော ပြစ်မှုကြီး တစ်ရပ်ဖြစ်သဖြင့် လူကုန်ကူးသူများကိုထိရောက် သောပြစ်ဒဏ်များ ရရှိရေးအတွက် တရားစွဲအဖွဲ့ အစည်းများကလည်း အလေးထားဆောင်ရွက် လျက်ရှိပါသည်။ တာဝန်ရှိသူများကလည်း လူကုန်ကူးမှုများကို စစ်ဆေးစီရင်ရာတွင် အဂတိတရား လေးပါး ကင်းရှင်းစွာဖြင့် စစ်ဆေးစီရင်ကြရန် လိုအပ်သည့်အပြင် ပြစ်မှုကျူးလွန်သူများသာမက ၎င်းတို့နှင့် ဆက်စပ်ပတ်သက်သည့် မသမာမှုပြုနေ သူများကိုလည်း ပြစ်မှုထင်ရှားစစ်ဆေး ပေါ်ပေါက်ပါက ထိရောက်ဟန့်တား လောက်သော ကြီးလေးသည့် ပြစ်ဒဏ်များချမှတ်ရန် တရားရုံးချုပ်က တရားရုံးအသီးသီးသို့ ညွှန်ကြားထားရှိပြီး ဖြစ်ကြောင်းကို လည်းသိရှိရပါသည်။ လူကုန်ကူးမှု ပြဿနာသည် မြန်မာတိုင်းရင်းသားတို့၏ တန်ဖိုးထားစောင့်ရှောက်အပ်သော အမျိုးအနွယ် စောင့်ထိန်းမှုကို ထိခိုက်ပျက်ပြားစေပါသည်။ သို့ဖြစ်၍ လူကုန်ကူးမှုပြဿနာပ ပျောက်ရေးကို အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ် မူဝါဒချမှတ်ဆောင်ရွက် လျက်ရှိသဖြင့် ပြည်သူပြည်သားများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အထူးလိုအပ်လှပါသည်။
ထို့ကြောင့် ယခုနှစ် ၂၀၂၁ ခုနှစ် စက်တင်ဘာ လ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက် ရေးနေ့အတွက် “တားဆီး၊ ကယ်တင်၊ ကူညီရေး လူကုန်ကူးခံရသူအသံ နားထောင်ပေး” ဟူသော ဆောင်ပုဒ်အတိုင်း ပြည်သူလူထုတစ်ရပ်လုံးက မိမိတို့ကျရာအခန်း ကဏ္ဍမှ သတိတရားလက်ကိုင်ထား၍ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါရန် အကြံပြုတင်ပြ အပ်ပါသည် ။ ။
ဒေါ်မြတ်လေးခိုင် (အလယ်တန်းပြ)