Skip to main content

မိမိအိမ်နီးချင်းနိုင်ငံမှာ ရောဂါဖြစ်ပွားမှုကျသွားလေလေ ပိုပြီးလုံခြုံစိတ်ချရလေ ဖြစ်ပါတယ်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဩဂုတ် ၃၀ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

ဒေါက်တာသန်းနိုင်စိုး

(ယမန်နေ့မှအဆက်)

အစီအစဉ်မှူး။ ။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ် - ၁၉ တတိယလှိုင်းအခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီး ပြောကြားပေးပါဦး။

ဒေါက်တာသန်းနိုင်စိုး ။ ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အနေနဲ့ အမေရိကဒေသ၊ ဥရောပဒေသ၊ အရှေ့တောင်အာရှဒေသ၊ မြေထဲပင်လယ်အရှေ့ပိုင်းဒေသ၊ အနောက် ပစိဖိတ်သမုဒ္ဒရာဒေသနဲ့ အာဖရိက ဒေသဆိုပြီး တစ်ကမ္ဘာလုံးကို ဒေသကြီး ခြောက်ခုသတ်မှတ်ပြီး ကျန်းမာရေးလုပ်ငန်းတွေကို အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ အရှေ့တောင်အာရှဒေသထဲမှာ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြောက်ကိုရီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်း၊ အရှေ့တီမောနဲ့ စင်ကာပူဆိုပြီး ၁၁ နိုင်ငံ ပါပါတယ်။ ကမ္ဘာတစ်ဝန်း လုံးကို ပြန်ကြည့်ရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ ဒေသကြီးခြောက်ခုအနက် သုံးခုမှာ ရောဂါဖြစ်ပွားမှုတက်နေပါတယ်။ ရောဂါ ဖြစ်ပွားမှုကျတဲ့ ဒေသကြီး သုံးခုက အရှေ့တောင် အာရှဒေသ၊ မြေထဲပင်လယ်အရှေ့ပိုင်းဒေသနဲ့ အာဖရိကဒေသတို့ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားတဲ့အရှေ့တောင်အာရှဒေသ အနေနဲ့ ရောဂါဖြစ်ပွားမှု ကျဆင်းနေတဲ့အထဲမှာ မြန်မာနိုင်ငံနဲ့အတူ အိန္ဒိယနိုင်ငံက ပါဝင်နေပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ရောဂါဖြစ်ပွားမှုက မြန်မာ နိုင်ငံနဲ့ ဆက်စပ်ပတ်သက်နေပါတယ်။ မိမိအိမ် နီးချင်းနိုင်ငံမှာ ရောဂါဖြစ်ပွားမှုကျသွားလေလေ ပိုပြီးလုံခြုံစိတ်ချရလေ ဖြစ်ပါတယ်။ ရောဂါဖြစ်ပွား မှုကျလေလေ အရင်ကဝယ်ယူထားတဲ့ ကာကွယ်ဆေးတွေ ရဖို့အခွင့်အလမ်းလည်း များလေဖြစ်ပါတယ်။ နောက်တရုတ်နိုင်ငံရဲ့ အနေအထားက ကောင်းပါတယ်။ တစ်နေ့တာကာလအတွင်း ၁၄၃ ဦး ပြန်တွေ့တာနဲ့ မြို့ကြီးတစ်မြို့လုံးကို ပိုးစစ်တာ မျိုးစတဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးအပိုင်းကို အတော်ကို ဦးစားပေးပြီး ဆောင်ရွက်တာ တွေ့ရပါတယ်။ အချမ်းသာတဲ့ နိုင်ငံတွေမှာ သန်း ဆယ်ဂဏန်းနဲ့ချီပြီး ခံစားနေရတာတောင် စပြီး ပိုးတွေ့ရှိတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ရောဂါ ဖြစ်ပွားသူ တစ်သိန်းတောင် မပြည့်သေးတဲ့ အနေအထားဆိုတော့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံရဲ့ ရောဂါ ကာကွယ်ထိန်းချုပ်တဲ့ လုပ်ငန်းတွေကို နမူနာယူပြီး တတ်နိုင်သရွေ့ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အခြေအနေကလည်း ရောဂါဖြစ်ပွားမှု အကျဘက်ကို ရောက်လာတာ တွေ့ရပါတယ်။ ဒါကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဒေသကြီး ခြောက်ခုမှာ ရောဂါတွေ့ရှိ ရတဲ့အနေအထားနဲ့ ကျွန်တော်တို့ရဲ့ အနောက် ဘက်နဲ့ မြောက်ဘက်က အိမ်နီးချင်းနိုင်ငံတွေရဲ့ အနေအထားပါ။

အာဆီယံနိုင်ငံတွေကို ကြည့်မယ်ဆိုရင် လက်ရှိ ရောဂါဖြစ်ပွားမှုအများဆုံးနဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေတာက အင်ဒိုနီးရှားနိုင်ငံပါ။ အင်ဒို နီးရှားက လူဦးရေများတယ်။ ဒီတော့ ပိုးတွေ့ရှိတာ လည်း များပါတယ်။ သြဂုတ်လ ၂၆ ရက်အထိ ကိုဗစ်၁၉ ရောဂါဖြစ်ပွားသူဦးရေ ၄၀၅၆၃၅၄ ဦးနဲ့ သေဆုံး သူ ၁၃၀၇၈၁ ရှိပါတယ်။ ကိုဗစ် - ၁၉ ရောဂါ တတိယ လှိုင်းကို မေလအလယ်မှာ စတင်ခံစားရပါတယ်။ စတွေ့ခါစက ပိုးတွေ့သူ ၄၀၀၀ လောက်နဲ့ စခဲ့ပါ တယ်။ ဇူလိုင်လ ၁၅ ရက် တစ်ရက်တည်းနဲ့ ပိုးတွေ့ သူ ၅၆၇၅၇ ဦး ပိုးတွေ့ရှိခဲ့ပါတယ်။ သြဂုတ်လ ၂၆ ရက် တစ်ရက်တည်းမှာ ပိုးတွေ့သူ ၁၆၈၉၉ ဦး တွေ့ရှိ တဲ့အတွက် ကျလာပါတယ်။ ဒါပေမယ့် များနေပါသေးတယ်။ အင်ဒိုနီးရှားနိုင်ငံက ဆက်လက်ပြီး ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်ဆိုတာ သိမြင်နိုင်ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာ ဒုတိယအများဆုံး တွေ့ရတာက ဖိလစ်ပိုင်နိုင်ငံ ဖြစ်ပါတယ်။ သြဂုတ်လ ၂၆ ရက်အထိ ၁၉၁၆၄၆၁ ဦးတွေ့ခဲ့ပြီး သေဆုံးသူ ၃၂၈၄၁ ဦးဖြစ်ပါတယ်။ သူက ဒုတိယလှိုင်းနဲ့ တတိယ လှိုင်းဆက်သွားတဲ့ အနေအထားဖြစ်ပါတယ်။ ဒုတိယ လှိုင်းက ၂၀၂၁၊ မတ်လ အကုန်မှာဖြစ်ပြီး စတင်တွေ့ရှိ တာက ၂၀၀၀ နဲ့ ၃၀၀၀ ဝန်းကျင်မှာတွေ့တယ်။ အမြင့်ဆုံးရောက်တဲ့ အနေအထားက ဩဂုတ်လ ၂၃ ရက်မှာ ၁၈၃၁၀ အထိ တစ်ရက်တည်းကို တွေ့ခဲ့ တယ်။ သြဂုတ်လ ၂၆ ရက်မှာ ၁၆၁၂၇ ဦးဆိုတော့ နည်းနည်းကျလာသလိုရှိပေမယ့် စပြီးတွေ့ခဲ့တဲ့ အနေအထားနဲ့ဆိုရင် ကိန်းဂဏန်းက များနေပါသေးတယ်။

အာဆီယံနိုင်ငံတွေထဲမှာ တတိယအများဆုံး နိုင်ငံက မလေးရှားနိုင်ငံဖြစ်ပါတယ်။ ဩဂုတ် ၂၆ ရက်အထိ ပိုးတွေ့သူ ၁၆၆၂၉၁၃ ဦးရှိပြီး သေဆုံးသူ ၁၅၅၅၀ ရှိနေပါတယ်။ မလေးရှားကလည်း ဒုတိယ လှိုင်းနဲ့ တတိယလှိုင်းဆက်သွားသလို ရှိပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလလယ်လောက်မှာ စပြီး ပိုးတွေ့နှုန်း တက်လာတာကိုတွေ့ရပြီး ဩဂုတ်လ ၂၆ ရက် တစ်ရက်တည်းမှာ ၂၄၅၉၉ ဦးအထိ တက်တုန်းပဲ ဆိုတော့ တတိယလှိုင်းက အရှိန်အဟုန်နဲ့ တက်နေတဲ့ အနေအထားဖြစ်ပါတယ်။ တ စတုတ္ထမြောက် အများဆုံးက ထိုင်းနိုင်ငံ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ အနေအထားက ဩဂုတ်လ ၂၆ ရက်အထိ ဖြစ်ပွားသူ ၁၁၃၉၅၇၁ ဦး ဖြစ်ပွားမှုရှိပြီး သေဆုံးသူ ၁၀၅၈၇ ဦးသေဆုံးတာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံက အစပိုင်း ကျွန်တော်တို့ ပထမလှိုင်း၊ ဒုတိယလှိုင်း ခံစားနေရချိန်မှာ ရောဂါကာကွယ် ထိန်းချုပ်မှု အားကောင်းတဲ့နိုင်ငံ ဖြစ်ပါတယ်။ သူ့မှာ ဒုတိယလှိုင်းနဲ့ တတိယလှိုင်း ဆက်တိုက်အနေနဲ့ ဧပြီလ ပထမပတ်လောက်မှ စတင်ပါတယ်။ ရောဂါ ပိုးတွေ့ရှိမှုက တစ်ရက်ကို ၂၅၀ ဝန်းကျင်လောက် စတွေ့ခဲ့ပြီး ဘယ်လောက်အထိ တက်လာသလဲဆိုရင် ဩဂုတ်လ ၁၃ ရက်မှာ တစ်ရက်တည်း ၂၃၄၁၈ ဦး တွေ့ရှိခဲ့ရတဲ့အတွက် အလွန်မြင့်တက်ခဲ့တဲ့အနေအထား ဖြစ်ပါတယ်။ သြဂုတ်လ ၂၆ ရက် တစ်ရက် တည်းမှာ ၁၈၅၈၁ ဦး တွေ့ရှိနေတုန်းဆိုတော့ ထိုင်း နိုင်ငံကလည်း ဆက်လက်ပြီး ကြိုးစားထိန်းချုပ်နေရ တဲ့ အနေအထား ဖြစ်ပါတယ်။

အာဆီယံနိုင်ငံထဲမှာ နံပါတ် ၅ နိုင်ငံက ဗီယက်နမ် နိုင်ငံဖြစ်ပါတယ်။ သြဂုတ်လ ၂၆ ရက်အထိ ဖြစ်ပွားသူ ပေါင်း ၄၁၀၃၆၆ ဦးရှိပြီး သေဆုံးသူ ၁၀၀၅၃ ဦး ရှိပါတယ်။ ဗီယက်နမ်နိုင်ငံအနေနဲ့ ယခင်က လှိုင်းတွေ ကြီးကြီးမားမား မကြုံခဲ့ရဘဲ ၂၀၂၁ ခုနှစ် မေလလယ် မှာ ပထမလှိုင်းအနေနဲ့ ပြင်းပြင်းထန်ထန် စတင် ကြုံတွေ့ရခြင်းဖြစ်ပါတယ်။ သူ့မှာစတဲ့အနေအထား က ၁၈၀ လောက်နဲ့ စတင်တွေ့ရှိခဲ့ပြီး သြဂုတ်လ ၂၆ ရက်တွေ့ရှိမှုနဲ့ ပြန်ကြည့်ရင် တစ်ရက်တည်းကို ၁၆၀၈၃ ဦးဖြစ်တဲ့အတွက် ဗီယက်နမ်က အရှိန် အဟုန်နဲ့ တက်ကောင်းတုန်းဆိုတာတွေ့ရပါတယ်။ ဒါကလည်း ရှေ့ပိုင်းမှာ တကယ်ထိန်းချုပ်ထားနိုင်ခဲ့ပြီး နောက်ပိုင်းမှာ အရှိန်အဟုန်နဲ့ ဖြစ်ပွားတာကို တွေ့ရပါတယ်။

အာဆီယံနိုင်ငံထဲမှာ ဖြစ်ပွားမှုအနေနဲ့ နံပါတ် ၆ က မြန်မာနိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေအထား က အမြင့်ဆုံးကို ကျော်လွန်လာခဲ့ပြီလို့ ယူဆလို့ ရပါ တယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ကျဆင်းဖို့ လိုပါတယ်။ ဆက်လက်ကျဆင်းဖို့အတွက် အားလုံး က မလျှော့သော ဇွဲ၊ လုံ့လနဲ့ ဆက်လက်ပြီး ယခုလို ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ဒါမှအာဆီယံနိုင်ငံတွေထဲမှာ ရောဂါဖြစ်ပွားမှု များပြားတဲ့အဆင့်ကို ပြန်လည်မမြင့်တက်ဘဲ တတိယလှိုင်းကို ဖြတ်ကျော်နိုင်မှာ ဖြစ်ပါတယ်။

နံပါတ် ၇ က ကမ္ဘောဒီးယားနိုင်ငံပါ။ ဩဂုတ်လ ၂၆ ရက်အထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ဦးရေ ၉၁၃၆၉ ဦးရှိပြီး သေဆုံးသူ ၁၈၅၈ ဦးရှိပါတယ်။ သူကလည်း ဒုတိယလှိုင်းနဲ့ တတိယလှိုင်းက ဆက်ပြီး ဖြစ်တဲ့သဘောဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လကုန်လောက်မှာ ပြန်စပါတယ်။ ကနဦး တစ်ရက် ကို ဖြစ်ပွားသူ ၃၀ - ၄၀ လောက်တွေ့တယ်။ ဇွန်လ အကုန်မှာ တစ်ရက်တည်း ဖြစ်ပွားသူ ၁၁၃၀ အထိ တက်လာပါတယ်။ သြဂုတ်လ ၂၆ ရက်မှာ ၄၂၃ ဦး အထိ တစ်ရက်တည်း တွေ့ရတော့ နည်းနည်း တက်နေပြီး ဆက်လက်ထိန်းချုပ်နေရတဲ့ အနေအထား ဖြစ်ပါတယ်။

နံပါတ် ၈ နေရာမှာရှိနေတာက စင်ကာပူနိုင်ငံ ဖြစ်ပါတယ်။ စင်ကာပူအနေနဲ့ မနှစ်က အစပိုင်းမှာ အတော်ခံစားခဲ့ရတဲ့သဘော ဖြစ်ပြီး နောက်ပိုင်း ဒီနှစ်မှာ သက်သာတာကို တွေ့ရပါတယ်။ ဖြစ်ပွား မှုအားလုံးပေါင်းက ၆၇၀၅၀ ဖြစ်ပြီး သေဆုံးသူ ၅၂ ဦးသာ ရှိပါတယ်။ သူ့မှာ တွေ့ရှိမှုအနေအထား က ယခုနှစ်ထက် အရင်နှစ်ကတွေ့ရှိတာ ပိုများပါ တယ်။ မြန်မာနိုင်ငံမှာ ပထမလှိုင်း စမဖြစ်ခင် စင်ကာပူက ၂၀၂၀ ပြည့်နှစ် မတ်လ ၆ ရက်မှာစတင် ခဲ့လို့ စစချင်း ဖြစ်ပွားတဲ့နိုင်ငံထဲမှာ ပါဝင်ပါတယ်။ အဲဒီနေ့မှာ ၁၃ ဦးတွေ့ရှိပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလ ရောက်တော့ ၁၄၀၀ ကျော် တွေ့ရှိပါတယ်။ ယခုနှစ်ဩဂုတ်လ ၂၆ ရက် တစ်ရက်တည်း ၁၁၆ ဦး တွေ့လာလို့ စင်ကာပူမှာ နည်းနည်း ပြန်တက်လာတဲ့ အနေအထား ရှိပါတယ်။ ဒါကြောင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေကို အားစိုက်ဆောင်ရွက် နေတာ တွေ့ရပါတယ်။ ယခုနှစ် ဇူလိုင်လလယ်က စပြီး တစ်ရက်ကို ၅၀ / ၆၀ လောက် တွေ့ရှိလာ ပါတယ်။ သြဂုတ်လ ၂၆ ရက်မှာ ၁၁၆ ဦးအထိ ပြန်တက်လာတဲ့အတွက် စင်ကာပူကလည်း လှိုင်းအကြီးကြီးတစ်ခု ဖြစ်မလာဖို့အရေး ဆောင်ရွက်နေတာကို တွေ့ရပါတယ်။

နောက်ထပ် နံပါတ် ၉ နိုင်ငံက လာအိုနိုင်ငံပါ။ လာအိုနိုင်ငံက ဖြစ်ပွားသူဦးရေ ၁၄၁၀၄ ဦးရှိပြီး သေဆုံးသူ ၁၂ ဦးသာရှိပါတယ်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ၂၃ ရက်မှာ ၁၄ ဦး အများဆုံးစတင်တွေ့ ရှိခဲ့ပြီး တဖြည်းဖြည်း တက်လာတယ်။ ၂၀၂၁ ခုနှစ် ဧပြီလကုန်မှာ ၁၀၀ ကျော် တွေ့ရတယ်။ မေလ အကုန်နဲ့ ဇွန်လမှာ တစ်ရက်ကို ၁၀ လောက်ပဲ တွေ့ရတယ်။ ဒါပေမယ့် ယခုနှစ် ဩဂုတ်လမှာ ပြန်တက်လာတယ်။ သြဂုတ်လ ၂၅ ရက် တစ်ရက် တည်း ၉၅၂ ဦးအထိ လာအိုမှာ တက်လာတာကို တွေ့ရတယ်။ သြဂုတ်လ ၂၆ ရက် တစ်ရက်တည်း ၁၉၅ ဦးဆိုတော့ အရင်ထက်စာရင် လာအိုက ပြန်တက်နေတယ်ဆိုတာ ပြောလို့ရပါတယ်။ သတိ ထားပြီး လှိုင်းအကြီးကြီး တစ်ခုမဖြစ်အောင် ကာကွယ်ရမှာ ဖြစ်ပါတယ်။

နံပါတ် ၁၀ အနေနဲ့ အာဆီယံထဲမှာ ဖြစ်ပွားမှု အနည်းဆုံးနိုင်ငံကတော့ ဘရူနိုင်းနိုင်ငံဖြစ်ပါတယ်။

ဩဂုတ်လ ၂၆ ရက်အထိ ဖြစ်ပွားသူစုစုပေါင်း ၂၃၈၀ ရှိပြီး သေဆုံးသူက ခုနစ်ဦးရှိပါတယ်။ သူကလည်း ဩဂုတ်လ ၇ ရက်မှာ စပြီးနည်းနည်းတက်လာပါ တယ်။ ဒါပေမယ့် ဩဂုတ်လ၂၂ ရက်မှာ ဘရူနိုင်းမှာ တစ်ရက်တည်းကို ၃၁၄ ဦးအထိ တက်လာတဲ့ အတွက် ယခင်တုန်းက တောက်လျှောက်မတွေ့ဘဲ ဒီဘက်နှစ် ၈ လပိုင်းရောက်မှ နည်းနည်းတက်လာတဲ့သဘော ဖြစ်ပါတယ်။ ဩဂုတ်လ ၂၆ ရက် တစ်ရက်တည်း တွေ့တဲ့နှုန်းက ၁၀၆ ဦးဆိုတော့ သူ့နိုင်ငံအနေနဲ့ များလာတဲ့သဘော ရှိပါတယ်။

အာဆီယံတစ်ခုလုံး အချုပ်က ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၆ ရက်အထိ ၉ ဒသမ ၇ သန်းကျော်ပြီး သေဆုံးသူပေါင်းက ၂၁၀၀၀၀ ကျော်ပြီဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ တော်တော်များများက တက်နေတဲ့အနေအထားရှိပါတယ်။ အမြင့်ဆုံးတက်တဲ့အနေအထားကိုရင်ဆိုင်ပြီး ပြန်လည်ကျဆင်း လာတဲ့နိုင်ငံထဲမှာ မြန်မာနိုင်ငံက ပါဝင်နေပြီဆိုတော့ အာဆီယံထဲမှာ ရလဒ်ကောင်းတွေ ရရှိနေတဲ့ သဘောဖြစ်ပါတယ်။ ဒါပေမယ့် ပေါ့လို့မရသေးပါဘူး။ ကာကွယ်ဆေးထိုးနှံမှုခံယူရေး အပါအဝင် ရောဂါကာကွယ်ရေး နည်းလမ်းတွေကို ဆက်လက်လိုက်နာပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ ဒါဆိုရင် တတိယလှိုင်းကာလလည်း မြန်မြန်ပြီးသွားမယ်။ ကိုဗစ် - ၁၉ ရဲ့ သဘောက အရှင်းပျောက်ဖို့ မလွယ်ဘူးဆိုတော့ စတုတ္ထလှိုင်းဆိုပြီး လာရင်တောင်မှ လှိုင်းအကြီးမဖြစ်ဘဲ လှိုင်းအသေးပဲ ဖြစ်သွားပါမယ်။ ကာကွယ်လွှမ်းခြုံမှုတွေ အားကောင်းမယ်၊ တစ်ဖက်က ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာမှုတွေ အားကောင်းမယ်ဆိုရင် စတုတ္ထလှိုင်းကလည်း လှိုင်းကြီးလေထန် ဖြစ်မှာမဟုတ်ပါဘူး။

ကျွန်တော်တို့နိုင်ငံရဲ့ ဒေသတွင်း မြေပြင်အခြေအနေအရ လက်ရှိရောဂါဖြစ်ပွားမှု တက်နေတဲ့ နေရာတွေအကြောင်းကို ဒီနေရာကနေ ဆွေးနွေး တင်ပြလိုပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် အလိုက်ပြီးခဲ့တဲ့ ၁၄ရက်အတွင်း ရောဂါဖြစ်ပွားမှုကို ဩဂုတ်လ ၁၂ ရက်မှ ၂၅ ရက်အထိ ပြုစုထားတဲ့ ကိန်းဂဏန်းတွေအရဖြစ်ပါတယ်။ များနေတဲ့နေရာ တွေမှာ ပထမရှမ်းပြည်နယ်က ၇၁၀၄ ဦး၊ ဒုတိယ ပဲခူးတိုင်းဒေသကြီးက ၅၁၇၂ ဦး၊ တတိယ မကွေးတိုင်းဒေသကြီးက ၃၉၈၁ ဦး၊ စတုတ္ထ မန္တလေးတိုင်းဒေသကြီးက ၃၈၆၅ ဦး၊ ပဉ္စမ တနင်္သာရီတိုင်းဒေသကြီးက ၃၀၆၆ ဦးနဲ့ နံပါတ် ၆ မှာ ဧရာဝတီ တိုင်းဒေသကြီးက ၂၈၉၇ ဦး၊ နံပါတ် ၇ မှာ နေပြည်တော်က ၂၈၆၈ ဦး၊ နံပါတ် ၈ မှာ ရန်ကုန်တိုင်းဒေသကြီးက ၂၃၃၈ ဦး၊ နံပါတ် ၉ မှာ ကချင်ပြည်နယ်က ၂၁၇၄ ဦး၊ နံပါတ် ၁၀ မှာ စစ်ကိုင်းတိုင်းဒေသကြီးက ၂၁၅၉ ဦး၊ နံပါတ် ၁၁ မှာ မွန်ပြည်နယ်က ၁၈၄၀၊ နံပါတ် ၁၂ မှာ ကယားပြည်နယ်က ၆၅၉ ဦး၊ နံပါတ် ၁၃ မှာ ကရင်ပြည်နယ်က ၆၂၃ ဦး၊ နံပါတ် ၁၄ မှာ ရခိုင်ပြည်နယ်က ၅၂၀ နဲ့ နံပါတ်၁၅ မှာ ချင်းပြည်နယ် က ၃၁၃ ဦး ဖြစ်ပါတယ်။

သေဆုံးမှုအနေနဲ့ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း မန္တလေးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ များတာတွေ့ရပါတယ်။ သြဂုတ်လ ၁၂ရက်မှ ၂၅ ရက်အထိ မန္တလေးတိုင်းဒေသကြီးအနေနဲ့ သေဆုံးမှု ၃၆၈ ဦး၊ ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ သေဆုံးမှု ၃၀၄ ဦး တွေ့ရပါတယ်။ တစ်နိုင်ငံလုံးမှာ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၂ ရက်မှ ၂၅ ရက်အထိ နှစ်ပတ်အတွင်း သေဆုံးမှုက ၂၂၈၅ ဦး တွေ့ရှိရပြီး များပြားတဲ့ဒေသ တွေကို အစဉ်လိုက်ပြောပြရရင် မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ နေပြည်တော်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်ဖြစ်ပါတယ်။ ဒါကြောင့် သေဆုံးမှုများပြားရာ ဒေသတွေမှာ အိမ်မှာတင် ဆေးမြီးတိုနဲ့ ကုသမှုမပြုဘဲ ကုသရေးစင်တာတွေကို စောစောရောက်လာဖို့၊ လူထုအတွင်းမှာ တိမ်မြုပ်နေတဲ့ ရောဂါဖြစ်ပွားမှုတွေ ရှိနေရင်လည်း စစ်ဆေး ဖော်ထုတ်ကုသပြီး ရောဂါကွင်းဆက် ဖြတ်တောက်တဲ့လုပ်ငန်းတွေကို ကြိုးပမ်းဆောင်ရွက်ဖို့ လိုပါတယ်။

တစ်နိုင်ငံလုံးအနေနဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၂ ရက်မှ ၂၅ ရက်အထိ နှစ်ပတ်အတွင်း မြို့နယ်အလိုက် အဖြစ်အများဆုံး ၁၀ မြို့နယ်ကို တင်ပြရရင် နံပါတ် ၁ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ နံပါတ် ၂ မန္တလေးတိုင်းဒေသကြီး ရမည်းသင်း၊ နံပါတ် ၃ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်း၊ နံပါတ် ၄ ရှမ်း ပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ နံပါတ် ၅ မကွေး တိုင်းဒေသကြီး အောင်လံ၊ နံပါတ် ၆ နေပြည်တော် ဇမ္ဗူသီရိ၊ နံပါတ် ၇ နေပြည်တော် လယ်ဝေး၊ နံပါတ် ၈ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်၊ နံပါတ် ၉ နေပြည်တော် တပ်ကုန်းနဲ့ နံပါတ် ၁၀ ဧရာဝတီတိုင်း ဒေသကြီး ကျုံပျော်တို့ ဖြစ်ပါတယ်၊ နေပြည်တော်မှာ အတော်များနေတာကို တွေ့ရတဲ့အတွက် ဆက်လက် ကြိုးစားပြီး ထိန်းချုပ်ရမယ့် ကာလ ဖြစ်ပါတယ်။

ဒါက နိုင်ငံတကာနဲ့ အာဆီယံဒေသတွင်း လက်ရှိအနေအထားနဲ့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဆက်လက်ပြီး ရောဂါဖြစ်ပွားမှု လျော့ကျသွားအောင် ဆောင်ရွက်ရမယ့် အကြောင်းအရာတွေကို တင်ပြ ခြင်း ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ဗဟိုကူး စက်ရောဂါတိုက်ဖျက်ရေးဌာနခွဲနဲ့ သက်ဆိုင်ရာဌာနခွဲတွေက ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း၊ အချက် အလက်တွေ ထုတ်ပြန်ကြေညာပေးခြင်း၊ ရောဂါ ဖြစ်ပွားတဲ့နေရာတွေကို အချိန်နဲ့တစ်ပြေးညီ ကုသ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းတွေကို သက်ဆိုင်ရာ ဒေသက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိပါတယ်။ ပြည်သူများကလည်း ရောဂါ လက္ခဏာ ခံစားရရင်၊ ရောဂါရှိသူနဲ့ ထိတွေ့မိရင် သက်ဆိုင်ရာကျန်းမာရေးဌာနနဲ့ ဆက်သွယ်စစ်ဆေးပြီး အခြားသူတွေနဲ့ ဆက်လက် ထိတွေ့မှုမရှိအောင် သီးသန့်ခွဲခြားနေထိုင်ဖို့ လိုပါတယ်။ ။

ပြည်သူလူထုအတွင်းမှာ တိမ်မြုပ်နေတဲ့ ရောဂါ ဝေဒနာရှိတဲ့သူကို ဖော်ထုတ်မယ်၊ ဆက်စပ်တဲ့လူတွေ ကို ရောဂါပိုးစစ်ဆေးပေးခြင်း၊ ခွဲထုတ်ခြင်း၊ ကုသခြင်း ထိထိရောက်ရောက်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ် မယ်ဆိုရင် ကျွန်တော်တို့မှာ လက်ကျန်ကိန်းဂဏန်းတွေက တဖြည်းဖြည်းနဲ့ ကွင်းဆက်တွေ ပြတ်တောက်ပြီး တတိယလှိုင်းက အမြန်ပြီးဆုံးသွားမှာဖြစ်ပါတယ်။ ဒီတော့အားလုံးက ပူးပေါင်း ဆောင်ရွက်ပေးဖို့ ဒီနေရာ ကနေ ထပ်မံတင်ပြလိုပါတယ်။

အစီအစဉ်မှူး။ ။ ဆရာ့အနေနဲ့ဖြည့်စွက် ပြောကြားလိုတာရှိရင် ပြောကြားပေးပါဦး။

ဒေါက်တာသန်းနိုင်စိုး ။ ။ နိုင်ငံတော် အစိုးရ

အဖွဲ့ရဲ့ လမ်းညွှန်ပံ့ပိုး ပေးမှုတွေ၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ နှီးနွယ် ဝန်ကြီးဌာနတွေ၊ ပြည်နယ်/တိုင်းဒေသကြီး အစိုးရတွေနဲ့ တာဝန်ရှိသူတွေ၊ စေတနာရှင်တွေ၊ အလှူရှင်တွေ၊ အသင်းအဖွဲ့တွေ၊ ပြည်သူတွေ အားလုံးပူးပေါင်းဆောင်ရွက်မှု အားကောင်းလို့သာ ဒီလိုသုံးလတာ ကာလအတွင်းမှာ အလွန်ကူးစက်မြန် ပြင်းထန်ပြီး ကမ္ဘာတစ်ဝန်းလုံးကို ဒုက္ခပေးနေတဲ့ “ဒယ်လ်တာ” အပါအဝင် မျိုးဗီဇပြောင်း ဗိုင်းရပ်စ်တွေရဲ့ ကူးစက်မှုတွေကနေ ဦးချိုးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားမှု ဆက်လက်ပြီး ကျဆင်းဖို့နဲ့ နောက်ထပ်လှိုင်းတွေ ဖြစ်မလာဖို့က ပြည်သူတွေ အားလုံး ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးကြဖို့၊ ကာကွယ်ဆေးထိုးနှံမှုတွေကို စနစ်တကျအကြိမ် ပြည့်ခံယူကြဖို့၊ ကာကွယ်ဆေးထိုးပြီးသူဖြစ်စေ၊ မထိုးရသေးသူဖြစ်စေကာကွယ်ရေးနည်းလမ်းတွေ ဖြစ်တဲ့ Mask တပ်ခြင်း၊ လက်ဆေးခြင်း၊ ခပ်ခွာခွာနေခြင်း၊ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ နေထိုင်ခြင်း၊ အသက်အရွယ်ကြီးရင့်သူနဲ့ ရောဂါ အခံရှိသူတွေ အိမ်မှာနေရင် Mask တပ်ထားခြင်း စတဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အကြံပြုချက်တွေအတိုင်း အားလုံးအတူတကွ ဆောင်ရွက်ပြီး ရောဂါလှိုင်းတွေ ထပ်ကာဖြစ်ပွားလာမှု မရှိအောင် ပူးပေါင်းဆောင်ရွက်ကြပါစို့လို့ ဒီနေရာကနေ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။ ပြည်သူအားလုံးလည်း ကိုဗစ်-၁၉ ရောဂါနဲ့ နောက် ဆက်တွဲဖြစ်ပွားနိုင်တဲ့ရောဂါတွေ အန္တရာယ်ကနေ ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ် ပါတယ်။ ကျေးဇူးတင်ပါတယ်။ ။

ထက်လျှံ