Skip to main content

ကိုဗစ်-၁၉ ကို အတူတကွ တွန်းလှန်ကာကွယ်ကြသူများ

တစ်ကမ္ဘာလုံး ခံစားကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ကို မိမိတို့နိုင်ငံသားတွေလည်း ပြီးခဲ့တဲ့ကာလမှာ အလူးအလဲ ခံစားခဲ့ကြရပါတယ်။ ကိုဗစ် - ၁၉ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း စတဲ့ လှိုင်းအဆင့်ဆင့်အနက် အခုကြုံနေရတဲ့ တတိယလှိုင်းအတွင်း ပြီးခဲ့တဲ့ ဇူလိုင်လက ကူးစက်မှုအမြင့်ဆုံး ကြုံခဲ့ရတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ကူးစက်မှုနှုန်း မြင့်တက်လာတဲ့အလျောက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ လူစုလူဝေး မဖြစ်အောင်နဲ့ ကူးစက်မှုနှုန်းကျဆင်းအောင် လုပ်ဆောင်ချက်တွေ၊ ပြည်သူတွေက ကျန်းမာရေး ဆိုင်ရာ ကန့်သတ်ချက်တွေကို လိုက်နာမှု အားကောင်းချက်တွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ရပ်ကွက် ကျေးရွာမှသည် မြို့နယ်၊ ခရိုင်အဆင့်ဆင့်သော အုပ်ချုပ်သူတွေ၊ ရပ်မိရပ်ဖတွေအားလုံး စုပေါင်းချိတ်ဆက် ဆောင်ရွက်မှုတွေကြောင့် ယခုလမှာ တတိယလှိုင်းရဲ့ အမြင့်ဆုံးကူးစက်မှုကို အတတ်နိုင်ဆုံး ထိန်းချုပ်လာနိုင်တာကို မြင်တွေ့ရပါတယ်။

ရောဂါကူးစက်မှုနှုန်းကို ထိန်းချုပ်လာခဲ့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို ပြင်းပြင်းထန်ထန် ရင်ဆိုင် တွေ့ကြုံနေရချိန်မှာ ရောဂါအခံရှိသူတွေ၊ အသက်အရွယ်ကြီးသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေဟာ ကိုဗစ်ကြောင့် သေဆုံးရတာတွေကိုလည်း စိတ်မသက်သာဖွယ် မြင်တွေ့ခဲ့ရပါတယ်။ သို့သော် အဆိုးထဲက အကောင်းလို့ဆိုရမယ့် လက်ရှိ အခြေအနေမှာတော့ ရောဂါကူးစက်မှုနှုန်းက အဆိုးရွားဆုံး အခြေအနေကနေ လွတ်ကင်းလာခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရ အနေနဲ့ တတိယလှိုင်း ပြင်းထန်လာတဲ့ အနေအထားမှာ ရောဂါကို ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွေကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်ခဲ့ခြင်းအပြင် ပြည်သူတွေရဲ့ ပူးပေါင်းမှုရလဒ်အဖြစ် အခုလို ရောဂါ ကူးစက်မှုနှုန်းကို ထိန်းချုပ်လာခဲ့တာလို့ ဆိုချင်ပါ တယ်။

နိုင်ငံတော်အနေနဲ့ လက်ရှိကာလ ဩဂုတ် လကုန်မှာ ရောဂါကူးစက်မှုနှုန်းကို ရာခိုင်နှုန်း ထက်ဝက်ခန့် အထိ လျော့ကျလာနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရှိရပါတယ်။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဇူလိုင်လ ၉ ရက်က လူဦးရေတစ်သောင်းခွဲကျော် စစ်ဆေးကြည့်တဲ့အခါ ပိုးတွေ့လူနာလေးထောင်ကျော်ရှိခဲ့ပြီး ဇူလိုင် ၁၄ ရက်မှာ သံသယရှိသူ လူနာနှစ်သောင်းကျော်မှာ ပိုးတွေ့လူနာ ခုနစ်ထောင်ကျော်အထိ မြင့်တက်ခဲ့ပေမယ့် သြဂုတ်လ ၂၂ ရက်နေ့မှာ သံသယလူနာ ကိုးထောင်နီးပါးကို စစ်ဆေးခဲ့ရာမှာ ပိုးတွေ့လူနာနှစ်ထောင်ဝန်းကျင် ပဲရှိပါတယ်။ သံသယရှိသူလူနာဦးရေ ကျဆင်းလာခဲ့သလို ပိုးတွေ့လူနာဦးရေလည်း ကျဆင်းလာတာကြောင့် ရာခိုင်နှုန်းအားဖြင့်ကြည့်ရင် မူလက ရောဂါ ကူးစက်မှု ရာခိုင်နှုန်း ၃၄ ရာခိုင်နှုန် ရာကနေ လက်ရှိမှာ ၂၄ ရာခိုင်နှုန်းကို ကျဆင်း လာခဲ့ပြီဖြစ်ပါတယ်။

အောက်ဆီဂျင်လိုအပ်ချက် ကိုဗစ် - ၁၉ ရဲ့ တိုက်ခိုက်မှုတစ်ခုအနက် အဆုတ်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရတဲ့ လူနာတွေမှာ အောက်ဆီဂျင် လိုအပ်ချက် မြင့်တက် ခဲ့တာကို နိုင်ငံတော်ကနေ ဇူလိုင်လနဲ့ ဩဂုတ်လ အတွင်းမှာ ဖြည့်ဆည်းလျက်ရှိတာကိုလည်း တွေ့မြင်ရပါတယ်။ အရေးကြီးပြီး မဖြစ်မနေ ဦးစားပေးရမယ့် ကိုဗစ်-၁၉ ကုသရေးစင်တာတွေ၊ ဆေးရုံတွေရဲ့ အောက်ဆီဂျင် လိုအပ်ချက်ကို ပြည်ပတင်သွင်းမှု၊ ပြည်တွင်းထုတ်လုပ်မှု နည်းလမ်းပေါင်းစုံနဲ့ ဖြည့်ဆည်းပေးလျက် ရှိတာဖြစ်ပြီး ရပ်ရွာ တွေအတွင်း အောက်ဆီဂျင်လိုအပ်ချက်တွေကို လည်း ပရဟိတအသင်းတွေနဲ့ ပုဂ္ဂလိကကျန်းမာရေး စောင့်ရှောက်တဲ့နေရာတွေက ဖြည့်ဆည်းပေးလျက် ရှိတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ဝိသမလောဘသားတွေရဲ့ ဈေးအဆမတန် မြှင့်တင်ရောင်းချတာတွေကို တိုက်ဖျက်နိုင်ခဲ့ပါပြီ။

အောက်ဆီဂျင်လိုအပ်ချက်ကိုလည်း နိုင်နိုင်နင်းနင်း ဖြည့်တင်းပေးလျက်ရှိတာကို ဝမ်းမြောက်ဖွယ် မြင်တွေ့ရပါတယ်။

ရောဂါကူးစက်မှုနှုန်းကို လျှော့ချဖို့ စာသင်ကျောင်းတွေ ပိတ်ခဲ့ရသလို အစိုးရရုံးတွေကိုလည်း ခေတ္တပိတ်ခဲ့ရပါတယ်။ ရောဂါကူးစက်မှုနှုန်းမြင့်မားတဲ့ မြို့နယ်တွေကို နေအိမ်တွင်သာ နေထိုင်ကြဖို့ အတွက် stay at Home အစီအစဉ်တွေကို ချမှတ်ခဲ့ရ ပါတယ်။ ပြည်သူတွေလိုအပ်တဲ့ဆေးဝါးနဲ့ ကျန်းမာ ရေးသုံးပစ္စည်းတွေကို ဈေးနှုန်းမှန်မှန်ကန်ကန်နဲ့ ဝယ်ယူနိုင်အောင် နိုင်ငံတော်နဲ့ ကျန်းမာရေးဝန်ကြီး ဌာနတို့က အဆင့်ဆင့်ကြပ်မတ်စိစစ်ပေးခဲ့သလို ကိုဗစ်ရောဂါကို စနစ်တကျတွန်းလှန်တိုက်ဖျက်ဖို့ အတွက် ကျန်းမာရေးစောင့်ရှောက်မှုအစီအမံတွေ ကိုလည်း ချမှတ်ခဲ့တာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်ဆင့် ပေးအပ်ထားပြီး စောင့်ကြည့်ရမယ့်အဆင့်၊ ရောဂါ ပြင်းထန်မှုအရ ကုသမှုအတွက် သတ်မှတ်ထားတဲ့ စင်တာတွေ၊ ဆေးရုံတွေကို အဆင့်ဆင့်ခွဲခြားဆောင် ရွက်မှုတွေရဲ့ ရလဒ်အဖြစ် ကိုဗစ်-၁၉ ကြောင့် သေဆုံးရတဲ့လူနာဦးရေကိုလည်း လျှော့ချပေးနိုင်ခဲ့တာ မြင်တွေ့ရပါတယ်။

ပညာပေးအစီအစဉ်တွေ၊ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကလည်း အထူးအရေးကြီးတဲ့ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်ဖြစ်တာကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထိုးနှံပေးနိုင်ဖို့အတွက် ဇူလိုင်လ ကတည်းက ပညာပေးအစီအစဉ်တွေနဲ့ ပြည်သူ လူထုနားလည်သဘော ပေါက်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့သက်သေအဖြစ် ကာကွယ်ဆေးထိုးလိုသူ ပြည်သူတွေ များပြားလာခဲ့ပြီး အရေးကြီးအုပ်စုတွေ သတ်မှတ်ထိုးနှံပေးခဲ့တာတွေကလည်း ကိုဗစ်ကြောင့် စိတ်နှလုံး ထိခိုက်မှုတွေကို ထပ်မံမကြုံရ အောင် ဆောင်ရွက်ပေးနိုင်ခဲ့တာတွေပဲဖြစ်ပါတယ်။

မိမိတို့နိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ကိုဗစ် တတိယလှိုင်း ကူးစက်မှုအမြင့်ဆုံးကာလတွေကို အခုအချိန်မှာ လွန်မြောက်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ တတိယလှိုင်း ကပေးတဲ့ သင်ခန်းစာတွေနဲ့ အကျိုးကျေးဇူးတွေအဖြစ် ကျန်းမာရေးစောင့်ရှောက်မှုတွေကို အဆင့်အလိုက် စနစ်တကျ ချိတ်ဆက်ပြီး ကုသမှုခံယူကြဖို့ ပြည်သူတွေ အနေနဲ့ အသိအမြင်တွေ တိုးပွားလာခဲ့ပြီဖြစ်သလို ကိုဗစ်- ၁၉ ကို ကြံ့ကြံ့ခံ ကာကွယ်ကြဖို့ အတွက် ကာကွယ်ဆေးထိုးနှံခြင်းကိုလည်း ယုံယုံကြည်ကြည်နဲ့ ပူးပေါင်းဆောင်ရွက်လာကြတာကို မြင်တွေ့ရမှာပါ။ ထို့အတူ ဝိသမလောဘ သားတွေက မတရားအမြတ်တင်ရောင်းချမှုတွေကိုလည်း ရပ်ရွာအတွင်းကပြည်သူတွေက စုပေါင်း အားတွေနဲ့ လှူဒါန်းမှု၊ နိုင်ငံတော်ရဲ့ ကြီးကြပ်ဆောင် ရွက်မှုတွေနဲ့အညီ ပြည်ပကနေ ကုန်စည်တွေ စဉ်ဆက်မပြတ် တင်သွင်းပေးနိုင်ခဲ့မှုတွေကြောင့် ဖယ်ရှားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အနယ်နယ်အရပ်ရပ်မှာ ကိုဗစ်ရောဂါဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားရတဲ့ မိသားစုတွေကိုလည်း နိုင်ငံတော်က ထောက်ပံ့တာတွေအပြင် ကိုယ်ထူ ကိုယ်ထ ပရဟိတလူငယ်တွေ၊ ပြည်သူတွေရဲ့ အင်အားနဲ့ တတ်စွမ်းသမျှကူညီဖေးမမှုတွေကလည်း ကိုဗစ်တတိယလှိုင်းကို ကျော်ဖြတ်ဖို့အတွက် အင်အားတွေပဲ ဖြစ်ခဲ့ရပါတယ်။ ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် မနေမနားတာဝန်ထမ်းဆောင် ခဲ့တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ၊ လူမှုရေး အသင်းအဖွဲ့များအားလုံးရဲ့ စောင့်ရှောက်ပေးမှုကြောင့်လည်း မိမိတို့ပြည်သူများ ကိုဗစ်-၁၉ တတိယလှိုင်း အမြင့်ဆုံး အခြေအနေကနေ လျော့ကျလာခဲ့တာပဲ မဟုတ်ပါလား။

ကိုဗစ်-၁၉ ရောဂါဟာ ဗီဇအမျိုးမျိုးပြောင်းလဲပြီး မိမိတို့ပတ်ဝန်းကျင်မှာ ရှိနေဦးမယ့်အရာပဲဖြစ် ပါတယ်။ ဒါကြောင့်လည်း ကာကွယ်ရေး၊ ထိန်းချုပ်ရေးနဲ့ ကုသရေးလုပ်ငန်းစဉ်တွေကို စဉ်ဆက်မပြတ် ဆက်လက် လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။ ပြည်သူတွေကို ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ရမယ့် နယူးနော်မယ်လိုက်ဖ် (New Normal Life) ကို အသားကျစေဖို့ ကျန်းမာရေးအသိပညာတွေ မျှဝေတာ၊ ကာကွယ်ဆေးမဖြစ်မနေ ထိုးနှံတာနဲ့အတူ ပူးပေါင်းကာကွယ်တာစတဲ့ အသိပညာတွေကို နိုင်ငံတော်က ဖြန့်ဝေပေးလျက်ရှိတာကိုလည်း အမြဲမပြတ် နားစွင့်နေကြဖို့နဲ့ လိုက်နာကြဖို့ လိုအပ်ပါတယ်။

ထို့အတူ ကိုဗစ် - ၁၉ ကို ရင်ဆိုင်နေရချိန်နဲ့ အပြိုင် တိုင်းပြည်ရဲ့ စီးပွားရေး၊ ပြည်သူလူထုရဲ့ လူမှုစီးပွား ဘဝများ မနိမ့်ကျစေရေးအတွက်လည်း နိုင်ငံတော်အစိုးရ၊ ပြည်သူနဲ့ အသင်းအဖွဲ့တွေ အားလုံးက ဝိုင်းဝန်းကြိုးပမ်းကြခြင်းဖြင့် ကြိုးပမ်းသွားကြဖို့အတွက် လူတစ်ဦးချင်းမှအစပြု၍ ပူးပေါင်းပါဝင် ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတော့တယ်။ ။

တင်မေဆက်