Skip to main content

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်

ကမ္ဘာကြီးမှာ ဗီဇပြောင်းပိုးတွေက သူ့ထက်သူ လူစွမ်းကောင်းတွေ ထွက်ပေါ်နေပါတယ်။ ကာကွယ်ဆေးထိုးနှံသူ များလာလေလေ ဗီဇပြောင်းပိုးတွေဖြစ်ပေါ်မှု အန္တရာယ်နည်းလေလေ ဖြစ်ပါတယ် (ဒေါက်တာခင်ခင်ကြီး)

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဩဂုတ် ၂၈ ရက် ည ၈နာရီ သတင်းအပြီးတွင် ထုတ်လွှင့် ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

 

အစီအစဉ်မှူး ။ ။ နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉ တတိယလှိုင်း ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးအသိပညာမြှင့်တင် ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။  လက်ရှိ မြန်မာနိုင်ငံရဲ့ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေကို ပြောကြားပေးပါဦး။

 

ဒေါက်တာခင်ခင်ကြီး ။ ။ လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ဖြစ်ပွားမှုအခြေအနေကို ခြုံငုံကြည့်မယ်ဆိုရင် လျော့လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါက ဝမ်းသာစရာကောင်းတဲ့ အခြေအနေ ဖြစ်ပါတယ်။ သို့သော် တချို့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကူးစက်ပြန့်ပွားမှု များနေဆဲဖြစ်ပြီး ထိန်းချုပ်ဖို့ လိုအပ်နေတယ်ဆိုတာကို တွေ့ရပါတယ်။

 

ဒါကြောင့် ထိန်းချုပ်ဖို့လိုအပ်တဲ့တိုင်းဒေသကြီး နဲ့ ပြည်နယ်ရှိ မြို့နယ်တွေကို stay at Home အဖြစ် သတ်မှတ်ထားရှိပါတယ်။ သြဂုတ်လ ၂၅ ရက်အထိ stay at Home မြို့နယ် ၁၁၉ မြို့နယ် ရှိပါတယ်။

 

လက်ရှိမြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတာက ကိုဗစ် ၁၉ ရောဂါ တတိယလှိုင်းဖြစ်ပါတယ်။ ဒီအချိန်မှာ တချို့နိုင်ငံတွေက စတုတ္ထလှိုင်းနဲ့ ရင်ဆိုင်နေရပါတယ်။

 

စတုတ္ထလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတွေက ကနေဒါ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ ဂျာမနီ၊ တောင် အာဖရိက အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံတွေ ဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံအနေနဲ့ ကိုဗစ် စတုတ္ထလှိုင်းကို အစောဆုံးခံစားရတာဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံရှိ ပြည်နယ်တချို့နဲ့ အာရှတိုက်မှာရှိတဲ့ ဂျပန်နိုင်ငံနဲ့ ဟောင်ကောင်တို့လည်း  ကိုဗစ်စတုတ္ထလှိုင်း ကို ခံစားနေရတာ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါတတိယလှိုင်း ခံစားနေရတဲ့ နိုင်ငံတွေက ပါကစ္စတန်နဲ့ အရှေ့တောင်အာရှ နိုင်ငံ အတော်များများ ဖြစ်ပါတယ်။ ယခုရောဂါ ဖြစ်ပွားမှု ကို အတော်ထိန်းချုပ်နိုင်ပြီဖြစ်တဲ့ အိန္ဒိယနိုင်ငံ အနေနဲ့ ကိုဗစ်ရောဂါ ဒုတိယလှိုင်းကို ခံစားနေရတာ ဖြစ်ပါတယ်။

 

ဒီလို “လှိုင်း” ဆိုတာ အမည်သညာခေါ်ဝေါ် တာဖြစ်ပါတယ်။ အဓိက မြန်မာနိုင်ငံအနေနဲ့ ပထမ လှိုင်း၊ ဒုတိယလှိုင်းနဲ့ တတိယလှိုင်းတွေဖြစ်ပွားမှုက အခြားနိုင်ငံတွေထက်စာရင် နောက်ကျပြီးမှ ရောဂါ ဖြစ်ပွားမှုတွေ ဖြစ်တယ်ဆိုတာကို သိစေချင်တာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် မတ်လမှာ တခြားနိုင်ငံတွေက ကိုဗစ်ရောဂါ တတိယလှိုင်းကူးစက်မှုတွေ ဖြစ်နေပြီး ဗီဇပြောင်းပိုး တွေလည်း ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်ရောဂါ ဒုတိယလှိုင်း ဖြစ်တဲ့အချိန်မှာ နဂိုကိုဗစ်- ၁၉ ဗီဇပြောင်းမူရင်းပိုးကနေ ဗီဇပြောင်းသွားတဲ့ အတွက် 614 G ဆိုပြီး ဖြစ်သွားပါတယ်။ ဒါက လည်း ကူးစက်မှုတွေ အလွန်မြန်ပါတယ်။

 

မြန်မာနိုင်ငံရဲ့ တတိယလှိုင်းနဲ့ တချို့နိုင်ငံတွေရဲ့ စတုတ္ထလှိုင်းမှာအဓိကရောဂါကူးစက် ဖြစ်ပွားမှုတွေ ခံစားနေရတာက “အယ်လ်ဖာ'၊ 'ဗီတာ'၊ 'ဂါမာ'နဲ့ “ဒယ်လ်တာ' ဆိုတဲ့ ဗီဇပြောင်းပိုးတွေကြောင့် ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ ဗီဇပြောင်းပိုးကူးစက် ဖြစ်ပွားမှုက ၂၀၂၁ ခုနှစ် မတ်လအကုန်နဲ့ ဧပြီ လဆန်းမှာ အလွန်ဆိုးရွားလာပါတယ်။ ။

 

မြန်မာနိုင်ငံအနေနဲ့ မေလမှာ ချင်းပြည်နယ်ကနေ စစ်ကိုင်းတိုင်းဒေသကြီးကို ကူးစက်ပျံ့နှံ့  ရောက်ရှိတယ်လို့ သုံးသပ်ရပါတယ်။ ချင်းပြည်နယ် တွန်းဇံမြို့နယ် ကျီခါးမြို့မှာ မေလ ၂၇ ရက်က ရောဂါပိုးတွေ့ရှိတယ်လို့ အတည်ပြုပါတယ်။ ရောဂါပိုး တွေ့ရှိတဲ့နေရာနဲ့ လမ်းပန်းဆက်နွယ်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးနဲ့ တမူးမြို့တို့ကို ရောက်ရှိသွား ပါတယ်။ မြန်မာနိုင်ငံမှာ တတိယလှိုင်းအစက ဒီလိုပုံစံနဲ့စတင်လာတာ ဖြစ်ပါတယ်။ ဇွန်လဆန်းမှာ ကလေးမြို့မှာရှိတဲ့ ပိုးတွေ့လူနာက မန္တလေးမြို့ကို လာရောက်ပြီး ဆေးကုတာကနေ မန္တလေးတိုင်းဒေသကြီးမှာ ရောဂါကူးစက်မှုနှုန်း မြင့်တက်လာတာကို တွေ့ရပါတယ်။ “လှိုင်း'ရဲ့ သံသရာကို ဒီလိုပုံစံတွေ့ရပါတယ်။ ။

 

မြန်မာနိုင်ငံအနေနဲ့ ရောဂါကူးစက်မှုတွေ များလာတဲ့အတွက် ဇွန်လအကုန်ပိုင်းမှာ မျိုးရိုးဗီဇ စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ ဒီလိုရောဂါကူးစက်မှုတွေ များလာခြင်းက ဗီဇပြောင်းပိုးတွေကြောင့် ဟုတ်မဟုတ်ကို ဓာတ်ခွဲနမူနာ ၂၀ အခြေခံပြီး စစ်ဆေးတဲ့အခါ “အယ်လ်ဖာ” ဗီဇပြောင်းပိုးရှိသူ လေးဦး၊ 'ဗီတာ' ဗီဇပြောင်းပိုးရှိသူ လေးဦးနဲ့ “ဒယ်လ်တာ” ဗီဇပြောင်းပိုးရှိသူ ခုနစ်ဦး တွေ့ ရှိရပါ တယ်။ ဒါ့အပြင် သတိထားရမယ့် Variant of Interest ဗီဇပြောင်းပိုးတစ်မျိုးဖြစ်တဲ့ “ကပ်ပါ” ဗီဇပြောင်းပိုးရှိသူလေးဦး တွေ့ရှိရပါတယ်။

 

ဒါတွေအပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိထားစောင့်ကြည့်ရမယ့် အန္တရာယ်ရှိနိုင်တဲ့ ဗီဇပြောင်းပိုး (Alert) ၁၁ မျိုးရှိပါတယ်။ ဒါက နဂို Variant of Interest (Vol) ခုနစ်မျိုးထဲကနေ လျော့သွားတဲ့ သုံးမျိုးအပြင် တခြားဟာတွေ ပါဝင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ကသတိထားစောင့်ကြည့်ရမယ့် အန္တရာယ် ရှိနိုင်တဲ့ ဗီဇပြောင်းပိုး ၁၁ မျိုးထဲက B.1.466.2 ဆိုတဲ့ ဗီဇပြောင်းပိုးတွေ့ရှိသူတစ်ဦးရှိပါတယ်။ ဒါကြောင့် | ဓာတ်ခွဲနမူနာ ၂၀ အခြေခံပြီး စစ်ဆေးတဲ့ အခါ “အယ်လ်ဖာ”၊ “ဗီတာ”၊ “ဒယ်လ်တာ'၊ “ကပ်ပါနဲ့ B.1.466.2 ဆိုတဲ့ ဗီဇပြောင်းပိုးတွေ့ရှိသူ ၂၀ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံမှာတွေ့ရတဲ့ ဗီဇပြောင်းပိုးတွေရဲ့ မူရင်းဒေသတွေက “အယ်လ်ဖာ”ကို ယူကေနိုင်ငံ၊ 'ဗီတာ'ကို တောင်အာဖရိကနိုင်ငံ၊ 'ဒယ်လ်တာ” နဲ့ “ကပ်ပါ'ကို အိန္ဒိယနိုင်ငံတို့မှာ စတင်တာ ဖြစ်ပါတယ်။ ဒီလိုဗီဇပြောင်းပိုးတွေ့ရှိရတာနဲ့ တစ်ပြိုင်တည်း မိမိတို့အနေနဲ့ ဂရုစိုက်နေထိုင် ရမယ်ဆိုတာ ကို သိစေချင်ပါတယ်။ ဗီဇပြောင်းပိုးရှိတယ်လို့ မသိရခင်မေလ ၂၇ ရက်မှာ ရောဂါပိုးစတွေ့ပြီဆိုတာနဲ့ လိုအပ်တဲ့ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို အသေအချာ အားဖြည့်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ကြားကနေ အိန္ဒိယဗီဇပြောင်း ပိုးက နယ်စပ်ဒေသကနေ မြန်မာတစ်နိုင်ငံလုံးကို ပျံ့နှံ့ရောက်ရှိသွားတယ်လို့ ယူဆရပါတယ်။

 

ကျွန်မတို့အနေနဲ့ သေသေချာချာ မထိန်းချုပ်နိုင်ဘူးလားဆိုတော့ မဟုတ်ပါဘူး။ လက်ရှိမှာ ဗီဇပြောင်းပိုးတွေက ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတော်တော်များများကို ပျံ့နှံ့ရောက်ရှိနေပြီ ဖြစ်ပါတယ်။ တစ်နေ့တခြား ထိန်းချုပ်နိုင်လို့သာ ဒီလောက်အခြေအနေကို ရောက်ရှိတာ ဖြစ်ပါတယ်။ WHO ရဲ့ ထုတ်ပြန်ချက်အရ “အယ်လ်ဖာ”နဲ့ “ဒယ်လ်တာ” ဗီဇပြောင်းပိုးတွေက ကူးစက်မှုတွေပြင်းထန်တယ်၊ မြန်ဆန်တယ်။ ရောဂါဖြစ်ပွားမှုအနေနဲ့ ဆေးရုံတက် ရောက်ရမှုတွေ၊ သေဆုံးမှုတွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် တတိယလှိုင်းမှာ ကူးစက်မှုတွေ၊ ပျံ့နှံ့ဖြစ်ပွားမှုတွေ များတယ်လို့ သုံးသပ်ရပါတယ်။

 

ဒုတိယလှိုင်းနဲ့ တတိယလှိုင်းကို ယှဉ်ကြည့်မယ် ဆိုရင် ဒုတိယလှိုင်းမှာ D 614G ဗီဇပြောင်းပိုးရဲ့  ကူးစက်မှုအနေနဲ့ တစ်နေ့ကို အတည်ပြုလူနာ ၅၀၃ ဦးနဲ့ သေဆုံးလူနာ ၁၁ ဦး ပျမ်းမျှရှိပါတယ်။ သေဆုံးမှုနှုန်းအနေနဲ့ ၂ ဒသမ၂ ရှိပါတယ်။ ကမ္ဘာပေါ်မှာ “ဒယ်လ်တာ'နဲ့ 'အယ်လ်ဖာ” ဒီလို ဗီဇပြောင်း ပိုးတွေရဲ့ ဖြစ်ပွားကူးစက်မှုနှုန်းနဲ့ သေဆုံးမှုတွေ များလာတဲ့အခြေအနေမှာ မြန်မာနိုင်ငံအနေနဲ့ မိမိမှာရှိတဲ့အင်အားနဲ့ အကောင်းဆုံး တားဆီး ကာကွယ်နေတဲ့ကြားကနေ ကူးစက်ခံခဲ့ရပါတယ်။ ဒီလိုကူးစက်ခံရတဲ့အတွက် တစ်နေ့ကို ကိုဗစ် အတည်ပြုလူနာ ပျမ်းမျှ ၂၆၂၂ ဦး ဖြစ်ပါတယ်။ နဂို ထက် ၅ ဆကျော် ပျမ်းမျှလူနာတွေ့ရတာ ဖြစ်ပါတယ်။

 

သေဆုံးတဲ့လူနာက ပျမ်းမျှအားဖြင့် ၁၂၇ ယောက်နှုန်းရှိတဲ့အတွက် တတိယလှိုင်းသီးသန့် တွက်မယ်ဆိုရင် သေဆုံးမှုက ၄ ဒသမ ၈ ရာခိုင်နှုန်း ရှိတယ်ဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် သတိထား စေချင်ပါတယ်။

 

အစီအစဉ်မှူး ။ ။ အခု တတိယလှိုင်း ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပြီ လားဆိုတာကို ပြောကြားပေးပါဦး။

 

ဒေါက်တာခင်ခင်ကြီး ။ ။ ယခု လက်ရှိမှာ အတော့်ကို ထိန်းချုပ်နိုင်နေပြီလို့ ပြောရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တတိယလှိုင်း ကူးစက်ပြန့်ပွားတဲ့အချိန် ယခုနှစ် မေလ ၂၇ ရက် ကစပြီး သြဂုတ်လ ၂၀ ရက်အထိ ကိုဗစ် - ၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၃၇၀၀၀၀ နီးပါးရှိပါ တယ်။ သေဆုံးသူ တစ်သောင်းကျော်ရှိပါတယ်။ ဓာတ်ခွဲစစ်ဆေးမှုပေါင်း ရှစ်သိန်းနီးပါးကို စစ်ဆေးနိုင်ပါတယ်။ တစ်နေ့ကို ဓာတ်ခွဲစစ်ဆေးမှု ၉၂၀၀ ကျော် စစ်ဆေးနိုင်ပြီး ပိုးတွေ့နှုန်း အနေနဲ့ ၂၈ ဒသမ ၃၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။

 

ဩဂုတ်လ ၂၅ ရက်မှာ ပိုးတွေ့နှုန်းက ၂၀ ရာခိုင်နှုန်းလောက် တွေ့ရပါတယ်။ စစ်တယ်ဆိုတာ ပိုးတွေ့နိုင်ချေရှိတဲ့သူတွေကို စစ်တာဖြစ်တဲ့အတွက် ပိုးတွေ့ရာခိုင်နှုန်းက များပါတယ်။ ယခုပိုးတွေ့ ရာခိုင်နှုန်း ၂၀ လောက်ရှိတယ်ဆိုတာ ကောင်းတဲ့လက္ခဏာဖြစ်ပါတယ်။ တတိယလှိုင်းမှာ ရောဂါ ကူးစက်မှုအများဆုံး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ယခုလက်ရှိမှာ ပဲခူးတိုင်းဒေသကြီးက အများဆုံးပါ။ ဒုတိယက ရန်ကုန်တိုင်းဒေသကြီး၊ တတိယက မန္တလေး တိုင်းဒေသကြီး၊ စတုတ္ထက ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး မကွေးတိုင်းဒေသကြီးက နံပါတ် ၅ ဖြစ်ပါတယ်။

 

သို့သော် ဖြစ်ပွားမှုနဲ့ သေဆုံးမှုက မတူပါဘူး။ သေဆုံးမှုအမြင့်ဆုံးက မွန်ပြည်နယ်၊ ဒုတိယ ကရင် ပြည်နယ်ဖြစ်ပြီး တတိယ မန္တလေးတိုင်းဒေသကြီး ဖြစ်ပါတယ်။ ရုံးပိတ်ရက်ရှည် ပိတ်လိုက်ပြီး ပထမ တစ်ပတ်မှာ ရောဂါဖြစ်ပွားမှု ၂ ရာခိုင်နှုန်းကျပါတယ်။ ဒုတိယတစ်ပတ်မှာ ၁၉ ရာခိုင်နှုန်း၊ တတိယ တစ်ပတ်မှာ ၃၃ ရာခိုင်နှုန်း၊ စတုတ္တတစ်ပတ်မှာ ၄၁ ရာခိုင်နှုန်းအထိ ရောဂါဖြစ်ပွား မှုတွေ ကျဆင်းလာတာကို တွေ့ရပါတယ်။

 

လက်ရှိအနေအထားမှာလည်း ရောဂါဖြစ်ပွား မှုတွေကို ထိန်းချုပ်နိုင်တဲ့ အနေအထားရှိပါ တယ်။ သို့သော် တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ဖြစ်ပွားသေဆုံးမှုတွေ ဆက်ပြီး မြင့်တက်နေတာကို တွေ့ရပါတယ်။ အခြေအနေကောင်းတော့ ရောက်ရှိနေပြီဖြစ်ပြီး ပေါ့လို့ မရသေးဘူးဆိုတာကို ပြောကြားလိုပါတယ်။

 

ထက်လျှံ

နေ့စဉ် မြန်မာ့အလင်း၊ ကြေးမုံသတင်းစာ ဖတ်ရှုရန်

 

https://t.me/myanmarnewspaper

 

Subscribe to The Global New light of Myanmar

 

https://t.me/gnlmon

 

နေ့စဉ်သတင်းများ ဖတ်ရှုရန် ၊Subscribe to MOI

 

https://t.me/iprdrnd