Skip to main content

အနာကုလာစကမ္မန္တာ

အရှုပ်အထွေးမရှိသောအလုပ်ကို လုပ်ခြင်းသည် မင်္ဂလာမည်၏။

အရှုပ်အထွေးမရှိသောအလုပ်ကို လုပ်ခြင်းဆိုသည်မှာ အလုပ်လုပ်ရာတွင် စိတ်ရော လူရော ရှုပ်ထွေးခြင်း မရှိစေနှင့်ဟု အဓိပ္ပာယ်ရပါသည်။ အလုပ်များကို ရိုးရိုးသားသား မှန်မှန်ကန်ကန် မလိမ်မညာဘဲ လုပ်သူသည် စိတ်ရှုပ်ထွေးမှု ကင်းရှင်းပါမည်။ ဥပဒေနှင့် မညီသောအလုပ်ကို လုပ်မည်၊ ကျင့်ဝတ်များကို ဖောက်ဖျက်၍ အလုပ်လုပ်မည်။ လိမ်လည်လှည့်ဖျားမှုများ လုပ်မည်ဆိုလျှင် စိတ်ရှုပ်ထွေးမှုများဖြစ်ကာ အိပ်ကောင်းခြင်းပင် အိပ်ရမည်မဟုတ်ပါ။ လူရှုပ်ထွေးခြင်းမရှိစေနှင့်ဆိုသည့် အဓိပ္ပာယ်မှာ အလုပ်လုပ်သည့်အခါ မလုပ်သင့်သည့်သူများနှင့် လက်တွဲမလုပ်ရန်၊ မပေါင်းသင်းထိုက်သည့်သူများနှင့် မပေါင်းရန် ဖြစ်ပါသည်။ ဥပဒေ ချိုးဖောက်သူများ၊ မိမိကိုယ်ကျိုးကိုသာ ကြည့်သည့်အတ္တကြီးသူများနှင့် ပူးပေါင်းကာ အလုပ်လုပ်လျှင် အောင်မြင်မှုကိုရရှိရန် ခက်ပါမည်။ အလုပ်တစ်ခုကို ဇောက်ချလုပ်ရန်လိုသလို ရေရှည်လုပ်ရန်လည်း လိုပါ သည်။ အလုပ်တစ်မျိုးတည်းမှာ ရေရှည်လုပ်မှလည်း ကျွမ်းကျင်မှုကို ရရှိပိုင်ဆိုင်ပါမည်။ ကျွမ်းကျင်မှုရှိမှလည်း အောင်မြင်မှုက လိုက်လာပါမည်။

 

အပြစ်ကင်းသည့်အလုပ်ကို လုပ်ခြင်းနှင့်ပတ်သက်လျှင် နီတိများတွင်လည်း အဆိုများ ရှိပါသည်။

 

“ချိန်ခါသလျှင်၊ သင့်အောင်ပြုပြင်၊ မပျင်းမရိ လုံ့လရှိလျက်၊ မပျက်စီးစေ အလုပ်တွေ ရှုပ်ပွေမရှိရ” ဆိုသည့်နီတိ အဆိုအရ -

 

“ချိန်ခါသလျှင်” ဆိုသည်မှာ အလုပ်လုပ်သည့်အခါ အချိန်အခါကို သိရပါမည်။ လုပ်သင့် လုပ်ထိုက်သည့် အလုပ်တစ်ခုကို အချိန်ကိုက်လုပ်တတ်ရန် လိုပါသည်။ အချိန်မကျမီ စောလုပ်လျှင် မှားသလို အချိန်နှောင်းမှ လုပ်တာလည်း မှားပါသည်။ စပါးကို အနှံမစုံမီ စောရိတ်၍ မရ သလို အချိန်နှောင်းမှ ရိတ်လျှင်လည်း စပါးပျက်စီးပါမည်။

 

“သင့်အောင်ပြုပြင်” ဆိုသည်မှာ လုပ်သည့်အလုပ်နှင့် ကိုက်ညီအောင် မိမိကိုယ်မိမိ ပြုပြင်သင့် သည်များကို ပြုပြင်ရပါမည်။ အိန္ဒိယပြည်တွင် သွားရောက် အလုပ်လုပ်နေသူသည် အိန္ဒိယ အစားအသောက်ကို မကြိုက်လျှင် ရေရှည်နေထိုင် လုပ်ကိုင်ရန် ခက်ခဲပါမည်။ အိန္ဒိယ အစားအစာကို ကြိုက်နှစ်သက်အောင် မိမိကိုယ်မိမိ ပြုပြင်နေ ထိုင်နိုင်မှသာ ရေရှည်တွင် အောင်မြင်မှု ကို ရရှိပါမည်။ မိမိရောက်ရှိနေသည့် အရပ်ဒေသမှ ယဉ်ကျေးမှု၊ ဓလေ့စရိုက် များကို နားလည်အောင်လုပ်ပြီး မိမိကိုယ် မိမိပြုပြင်သင့်သည်များကို ပြောင်းလဲရပါမည်။

 

“မပျင်းမရိ”ဆိုသည်မှာ ရှင်းပါသည်။ ပျင်းသည့်လူက လုံ့လမရှိပါ။ “ချမ်းလွန်း သေးသည်၊ ပူလွန်းသည်၊ မိုးချုပ်ပြီ၊ စောသေးသည်။ ဆာလောင်နေသည်။ ဝမ်းပြည့်နေသည်” စသည့် ပျင်းရိခြင်း ခြောက်ပါးကင်းအောင် မိမိကိုယ်မိမိ ပြုပြင်ရပါမည်။

 

“လုံ့လရှိလျက်” ဆိုသည်မှာ လုံ့လ စိုက်ထုတ်၍ အလုပ်လုပ်ရန်ဖြစ်သည်။

 

“မပျက်စီးစေ အလုပ်တွေ ရှုပ်ပွေမရှိရ” ဆိုသည်မှာ မိမိကိုယ်မိမိ မပျက်စီးအောင် ကိုယ်ကျင့် တရားကို ထိန်းပါ။ ရှုပ်ထွေးသည့်အလုပ်များကို ရှောင်ပါဟု ဆိုပါသည်။

 

အလုပ်တစ်ခုကို ပြီးမြောက်အောင် လုပ်ခြင်းသည်လည်း အလုပ်တစ်ခုကို အရှုပ်အထွေး မရှိအောင် လုပ်ခြင်းဖြစ်ပါ သည်။ အလုပ်တစ်ခုကို စမိလျှင်အောင်မြင်ပြီးစီးအောင် လုပ်ရပါမည်။  လူအများစုသည် အခက်အခဲနှင့်တွေ့သည့်အခါ အလွယ်တကူ လက်မြှောက် တတ်ကြပြီး အလုပ်ကို ပြီးစီးသည်အထိလုပ်ရန် အားနည်းကြပါသည်။ အခက်အခဲနှင့်တွေ့သည့်အခါ ဇွဲရှိရှိဖြင့် အလုပ်ကို ပြီးစီးအောင်မြင်သည်အထိ လုပ်ရန်လိုပါသည်။ အလုပ်တစ်ခုကို ပြီးစီး အောင်မြင်အောင်လုပ်ခြင်းသည် မင်္ဂလာတရားတော်နှင့်လည်း ကိုက်ညီပါသည်။

 

တချို့နီတိတွေကလည်း အလုပ်လုပ် သည့်အခါ -

 

၁။ လုံ့လရှိရမည်။

 

၂။ ရှာဖွေရရှိသည့် ပစ္စည်းကို ထိန်းသိမ်းနိုင်ရမည်။

 

၃။ အကြံကောင်း ဉာဏ်ကောင်းပေး သူများ ရှိရမည်။

 

၄။ မျှတ၊ ချင့်ချိန်သုံးသပ်နိုင်ရမည်ဟု ဆိုပါသည်။

 

နံပါတ် ၁ အချက်ဖြစ်သော လုံ့လရှိရ မည်က အထူးရှင်းရန် မလိုပါ။ နံပါတ် ၂ အချက်ဖြစ်သော ရှာဖွေရရှိ  သည့်ပစ္စည်းကို ထိန်းသိမ်းနိုင်စွမ်းမရှိလျှင်  ရှာဖွေရရှိသမျှ သဲထဲရေသွန်ဖြစ်ပါမည်။ နံပါတ် ၃ အချက်ဖြစ်သော အကြံကောင်း ဉာဏ်ကောင်းပေးသူများရှိရန်သည် အလွန်အရေးကြီး ပါသည်။ မိမိမှားနေသည်ကို ထောက်မပြနိုင်သူ၊ မိမိလုပ်သမျှကို အကောင်းဘက်ကသာ ပြောနေ သူများသာ မိမိနားမှာရှိလျှင် အောင်မြင်ရန် ခက်ခဲပါမည်။ အရေးကြုံလာလျှင် အကြံဉာဏ် ကောင်းပေးနိုင်သူများ၊ အမှန်တရားကို အရှိအရှိအတိုင်းပြောသူများနှင့်  ဝန်းရံထားမှသာ အောင်မြင်မှုကို ရရှိပါမည်။

 

နံပါတ် ၄ ဖြစ်သော မျှတချင့်ချိန် သုံးသပ်တတ်ရမည်ဆိုသည့်အချက်သည်လည်း အရေးကြီးပါ သည်။ အလုပ်လုပ်သည့်အခါ မျှတရပါမည်။ မိမိက အသာစီးအမြဲလိုချင်၍မရပါ။ ကိုယ့်ဘက် သူ့ဘက် မျှတအောင် ဆောင်ရွက်ရပါမည်။ မျှတရန်လိုသလို ချင့်ချိန်သုံးသပ်တတ်ရန်လည်း လိုပါသည်။ ချင့်ချိန်သုံးတတ်ပြီးလျှင် မလုပ်သင့်သည့် အလုပ်ကို ရပ်ရပါမည်။ လုပ်သင့်သည့် အလုပ်ကိုသာ  လုပ်ရပါမည်။ သို့မှသာ လုပ်သည့်အလုပ်က သမ္မဇီဝိတဖြစ်ပြီး သုခလေးပါးနှင့် ပြည့်စုံပါမည်။

သုခလေးပါး ဆိုသည်မှာ

၁။ အတ္ထိသုခ - ငါ့မှာရှိသည်ဟု စိတ်ချမ်းသာမှုရခြင်း၊

၂။ ဘောဂသုခ - ငါရှာတာငါသုံးနိုင်သည်ဟု စိတ်ချမ်းသာမှုရခြင်း၊

၃။ အာနဏသုခ - ငါ့မှာ အကြွေးမရှိဟု စိတ်ချမ်းသာမှုရခြင်း၊

၄။ အနဝဇ္ဇသုခ - ငါလုပ်သည့် အလုပ်သည် အပြစ်မရှိ၊ အမှားမရှိ ဟု စိတ်ချမ်းသာမှုရခြင်း ဖြစ်ပါသည်။

 

၂၁ ရာစု စီးပွားရေးစံ ၄ ချက်

 

အရှုပ်အထွေးမရှိသော အလုပ်ကို လုပ်ခြင်းသည် မင်္ဂလာမည်၏ဆိုသည့်  တရားတော်ကို နီတိများနှင့် ကိုးကား တင်ပြပြီးနောက် ၂၁ ရာစုတွင် အရှုပ်အထွေးမရှိသော အလုပ်ကို လုပ်ခြင်းနှင့် ပတ်သက်၍ ကမ္ဘာကြီးတွင် နိုင်ငံတော်တော်များများက လက်ခံထားသော အချက်များကို ဆွေးနွေးပါမည်။ မြန်မာနိုင်ငံသည် လှူဒါန်းမှု အရက်ရောဆုံး နံပါတ်တစ် နိုင်ငံအဖြစ် ကမ္ဘာတွင် စာရင်းပေါက်ပါသည်။ လှူဒါန်းခြင်းသည် ကောင်းပါသည်။ သို့သော် ယနေ့ခေတ်သည် မည်မျှလှူသည်ထက် လှူသည့် ငွေကိုရအောင် မည်ကဲ့သို့စီးပွားရှာခဲ့သည်ကို ပိုစိတ်ဝင်စားလာကြပါသည်။ စီးပွားရှာခဲ့စဉ်က အရှုပ်အထွေးမရှိ စီးပွားရှာရမည် ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ ထိပ်တန်း ကုမ္ပဏီကြီးများမှစ၍ စီးပွားရေးလုပ်ငန်း လုပ်နေသည့် ကုမ္ပဏီများသည် အောက် ဖော်ပြပါ အချက် ၄ ချက်ကို စံအဖြစ်ထား၍ တာဝန်ယူသော၊ တာဝန်ခံနိုင်သော စီးပွားရှာခြင်း ဟုတ် မဟုတ်ကို ဆုံးဖြတ် ကြပါသည်။ တာဝန်ယူသော၊ တာဝန်ခံ နိုင်သော စီးပွားရှာခြင်းသည်သာ အရှုပ် အထွေးမရှိသောအလုပ် လုပ်ခြင်းဖြစ်ပါသည်။

 

၁။ လူတွေကို တန်ဖိုးထားရပါမည်။

 

စီးပွားရှာသည့်အခါ လူအများနှင့်  ထိတွေ့ဆက်ဆံပြီး အလုပ်လုပ်ရပါသည်။ မိမိဝန်ထမ်းများ၊ စီးပွားဖက်များ ..  စသည်ဖြင့် လူအမျိုးမျိုးနှင့် ထိတွေ့ဆက်ဆံရပါသည်။ ဆက်ဆံသည့်အခါ မိမိအတွက်သာမကြည့်ဘဲ တစ်ဖက်သား ဘက်ကိုလည်း စဉ်းစားပေးရန်လိုပါသည်။ အထူးသဖြင့် မိမိဝန်ထမ်းများကို တန်ဖိုးထားရပါမည်။ ဥပမာပေးရလျှင် ကုမ္ပဏီတစ်ခုသည် နိုင်ငံတော်အဆင့်  လှူဒါန်းနေသော်လည်း ကုမ္ပဏီဝန်ထမ်းများကို သင့်တင့်မျှတသော လခမပေးခြင်း၊ ကုမ္ပဏီ ဝန်ထမ်းများကို စိတ်ချမ်း သာအောင် မထားခြင်း ..... စသည်တို့ ပြုလုပ်နေလျှင် တာဝန်ယူသော၊ တာဝန်ခံသော ကုမ္ပဏီအဖြစ် သတ်မှတ်၍မရပါ။ ထိုနည်းတူ မိမိနှင့် ထိတွေ့နေရသော ကုမ္ပဏီများကိုပေးစရာရှိသည့်  ငွေကိုအချိန်မီမပေးခြင်း၊ နိုင့်ထက်စီးနင်း ဆက်ဆံခြင်းများ မပြုလုပ်သင့်ပါ။ လူ့အခွင့်အရေးများကို လေးစားလိုက်နာရန်လည်း လိုပါသည်။

 

၂။ မူတွေကို တန်ဖိုးထားရပါမည်။

 

မူဆိုသည်မှာ တည်ဆဲဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ ဖြစ်ပါသည်။ အခွန်အခများ မှန်မှန် ကန်ကန် ပေးဆောင်ရပါမည်။ ကျင့်ဝတ်များကို လိုက်နာစောင့်ထိန်းရပါမည်။ နိုင်ငံတော် အဆင့် လှူတန်းနေသော်လည်း အခွန်ကို တစ်နည်းနည်းဖြင့် တိမ်းရှောင်နေလျှင် တာဝန်ယူသော၊ တာဝန်ခံနိုင်သော စီးပွားရှာခြင်းဟု သတ်မှတ်၍ မရပါ။

 

၃။ အဂတိတရား ကင်းရှင်းရပါမည်။

အဂတိတရား ကင်းရှင်းအောင် အလုပ်လုပ်ခြင်းသည် မင်္ဂလာတရား

တော်နှင့်အညီ အရှုပ်အထွေးမရှိသော အလုပ်ကို လုပ်ခြင်းဖြစ်ပါသည်။ အဂတိတရား ကင်းရှင်း အောင် နေသူသည် ညစဉ်လည်းကောင်းစွာ အိပ်ပျော်ပါမည်။

 

၄။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပါ။

သဘာဝပတ်ဝန်းကျင်ကို မထိခိုက် မပျက်စီးအောင် စီးပွားရှာရန် လိုသလို ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်း စောင့်ရှောက်ရပါမည်။ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးအောင်လုပ်လျှင် လူ၊ သတ္တဝါ အများအပြင် ဂေဟစနစ်ကိုလည်း ပျက်စီးစေနိုင်သည့်အတွက် အလွန်အပြစ်ကြီး ပါသည်။

 

နိဂုံးချုပ်အနေဖြင့် ၂၁ ရာစုတွင် တာဝန်ယူသော၊ တာဝန်ခံနိုင်သော စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်မှသာ အရှုပ်အထွေးမရှိသော အလုပ်ကို လုပ်ခြင်းဖြစ်ပြီး မင်္ဂလာတရားတော် နှင့်အညီ ချမ်းသာအောင်မြင်နိုင်ပါမည်။

 

“မှတ်သားစရာ”

 

ဥပဒေချိုးဖောက်သူများ၊ မိမိကိုယ်ကျိုးကိုသာ ကြည့်သည့်  အတ္တကြီးသူများကို ရှောင်ကြဉ်၍ တာဝန်ယူ တာဝန်ခံနိုင်သော စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်သာ စိတ်ချမ်းသာ အောင်မြင် ပါမည်။

ကျမ်းကိုး

၁။ သုတေသနသရုပ်ပြအဘိဓာန်။ အရှင်သြဘာသာ ဘိဝံသ မထေရ်မြတ်။

၂။ The Ten Principles of UN Global Compact (https:www. unglobalcompact.org)

 

 ဗုဒ္ဓအဆုံးအမဖြင့် အောင်မြင်ခြင်းစာအုပ်ပါ အကြောင်းအရာများသည် မင်္ဂလာတရားတော် ၃၈ ပါးအနက်မှ ၃၁ ပါးကို ခေတ်အမြင်ဖြင့် စာရေးသူက တစ်ပါးချင်းလေ့လာပြီး ဘဝ အတွေ့အကြုံ များပါ ပေါင်းစပ်ရေးသားထားခြင်း ဖြစ်ပါသည်။ စာဖတ်သူပရိသတ်များအနေဖြင့် မင်္ဂလာ တရားတော်နှင့်အညီ လောကီအကျိုး၊ လောကုတ္တရာအကျိုးများ ရရှိဆင်ခြင်နိုင်စေရန် စေတနာမွန်ဖြင့် ထုတ်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

စာတည်းအဖွဲ့

ကျော်ကျော်လှိုင်