Skip to main content

ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းသစ် လားရှိုး-လင်ချန်း ကုန်စည်ပြပွဲ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ လင်ချန်းမြို့ပြည်သူ့အစိုးရတို့ ဦးဆောင် ကျင်းပမယ့် မြန်မာ-တရုတ် နှစ်နိုင်ငံ (လားရှိုး-လင်ချန်း) နယ်စပ်ကုန်စည်ပြပွဲကို အွန်လိုင်းကုန်စည်ပြပွဲအဖြစ် သြဂုတ် ၂၅ ရက်မှ ၂၉ ရက်အထိ ဒုတိယ အကြိမ် ကျင်းပတော့မှာ ဖြစ်ပါတယ်။

မဟာဗျူဟာမြောက် ဆက်ဆံရေး

မြန်မာ-တရုတ် နှစ်နိုင်ငံက ၁၉၅၀ ပြည့်နှစ်က စတင် သံတမန်ဆက်သွယ်ခဲ့ပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုနဲ့ မဟာဗျူဟာမြောက် ဆက်ဆံ ရေးကို တည်ဆောက်ခဲ့ကြပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာသဘောတူစာချုပ်ကို ၁၉၇၁ ခုနှစ် နိုဝင်ဘာ ၁၉ ရက်မှာလည်းကောင်း၊ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဆိုင်ရာ သဘောတူ စာချုပ်ကို ၁၉၉၄ ခုနှစ် သြဂုတ် ၁၃ ရက်မှာ လည်းကောင်း အသီးသီးချုပ်ဆိုခဲ့ပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ခရီးသွား လုပ်ငန်းမြှင့်တင်ရေး စတဲ့ စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများနဲ့ ပြည်သူအချင်းချင်း ဆက်သွယ် မှု မြှင့်တင်ရေးကို အစဉ်အလာကောင်းတွေနဲ့အညီ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။

မြန်မာ-တရုတ်ကုန်သွယ်မှု

တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံတစ်ခု ဖြစ်ပါတယ်။ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေနဲ့ နိုင်ငံရဲ့ ကုန်သွယ်မှုပမာဏ တိုးမြှင့်စေရေးအတွက် မူဝါဒပိုင်းဆိုင်ရာ ပြင်ဆင်ပြောင်းလဲမှုတွေ၊ ဖြေလျှော့ပေးမှုတွေနဲ့ ဈေးကွက်ရှာဖွေ မြှင့်တင် ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တဲ့အတွက် မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏနှစ်စဉ် သိသိသာသာ တိုးတက်လျက်ရှိတာကို မြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။ မြန်မာ-တရုတ် ကုန်သွယ်မှုမှာ နယ်စပ်ကုန်သွယ်ရေးက အဓိကအခန်းကဏ္ဍကနေ ပါဝင်ပြီး မြန်မာနိုင်ငံ အနေနဲ့ မူဆယ်၊ ချင်းရွှေဟော်။ လွယ်ဂျယ်၊ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်း လေးခု ဖွင့်လှစ်ထားရှိပါတယ်။ အဆိုပါ နယ်စပ် ကုန်သွယ်ရေးစခန်း လေးခုအနက် လင်ချန်းမြို့၊ မိန်းတိန် ဒေသနှင့် ထိစပ်လျက်ရှိတဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းဟာ ကုန်သွယ်မှု ဒုတိယ အများဆုံးစခန်းအဖြစ် ရပ်တည်လျက်ရှိပါတယ်။

ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ်

တရုတ်နိုင်ငံက အဆိုပြုတဲ့ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ် (One Belt One Road) အစီအစဉ်မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချန်း မြို့နဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တို့က အဓိကကျတဲ့လမ်းဆုံနေရာအဖြစ် တည်ရှိနေတာဖြစ်တဲ့အတွက် အနာဂတ်ဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါတဲ့မြို့များ ဖြစ်ပါတယ်။ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ် (One Belt One Road) အစီအစဉ်က ဒေသတွင်းနိုင်ငံများ အကြား ကုန်သွယ်မှုမှာ အဓိကကျတဲ့အခန်းကဏ္ဍက ပါဝင်လာမှာ ဖြစ်တဲ့အတွက် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများကို ချင်းရွှေဟော် နယ်စပ်ဂိတ်မှ လားရှိုး၊ မန္တလေးထိုမှတစ်ဆင့်ရန်ကုန်နဲ့ ကျောက်ဖြူ ဆိပ်ကမ်းမြို့များ၊ ထိုမှတစ်ဆင့် နိုင်ငံတကာ ဈေးကွက်သို့လည်းကောင်း၊ နိုင်ငံတကာက ကုန်ပစ္စည်းတွေကို မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ တရုတ်နိုင်ငံ အတွင်းပိုင်းဒေသများသို့လည်းကောင်း ပို့ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ကုန်စည်ပြပွဲကျင်းပရခြင်းရည်ရွယ်ချက်

မြန်မာ(လားရှိုး) - တရုတ်(လင်ချန်း) နယ်စပ် စီးပွားရေးနဲ့ ကုန်စည်ပြပွဲကို ဒေသတွင်း နိုင်ငံများအကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုများ ပိုမို တိုးတက်လာစေရေး၊ နှစ်နိုင်ငံ ဒေသခံကုန်သည် လုပ်ငန်းရှင်များ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမို ရရှိစေရေး၊ ခရီးသွားလုပ်ငန်းနဲ့ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေးတို့အတွက် ရည်ရွယ် ကျင်းပခြင်း ဖြစ်ပါတယ်။

နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ရေး နားလည်မှုစာချွန်လွှာကို ၂၀၁၇ ခုနှစ် မေ ၁၆ ရက်မှာ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ လက်မှတ် ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် အကောင်အထည်ဖော်ရေးဗဟိုကော်မတီကို ဖွဲ့စည်း ထားပြီး ဖြစ်ပါတယ်။ ချင်းရွှေဟော်ဒေသဟာ မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင် ရွက်မှုဇုန် တည်ထောင်မယ့် နေရာ သုံးခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး အလျင်အမြန် အကောင် အထည်ဖော်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက် ကြရမှာ ဖြစ်ပါတယ်။

သဘောတူညီမှုစာလွှာလက်မှတ်ရေးထိုး

မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်စီးပွားရေးနဲ့ ကုန်စည်ပြပွဲကို လားရှိုးမြို့နဲ့ တရုတ်နိုင်ငံ လင်ချန်း မြို့တို့မှာ နှစ်စဉ်အလှည့်ကျ ကျင်းပနိုင်ရေးအတွက် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နဲ့ လင်ချန်း မြို့ ပြည်သူ့အစိုးရတို့အကြား သဘောတူညီမှု စာချွန်လွှာ (Letter of Intent-LOI) ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်မှာ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးမျိုးသူနဲ့ လင်ချန်းမြို့ ပြည်သူ့အစိုးရ ဒုတိယမြို့တော်ဝန် မစ္စတာလုကျစ်တို့က Virtual Signing စနစ်နဲ့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

လားရှိုး-လင်ချန်း ကုန်စည်ပြပွဲကျင်းပခြင်း

ပထမအကြိမ် မြန်မာ (လားရှိုး) - တရုတ် (လင်ချန်း) နယ်စပ်စီးပွားရေးနဲ့ ကုန်စည်ပြပွဲကို မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နဲ့ လင်ချန်းမြို့ ပြည်သူ့အစိုးရတို့က ဦးဆောင်ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၁ ရက်ကနေ ၂၄ ရက်အထိ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ကုန်စည်ပြပွဲမှာ နှစ်နိုင်ငံ ကုန်သည်လုပ်ငန်းရှင်တွေက ပြခန်းပေါင်း ၁၄၀ ပါဝင်ပြသခဲ့ကြပြီး ကုန်စည်ပြပွဲကာလအတွင်း ကုန်သည်လုပ်ငန်းရှင်တွေအကြား ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲနဲ့ သဘောတူညီ ချက်တွေကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ ကုန်စည်ပြပွဲလက်ခံကျင်းပခြင်းကြောင့် လားရှိုးမြို့ရှိ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းတွေ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ၊ အမှတ်တရပစ္စည်းဆိုင်တွေ စတဲ့ ဆက်စပ်လုပ်ငန်းတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းနဲ့ နိုင်ငံခြားဝင်ငွေ ရရှိအောင် ဆောင်ရွက် နိုင်ခဲ့သလို နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာတွေလည်း ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ယခုနှစ်အတွက် ဒုတိယအကြိမ် တရုတ် (လင်ချန်း) - မြန်မာ(လားရှိုး) နယ်စပ်စီးပွားရေးနဲ့ ကုန်စည်ပြပွဲကို ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် လင်ချန်းမြို့ ပြည်သူ့အစိုးရက ဦးဆောင်ပြီး တရုတ် နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ၂၀၂၁ ခုနှစ် ဩဂုတ် ၂၅ ရက်ကနေ ၂၉ ရက်အထိ ကျင်းပ ပြုလုပ်မယ့် တရုတ်-တောင်အာရှကုန်စည်ပြပွဲရဲ့ တောင်/အရှေ့တောင်အာရှနိုင်ငံများ အွန်လိုင်း (Online) ကုန်စည်ပြခန်းမှာ အွန်လိုင်းပြခန်းဆောင် တည်ဆောက်ပြီး အွန်လိုင်း (Online) ကုန်စည်ပြပွဲ အဖြစ် ကျင်းပမှာဖြစ်ပြီး မြန်မာကုန်သွယ်မှု မြှင့်တင် ရေးအဖွဲ့ ရဲ့ ဦးဆောင်မှုနဲ့ မြန်မာနိုင်ငံက ကုန်သည် လုပ်ငန်းရှင်တွေက ကျောက်မျက်ရတနာတွေ၊ စားသောက်ကုန်တွေ၊ အမှတ်တရလက်ဆောင် ပစ္စည်းတွေ၊ လက်ဖက်နဲ့ ကော်ဖီ၊ ရေထွက်ကုန်တွေ၊ ICT ဝန်ဆောင်မှုလုပ်ငန်းတွေ၊ လယ်ယာ ထွက်ကုန်တွေနဲ့ ခရီးသွားလုပ်ငန်းတို့ကို ပါဝင်ပြသနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကုန်သွယ်ရေးလမ်းကြောင်းသစ်သို့

မြန်မာနိုင်ငံ ချင်းရွှေဟော်မြို့ မျက်နှာချင်းဆိုင် ဖြစ်တဲ့ တရုတ်နိုင်ငံ မိန်တိန်း (Mingding) ကနေ ယူနန်ပြည်နယ်ရဲ့ မြို့တော် ကူမင်းမြို့အထိ အဝေး ပြေး လမ်းမ ဖောက်လုပ်ပြီးစီးပြီဖြစ်တဲ့အတွက် တရုတ်နိုင်ငံ ရွှေလီဘက်လမ်းကြောင်းထက် ကီလို မီတာ ၁၀၀ ကျော် လျော့နည်းကြောင်း သိရှိရပါ တယ်။ တရုတ်နိုင်ငံ လင်ချန်းမြို့ ပြည်သူ့အစိုးရ ချင်းရွှေဟော် -မိန်တိန်းနယ်စပ်ဂိတ်ကို တရုတ်အာဆီယံ သစ်သီးဝလံကုန်သွယ်ရေး အထူးဂိတ် အဖြစ် တိုးမြှင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပြီး မြန်မာနိုင်ငံ ပါဝင်တက်ရောက်တဲ့ လင်ချန်းမဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး ပွဲတွေမှာလည်း သက်ဆိုင်ရာဌာနတွေက ထည့်သွင်း ဆွေးနွေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။

မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ် စီးပွားရေးနဲ့ ကုန်စည်ပြပွဲဟာလည်း ဒေသနှစ်ခုရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုအတွက် အရေးပါတဲ့ အုတ်မြစ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မြန်မာ-တရုတ်ကုန်သည်လုပ်ငန်းရှင်တွေ၊ ဒေသခံပြည်သူတွေအနေနဲ့ ကုန်စည်ပြပွဲ Platform ကို အသုံးပြုပြီး ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက် စေဖို့အတွက် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါတယ်။

Dr. သက်လွင်ဦး ၊ MYANTRADE