Skip to main content

စိုးရိမ်စိတ်တွေ လွန်ကဲပြီးလုပ်ရင် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်ဖို့များ

ဒေါက်တာဇော်မင်းထွန်း

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေ၊ ကာကွယ်ရမည့် နည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန်တို့ကို သိရှိနိုင်ရန် ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းနှင့် တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။ ။ ဧရာဝတီတိုင်းဒေသကြီးမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရမှု အခြေအနေနဲ့ ပတ်သက်ပြီး ရှင်းပြပေးစေလိုပါတယ်။

ဖြေ ။ ။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဇူလိုင်လ ၂၁ ရက်နေ့အထိကိုဗစ်-၁၉ လူနာအသစ် ၄၇၇ ဦး ရှိပါတယ်။ သေဆုံးမှုအနေနဲ့ဆိုရင်တော့ ဒီရက်အတွင်းမှာ ၆၃ ဦး ရှိပါတယ်။ လူနာ ၄၃၇၃ ဦး က ကုသဆဲဖြစ်ပါတယ်။

မေး ။ ။ အခုအချိန်မှာတွေ့ရတဲ့ ကိုဗစ်-၁၉ ရောဂါလက္ခဏာဟာ ရာသီတုပ်ကွေး ရောဂါနဲ့ အလားသဏ္ဌာန်တူတယ်လို့ သိရပါတယ်။ ရာသီတုပ်ကွေးနဲ့ ကိုဗစ်-၁၉ ရောဂါဟာ ဘယ်လိုမျိုး ကွဲပြားခြားနားမှုရှိပါသလဲ။ ရောဂါဝင်လာပြီဆိုရင် ဘယ်လိုမျိုးပြုမူနေထိုင်ရမယ်ဆိုတဲ့ ဆောင်ရန် ရှောင်ရန် အချက်လေးတွေကိုလည်း ရှင်းပြပေးပါဦး ဆရာ။

ဖြေ ။ ။ အဓိကကွဲလွဲမှုကတော့ အားလုံးသိကြတဲ့ အနံ့ပျောက်တဲ့ လက္ခဏာပါ။ နှာပိတ်လို့ အနံ့ပျောက်တာ မဟုတ်ဘဲနဲ့ အနံ့ပျောက်လာမယ် ဆိုရင်တော့ ကိုဗစ်ဖြစ်ဖို့များပါတယ်။ စစ်လိုက် ရင်လည်း ကိုဗစ်ဖြစ်တာများပါတယ်။ ဒါပေမယ့် အနံ့ပျောက်တဲ့သူတွေ အတော်များများအတွက် ကောင်းတာကတော့ အနံ့ပျောက်တဲ့သူတွေဟာ ကိုဗစ်အနေနဲ့တော့ ဆိုးဆိုးရွားရွား မဖြစ်ပါဘူး။ နောက်တစ်ခုကတော့ အစားအသောက်ပျက်တာနဲ့ နုံးချည့်တာပါ။ ဒီကိုဗစ်မှာတော့ နုံးချည့်တာနဲ့ အစားအသောက်ပျက်တာက ပိုဆိုးတာကို တွေ့ရပါ တယ်။ နောက်တစ်ခုကတော့ ဒီရာသီတုပ်ကွေးမှာ ဖြစ်လေ့ဖြစ်ထမရှိဘဲနဲ့ ကိုဗစ်မှာဖြစ်နေတာကတော့ ဝမ်းလျှောတာတွေ တွေ့ရှိရပါတယ်။ ပြီးတော့ ပြည်သူလူထုအနေနဲ့ သတိထားသင့်တာက ကိုယ်ပူမယ်၊ လည်ချောင်းနာမယ်၊ ပြီးရင် အနံ့ပျောက်မယ် အစရှိတာတွေ ဖြစ်ပြီဆိုရင် အပြင်မထွက်ဖို့၊ မိသား စုနဲ့ ခွာခွာလေးနေဖို့၊ အမြဲတမ်း နှာခေါင်းစည်းကို တပ်ထားဖို့၊ အစားအသောက် အနေအထိုင် တစ်ဦးတည်းစားပြီးတော့ ကိုယ့်အိမ်ကမိသားစုဝင် တွေ မကူးအောင် ဂရုစိုက်ဖို့ အကြံပြုလိုပါတယ်။

မေး ။ ။ လူနာတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အခါ ကျန်းမာရေးအဆင့်ခွဲထားတာမျိုး ရှိပါသလား။ ကိုဗစ်လက္ခဏာပြနေပေမယ့် လူနာတွေကို နေအိမ်မှာပဲ ကျန်းမာရေးစောင့်ရှောက်မှု ခံယူစေတယ် ဆိုတာရယ်၊ ဘယ်လိုအခြေအနေမျိုး မှာတော့ ကျန်းမာရေးဌာနမှာ လာရောက်ကုသမှု ခံယူရမယ်ဆိုတဲ့ ညွှန်ကြားထားတာမျိုးရှိရင် ရှင်းပြပေးပါဦး။

ဖြေ ။ ။ ဆရာတို့အနေနဲ့ ကိုဗစ်နဲ့ ပတ်သက်ရင်တော့ လူနာတွေမှာ ကိုဗစ် ပိုးတွေ့တယ်၊ ရောဂါလက္ခဏာ သိပ်မရှိဘူးဆိုရင် Positive Center တွေမှာ ထားပါတယ်။ ဆေးရုံ မတင်ပါဘူး။ အဲဒီမှာပဲ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ပေးပါတယ်။ လိုအပ်တဲ့အခါကျမှ အဲဒီလူတွေကို ဆေးရုံကို လွှဲပြောင်းပြီးတော့ ကုသပေးဖို့ စီစဉ်ထားရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးရုံမှာ ဝန်နဲ့အားမမျှဘဲနဲ့ လူနာများနေတဲ့အတွက်ပါ။ ဆေးရုံမှာလည်း အောက်ဆီဂျင် ပေးနိုင်မှု၊ နေရာပေးနိုင်မှု အပေါ် မူတည်ပြီးတော့ လူနာလက်ခံတာကိုလုပ်ရပါတယ်။

မေး ။ ။ လူနာတွေအတွက် အောက်ဆီဂျင် ပြတ်လပ်မှုမရှိအောင် ဘယ်လိုမျိုးစီမံ ဆောင်ရွက်ထား ပါသလဲ၊ ကိုဗစ်ကုသရေးစင်တာ တွေမှာလည်း အောက်ဆီဂျင်နဲ့ ပတ်သက်ပြီး ဆောင်ရွက်ထားမှုတွေ ရှိရင်လည်း ပြောပြပေးပါ ဆရာ။

ဖြေ ။ ။ လောလောဆယ်ဆရာတို့အနေနဲ့ ဆေးရုံတွေမှာ အောက်ဆီဂျင် မပြတ်လပ် အောင်တော့ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ခရိုင် အဆင့်ဆေးရုံကြီးတွေမှာအောက်ဆီဂျင်ထုတ်လုပ်တဲ့ စက်ရုံတွေ ရှိပါတယ်။ သိပ်အများကြီး မဟုတ်ပေမယ့် ခရိုင်အဆင့်ဆေးရုံတိုင်းမှာ ရှိပါတယ်။ ပုသိမ်ဆေးရုံ ကြီးမှာဆိုရင် နှစ်ခုရှိပါတယ်။ ဟင်္သာတဆေးရုံကြီးမှာ နှစ်ခုနဲ့ ကျန်တဲ့ခရိုင်ဆေးရုံကြီးတွေမှာ တစ်ခုစီ ရှိပါတယ်။ ဒါပေမယ့် အချို့စက်ရုံတွေကတော့ နည်းနည်းအရွယ်ပမာဏ သေးငယ်ပါတယ်။ လုံလောက်မှုတော့မရှိသေးဘူး၊ ဒါပေမယ့် ထွက်တော့ ထွက်နေတယ်ပေါ့။ ။

နောက်တစ်ခုက တိုင်းဒေသကြီး စီမံအုပ်ချုပ်မှု ကောင်စီရဲ့ အစီအစဉ်အနေနဲ့ ရန်ကုန်မှာရှိတဲ့ ဆင်မလိုက်စက်ရုံတွေရယ်၊ နောက်တစ်ခုက လှိုင်သာယာရွှေလင်ပန်းမှာရှိတဲ့ စက်ရုံတွေကို သွားရောက် သယ်ဆောင်ပြီးတော့ တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ဆေးရုံတွေကိုဖြန့်ဖြူးတာကို လုပ်ပါတယ်။ တိုင်းစစ်ဌာနချုပ်ရဲ့ လမ်းညွှန်ကြီးကြပ်မှုနဲ့ ညောင်ခြေထောက်မှာရှိတဲ့ ကပစ (၆) ကနေပြီးတော့ အောက်ဆီဂျင်ကို သွားရောက်သယ်ယူတာရှိပါတယ်။

မြို့နယ်တွေ၊ တိုက်နယ်တွေ၊ ဆေးရုံကြီးတွေ အနေနဲ့လည်း ကိုယ့်ရဲ့ မြို့က မြို့မိမြို့ဖတွေ၊ လုပ်ငန်း ရှင်တွေ၊ ပရဟိတအဖွဲ့အင်အားတွေနဲ့ သက်ဆိုင်ရာ မြို့နယ်ရဲ့ လိုအပ်ချက်ကို ရန်ကုန်မှာရှိတဲ့ စက်ရုံတွေ၊ တစ်နိုင်ငံလုံးတချို့နေရာတွေမှာဆိုရင် ရှမ်းပြည်နယ် အထိ သွားယူပြီး အောက်ဆီဂျင်ရရှိရေး လုပ်ဆောင် နေကြတာတွေရှိပါတယ်။

မေး ။ ။ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားအောင် ဘယ်လိုပြုမူနေထိုင်ရမယ်၊ ဆောင်ရန်၊ ရှောင်ရန် ဆိုတာအပြင် အခြားထပ်ပြီးတော့ အသိ ပေးချင်တာရှိရင် ဖြည့်စွက်ပြီး ပြောကြားပေးပါရှင့်။

ဖြေ ။ ။ အခုလက်ရှိအခြေအနေကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီကာလကြီးကိုတော့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဖြတ်ကျော်ရမှာပါပဲ။ အဲဒီတော့ အားလုံးက ကိုယ့်ဆီကနေတစ်ဆင့်သူများဆီကို ရောဂါကူးမသွားအောင်၊ ဆောင်ရန် ရှောင်ရန်တွေ လိုက်နာကြဖို့ လိုပါတယ်။ နောက် တစ်ခုကတော့ အကြောက်တရား မကြီးကြဖို့ပေါ့နော်၊ ကြောက်ရင် ကိုယ့်ဘက်က ရှုံးမှာပဲ။ အဲဒီတော့ ဒီရောဂါဖြစ်ပြီ ဆိုရင် အတတ်နိုင်ဆုံး မစိုးရိမ်ပါနဲ့။ ကိုယ်က စိုးရိမ်စိတ်တွေများရင် အကျိုးမရှိပါဘူး။

အခုဆိုရင် တိုင်းဒေသကြီးတစ်ခုလုံးမှာရှိတဲ့ ပရဟိတအဖွဲ့တွေ၊ မြို့မိမြို့ဖတွေ၊ စီးပွားရေး လုပ်ငန်းရှင် တွေနဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ၊ ကျန်းမာရေးပိုင်းက တာဝန်ရှိသူတွေအားလုံးက စုစုစည်းစည်းနဲ့ ရောဂါအန္တရာယ်က သက်သာလျော့ပါးဖို့အတွက် ဝိုင်းဝန်းဆောင်ရွက်နေကြပါတယ်။ အကောင်းဆုံးနည်းနဲ့ ကျော်ဖြတ်သွားကြဖို့ လိုပါတယ်။ စိုးရိမ်စိတ်တွေ လွန်ကဲပြီးလုပ်ရင် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်ဖို့ များပါတယ်လို့ပဲ ပြောကြားလိုပါတယ်။

ကျေးဇူးအထူးတင်ပါတယ်ရှင်။

တွေ့ဆုံမေးမြန်း - ခင်စန္ဒာဆွေ (ခရိုင် ပြန်/ဆက်)