Skip to main content

ကိုဗစ် − ၁၉ ကူးစက်ကပ်ရောဂါနှင့် အိမ်တွင်းပြုစုမှု

ယခုအခါ ကိုဗစ် - ၁၉ ကူးစက်ကပ်ရောဂါကြီး ကမ္ဘာတစ်ဝန်း လှိုင်းတံပိုးကြီးသဖွယ် ပျံ့နှံ့ လာနေပြီ ဖြစ်ပါသည်။ ယခုအချိန်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဗီဇပြောင်း ဗိုင်းရပ်စ်များအဖြစ်လည်း ကူးစက်ပျံ့နှံ့လာသည်ကို တွေ့ရပါသည်။ ရောဂါပိုးကူးစက်ခံရသူများ အတွက် ဆေးကုသ မှုပေးရာတွင် ဆေးရုံများမှာ အခက်အခဲများ ရှိလာနေသည်ကိုလည်း နိုင်ငံ အများအပြားတွင် တွေ့ရပါသည်။ လိုအပ်သူများကိုသာ ဆေးရုံတက်ကုသစေခြင်းကို ဦးစားပေးပြီး ပိုးတွေ့ရောဂါလက္ခဏာမရှိသူများ၊ အသက်အရွယ်ကောင်း ပိုးတွေ့သူများ၊ ရောဂါ အခံကင်းသူ၊ နည်းပါးသူများစသည်တို့ကို မိမိတို့နေအိမ်များမှာပင် ခွဲခြားနေထိုင် ပြုစု စောင့်ရှောက်မှုများကို ဆောင်ရွက်လာရာ ယင်းနှင့်ပတ်သက်၍ ဆောင်ရွက် နိုင်ပုံများကို တင်ပြလိုပါသည်။

 

 

အိမ်တွင်ပြုစုသင့်သူများ

အသက် ၆ဝ နှစ်အောက်ရှိသူ၊ ရောဂါလက္ခဏာ မပြင်းထန်သူ၊ ဆေးလိပ်မသောက်တတ်သူ၊ ရှိသင့် သည့် ကိုယ်အလေးချိန်ထက် ပိုမများနေသူ၊ ရောဂါအခံမရှိသူ၊ နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါများ၊ ဆီးချိုရောဂါ၊ နာတာရှည်အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများ၊ ကင်ဆာ ရောဂါများ၊ နာတာရှည်ကျောက်ကပ်ရောဂါများ၊ ခုခံအား ကျဆင်းနေသောရောဂါတစ်ခုခု ခံစားနေရသူ၊ စတီးရွိုက်ဆေးနှင့် ခုခံအားကျဆင်းစေသော ဆေး တစ်မျိုးမျိုးသုံးစွဲနေရသူ စသည်တို့ မရှိသူတို့ကို မိမိတို့အနေ အိမ်မှာပင် မိသားစုများက ပြုစုစောင့် ရှောက်ပေးနိုင်သည်ဟု သိရပါသည်။

 

ရောဂါလက္ခဏာများ

 

ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားသူတို့သည် ဦးစွာကိုယ်လက်မအီမသာဖြစ်မှုကို ခံစားကြရ တတ်ပါသည်။ ထို့နောက် ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာချေခြင်း၊ အနံ့ပျောက်ခြင်း စသည်တို့ ခံစားရတတ်ပါသည်။ အခြားလက္ခဏာ များမှာ ဝမ်းလျှောဝမ်းပျက်ခြင်း၊ ဗိုက်နာခြင်း၊ မျက်စိနာခြင်း၊ ကိုက်ခဲခြင်း၊ အရေပြားပေါ်တွင် အကွက်များပေါ်ခြင်း စသည်တို့ ခံစားရတတ် ပါသည်။

 

အရေးပေါ်အခြေအနေများ

 

အသက်ရှူခက်ခဲလာခြင်း၊ PO2 ခေါ် သွေးအတွင်း အောက်ဆီဂျင်ပမာဏ ကျဆင်းလာခြင်း၊ အရေပြားနှင့် နှုတ်ခမ်းများပြာနှမ်းလာခြင်း၊ ရင်ဘတ်တင်းကျပ်လာခြင်း၊ သတိလစ်မေ့မြော လာခြင်း စသည့်အခြေအနေများဖြစ်ပေါ်လာပါက အရေးပေါ်အခြေအနေဖြစ်သဖြင့် ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ရပါမည်။

အိမ်တွင်စောင့်ရှောက်သင့်သည့် ကာလ

 

ထိုသို့ နေအိမ်၌နေထိုင်ရာတွင် ရောဂါ လက္ခဏာ စတင်ခံစားရသည့် ပထမနေ့မှ ၁ဝ ရက် ပိုမိုစိတ်ချရစေရန် ယင်းကို လေးရက်ပိုဆောင်း၍ အနည်းဆုံး ၁၄ ရက်ခန့်အထိ နေထိုင် ရပါမည်။ ကိုယ်ပူခြင်း၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါလက္ခဏာများ လုံးဝ ပျောက်ကင်းပြီး သုံး-လေးရက်အကြာအထိ နေထိုင်ရန်ဖြစ်ပါသည်။

 

ရောဂါပိုးတွေ့ရှိကြောင်း စစ်ဆေးတွေ့ရှိရသော်လည်း မည်သည့်ရောဂါလက္ခဏာမျှ မပြသူများ အနေဖြင့် အနည်းဆုံး ၁၀ ရက် မိမိနေအိမ်မှာနေရပါမည်။ ၁၀ ရက်ပြည့်ပြီးပါက နောက်ထပ် တစ်ကြိမ် ပိုး ရှိ မရှိ စစ်ဆေးပြီး မရှိကြောင်း အတည်ပြုခံရပြီးမှ နေအိမ်၌နေထိုင်မှုကို အဆုံးသတ် နိုင်ပါသည်။

 

ရောဂါပိုးစစ်ဆေးတွေ့ရှိသဖြင့် မိမိ၏အိမ်တွင်နေထိုင်ခြင်း

 

နေအိမ်တွင်သီးခြားခွဲနေပါ။ သီးသန့်အခန်းတွင် ကောင်းစွာအနားယူပါ။ အရည်များများသောက် ပါ။ ရောဂါဖြစ်နေသူနှင့် နေအိမ်အတွက် လိုအပ်သော စားစရာ၊ ဆေးဝါးနှင့် အခြား အသုံး အဆောင်တို့ကို မပြတ်လပ်စေအောင် ဖြည့်ဆည်းပေးထားပါ။

 

နေအိမ်တံခါးများကို ဖွင့်ထားပါ။ လေကောင်း လေသန့်ရစေရန်ဖြစ်သည်။ ရေဂါကူးစက်နေသူ၏ ပန်းကန်ခွက်ယောက်များကို သီးသန့်ထားပါ။ ယင်းတို့ကို လက်အိတ်စွပ်ပြီး ရေနွေးဖြင့် ဆေးကြောပေးပါ။ သန့်စင်ခန်းကိုလည်း ရောဂါရှင်အတွက် သီးသန့်ထားပေးပါ။

ပါးစပ်၊ နှာခေါင်းစည်းတပ်ထားပါ။ မကြာခဏ လက်ဆေးပါ။ စက္ကန့် ၂၀ ခန့်ကြာအောင် လက်ဆေးပါ။ ဆပ်ပြာသုံးပါ။ အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်း ပါသော လက်ဆေးရည် သုံးနိုင်ပါသည်။ မိမိ၏ လက်ဖြင့် မျက်နှာ၊ ပါးစပ်၊ မျက်လုံးစသည်တို့ကို အတတ်နိုင်ဆုံး မထိမိပါစေနှင့် အိမ်မွေးတိရစ္ဆာန် များနှင့် နီးကပ်စွာ ထိတွေ့မှုရှောင်ပါ။ ထိတွေ့မှု နည်းပါစေ။

 

စကားပြော၊ သီချင်းဆို၊ နှာချေ၊ ချောင်းဆိုး၊ ချောင်းဟန့်ရာတို့မှ အိမ်တွင်းနေသူတို့ထံ အလွယ် တကူ ကူးစက်နိုင်ပါသည်။ အနည်းဆုံးခြောက်ပေခွာနေပါ။ ပါးစပ်၊ နှာခေါင်းစည်းတပ်ပါ။ ဧည့်သည် မလာရပါ၊ တွေ့ဆုံခြင်းမပြုရပါ။ တယ်လီဖုန်းမှသာ ဆက်သွယ်ပါ။

 

အတူနေစောင့်ရှောက်သူများ

 

အတူနေစောင့်ရှောက်သူတို့ အနေဖြင့် ရောဂါရှိနေသူနှင့် အတူနေရင်း မိမိတွင် ကိုဗစ်- ၁၉ ရောဂါ လက္ခဏာများခံစားရခြင်း ရှိ မရှိကို ဘိထားစောင့်ကြည့်ပါ။

 

အတူနေ စောင့်ကြည့်သူတို့သည် ရောဂါ

 

ကူးစက်ခံနေရသူနှင့် တွေ့ဆုံရသည့်နေ့မှ ၁၄ ရက် ကြာအထိ၊ ထိုနေအိမ်တွင်နေရပါမည် သို့မဟုတ် ရောဂါကူးစက်ခံနေရသူ၏ နေအိမ်တွင်သီးသန့် ခွဲနေရ သည့်ကာလပြီးဆုံးသည်အထိ နေရပါမည်။

 

နေအိမ်တွင်း သန့်ရှင်းရေးဆောင်ရွက်ပါ။ ထိတွေ့ကိုင်တွယ်သည့် နေရာများအားလုံးကို ပိုးသန့်စင်စေသော ဆေးများနှင့် ဆေးကြောပါ။

 

ပိုးတွေ့ အတည်ပြုခံရသူနှင့် တွေ့ဆုံမိခဲ့လျှင်

 

ရောဂါကူးစက်ခံနေရသူနှင့် အတူမနေရသည့် တိုင် ပိုးတွေ့ အတည်ပြုလူနာနှင့် တွေ့ဆုံမိခဲ့ခြင်း၊ ခရီးသွားမိခဲ့ခြင်း စသည်တို့ရှိခဲ့ပါက မိမိနေအိမ်မှာပင် ၁၄ ရက် အပြင်မထွက်ဘဲနေထိုင်ပါ။ ပါးစပ်၊ နှာခေါင်းစည်းတပ်၊ လက်ဆေး၊ အတူနေသူများနှင့် ခပ်ခွာခွာနေခြင်း စသည့် စည်းမျဉ်း များကိုလိုက်နာပါ။ ရောဂါလက္ခဏာများကို လေ့လာပါ။

 

နေအိမ်တွင်း သန့်ရှင်းရေး ဆောင်ရွက်ပါ။

 

ထိတွေ့ကိုင်တွယ်သည့်နေရာများ အားလုံးကို ပိုးသန့်စင်စေသောဆေးများနှင့် ဆေးကြောပါ။

 

အစားအစာများ

 

ကစီဓာတ် (carbohydrates)၊ အချိုဓာတ်များ သောအစာများက သွေးအတွင်းအချိုဓာတ်နှင့် သွေးတိုးခြင်းများဖြစ်စေနိုင်ပါသည်။ Beta carotene,Vitamin C နှင့် အခြားအာဟာရဓာတ် ကြွယ်ဝသောသစ်သီး၊ ဟင်းသီးဟင်းရွက်များစားပါ။ အစိမ်းရောင်ရှိဟင်းနုနယ်၊ ဂေါ်ဖီ ပူစီနံ၊ အခြား သီးနှံများဖြစ်သော ထောပတ်သီး၊ ခရမ်းချဉ်သီး၊ မှိုအမျိုးမျိုး၊ ကြက်သွန်ဖြူ/နီ စသည် တို့သည် ခုခံအားစနစ်ကို ကောင်းမွန်စေပါသည်။

 

အိုမီဂါသရီးနှင့် ဖက်တီး အက်စစ်များပါဝင်သော အားဖြည့်ဆေးတို့ကို သုံးဆောင်နိုင်ပါသည်။ သဘာဝအတိုင်း အလားတူ အာနိသင်ပေးနိုင် သည်များမှာ ချင်း(ဂျင်း)၊ နနွင်း၊ gooseberries (amla)စသည်တို့ဖြစ်ကြောင်း သိရပါသည်။ နှမ်းကြတ်စေ့၊ ဖရုံစေ့၊ ဖရဲစေ့ ဗာဒံစေ့ စသည့် အစေ့အဆန်များမှာ ပရိုတိန်း(အသားဓာတ်)နှင့် ဗီတာမင်အီးတို့ ကြွယ်ဝပါသည်။ ခန္ဓာကိုယ် အကျိုးပြု ဘက်တီးရီးယားများပါဝင်သော ဒိန်ချဉ် ကို သုံးဆောင်သင့်ပါသည်။ အထူးသဖြင့် ကိုဗစ်၁၉ ကြောင့်ဖြစ်ပေါ်တတ်သော Cytokine stom ခေါ် ကိုယ်ခံဓာတ်၏ ပြင်းထန်စွာ တုံ့ပြန်တတ် မှုကို ဟန့်တားပေးနိုင်ကြောင်း သိရပါသည်။ အသက်ကြီးသူများအတွက်လည်း အထူးသင့်လျော်ပါသည်။

 

အိပ်စက်အနားယူပါ

 

အနည်းဆုံး ၇ နာရီမှ ၈ နာရီခန့် အိပ်စက်ပါ။ အိပ်စက်မှုကြောင့် ခုခံအားစနစ်များ ကောင်းမွန် လာစေပါသည်။ လေ့လာမှုတစ်ခုအရ ကောင်းစွာ အိပ်စက်နိုင်သူတို့တွင် Flu vaccine တုပ်ကွေး ကာကွယ်ဆေး၏အစွမ်းကို ကောင်းစွာတုံ့ပြန်ကြောင်း သိရပါသည်။

 

အရည်များများသောက်ပါ

 

နေ့စဉ်ရေ ၈-၁ဝ ခွက်မျှသောက်ပါ။ ကိုယ်တွင်း ရှိအဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါ သည်။ သစ်သီးရည်၊ အုန်းရည်၊ အရည်ရွှမ်းသော လိမ္မော်၊ ရှောက်ရည် စသည်များလည်း သောက်သုံး ပေးနိုင်ပါသည်။

 

ကိုယ်လက်လှုပ်ရှားပါ

 

လှုပ်ရှားပါ။ ကစားပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က မိမိနှင့် သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှုကို ရက်သတ္တပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ ခန့်လုပ်ပါဟု တိုက်တွန်း ထားပါသည်။ တစ်ကြိမ်လျှင် မိနစ် ၃၀ မှ ၄၅ မိနစ်ခန့်လုပ်နိုင်ပါသည်။ ကိုယ်က်လှုပ်ရှားမှု မှန်မှန်လုပ်ခြင်းကြောင့် သွေးဖြူဥ ခုခံအား ဆဲလ် များ ဖွံ့ဖြိုးများပြားလာစေနိုင်ကြောင်း သိရပါ သည်။

 

မိမိကိုယ်ကိုဖြေလျှော့ပါ

 

တရားထိုင်ပါ။ စိတ်သောကဖိစီးမှုများကို ဖယ်ထုတ်ပါ။ တရားဥပါ။ စာကောင်းပေမွန်များ ဖတ်ပါ။ ရယ်ရွှင်ဖွယ်များဖတ်ပါ။ ကြည့်ရှုပါ။ မိတ်ဆွေများနှင့် ဖုန်းပြေပါ။ ဆေးလိပ်မသောက် ပါနှင့်။ အရက်၊ မူးယစ်ဆေးဝါး စသည်တို့ ရှောင်ပါ။

 

အားဖြည့်ဆေးများ

 

ဗီတာမင်စီ၊ ဇင့်၊ အယ်လ်ဒါဘယ်ရီ ဆေးပြား၊ နနွင်းနှင့်ကြက်သွန်ဖြူဆေးတောင့်များ- နနွင်းတွင် curcumin အမည်ရှိဒြပ်ပေါင်းပါဝင်ပြီး ခုခံအားစနစ်ကောင်းစေပါသည်။ ကြက်သွန်ဖြူတွင် ရောင်ရမ်းမှုကိုလျော့ကျစေသော အာနိသင်ရှိသလို ဗိုင်းရပ်စ်ပိုးများ၏ အဆိပ်အတောက်များကို လည်း ချေဖျက်နိုင်ပါသည်။

 

အိန္ဒိယနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာန AYUSH က အောက်ပါအချက်များ ညွှန်ကြားထား သည်ကိုလည်း တွေ့ရပါသည်။

 

၁။ တစ်နေ့လုံး ရေနွေးနွေးသောက်ပါ။

 

၂။ တရားထိုင်ပါ။ ယောဂကျင့်စဉ်လုပ်ပါ။

 

pranayama (prana-vital life of force သက်၏ အဓိကအင်အား၊ yama = gain control ထိန်းသိမ်းနိုင်ခြင်း) လုပ်ပါ။ ယင်းသည် အသက်ရှူခြင်းကို သိမှတ်အားပြုခြင်းဖြင့် အောက်ဆီဂျင် ဓာတ် မျှတစွာရရှိစေသည်ဟု ဆိုပါသည်။

 

၃။ နနွင်း၊ ကြက်သွန်ဖြူစားပါ။

 

၄။ အချိုရှောင်ပါ။

 

၅။ ကရဝေး၊ ပူစီနံတို့ကိုရေနွေးစိမ်ပြီး အငွေ့ရှူပါစသည်တို့ဖြစ်သည်။ ကိုဗစ်- ၁၉ ကူးစက်ရောဂါ အတွက် မိမိတို့ နေအိမ်တွင်လိုအပ်သော နေထိုင်ပြုစုခြင်းများဖြင့် ကာကွယ်ထိန်းသိမ်း နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

 

References --

Caring sick at Home (CDC-Centers for Disease control and Prevention).

Boost Your Immunity against COVID19 (Narayana Health-India)

 

ဒေါက်တာ မြင့်သန်း (ညောင်လေးပင်)