Skip to main content

အလုပ်ဟူသမျှ ဂုဏ်ရှိစွ

လူမှုဘဝပတ်ဝန်းကျင်တွင် အသက်ရှင်ရပ်တည်နိုင်ရေးအတွက် လူတိုင်းအလုပ်လုပ်ကြရမည် ဖြစ်သည်။ ကျင်လည်ရာဘဝတွင် တတ်မြောက်သည့် ပညာဖြင့် စားဝတ်နေရေး ဟူသော အခက်အခဲကိစ္စကို နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းနေကြရလေသည်။

အချို့က လွယ်ကူသူရှိသလို အချို့က အခက်အခဲများနဲ့ ရင်ဆိုင် ရလေသည်။ သို့သော် ဆင်းရဲသူပင် ဖြစ်စေ၊ ချမ်းသာသူပင် ဖြစ်စေ အလုပ်လုပ်ကြရမည်သာ ဖြစ်လေသည်။

နိုင်ငံ့ဝန်ထမ်း၊ ပုဂ္ဂလိကဝန်ထမ်း၊ ကိုယ်ပိုင်လုပ်ငန်း၊ အရောင်း အဝယ်လုပ်ငန်း၊ လယ်ယာကိုင်းကျွန်းလုပ်ငန်း၊ ရေလုပ်ငန်းနှင့် အခြားသော အသေးစားလုပ်ငန်းများထဲတွင် တစ်ခုမဟုတ်တစ်ခုတော့ ကျင် လည်လုပ်ကိုင်နေကြသည်ချည်း ဖြစ်လေသည်။ ။

မိမိလုပ်ဆောင်ရမည့် လုပ်ငန်းအနေအထားအရ ကျွမ်းကျင်မှု အလိုက် အနိမ့်အမြင့် ရာထူးအဆင့် ကွဲပြားကြလေသည်။ မိမိက ရာထူးအဆင့်မြင့်လို့ မာန်မာန ထောင်လွှားရန် မလိုသလို အောက်ခြေ လုပ်ငန်းများအတွက်လည်း စိတ်အားငယ် သိမ်ငယ်စရာမလိုပေ။

မိမိ၏ အလုပ်အပေါ်ထားရှိသော ရိုးသားမှုနှင့် သစ္စာရှိမှု၊ စေတနာ ထားမှုနှင့် တာဝန်ကျေပွန်မှုတို့ကသာလျှင် အောင်မြင်မှုအတွက် အခြေခံသလို အလုပ်ပြီးမြောက်မှုအတွက်လည်း အဓိက ပဓာနကျ လေသည်။

မိမိကိုယ်ကို ပြင်ဆင်ထားသင့်

အလုပ်လုပ်ရာတွင် စည်းကမ်းကျနမှု၊ သေသပ်မှု၊ စိတ်ရှည်သည်း ခံမှုနှင့် ပူးပေါင်းဆောင်ရွက်တတ်မှု ရှိခြင်းများသည်လည်း အရေးပါ လေသည်။ ပြီးစလွယ်ဖြစ်သလို အလုပ်လုပ်ခြင်းသည် ပျက်စီးခြင်း၊ ကျရှုံးခြင်း၏ လမ်းစဖြစ်ပြီး စိတ်ရှည်သည်းခံမှု၊ လိုက်လျောညီထွေ မရှိမှုတို့သည် အောင်မြင်ခြင်း၏ဆန့်ကျင်ဘက်လမ်းစဉ်ဖြစ်လေသည်။

အချင်းချင်း တိုင်ပင်ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်ကြလျှင် လိုချင်သော ပန်းတိုင်ကို အမြန်ဆုံး ရောက်ရှိနိုင်ပြီး အမှားလည်း နည်းနိုင်လေသည်။

အလုပ်လုပ်ရာတွင် ရေသာခို အချောင်လိုက်ခြင်း၊ ပျင်းရိခြင်းတို့ သည် မိမိအတွက်သာမက သူတစ်ပါးအတွက်ပါ ဝန်ထုပ်ဝန်ပိုးများ သလို အလုပ်ပြီးမြောက်မှုအတွက်လည်း နှောင့်နှေးကြန့်ကြာစေ လေသည်။ ထို့ကြောင့် အလုပ်လုပ်ချင်စိတ်ရှိအောင် မိမိကိုယ်ကိုယ် ပြင်ဆင်ထားသင့်ပေသည်။

အပျင်းရောဂါ စွဲကပ်လာ၊ မြန်စွာ ကုဖို့ပြင်ဟူသော ဆုံးမစာကို အစဉ်အမှတ်ရနေပြီး အလုပ်လုပ်ခြင်းသည် မိမိအတွက် ကျန်းမာရေး ကောင်းသည်၊ လေ့ကျင့်ခန်းမည်၏၊ အများသူငါ ကြည်ဖြူ၏၊ လူ အများက ချစ်ခင်၏ဟု မိမိကိုယ်ကို ဖြည့်စွက်တွေးမှတ်၍ အလုပ်ပိုမို ကြိုးစားလိုသော စိတ်ဓာတ်ကို တိုးမြှင့်မွေးမြူထားသင့်ပေသည်။ အမှန်တကယ်ပင် အလုပ်လုပ်သောသူကို အများက ချစ်ခင်လေးစား တန်ဖိုးထားကြလေသည်။

ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် လုပ်ငန်းကိုယ်စီဖြင့် အလုပ်လုပ် နေကြသော လူငယ်လူရွယ်များကို နေ့စဉ်တွေ့မြင်ရလေသည်။ ဤ နေရာတွင် မည်သည့်လုပ်ငန်းမဆို အလုပ်ဟူသာမှတ်ယူကြရန်ဖြစ်သည်။

အလုပ်ဟူသမျှ ဂုဏ်ရှိစွ

ရူပဗေဒဘာသာရပ်၏အဆိုအရ အရာဝတ္ထုပစ္စည်းတစ်ခုကို တစ်နေရာမှ အခြားတစ်နေရာသို့ ရွေ့လျားပြီးလျှင် အလုပ်ပြီးမြောက် သည် ဟူသော သဘောတရားနှင့် အတူတူပင် ဖြစ်လေသည်။ မည် သည့်အလုပ်ပင်ဖြစ်စေကာမူ အလုပ်လုပ်ခြင်းပင် ဖြစ်လေသည်။ မြင့်မားသည်၊ နိမ့်ကျသည် ဟူ၍ မရှိ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွပင် ဖြစ်လေသည်။

ဈေးရောင်းခြင်း၊ ပစ္စည်းအဟောင်း လဲလှယ်ခြင်း၊ ဖိနပ်ထီးများ ချုပ်လုပ်ခြင်း၊ အဝတ်အစား လျှော်ဖွပ်သန့်စင်ခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ပစ္စည်းသယ်ယူထမ်းပိုးခြင်းနှင့် အခြားဗာဟီရလုပ်ငန်းများ လုပ်ဆောင်ခြင်းတို့သည် “ကုသိုလ်လည်းရ ဝမ်းလည်းဝ သည့် လုပ်ငန်းများဖြစ်ရာ ဂုဏ်ရှိသောအလုပ်များဟု ဆိုနိုင်လေသည်။

စိတ်သဘောထား ပြည့်ဝသူများ

ကျွန်တော် တာဝန်ကျရာနေရာများတွင် မြို့တော် စည်ပင်သာယာ မှ ဝန်ထမ်းများနှင့် ခင်မင်ရင်းနှီး သူငယ်ချင်း ဖြစ်ခဲ့ကြသည်။ လူငယ် လူရွယ်များဖြစ်ပြီး စိတ်သဘောထား ဖြူစင်ကြလေသည်။ မိုးလင်း မိုးချုပ် အလုပ်လုပ်ကြရသည်။

အခါကြီးရက်ကြီးများနှင့် သင်္ကြန်ကာလများတွင် စည်ပင် ဝန်ထမ်းများသည် နံနက် ၄ နာရီမှစကာ အမှိုက်ကောက်ခြင်း၊ အမှိုက် သိမ်းခြင်းများနှင့် အမှိုက်လှည်းခြင်း လုပ်ငန်းများ လုပ်ဆောင်ကြသည် ကို အဝေးပြေးဝင်းသွားရောက်စဉ် မကြာခဏ တွေ့ရလေသည်။

သူတစ်ပါး အိပ်မောကျနေချိန်တွင် ရာသီဥတု ပူသည်၊ အေးသည် မရှိဘဲ တံမြက်စည်းရှည်ဖြင့် တရွှမ်းရွှမ်း လှည်းကျင်းနေတတ်သည့် လူမှုထူးချွန် အလုပ်သမားများဟု စိတ်ထဲမှ ကျိတ်၍ ချီးကျူးမိသည်။

ကိုယ်ချင်းစာသူများက မုန့်၊ အအေး၊ သောက်ရေသန့်များ ဝေငှပေးလှူခဲ့ကြသည်။ ၎င်းတို့မျက်နှာတွင် ငြီးငွေ့ခြင်း၊ စိတ်ပျက်ခြင်း အမူအရာ လုံးဝမရှိ။ သီချင်းတကြော်ကြော်ဖြင့် စိတ်အားတက်ကြွ ဖွယ်ပင်ကောင်းလေသည်။

ဒါတွင်မပြီးသေး။ ခဏတစ်ဖြုတ်နားကာ လမ်းလယ်ကျွန်းများတွင် ပန်းအလှဆင်ခြင်း၊ မြက်ရိတ်ခြင်း၊ မြက်နုတ်ခြင်းနှင့် လမ်းဘေးပခုံး  ပလက်ဖောင်းများကို ဆေးသုတ်ခြယ်သခြင်းများကို ခိုကပ်ခြင်း၊ တွက်ကပ်ခြင်းမရှိဘဲ သူ့နေရာနှင့်သူ အပိုအလိုမရှိကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ဆောင်ကြလေရာ ချီးကျူးဖွယ် စံပြအလုပ်သမားများဟူ၍ပင်ဆိုနိုင် ချေ၏။ ခံယူချက်နှင့် စိတ်သဘောထားပြည့်ဝသူများ ဖြစ်လေသည်။

ကျွန်တော်တို့ တစ်နေရာမှ တစ်နေရာသို့ ခရီးထွက်ရာတွင် အချို့ လမ်းမကြီးများ၌ လမ်းပြုပြင်နေကြသည်ကို မကြာခဏ တွေ့မြင် ရလေသည်။ နေပူစပ်ခါးကြီးတွင် ချွေးတလုံးလုံးဖြင့် ကျောက်ထုခြင်း၊ ကျောက်သယ်ခြင်း၊ လမ်းကြိတ်ခြင်း၊ ကတ္တရာခင်းခြင်းလုပ်ငန်းများ လုပ်ဆောင်နေကြသည်။

အများသူငါတို့ သွားရာလမ်း အဆင်ပြေချောမွေ့စေရေးနှင့် သက်သောင့်သက်သာ သွားလာနိုင်ရေးအတွက် ပူပြင်းတောက်လောင်သော နေရောင်အောက်တွင် ခွန်အားနှင့် လုပ်အားတို့ ရင်းနှီးပေးဆပ် သည့် မြင့်မြတ်သော ဂုဏ်ယူဖွယ် အလုပ်သမားများပင် ဖြစ်လေသည်။

အာဂအလုပ်သမားကြီးများ မိုးရာသီရောက်လျှင် လမ်းမကြီးများ၊ လူနေအိမ်များ၊ လျှပ်စစ် မီးကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းကြီးများကို အခေါင်မြင့်ဖျားက တက်ရောက် ခုတ်ထွင်းရှင်းလင်းနေသည့် အလုပ်သမားကြီးများ၏ လုပ်အားအလှသည်လည်း ဂုဏ်ယူဖွယ်ရာ မြင်ကွင်းများပင် ဖြစ်လေသည်။

ဝမ်းစာဖူလုံရေးအတွက် မြစ်ချောင်းအင်းအိုင်တို့တွင် သားငါး ရှာဖွေ ဖမ်းဆီးပေးနေသည့် ရေလုပ်သားကြီးများနှင့် ဆန်ရေစပါး စိုက်ပျိုးပေးသည့် ကျေးဇူးရှင်ဦးကြီးများသည်လည်း ကျွန်တော် တို့၏ စံပြအလုပ်သမားကြီးများပင် ဖြစ်လေသည်။

ရုံးဝန်ထမ်း၊ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားကြီးများသည်လည်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံဘေးကင်းရေးအတွက် ဆောင်ရွက်ပေးနေကြသည့် ဖြူစင်သော အာဂအလုပ်သမားကြီးများ ပင် ဖြစ်လေသည်။

ကျွန်တော်တို့၏ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေး အတွက် ကျရာအလုပ်တာဝန်များကို မိမိနိုင်သည့်ဘက်မှ စွမ်း သလောက် ကြိုးစားရုန်းကန်ကြရပေမည်။

အမြဲတမ်း လွယ်ကူနေမည်တော့ မဟုတ်ချေ။ ကြိုးစားရုန်းကန် လျှောက်လှမ်းနေရမည်သာ ဖြစ်လေသည်။ “ဝမ်းတစ်ထွာ မိုးလင်းချိန် အိပ်ရာထ ပူလောင်လှ ဝမ်းတစ်ထွာ တစ်နေ့တွက်ရှာ ၊ အရှေ့မှာ နေထွက်လို့ အနောက်ဘက် နေအဝင်မှာ သည်ခန္ဓာ သည်အရေး တွေးမရှုနဲ့ကွယ် ဘေးအမှု သူငါတွယ်လိမ့် သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက်ရယ်မို့ ကျင်လည်ရာ ဘဝလမ်းဆီက ဆုံးရခက်သေး................ ဟူသည့် ဆရာ မောင်အေးလူ (မြန်မာစာ) ၏ “ဝမ်းတစ်ထွာ ကဗျာအရ ကျွန်တော်တို့ လူသားများ၏ စားဝတ် နေရေးအတွက် အသက်မွေးဝမ်းကျောင်းပြုရာတွင် မည်သည့်အလုပ် မဆို ဂုဏ်ရှိစွာ ဂုဏ်ယူစွာဖြင့် ဆောင်ရွက်လုပ်ကိုင်နိုင်ကြစေရန် တိုက် တွန်းနှိုးဆော် အသိပေး ရေးသားတင်ပြလိုက်ရပါတော့သည်။

ဇင်မင်းစိုး (ဗိုလ်ကလေး)