ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာ စာရေးလို့ ထားချင်တယ်
နွယ်ဂျာသိုင်း
(၂၁-၆-၂၀၂၁ မှ အဆက်)
“သက်သက်ဟိုတလောကရှုမဝထဲက ငြိမ်းကျော် ရဲ့ “ပဉ္စမမြောက်ဆောင်းရက်များ” ဖတ်မိလိုက်သေး လား...” သက်သက် မျက်နှာ ဝင်းခနဲ လက်သည်။ “ ဖတ်လိုက်ရတယ်ကိုနိုင်လင်း၊ အရမ်းကောင်း တာပဲနော်။ အရေးအသားလည်း ဆန်းတယ်။ စကားလုံးလေးတွေလည်း သိပ်လှတယ် ” ၊ “ဟုတ်တယ်။ ကျွန်တော် ဖတ်ရင်းနဲ့ ကြက်သီး တောင် ထတယ်။သူ့လက် အဲလောက်ကောင်းမှန်း လည်း သိမှ မသိဘဲ။ ဟိုအရင် သူ့ဝတ္ထုတိုတွေပဲ ဖတ်ဖူးနေတာ။ သုသာန်၌ သနပ်ခါး လူးခြင်းတို့၊ ကံ့ကော်တောက ခွေးချေးတို့၊ ဂန္ဓာရုံ၌ အမဲလိုက် ခြင်းတို့နဲ့ ဘာမှမဆိုင်တော့တာ... ”
“အဲဒါတွေတော့ အမှတ်တမဲ့နဲ့မို့ သိပ်ပြီး သတိ မထားမိဘူး။ကိုနိုင်လင်း၊ဒီဝတ္ထုကိုတော့တော်တော် ကြိုက်တာ။ ဝတ္ထုရဲ့ နောက်ဆုံးအပိုင်းလေးဆို အလွတ်ကိုရနေတာပဲ။ သူ့မျက်လုံးထဲမှာ နှင်းတွေ ဝေလာလေ၏ဆိုပြီး မျက်လုံးထဲမှာ မျက်ရည်တွေ ဝဲလာလို့ ဘေးပတ်ဝန်းကျင်ကို ကောင်းကောင်း၊ မမြင်ရတော့တာလေးကို ရေးထားတာ”
“ကျွန်တော်လည်း အဲဒီလိုပဲ သက်သက်။ စာသားလေးတွေကို အန်ဒါလိုင်းစားပြီးတော့ကို အလွတ်မှတ်ထားတာ။ အကုန်ရွတ်ပြလို့ရတယ်”
သတိတရားဆိုသော သတ္တဝါကလည်း လျှာမွေး ကဲ့သို့ အဖမ်းရ ခက်ချေပြန်၏... တို့။ ။ ချစ်မိသူကို လက်လွှတ်လိုက်ရဦးမည်။ စင်စစ် ရောင်နီမသန်းခင်ကပင်မိုးချုပ်သွားချေပြီတကား...
ကြည့်ရင်းနှင့် မြင်တွေ့ ဖူးခါစ ပထမဆောင်းကို သတိရနေသည်.. တို့။ နေမျက်စောင်းသည် မြားဆိပ်ပင်ကြီးနှင့် တောင်ပိန္နဲပင် အကြားအကြားမှ ထိုးကျလျက်ရှိ သည်.. တို့။
နောက်ပြီး အခုနက သက်သက် ပြောတဲ့အဆုံး ပိုဒ်လေး နှင်းကွဲသွားချေပြီ။ သို့သော် မှုန်ဝါးဝါးဖြစ်
လာပြန်သည်။ သူ့မျက်လုံးထဲတွင် နှင်းတွေဝေလာ လေ၏... တို့။
ဝတ္ထုပါစာသားများကို တစ်လုံးမလွဲ မခက်ခဲ ရွတ်ပြသွားသော နိုင်လင်းကိုကြည့်၍ သက်သက် အံ့သြသွားသည်။
“ကိုနိုင်လင်းက တော်တော်များများကို အလွတ် ရနေတာပဲ။ သက်သက်ကတော့ အဲလောက်မမှတ်မိ ဘူး။ ဒါပေမဲ့တော်တော်ကောင်းမှန်းတော့ သိတယ်” နိုင်လင်းက ရယ်၏။ “ကျွန်တော်က ကြိုက်ပြီဆိုရအောင်ကိုလုပ်တတ်တာ။ အလွတ်မရမချင်း အထပ်ထပ်ဖတ်ပြီး ကျက် ထားလိုက်တာပဲ။ ဟိုအရင်ဝတ္ထုတွေလည်း ဒီအတိုင်း ပဲ။ တက္ကသိုလ်ဘုန်းနိုင်ဆို တစ်မျှော်တစ်ခေါ်ကြီး
တွေ ရွတ်ပြနိုင်တယ်။ ဘဝဆိုတာကို သစ်ရွက်နဲ့ ပမာပုံခိုင်း၍ နှိုင်းစတမ်းပါလျှင် တစ်ရိုးတံတွင်
တစ်လွှာတည်၍ထိုတစ်လွှာပင်တစ်ရွက်မည်သော ညောင်ရွက်ကဲ့သို့ ဘဝမျိုးလည်းရှိပါ၏။ တစ်ရိုးတံ
တွင် အလွှားငယ် တစ်ဆယ်မကနှင့်ကြွယ်လှသော စိန်ပန်းရွက်နှယ်ဘဝမျိုးလည်းရှိပါ၏။ ဘာညာပေါ့ 'ဗျာ”
သက်သက် ရယ်၍ “လုပ်ပါဦး ရွတ်ပြပါဦး။ခိုင်နဲ့ ကျွန်တော် ဘဝမူ နှစ်လွှာပေါင်းမှ တစ်ရွက်မည်သော စွယ်တော်ရွက် သဏ္ဌာန်ဖြစ်လေသည်မို့ တစ်လွှာ ကျေပျက်၍ တစ်ရွက် မမည်တော့သော ဘဝတွင် ဆိုလားဘာ လားပဲ။ သက်သက် အတိအကျကြီးတော့ မရဘူး။ သဘောတရားလောက်တော့ မှတ်မိတာ...” “ရွတ်ရရင်တော့ အများကြီးပေါ့ သက်သက်ရယ်။ ကျွန်တော်က ကြိုက်ပြီဆိုရင် ဝတ္ထုထဲက စာသား မပြောနဲ့။ ကြော်ငြာစာသားတောင် သိပ်ချမ်းသာပေး
တာ မဟုတ်ဘူး။ ဆရာမင်းကျော်ရဲ့ ငါတို့ခေတ်နဲ့ အပြိုင်က ကြော်ငြာစာသားဆို စာအုပ်မထွက်ခင် ပဝေသဏီကတည်းက အလွတ်ရနေတာ...”
“အဲဒါတော့ သက်သက်လည်း ရတယ်။ ငါတို့ဟာ လူငယ်တွေဖြစ်တယ်။ ဒါပေမဲ့ ရည်ရွယ်ချက် မရှိ၊ မျှော်မှန်းချက် နတ္ထိနဲ့ လမ်းပေါ်မှာ လျှောက်နေတဲ့ လူငယ်တွေမဟုတ်ဘူး။ ငါတို့မှာ ယုံကြည်ချက်ဆိုတာ ရှိတယ်။ ရည်ရွယ်ချက်ဆိုတာလည်း ရှိတယ်။ ပြီးတော့
မျှော်မှန်းချက်နဲ့ သတ္တိဆိုတာလည်း ရှိတယ်။ ဘာညာ အရှည်ကြီး မဟုတ်လား။ သက်သက် မှတ်မိတယ်” “အမှန်က စာဖတ်ရတာ အဲဒါလေးတွေက အရသာ ဗျာ။ ဖတ်ပြီးတော့ ဒီလိုပြန်ပြော၊ ပြန်ဆွေးနွေးရတဲ့ ကိစ္စလေးတွေကို တော်ရုံလူက မခံစားတတ်ဘူး။ စိတ်တူဝါသနာတူချင်း စကားပြောချင်တယ်ဆိုတာ အဲဒါကြောင့်ပေါ့”
မှန်ရာ ဝန်ခံရလျှင် သက်သက်လည်း ထိုအချိန်မှာ သည်အကြောင်းအရာလေးတွေပြောနေရတာပျော်၏။
နောက်ပြီး သည်စကားမျိုးတွေကပြောလို့ ကုန်နိုင် သော စကားတွေလည်း မဟုတ်။ သို့အတွက်အလုပ်အားလျှင်အားသလိုအဆောင်သို့ ဝင်ဝင်လာခြင်းသည် အပြစ်မဟုတ်ဟု သတ်မှတ်လျှင် လည်း သတ်မှတ်နိုင်သည်။ သူ လာလာပြီး သည်စကားတွေ ပြောနေခြင်းကြောင့်ပင် သက်သက် ၏ အထီးကျန်ညနေခင်းလေးများ စိုပြည်နေသည် လည်း အမှန်ပင်ဖြစ်သည်။
“သက်က သိပ်လှတာပဲဗျာ။ တစ်နေ့တစ်နေ့ သက် မျက်နှာလေး ကြည့်နေရရင် ကိုယ့်ဘဝမှာ ဘာမှကို လိုလေသေးရှိမှာ မဟုတ်ဘူး။ ကျွန်တော့်ကို နားလည် ပါ သက်သက်ရယ်.. တို့”
“ကျွန်တော့်ဘဝမှာ မသက်ကသာ ထာဝရပါ။ မသက်ဆီက ချစ်တယ်ဆိုတဲ့ အဖြေလေးတစ်ခွန်း ရပြီဆိုကျွန်တော့်ဘဝမှာ အရာအားလုံးကိုစွန့်လွှတ်ဖို့ ဝန်မလေးဘူး.. တို့ ”
“ မစိမ်းကားပါနဲ့ သက်ရယ်။ သက်ရဲ့ နှလုံးသားတွေ က ဒီလောက် မာကျောမနေသင့်ပါဘူး။ စိန်သားလို မာကျောတဲ့ သက်ရဲ့ မျက်နှာနဲ့ မုန်တိုင်းလို ပြင်းထန် တဲ့ သက်ရဲ့ စကားတွေဟာ သက်နဲ့ဘာမှမဆိုင်တဲ့ ကိစ္စတွေပါ.. တို့ ” စသဖြင့်နေ့လယ်ဘိုင်း၊ ညနေတိုင်း လူနာအမဲခြောက် တောင်းသလို လာလာဂျီတိုက်နေသည့် ပုဂ္ဂိုလ်လေး များနှင့်လည်း သက်က ပျော်မွေ့တတ်သူ မဟုတ်။
ခင်မြင့်ဆွေကို နားလည်အောင်တော့ ရှင်းပြသင့် သည်ဟု တွေးမိသည်။ စေတနာနှင့်တကွ ယှဉ်ဖြစ်လာသော ဒေါသဖြစ် သော်လည်း ခင်မြင့်ဆွေ၏ဒေါသက မမီးကို သွားသတိပေးတာမျိုး၊ နိုင်လင်းကို သွားအပြစ်တင် ဟန့်တားတာမျိုးလုပ်သည်အထိ အစွန်းရောက်သွား လျှင် တစ်ဖက်မှလည်း စိတ်မကောင်းရ အားတောင့် အားနာ ဖြစ်ရတာတွေ ဖြစ်သွားနိုင်သည်။ ။ သို့အတွက်ချက်ချင်းတော့ခင်မြင့်ဆွေကိုသက်သက် ဘာမှမပြောလိုက် သော်လည်း ညပိုင်းကျမှ စိက်ရှည် လက်ရှည် စိတ်အေးလက်အေးနှင့် ဖျောင်းဖျရ၏။
XXXXX “မမဆွေကို သက်သက် တစ်ခုပြောမလို့” “ပြောလေ သက်သက်” “တခြားမဟုတ်ဘူး မမဆွေ။ ကိုနိုင်လင်းနဲ့ ပတ်သက်လို့ မမဆွေ ညနေက ပြောတဲ့ကိစ္စကို အလောတကြီးတော့ ဘာမှ မလုပ်စေချင်သေးဘူး” “ဘယ်ဟာကို ပြောတာလဲ သက်သက်”၊ “သက်သက်ကလည်း ဆင်းမတွေ့နဲ့။ မမဆွေက လည်း နောက်ကိုမလာဖို့သူ့ကိုပြောလိုက်မယ်ဆိုတာ ပါ။ သက်သက်ဆီ ဝင်လာတာဟာ သူ့ဘက်က ဘာရယ် မဟုတ်ဘဲ ခင်တဲ့စိတ်သက်သက်နဲ့ ရိုးရိုး သားသား ဝင် လာတာဖြစ်ဖို့တော့ များပါတယ် မမဆွေ၊ တော်ကြာ ဘာမဟုတ်ဘဲသွားပြောကာမှ ပြဿနာတွေတက်ပြီးတစ်ယောက်နဲ့တစ်ယောက် မျက်နှာမကြည့်ရဲအောင် ဆက်ဆံရခက်သွား တာမျိုး ဖြစ်သွားမှာစိုးလို့ပါ” “ အဲဒီတော့ သက်သက် ဘာလုပ်ချင်လို့လဲ" “ကိုနိုင်လင်းက အဲလိုအမြဲတမ်း လာချင်မှလည်း လာမှာပါ။ လာရင်လည်း မမဆွေ ပြောသလို ဒီလို မဟုတ်တာလုပ်ဖို့ ကြံရဲလောက်အောင် သတ္တိရှိမှာ မဟုတ်ပါဘူး။ အဲလိုလုပ်ရင် သက်သက်ကလည်း ငြိမ်ခံနေမှာမှ မဟုတ်ဘဲ။ သက်သက် ခဏတော့
စောင့်ကြည့်ဦးမယ် မမဆွေ။ အခြေအနေ မကောင်းရင်တော့ မမဆွေကို အကူအညီတောင်း တဲ့အနေနဲ့ အသိပေးမှာပါ။ အဲဒီအခါကျ သက်သက် ကိုယ်တိုင်လည်း ပြတ်ပြတ်သားသား လုပ်စရာ ရှိတာ လုပ်ရတော့မှာပဲ။အခုတိုင်းကသူတို့ဘက်က ကူညီထားတာတွေ ဘာတွေနဲ့မို့ သက်သက် အားနာတယ် မမရယ်...”
ခင်မြင့်ဆွေ သက်ပြင်းချသည်။ ပြီးမှ လေသံ ခပ်လေးလေးဖြင့်
“မီးဆိုတာ မလောင်ခင်ကတည်းကတားရသလို ဖြစ်လာတာ၊ မဖြစ်လာတာ အပထား၊ ဖြစ်လာနိုင် တဲ့ ကိစ္စမှန်သမျှ စောစောစီးစီး ရှင်းထားနိုင်ရင်
တော့ အကောင်းဆုံးပဲ သက်သက်။ မမဆွေက လည်း နောက်ပိုင်းမှာ အားနာနေရလောက်အောင် တဲ့တိုးကြီးနဲ့ ပက်ပက်စက်စက် ပြောလွှတ်မှာ မဟုတ်ပါဘူး။ အကြောင်းပြချက်ကောင်းကောင်း
လေးနဲ့ ကြိုပြီး အဟန့်အတားလေး လုပ်ဖို့ပါပဲ။ ဒါပေမဲ့ သက်သက် သဘောလေ...”
“သက်သက် သဘောဆိုတာက မမဆွေအပေါ် တစ်ဖက်က အခင်မင်ပျက်၊ အမုန်းပွားသွားမှာ စိုးရိမ်တာလည်း ပါလို့ပါ မမဆွေ။ သက်သက် ကိုယ်တိုင်လည်း ဒီလောက်တော့ မိုက်စရာ အကြောင်း မရှိပါဘူး။ လွတ်လွတ်ကင်းကင်းနဲ့ မမဆွေကိုယ်တိုင် ဖြစ်စေချင်တဲ့ လူမျိုးတွေကို
တောင် သက်သက် လက်မှမခံခဲ့ဘဲ ” ခင်မြင့်ဆွေ တွေးတွေးဆဆ အမူအရာဖြင့် “တူတော့မတူဘူး သက်သက်။ဟိုဟာလေးတွေက မိန်းကလေးတွေရဲ့ သဘောကိုဘာမှနားလည်တာ မဟုတ်ဘူး။ သူတို့ကြိုက်ရင် သူတို့ကို အမြန်ဆုံး ပြန်ကြိုက်စေချင်တဲ့ စိတ်လေးပဲရှိတာ။ကိုနိုင်လို လူမျိုးတွေက...”
ခင်မြင့်ဆွေ စကားကို ခဏရပ်သည်။ ပြီးမှ ဆုံးဖြတ်ချက် ပြောင်းလိုက်ဟန်ဖြင့်
“ကဲပါလေ သက်သက် စောင့်ကြည့်ချင်တယ်ဆို ရင်လည်း စောင့်ကြည့်ဦးပေါ့။ သက်သက်လည်း ဒီလောက် အသိဉာဏ်မဲ့တဲ့ မိန်းကလေးမှ မဟုတ်
တာ။ မမဆွေဝင်ပါဖို့ လိုအပ်လာရင်တော့ မမဆွေ ကို အမြန်ဆုံးပြော။ ဟုတ်လား..”
“ဟုတ်ကဲ့ မမဆွေ” ဟု သက်သက် ကတိပေး စကားပြောသည်။
ထိုအချိန်ပိုင်းမှာတော့ သက်သက်ကိုယ်တိုင် လည်း ကိုယ့်ကိုယ်ကိုယ် တကယ်မမှားနိုင်ဟု ယုံကြည်ခဲ့သည်။ သည်လောက် မမိုက်ဟုလည်း အခိုင်အမာ တွက်ခဲ့သည်။
သို့သော် ထိုသို့တွက်ခြင်း၊ ထိုသို့ ယုံကြည်ခြင်းက ပင်လျှင် သက်သက်အတွက် ပြဿနာက တစ်မျိုး ဖြစ်သွားလား မပြောတတ်။
တကယ်တမ်းကျတော့သက်သက်သည်လောက အကြောင်း ဘာမှ နက်နက်ရှိုင်းရှိုင်း သိသူမဟုတ် လှ။
(ဆက်လက်ဖော်ပြပါမည်)
(ဆရာနွမ်ဂျာသိုင်း၏ “ဒေါင်းယာဉ်ပျံဘုံနံ ဘေးမှာ စာရေးလို့ထားချင်တယ် ” စာအုပ်အား စာရေးသူ၏မိသားစု ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြ ခြင်း ဖြစ်ပါသည်။
စာတည်း