တိုက်ယူစရာမလိုတဲ့ ဖော်ဆောင်ပြီးသား ဒီမိုကရေစီ
ကနောင်
နိုင်ငံသားတိုင်း မျှော်လင့်တောင့်တနေတဲ့ ဒီမို ကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေခဲ့တာ ဆယ်စုနှစ်တစ်ခု ကျော်လာခဲ့ပါပြီ။ မဲမသမာမှုတွေ ရှိနေပါတယ်လို့ ပြည်သူက ပြောခဲ့ဖူးပါတယ်။ နိုင်ငံရေးပါတီအချို့ က ထောက်ပြခဲ့ပါတယ်။ တပ်မတော်က သတိပေးခဲ့ပါတယ်။ ပြည်သူ ရွေးချယ်တင်မြှောက်ထားတဲ့ ဒီမိုကရေစီ အစိုးရက အာဏာရှင်ဆန်စွာနဲ့ လျစ်လျူရှုခဲ့ကြတာကို အားလုံးအသိပဲ ဖြစ်မှာပါ။ အကြိမ်ကြိမ် အသိပေး တာ၊ တောင်းဆိုတာ၊ ထောက်ပြဝေဖန်တာတွေကို တပ်မတော်ဘက်ကနေ ထပ်တလဲလဲပြုလုပ်ပြီး တောင်းဆိုခဲ့ပေမယ့် အချည်းနှီးဖြစ်ခဲ့ရတာကို လည်း ပြည်သူအားလုံးတွေ့မြင်ကြရမှာ ဖြစ်ပါ တယ်။
အေးချမ်းသာယာတဲ့ လူ့ဘောင်အဖွဲ့အစည်း
လက်ရှိအချိန်ဟာ လွဲမှားနေတဲ့အရာတွေကို တည့်မတ်၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ အားလုံးက မျှော်လင့်တကြီး ကြိုးစား လျှောက်လှမ်းနေကြတဲ့ ဒီမိုကရေစီလမ်းကြောင်း မချွတ်ယွင်းစေဖို့၊ တည့်မတ်ပေးဖို့ နိုင်ငံတော်ကို အရေးပေါ်ကာလ ကြေညာပြီး တရားဥပဒေနဲ့အညီ ဆောင်ရွက်နေချိန် ဖြစ်ပါတယ်။ ဒီမိုကရေစီ လမ်းကြောင်းကနေ သွေဖည်မည်မဟုတ်ပါလို့ အကြိမ်ကြိမ် ပြောကြားထားပြီးသားလည်း ဖြစ် ပါတယ်။ ဒါကို လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်ရုံ သာမက အေးချမ်းသာယာတဲ့ လူ့ဘောင်အဖွဲ့ အစည်း ပျက်စီးယိုယွင်းအောင် ရည်ရွယ်ချက် အပြည့်နဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ပြုလုပ်နေခြင်း ဟာ ဒီမိုကရေစီစနစ်ကို အမှန်တကယ် ဖော်ဆောင် လိုတဲ့စိတ် မရှိဘူးလို့ ယူဆရမှာဖြစ်ပါတယ်။
တိုင်းပြည် မငြိမ်မသက်ဖြစ်လာတဲ့အခါ ထိခိုက်ခံစားကြရမှာက ပြည်သူအားလုံး ဖြစ်ပါ တယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံ အတွင်းမှာ စီးပွားရေးလုပ်ငန်းတွေ ယိမ်းယိုင်၊ ကျောင်းတွေ မဖွင့်နိုင်၊ ကုန်စည်ကူးသန်း ရောင်းဝယ် ရေးတွေ နှောင့်နှေးနဲ့ ပြည်သူတွေ ပင်ပန်းခဲ့ကြ ရပါတယ်။ နိုင်ငံရေးစနစ်တစ်ခုကို လျှောက်လှမ်း တဲ့အခါ အထိအခိုက်၊ အပွတ်အတိုက်တွေဟာ ရှိစမြဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူထိခိုက်မှု အနည်းဆုံးဖြစ် အောင် နည်းလမ်းဖော်ဆောင် ကြရဖို့ လိုအပ်တာကို တိုင်းရင်းသားပြည်သူအားလုံး နိုင်ငံချစ်စိတ်ရှိသူတိုင်း နားလည်ခံစားနိုင်မှာ ဖြစ်ပါတယ်။
အယူအဆမတူပေမယ့် တိုင်းရင်းသားပြည်သူ အားလုံးရဲ့ အိပ်မက်နဲ့ ရည်မှန်းချက်ကလွတ်လပ် ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကြီးတွေကို ငါးနှစ်တစ်ကြိမ် ကျင်းပကြမယ်။ ပြည်သူလူထုက စိတ်ကြိုက်ရွေးချယ်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်ကြီးတွေကနေ ဒီမိုကရေစီအစိုးရ အဖွဲ့ဖြစ်လာမယ်။ သူတို့ဟာ နိုင်ငံတော်အတွက် ကိုယ်ကျိုးမဖက် ကြိုးပမ်းဆောင်ရွက်ကြမယ်။ ပြည်သူလူထုကလည်း ပံ့ပိုးကြသလို၊ လွှတ်တော် တွေကလည်း ပြည်သူ့အကျိုးကို ဖော်ဆောင်မယ်။ တစ်နိုင်ငံလုံး သာယာလှပတဲ့အနာဂတ်နဲ့ ငြိမ်းချမ်း ရေးသီချင်းတွေ သံပြိုင်ဆိုကြမယ်ဆိုတဲ့ စိတ်ကူး ရှိကြပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် မှာတော့ ပြည်သူတွေရဲ့ မျှော်လင့်ချက်၊ ပြည်သူ တွေရဲ့ အိပ်မက်တွေဟာ ဝေဝါးလာခဲ့ရပါတယ်။ တိုင်းရင်းသားတွေရဲ့ NCA ပန်းတိုင်ဟာလည်း ပျောက်ကွယ်လုနီးနီး ဖြစ်လာခဲ့ရသလို၊ ဘာသာ၊ သာသနာရောင်ဝါဟာလည်း မှေးမှိန်ခဲ့ရပါတယ်။ နိုင်ငံရဲ့ စီးပွားရေးဟာ ဦးသိန်းစိန် အစိုးရလက်ထက် က အညွှန်းကိန်းတွေအောက် ရောက်လာနေတာ ကိုလည်း မြင်တွေ့ခဲ့ရသလို၊ တကယ့် Real Power ရှိတဲ့ တပ်မတော်နဲ့ ဆက်ဆံရေးကိုလည်း ကောင်းမွန်အောင်မကြိုးစားခဲ့ဘဲ တင်းမာမှုတွေကို သာ ဖန်တီးခဲ့ပါတယ်။ ငါးနှစ်တာခရီးမှာ ဝန်ကြီးဌာန အသီးသီးရဲ့ ဆောင်ရွက်ပြုမူခြင်းများမှာလည်း ယခင်အဆက်ဆက် ကြိုးစားတည်ဆောက်ထား ကြတဲ့ အသီးအပွင့်လောက်ကိုပဲ တိုးတက်မှုဖြစ်စဉ် အဖြစ် မြင်တွေ့ရပြီး အတွေးသစ်၊ အမြင်သစ်နဲ့ ဆောင်ရွက်မှုကနေ အောင်မြင်တယ်ဆိုတဲ့ဖြစ်စဉ်မျိုး ရှားပါးခဲ့တာကိုလည်း ပြည်သူတစ်ဦးအနေနဲ့ သတိ ပြုမိခဲ့ပါတယ်။
မူလရည်မှန်းချက်တွေ မပျောက်ပျက်အောင်
ရုတ်တရက် အပြောင်းအလဲကို ကြုံလိုက်ရတဲ့ ပြည်သူများအဖို့ စိတ်ပူပန်မှုမြင့်တက်လာခဲ့ကြတာ ကလည်း နိုင်ငံအပြောင်းအလဲဖြစ်ရိုးဖြစ်စဉ်ဓမ္မတာ တစ်ခုပဲ ဖြစ်ပါတယ်။ သို့သော် အပြုနဲ့ အဖျက်၊ ဓမ္မ နဲ့ အဓမ္မ၊ မတရားမှုနဲ့ တရားမျှတမှုတို့ကို ကွဲပြား အောင် နိုင်ငံတော်အကြီးအကဲတွေက ဖော်ဆောင် နေတာကိုလည်း တစ်လတာအတွင်း မြင်တွေ့ခဲ့ကြ ရမှာ ဖြစ်ပါတယ်။ တပ်မတော်ဟာ မှန်ကန်ပြီး ပြည်သူအားလုံး မထိခိုက်စေမယ့် နည်းလမ်းတွေကို သာ ပထမဦးစားပေးအဖြစ် ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့သလို တစ်ဖက်မှာ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ ကဏ္ဍအသီးသီးမှာ မူလရည်မှန်းချက်တွေ မပျောက် ပျက်အောင်နဲ့ ပိုမိုဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက် နေတာကိုလည်း မြင်တွေ့ရပါတယ်။ - မဲစာရင်းရလဒ်တွေကို အချိန်နဲ့တစ်ပြေးညီ ပြန်လည်စစ်ဆေးရင်းကနေ NLD အစိုးရရဲ့ နောက်ကွယ်က အဂတိလိုက်စားမှု၊ သပ်လျှိုသင်းခွဲမှု တွေနဲ့ နိုင်ငံတော် ပျက်စီးရာပျက်စီးကြောင်း ကြံစည်နေမှုစတာတွေက တစ်စတစ်စနဲ့ ထွက်ပေါ်လာနေတာကိုလည်း မြင်တွေ့နေ ရပါတယ်။ အရေးပေါ်ကာလကို တာဝန်ယူထားရတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဟာ ကဏ္ဍအသီးသီးမှာ ဆောင်ရွက်မယ့် ဦးတည်ချက်၊ ရည်မှန်းချက်တွေကို အမြန်ဆုံးချမှတ်ပြီး မမှိတ်မသုန်ဆောင်ရွက်နေပြီ လည်း ဖြစ်ပါတယ်။
စိတ်ပူပန်နေတဲ့ပြည်သူတွေ
အဲဒီလိုအချိန်မှာ စိတ်ပူပန်နေတဲ့ပြည်သူတွေ လမ်းပေါ်ကို မရောက်ရောက်အောင် တွန်းပို့ကြသူ တွေထွက်ပေါ် လာခဲ့ပါတယ်။ တရားမဝင်အစိုးရအဖွဲ့ ကို အွန်လိုင်းကနေ ဖွဲ့စည်းတာ၊ နိုင်ငံ့ဝန်ထမ်းတွေကို ရုံးမတက်စေဘဲ CDM လုပ်ဖို့ ဖိအားပေးဖော်ဆောင် တာတွေနဲ့ ကိုယ့်ပြည်တွင်းရေးကို နိုင်ငံတကာ မျက်နှာစာမှာ အလွဲအမှား ပုံဖော်နေတာတွေကိုလည်း ဆောင်ရွက်လာကြပါတယ်။ သွေးမဆူတဲ့ ပြည်သူတွေကို သွေးဆူလာအောင် အကြမ်းဖက်မှု၊ ဆူပူသောင်းကျန်းမှုတွေ ပြုလုပ်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆန္ဒပြခြင်းက အစပြုပြီး အဖျက် အမှောင့်လုပ်ရပ်တွေအထိ ဖြစ်ပေါ်လာအောင် လုပ်ဆောင်လျက်ရှိပါတယ်။
ရှိနှင့်ပြီးသားအရာကို ပိုပြီးကောင်းမွန်အောင်၊ လမ်းကြောင်းမလွဲအောင် ထိန်းညှိပေး၊ မြှင့်တင်ပေး နေတဲ့ အစိုးရဟာ တစ်ဖက်မှာ ဆူပူသောင်းကျန်းမှု၊ မင်းမဲ့စရိုက်ဆန်ဆန် ပြုမူမှုတွေကိုလည်း အညင်သာ ဆုံး ကိုင်တွယ်ဖြေရှင်းခဲ့တာကို မြင်တွေ့ခဲ့ရသလို ဥပဒေနဲ့အညီ ဆောင်ရွက်နေခြင်းကြောင့် ပျက်စီး လိုသူတွေရဲ့ ထောင်ချောက်အတွင်း မရောက်ရှိ ခဲ့ပေမယ့်အကြမ်းဖက်မှုတွေဖြစ်အောင် လူငယ်တွေ ကို လှုံ့ဆော်မှုတွေ တိုးပွားလာနေပါတော့တယ်။ လုံခြုံရေးတာဝန်ယူထားရတဲ့ တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်လာခြင်း၊ သူတစ်ပါး၏ လွတ်လပ်မှုကို ခြိမ်းခြောက်လာခြင်းနဲ့ အဖျက်အမှောင့်လုပ်ရပ် တွေအထိ လုပ်ကိုင်လာခြင်းကြောင့်လည်း တင်းကျပ်စွာနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်ဖွယ် ရှိပါတယ်။
တိုင်းပြည်ကို Collapsed State အစိတ်စိတ် အမြွှာမြွှာဖြစ်အောင်ဆိုတဲ့ မမှန်ကန်တဲ့ အတွေး အခေါ်အယူ အဆတွေနဲ့ အနောက်မျှော်ဝါဒကို အသက်သွင်းတဲ့ ဖျက်ဆီးရေးသမားတွေကို ဖော်ထုတ်အရေးယူတာ တွေကို စတင်ပြုလုပ် နေတာကိုလည်း တွေ့ရှိရပါတယ်။ မရိုးဖြောင့်တဲ့ လမ်းကြောင်းတွေကနေ ငွေကြေး ထောက်ပံ့ပြီး နိုင်ငံတော်မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်သူ တွေအားလုံးကိုလည်း ဖော်ထုတ်အရေးယူလျက် ရှိနေပြီ ဖြစ်ပါတယ်။ ရိုးသားတဲ့ပြည်သူတွေကို သတင်းအမှားတွေ၊ ကောလာဟလတွေ ရိုက်သွင်း ပြီး ပကတိနိုင်ငံရေးအခြေအနေကို မှန်မှန်ကန်ကန် မသုံးသပ်နိုင်အောင် လုပ်ဆောင်တဲ့သူတွေဟာ ၊ တိုင်းပြည်ရဲ့ တကယ့်ရန်သူစစ်စစ်တွေ ဖြစ်ပါတယ်။
ပြည်သူတွေရဲ့ လုံခြုံရေး
ရနှင့်ပြီးသား ဒီမိုကရေစီလမ်းကြောင်းကို မပျက်ယွင်းအောင် ထိန်းသိမ်းပြီး ပြည်သူထိခိုက်မှု အနည်းဆုံး နည်းလမ်းတွေနဲ့ ဖော်ဆောင်နေရာမှာ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် တာဝန်ယူထားရသူတွေကို အပြစ်တင်နေမယ့် အစား နောက်ကွယ်ကနေ မြှောက်ပင့်သွေးထိုးပြီး ဇာတ်နာအောင် ဖန်တီးနေတဲ့သူတွေကို တိုက်ထုတ် ရမှာပါ။ နွေဦးတော်လှန်ရေးသပိတ်၊ သနပ်ခါး သပိတ်၊ ထိုင်သပိတ်၊ CDM သပိတ်၊ သံပုံးသပိတ်။ မီးထွန်းသပိတ်၊ ဒေါင်းစစ်သည်သပိတ်၊ နိုင်ငံတကာ က အရေးယူပေးဖို့ သပိတ်စတဲ့ ပုံစံစုံအောင်လည်း တော်လှန် နေခဲ့ကြပြီးပါပြီး ဒီမိုကရေစီတိုက်ပွဲဆိုပြီး ရည်မှန်းချက်မသိ၊ ရလဒ်မအောင်မြင်ဘဲ ပြည်သူ တွေသာ ထိခိုက်နစ်နာ နေကြတာကိုလည်းသိစေ လိုလှပါပြီ။ ပြည်သူအားလုံး ရရှိပြီးသား ကိုယ့် နိုင်ငံနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အမြန်ဆုံးပြန်လည်ကျင်းပဇိုင် ဖို့သာ ဦးတည်လျှောက်လှမ်းကြပါလို့ တိုက်တွန်း လိုက်ရပါတယ်။