နိုင်ငံအရေး တွေးဆဆင်ခြင် ရှုမြင်နိုင်ဖို့
ပြီးခဲ့သည့် ဆယ်နှစ်ခန့်က ဖြစ်စဉ်ဖြစ်ရပ်များအပေါ် ပြန်ပြောင်းလေ့လာ အကဲခတ်လိုက်လျှင် လွန်စွာစိတ်ကျေနပ် ဝမ်းမြောက်ဖွယ်ကောင်းသည့် သမိုင်းဖြစ်ရပ်တို့ ပေါ်ပေါက်ခဲ့ကြသည်ကို မည်သူမျှ ငြင်းပယ်၍ မရ နိုင်ပေ။
တပ်မတော်အစိုးရက ဦးစီးဦးဆောင်ပြု၍ ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ ကျင်းပပေးခဲ့ရုံသာမက ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကိုလည်း စနစ်တကျ ကူးပြောင်း ပေးနိုင်ခဲ့သည်။ ယင်းဖြစ်စဉ်ကြီးကို နိုင်ငံရေးအသိုင်းအဝိုင်းတစ်ခုလုံး ကလည်း “မြန်မာ့နွေဦး”ဟု တင်စားချီးကျူးခဲ့ကြသည်။ ကမ္ဘာတစ်ဝန်းက သုံးသပ်ကြရာတွင် မြန်မာပြည် ဒီမိုကရေစီအကူးအပြောင်းသည် သိမ်မွေ့ညင်သာ အောင်မြင်သည်ဟု အကဲဖြတ်ခဲ့ကြပါ၏။ ဤသို့ နှစ်ပေါင်းများစွာ တစ်ပါတီစနစ်နှင့် ဗဟိုဦးစီးစနစ် ကျင့်သုံးဆောင်ရွက်ခဲ့ရာမှ ပါတီစုံ ဒီမိုကရေစီစနစ်ကို ကူးပြောင်းဆောင်ရွက် ပေးနိုင်ခဲ့သည့်အတွက် ကမ္ဘာ့အလယ်တွင် မျက်နှာပန်း ပွင့်လန်းခဲ့ရဖူး၏။
ဒီမိုကရေစီ ကူးပြောင်းခြင်းဆိုသည်မှာ
စင်စစ် ကျွန်တော်တို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကူးပြောင်းခဲ့သည် ဆိုသော်လည်း အများစုသည် ဒီမိုကရေစီနှင့် ဒီမိုကရက်တိုင်ဇေးရှင်းကို ကွဲကွဲပြားပြား နားလည်ထားကြ ဟန်ကား မတွေ့ရပေ။
ဒီမိုကရေစီဆိုသည်မှာ ပြည်သူလူထုအုပ်ချုပ်သောစနစ်ဟု အလွယ်ပြောနိုင်သော်လည်း ယင်းစနစ်ကို ကျင့်သုံးဆောင်ရွက်ဖို့ရာအတွက် ဒီမိုကရက်တိုင်ဇေးရှင်း ဟုခေါ်သည့် ဒီမိုကရေစီ ကူးပြောင်းမှု လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်ပေးကြရသည်။ တစ်နည်းအားဖြင့် ပြောရလျှင် ဗဟိုဦးစီးအုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းရာတွင် ချက်ချင်းလက်ငင်းပြီးပြီးရော ပြောင်းလဲပေး၍ မရဘဲ အဆင့်ဆင့် ကူးပြောင်းရခြင်းကို ဒီမိုကရက်တိုင်ဇေးရှင်းဟု ခေါ်သည်။ ဤအဆင့်ကို ဆောင်ရွက်မည်ဆိုလျှင် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအားလုံး၏ ပကတိအခြေအနေကို မျက်နှာမူရမည်။ အများအကြိုက် ပေါ်ပြူလာ ဒြပ်မဲ့ များဖြင့် လှုံ့ဆော်နှိုးဆွနေလို့မရ။ မိမိတို့၏ စိတ်ဆန္ဒများကို အခြေခံပြီး ချဉ်းကပ်လို့ မဖြစ်နိုင်။ ဒီမိုကရက် တိုင်ဇေးရှင်း အခြေတည်ရာ လူ့အဖွဲ့အစည်း၏ လူမှုစီးပွား အနေအထား၊ လူမှုအုပ်စုများ၏ စုဖွဲ့ဖြစ်တည်ပုံနှင့် နိုင်ငံရေးယဉ်ကျေးမှုတို့အပေါ်၌သာ အခြေခံခိုင်ခိုင် ဆောင်ရွက်ရသည့် သဘောရှိသည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဒီမိုကရက်တိုင်ဇေးရှင်း ပုံစံမျိုးစုံဖြင့် ပြောင်းလဲဆောင်ရွက်ခဲ့ကြသော်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရက်တိုင်ဇေးရှင်း ပုံစံမှာ ဒီမိုကရေစီ နှုန်းစံများကို အခြေပြု စတင်ခဲ့ခြင်းမဟုတ်ဘဲ တိုင်းပြည်၏ ပကတိအခြေအနေနှင့် လူမှုစီးပွားဖြစ်ထွန်းမှု၊ သမိုင်းကြောင်း တစ်လျှောက် ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးဓလေ့ ဖွံ့ဖြိုးမှုတို့အပေါ် အခြေခံ စဉ်းစား၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းပြီးပုံစံ (Imposed Transition)ဖြင့် ကူးပြောင်းရသည့် ပြောင်းလဲမှု ဖြစ်စဉ်ဖြစ်သည်။ တစ်နည်းအားဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းရေး လုပ်ငန်းစဉ်များအတွက် မပျက်မကွက် လိုက်နာဆောင်ရွက်ရမည့် အသက်ခန္ဓာကြီးတစ်ခုပင် ဖြစ်သည်ကို နိုင်ငံရေးတွင် ပါဝင်ပတ်သက်ကြသည့် ပုဂ္ဂိုလ်အားလုံး သိထားရပေမည်။
ယနေ့ဖြစ်စဉ်
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်၏ အာဏာ ၃ ရပ်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံသို့ လွှဲအပ်တာဝန်ပေးအပ်ခဲ့သည်။
ဆယ်စုနှစ်တစ်ခုခန့် အရှိန်ယူအစပျိုးခဲ့သည့် ဒီမိုကရေစီခရီးလမ်း ခေတ္တရပ်ဆိုင်းခဲ့ရသည်ဟု ဆိုရမည်။ မည်သည့်ပယောဂ၊ မည်သည့် အနှောင့်အယှက်များရှိခဲ့သည်ကို အားလုံးသိကြပြီး ဖြစ်သော်လည်း ရှေ့ဆက်လက် ချီတက်မည့် လမ်းခရီးအတွက် နိုင်ငံသားတိုင်းက မည်သို့ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရမည်ကို စဉ်းစားကြရမည် ဖြစ်သည်။
ယခုဖြစ်စဉ်သည် ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ၏ ဘေးထွက်ဆိုးကျိုး တစ်ခုဟု မှတ်ယူနိုင်သော်လည်း ရှေ့ဆက်ကြရမည့် ခရီးအတွက် နိုင်ငံသား အားလုံးက မှန်ကန်စွာသုံးသပ်ရှုမြင် ချင့်ချိန်ဆောင်ရွက် ကြရန် လိုအပ်ပါသည်။
ယနေ့နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို တပ်မတော်က လွှဲပြောင်းရယူပြီးချိန်၌ အောက်ပါလုပ်ငန်းတာဝန်(၅)ရပ်ကို အောင်မြင်စွာ ဆောင်ရွက်မည်ဟု ကြေညာထားခဲ့သည်
(၁) ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆောင်ရွက် သွားမည်။
(၂) လတ်တလော ဖြစ်ပွားနေဆဲဖြစ်သည့် cOVID-19 ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိရောက်စွာ ဆက်လက်ဆောင်ရွက်သွားမည်။
(၃) coVID-19 ကပ်ရောဂါ ကြောင့် ထိခိုက်သည့် စီးပွားရေးလုပ်ငန်းများကို ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားပေး သွားမည်။
(၄) တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်။
(၅) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈) ခုနှစ်နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအားဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်။
လက်ရှိအချိန်တွင် တပ်မတော်အနေဖြင့် ယင်းလုပ်ငန်းကြီး(၅)ရပ်ကို အောင်မြင်အောင် ဖော်ဆောင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်း၍ လုပ်ငန်းများ ဆောင်ရွက်နေသည်ကိုလည်း တွေ့မြင်နေရသည်။
တွေးဆဆင်ခြင် ရှုမြင်နိုင်ဖို့
ဆရာကြီးမောင်စူးစမ်းက “Democracy Transaction မှာ သွားတဲ့ပုံစံက သုံးမျိုးရှိတယ်။ နံပါတ်(၁)က Street Politics လို့ခေါ်တဲ့ လမ်းပေါ်နိုင်ငံရေး၊ နံပါတ်(၂)က Influence Politics Scalo m o:&Eccozo ဖိအားပေးတဲ့ နိုင်ငံရေး၊ နံပါတ်(၃)က Electoral Politics လို့ခေါ်တဲ့ ရွေးကောက်ပွဲနိုင်ငံရေးဆိုပြီး ရှိတယ်။ အဲဒီသုံးခု ထဲကနေပြီးတော့မှ ကျန်တာနှစ်ခုကို ဖယ်ပြီး အဓိက ဇောင်းပေးသင့်တာကတော့ Electoral Politics ပါ။ ဒါမှလည်း တိုင်းပြည်ရဲ့ တည်ငြိမ်မှု (Stability)ကိုရမယ်။ ပြီးတော့ ရွေးကောက်ပွဲကသာလျှင် စစ်မှန်တဲ့ ဒီမိုကရေစီသို့ အသွင်ပြောင်းရေးအတွက် သွားရာလမ်းကြောင်းဖြစ်နေ လို့ပဲ” ဟု ပြောခဲ့ဖူးသည်။
ယနေ့တပ်မတော်က ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား နိုင်ငံတော်တာဝန်ကို လွှဲအပ်ပေးမည်ဆိုသည့် တာဝန်တစ်ခု ပါဝင်နေသည်။
နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေး သမားများအနေဖြင့် ရွေးကောက်ပွဲနိုင်ငံရေးကို ဇောင်းပေးဆောင်ရွက်သင့်သည်။ တိုင်းပြည် တည်ငြိမ်မှုအတွက် ဝိုင်းဝန်းကူညီပေး သင့်သည်။ ရွေးကောက်ပွဲကို ဗဟိုပြုသည့် နိုင်ငံရေးဆောင်ရွက်သင့်ပြီး လမ်းပေါ်နိုင်ငံရေး ရှောင်ရှားသင့်သည်။ လက်ရှိအခြေအနေကို တည်တည် ငြိမ်ငြိမ်ဖြင့် ဖြတ်သန်းသင့်သည်ဟု အကြံပြုလိုသည်။
ယခုအချိန်တွင် အချို့သော နိုင်ငံရေးသမားများက ပြည်သူများ၊ လူငယ်များနှင့် ဝန်ထမ်းများကို နည်းလမ်းမျိုးစုံဖြင့် လှုံ့ဆော်၍လမ်းပေါ် တွန်းတင်ပေးနေကြသည်။ တိုင်းပြည်တည်ငြိမ်မှု ပျက်ပြားအောင် အကွက်ကျကျ စီမံဆောင်ရွက်နေကြသည်။ ပွဲလန့်အောင်လုပ်၍ ဖျာခင်းရန် ကြိုးစားနေကြသည်ကို စိတ်မကောင်းဖွယ် တွေ့မြင် နေရသည်။
ယနေ့ဖြစ်ပေါ်နေသည့် ဖြစ်စဉ်များကို ပြန်ကြည့်ပါက ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲစာရင်းကွာခြားမှု များရှိနေသဖြင့် တပ်မတော်က ဖြေရှင်းပေးရန် တောင်းဆိုချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပျက်ကွက်ခဲ့သည်။ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် အထူးအစည်းအဝေး ခေါ်ယူဖြေရှင်းပေးရန် တပ်မတော်၏ တောင်းဆိုချက်အပေါ် ဆောင်ရွက်ပေးရန် ပျက်ကွက်ခဲ့သည်။ ထို့ပြင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပေးရန် တပ်မတော်က နှစ်ကြိမ် တင်ပြခဲ့သော်လည်း ငြင်းပယ်ခဲ့သည့် အတွက် ယခုကဲ့သို့ အရေးပေါ်အခြေအနေ ကြေညာခဲ့ရသည်ကိုအားလုံးအသိပင် ဖြစ်သည်။ ဤအခြေအနေကြောင့် တပ်မတော်က နိုင်ငံတော်တာဝန်ကို ရယူခဲ့ရပြီး တည်ဆဲအခြေခံ ဥပဒေအရ ဆောင်ရွက်ခြင်းလည်းဖြစ်သဖြင့် ဝိုင်းဝန်းကူညီပေးကြရန်သာ တိုက်တွန်း လိုပါသည်။
လက်ရှိ အခြေအနေနှင့် ပတ်သက်၍ ရန်ကုန်တိုင်းမ် ဂျာနယ်အတွဲ(၅) အမှတ်(၁၆)တွင် ဆရာကြီး မောင်စူးစမ်းက “ပါတီတွေကလည်း Infrastructure based policy ကို အခြေပြုရမယ်။ လက်ရှိထက် ဘာကောင်းအောင် လုပ်နိုင်မလဲလို့ စဉ်းစားရမယ်။ ခင်းထားတဲ့လမ်း လျှောက်တတ်ဖို့လိုမယ်။ လမ်းပေါ်ထွက်ပြီး Radical ဆန်ဆန်လုပ်တဲ့ Latin America ဒီဇိုင်းတွေကို စွန့်ပစ်သင့်ပြီ။ ဘယ်သူမှ အကျိုးမရှိဘူး။ စနစ်သစ်မှာ အတွေ့အကြုံသစ်နဲ့ လုပ်ရမယ်” ဟု ပြောခဲ့ဖူးသည်ကို အမှတ် ရစေချင်ပါသည်။
ညီညွတ်ကြပါစို့
မြန်မာနိုင်ငံသည် ဒုတိယကမ္ဘာစစ်အပြီး ဒီမိုကရက် တိုင်ဇေးရှင်း ဒုတိယလှိုင်းနှင့်အတူ ပေါ်ထွက်ခဲ့သော်လည်း အချိန်ကာလအားဖြင့် ဆယ်စုနှစ်တစ်ခုခန့်သာ အသက်ဝင်နိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးရှုမျှော်ခင်းမှာ ဒီမိုကရေစီပျောက်ကွယ်ခဲ့ပြီး နိုင်ငံရေး လှိုင်းဂယက်များကြားတွင်သာ ကျင်လည်ခဲ့ကြရသည်။
၁၉၈၈ ခုနှစ်မှစ၍ တပ်မတော်မှ ပုံဖော်တည်ဆောက်ပေးခဲ့သည့် မြန်မာ့ဒီမိုကရက် တိုင်ဇေးရှင်းသည် အတော်အတန် အရှိန်ရလာသော်လည်း ၂၀၂၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ၏ လှိုင်းဂယက် ဝဲသြဃများကြောင့် ခေတ္တရပ်နားခဲ့ရပြန်ပါသည်။
ယနေ့အချိန်တွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် သတိပြုဆင်ခြင်သင့်သည့်အချက်မှာ မိမိတို့နိုင်ငံကို စစ်မက်ဖြစ်ပွားနေသည့် တိုင်းပြည် အဖြစ်မှ ငြိမ်းချမ်းသော၊ ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်အဖြစ်သို့ ဝိုင်းဝန်းထူထောင်ကူးပြောင်းကြရန်ဖြစ်သည်။ ပြည်တွင်းနိုင်ငံရေး ဖြစ်စဉ်များတွင် ပြည်ပ ပယောဂအနှောင့်အယှက်များ ကင်းရှင်းပြီး တိုင်းရင်းသားအချင်းချင်း၊ နိုင်ငံသားအချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအဖြေရှာရန် ဖြစ်သည်။ ဆူပူအုံကြွမှုများကို ဖန်တီးပြီး နောက်ကြောင်း ပြန်သည့်ဘဝမျိုးကို လုံးဝရှောင်ကြဉ်ကြရပေမည်။ ယနေ့အချိန်တွင် တပ်မတော်အနေဖြင့် သမိုင်းပေး လိုအပ်ချက်အရ နိုင်ငံ့တာဝန်များကို ရယူဆောင်ရွက်နေရ သည်ကို နားလည်သိမြင်ပြီး တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် စစ်မှန်သည့် ဒီမိုကရေစီစနစ် အကောင်အထည်ဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် နိုင်ငံသားတစ်ဦးအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြခြင်းကသာ လက်တွေ့ အလုပ်ဖြစ်မည် ထင်ပါသည်။
မိုးတိမ်