မမေ့တော့ပြီ အနန္တဂုဏ်ရည်
တက္ကသိုလ်နှစ်တစ်ရာပြည့် ဆောင်းပါးများ သတင်းစာများတွင် နေ့စဉ်ဖတ်ရသည်မှာ လွမ်းမောဖွယ်အပြည့် ဖတ်၍အားမရ၊ အတိတ်ကအကြောင်းများ တွေးမဆုံး။ ၁၂-၁၂-၂၀၂၀ရက်နေ့ သတင်းစာတွင် ပါမောက္ခဒေါက်တာ စန်းဝင်းရေးသည့် Mr. E J Kangyi အကြောင်းပါတော့ စဉ်းစားမိသည်။ ငါတို့အရွယ်များသည် ကြွေသူကြွေ၊ သေသူသေ အိုမင်းမစွမ်းဖြစ်ကုန်ကြပြီဆိုတော့ ဘယ်ရေးနိုင်တော့မှာလဲ။ ကိုယ်ကိုယ်တိုင်လည်း ၈၇ နှစ်ကျော် ၈၈ နှစ်နီးတော့ ဘောပင်တောင် မထိန်းနိုင်၊ လက်ရေးက ဖတ်မရတော့သည့် အခြေအနေ။
စိန်ရတုတုန်းက နွဲခဲ့သည့် မမဟေဇယ်၊ မမစိန် (မော်ကွန်းထိန်း)၊ မမသန်းမြင့်(ရေ)၊ မမလှသန်း(လေ)၊ ဒေါက်တာခင်စိမ်းဝင်း၊ အေးကြင်ကြင် သူတို့လည်း ဘဝကူးကြနှင့်။ မမလှ (ဒေါ်ခင်လှသီ(ကြည်း))လည်း နားလေး ကျန်းမာရေးမကောင်းတော့။ မမလှပြောလေ့ရှိသည့် ၂၀၂၀ ပြည့်နှစ်တွင် နှစ်တစ်ရာနွှဲနိုင်အောင် ကျန်းမာအောင် နေကြဆိုပေမယ့် ကိုဗစ်-၁၉ ကြောင့် နှစ်တစ်ရာပွဲကြီးလည်း ခြိမ့်ခြိမ့်သဲ မကျင်းပနိုင်သည့်အတွက် အားခဲသူတို့ မလာနိုင်တော့။ စိန်ရတုသဘင်အချိန်က သီချင်းဆိုကြ၊ ကကြ၊ ဒင်နာလုပ်ကြနှင့် ဆင်နွှဲခဲ့ကြသည်များ ပြန်ပြောင်းတွေးမိသည်။
စာရေးသူက ၁၉၅၂ ခုနှစ် ၁၀ တန်းအောင်ခဲ့သည်။ စာရေးသူတို့ခေတ်က မိန်းကလေးများ ကောလိပ်တက်တာ နည်းသေးသည်။ ယခုခေတ်ကလေးများကဲ့သို့ ရည်မှန်းချက်မထားတတ်ကြ၊ မိန်းကလေးဆို ဆရာမလောက်ပဲ ဆရာအတတ်သင်ဆင်း လုပ်ကြသည်။ သို့ပေမယ့် ကံကောင်းချင်တော့ မိဘက တက္ကသိုလ်ပို့မည်။ ဘယ်ဘာသာယူရမလဲမသိ၊ ဦးလေးများက မိန်းကလေး OB, Logic, History ယူဆို၍ Logic ဆိုတာဘာမှန်းမသိ။ မိမိတို့ထက် တစ်နှစ်စောရောက်သည့် မမလှတို့က အင်းလျားဆောင် အခန်းယူထား၊ ဘာမျှ ကိုယ်တိုင် မပူပင်ရဘဲ အမိတက္ကသိုလ်တက်ခဲ့ရသည်။ ။
အင်းလျားအဆောင်မှူးက ဒေါ်သိန်းညွန့်၊ အပျိုကြီး၊ Hall Tutor များက ဒေါ်မေရီရှင်း၊ ဒေါ်မေစီခ၊ ဒေါ်တယ်ရီလတ်တို့ပါ။ အဆောင်သူကလည်းနည်းတော့ အားလုံးသိကြ၊ ခင်မင်ကြ၊ ပျော်ရွှင်စရာ ကောင်းလှသည်။ အဆောင်သူဘဝအကြောင်းတော့ အင်းလျားဆောင် မဂ္ဂဇင်းအတွက် ရေးပြီးပေပြီ။ ယခုခေတ်အဆောင်သူ ဘဝနှင့်မခြား၊ ထူးတာက လူနည်းခြင်းပါပဲ။
သမိုင်းဒေဝီ မမကြန်၊ ဒေါက်တာကျော်စိန် ဇနီး မမပေါ်လီတို့က စီနီယာအစ်မများ၊ အဆောင်သူ အချင်းချင်း စီနီယာ၊ ဂျူနီယာ အားလုံးသိကြ၊ ရင်းနှီးကြပါသည်။ ။
ယခုရေးချင်သည်မှာ တက္ကသိုလ်ဆရာများအကြောင်း၊ ဒေါက်တာစန်းဝင်း (သူပင် ၁၉၈၀ ပြည့်နှစ်ကမှ သစ်တောတက္ကသိုလ်တက်သူ) ရေးသည့်ဆောင်းပါးပါ မစ္စတာကံကြီးက စာရေးသူတို့ သင်ခဲ့ရသည့် မစ္စစ်ကံကြီး၏ သားဖြစ်မည်ထင်သည်။ အင်္ဂလိပ်စာကို မစ္စတာကံကြီး၊ သူ့သမီး မစ္စကံကြီး အပျိုကြီး ထောင်ထောင်မောင်းမောင်း ချောချောလှလှများနှင့် သင်ရသည်။ နယ်မှလာသူများမို့ class တစ်ခုတည်းနှင့် အားမရ၊ ထိုခေတ်က သိပ္ပံ ကျောင်းသားများကို ၈ နာရီ class ခေါ်စောစောသင်သည့် မစ္စတာပရိုင်ယာတို့ အတန်းကို ခိုးတက်ကြသေးသည်။ သူများ အတန်းတက်သူများက ရှေ့ဆုံးတန်းမှာ စောစောထ၊ နေရာဦးကြသေးသည်။ ။ မြန်မာစာကို ဦးမောင်မောင်ကြီး၊ ဦးလှရွှေ၊ ဦးကျော်ရင်၊ ဦးတင်အုံး၊ ဒေါ်သန်းဆွေ၊ ဒေါ်ခင်စော၊ ဒေါ်မြင့်သန်းတို့ သင်သည်။ ဦးမောင်မောင်ကြီးစာသင်လျှင် လက်ဝါးလေးဖြန့်ထောင် ရှင်းပြသည်ကို မြင်ယောင်မိသည်။ ဦးလှရွှေက ပိန်ပိန် ပါးပါး၊ ဒဂုံအဆောင်မှူး၊ နှင်းဆီပန်းများ သူ့အဆောင်ရှေ့ စိုက်၊ ကျောင်းသားများက ခိုးခူးကာ ကျောင်းသူများကို ပေးလေ့ရှိသည်။ ဦးတင်အုံးက အငယ်ဆုံးထင်သည်။ ပဲခူးအဆောင်မှူး ဦးကျော်ရင်က သံတွဲသားဖြစ်သည်။ ဒေါ်သန်းဆွေက အရပ်မြင့်မြင့်၊ တည်တည်ခန့်ခန့်၊ အရပ်က ယောက်ျားလေးများထက် ရှည်မည်။ ဒေါ်မြင့်သန်းကတော့ ရောင်စုံရတနာများကို အမြဲဝတ်ဆင်လေ့ရှိကာ လုံချည်၊ အင်္ကျီနှင့်လိုက်အောင် ဝတ်လေ့ရှိ၍ စာရေးသူတို့ ငေးရသည်။ ဒေါ်ခင်စောက ယောသူဟု ဝိုးတဝါးမှတ်မိသည်။ ထိုခေတ်က ဆရာများ ခေါင်းပေါင်း၊ တိုက်ပုံ၊ ဆရာမများ ပဝါချ စာသင်ရသည်။ ကျက်သရေရှိလှသည်။ စာအုပ်များက အာသံနိုင် မော်ကွန်း၊ တရုတ်သံရောက် မော်ကွန်း၊ ရခိုင်ချီ မောင်ဘွဲ့၊ မယ်ဘွဲ့၊ ရတုများ၊ ပျို့ကဗျာများ သင်ရသည်။ သမိုင်းဘာသာကို ဒေါက်တာသန်းထွန်းကိုယ်တိုင် သင်ပေးသည်ကို မှတ်မိသည်။ စာရေးသူတို့ ကံကောင်းလှသည်ဟု ဆိုရပေမည်။ လောဂျစ်ကို ဆရာဦးဖေအောင် သင်ပြသည်။ ဆရာ ဦးမောင်မောင်ကြင် (မမပင်မလာ၊ မမနန်စီကြင်တို့နှင့်မောင်နှမ) လည်း သင်သည်။ စာရေးသူတို့ခေတ်က ဆရာ ဆရာမများကို မီသူနည်း၊ သိသူရှား၍ ရေးသားခြင်းဖြစ် ပါသည်။
ယခုခေတ်ကလေးများ တော်ကြပါသည်။ ကုသိုလ် ကောင်းကြပါသည်။ စာရေးသူတို့ခေတ်က မတိုးတက်သေးတော့ လိုင်းကားက နဂါးပဲရှိသည်။ ယခုလို တက္ကစီ မှိုလိုပေါက်မဟုတ်တော့ ဓမ္မာရုံ၊ လှည်းတန်းထိပ်၊ ယူနီယန်၊ “အဆွေတော်” ဓာတ်ပုံတိုက်များသွားလိုလျှင် ခြေကျင်၊ ပညာရေး တက္ကသိုလ်ဘက်သွားလျှင်လည်း လမ်းလျှောက်၊ ဘီအိုစီကောလိပ်နားရောက်ပြန်တော့ အင်ဂျင်နီယာ ကျောင်းသားများ၏ “မပြောမရှိနဲ့နော်”ဟု အချက်ပေး ပြေးလွှားကြည့်ခံရ (အင်ဂျင်နီယာတွင် မိန်းကလေး မရှိသေး)၊ တ.က.သ သွားလည်း ဘာယာဉ်စီးစရာမရှိ၊ ထိုအချိန် ဦးချစ် လက်ဖက်ရည်ဆိုင်လည်းမရှိသေး၊ အင်းလျားကန်စောင်းက ဒေါ်ရှမ်းအကြော်ဆိုင်လောက်သာ ရှိသေးသည်။ ထမင်းစားမကောင်းလျှင် ဝန်ထမ်းတန်းလျားက ရောင်းသည့် မိုးကျလက်ဖက်သုပ်၊ ရေခဲခြစ်သာ အားကိုးစရာ။ အဆောင်က ထမင်းမကျွေးသည့်နေ့ဆိုလျှင် တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျားလမ်းထောင့်က ဆိုင်ကလေးပြေး။ အုန်းထမင်းနှင့် ဟင်း ဝယ်စားရသည်။ ယခု ထိုနေရာတွင် တိုက်ကြီးများဟီးနေပြီ။
စာရေးသူတို့ခေတ်က မိန်းကလေးအနည်းစုသာ ညစာစားပွဲ၊ ပျော်ပွဲစား သွားကြသည်။ စာကျက်ဖို့သာ အရေးထားကြသည်။ ထိုအချိန်က D.S.O နှင့် တိုးတက်အဖွဲ့ နိုင်ငံရေး အားပြိုင်ကြသည့်အချိန်။ ကျောင်းသားခေါင်းဆောင်များကလည်း ကိုယ်ယုံကြည်ရာအားပေးကြ။ အိုးစည်ဒိုးပတ်သံ တညံညံနှင့် ပျော်စရာ အားကျစရာ ကောင်းလှသည်။
ယခုခေတ်ကလေးများမှာ ဘယ်နှဘာသာဂုဏ်ထူး ရအောင်ကြိုးစားမည်၊ အောင်ရင် ဘာလုပ်မည်၊ ရည်မှန်းချက် အပြည့်၊ မိဘများကလည်း အပြိုင်အဆိုင်ခေတ်၊ စနစ်အရအားရစရာ ကောင်းလှပါသည်။ သို့ပေမယ့် စာရေးသူတို့ ငယ်ငယ်က မုန့်တစ်ပြားဖိုး မကုန်တော့ ပြားတစ်ဝက်ဖိုးနှင့် နှစ်ရက် စားရသည်။ ကျောင်းလခကလည်း ၁၀၀ ကျပ် Money Order နှင့်ပို့လျှင် မုန့်ဖိုးလည်းရ။ အဝတ်အစားဆို ယခုခေတ်လို စူပါမားကတ်၊ ပလာဇာများ သွားစရာမလို၊ အဆောင်အောက် စက်ဘီးနှင့် လာရောင်းသူများထံမှ ဝယ်နိုင်သေးသည်။ ။
သူ့ခေတ်နှင့် သူ့ကုသိုလ်နှင့် လူဖြစ်ကြရသည်။ ဘဝသံသရာလည်း လည်နေပေဦးမည်။ တက္ကသိုလ်ကြီးလည်း နှစ်တစ်ရာပြည့်ခဲ့ပြီး နှစ်ပေါင်းမည်မျှထိ တည်နိုင်ဦးမည် မသိ။ တက္ကသိုလ်ကြီးများ တည်တံ့ပြီး ပညာတတ် လူကောင်းလူတော် နိုင်ငံ့ခေါင်းဆောင်များ ပေါ်ပေါက် မွေးဖွားပါစေဟု ဆန္ဒပြုရင်း။ ။
ယဉ်နွဲ့ (စလင်း)


