ဥသြငှက်မွန် တွန်မှဖြင့်
ရန်ကုန်တက္ကသိုလ်တွင် ကံ့ကော်၊ ပုန်းညက် စသည့် ပန်းတို့က အစီအရီပွင့်လန်း မွှေးပျံ့လျက်ရှိကြပါသည်။ ထို့ကြောင့်လည်း နံ့သာတောဟု ဆိုကြခြင်းဖြစ်သည်။ ထိုနံ့သာတောတွင် မမေ့နိုင်စရာ အတိတ်အကြောင်း လည်း အစီအရီရှိကြပေမည်။ ထိုအတိတ်အကြောင်းတို့ကို သတိရစေအောင် စွမ်းဆောင်နိုင်သော ဝိဉာဏ၊ အဝိ ဉာဏ သက်ရှိ၊ သက်မဲ့တို့ကလည်း ပေါလှပေသည်။ ထိုအထဲတွင် ခွန်းချိုသံမြွက် ဥသြငှက်တို့လည်း အပါ အဝင်ဖြစ်ပေသည်။
ကျီးကန်းနှင့် မတိမ်းမယိမ်းရှိ
ဥသြကို မြန်မာအဘိဓာန်၌ “ဥသြ ဥသြဟု အသံ သာယာစွာ တွန်မြည်တတ်၍ ကျီးနှင့် ဆင်ဆင်တူသည့် ငှက်နက်” ဟူ၍ ဖွင့်ထားပါသည်။ ကိုယ်ထည်ကမည်းနက်၊ အလျားက ၁၇ လက်မခန့်၊ မျက်စိက ကြက်သွေးရောင်၊ အတောင်က တို၍ဝိုင်းပြီး အမြီးက ရှည်ပါသည်။ အရွယ် အစားက ကျီးကန်းနှင့် မတိမ်းမယိမ်းရှိပါသည်။
ဥသြငှက်တို့သည် များသောအားဖြင့် ကျီးကန်း အသိုက်ထဲတွင် ဥဥလေ့ရှိပါသည်။ ဥမှာ ကျီးကန်းဥနှင့် ဆင်တူသည်။ သို့သော် ကျီးကန်းဥလောက် မကြီးပေ။ အကောင်ပေါက်ပြီး အနည်းငယ် လှုပ်ရှားနိုင်သည်နှင့် အခြားငှက်ကောင်ပေါက်ကလေးများကို အသိုက်အပြင်သို့ တွန်းချပစ်လေ့ရှိသည်။ ထိုအခါ ငှက်မကြီး ယူလာသမျှ အစာတို့ကို တစ်ကောင်တည်း စားရသောကြောင့် ကြီးထွားမှု အလွန်မြန်လေသည်။ ထို့ကြောင့် ဥသြငှက်ကို လူအများစုက အမြင်မကြည်ကြပေ။ အပါးခိုသည်၊ အချောင်လိုက်သည်၊ စွာသည်ဟု မြင်ကြပါသည်။ ဤသည်မှာ ဥသြကို ပကတိမျက်လုံးနှင့်ကြည့်၍ မှတ်ချက်ပြုကြခြင်း ဖြစ်ပေသည်။
အနုပညာရှင်များကမူ ဥသြကို ချစ်သောမျက်စိဖြင့် ကြည့်ခဲ့ကြသည်။ အသံသာသောငှက်၊ ချစ်ဖွယ်ကောင်း သောငှက်၊ လွမ်းအောင်တွန်ကျူးတတ်သောငှက်ဟု မြင်ခဲ့ ကြသည်။ ကျီးကန်းနှင့် အသိုက်တစ်ခုတည်းတွင် အတူ ပေါက်၍ အရောင်ချင်းတူသော်လည်း အသံတော့မတူပေ။ ဥသြသံမှာ သာယာလှပေသည်။ ကြားရသူအပေါင်း နားဝင် ညောင်းစေသည်။ ထိုသို့အသွင်တူသော်လည်း အသံမတူ ကြသည့် ကျီးကန်းနှင့် ဥသြတို့၏သဘာဝကို ကဗျာဆရာ တက္ကသိုလ် မင်းမော်(ဆရာကြီး ဦးထွန်းမြင့်) က
“တစ်မိဝမ်းတွင်၊ သန္ဓေဝင်၍
တစ်ရင်ထဲပြုံ၊ ရင်ငွေ့လှုံ၍
တစ်မြုံထဲက၊ ထွက်ခဲ့ကြ၍
လောကတစ်ခွင်၊ အနှံ့ဝင်၍
မြင်သမျှဝယ်၊ ရန်အစွယ်နှင့်
စွာကျယ်စွာကျယ်၊ လဟာနယ်မှာ
ကျယ်စွာကျယ်စွာ၊ မင်းတို့ အာလည်း
ငါမအာပါ
မအာကောင်းလား၊ ဝိုင်းပယ်သွားလည်း
ပင်ဖျားညောင်ညို၊ ရွက်ရိပ်ခို၍
သံချိုခွန်းစ၊ နှုတ်သံမြနှင့်
အမျှမေတ္တာ၊ ဝေပို့ပါသည်
ငါဥသြပဲ သူငယ်ချင်း။” ဟု ဖွဲ့ခဲ့ပါသည်။ ကျီးကန်းနှင့် ဥသြတို့၏ဘဝကို အနှစ်ချုပ် ဖော်ပြနိုင်သကဲ့သို့ ဆရာ၏ထေ့သံကိုလည်း ကြားနေရပါ သည်။ လူ့လောကတွင် လူချင်းတူလျက် ဂုဏ်မတူကြသော အခြေအနေတို့ကိုတွေ့တိုင်း ထိုကဗျာလေးကို စိတ်ထဲ ပေါ်ပေါ်လာတတ်ပါသည်။ ရန်ကုန်တက္ကသိုလ်ပင်မြင့် ဖျားဆီမှ တွန်ကျူးနေသော ဥသြငှက်ကလေးများက မင်း ရန်ကုန်တက္ကသိုလ်ထွက်နော်ဟု သတိပေးနေသကဲ့သို့ လည်း ရှိပါသည်။
နွေသရုပ်၊ နွေ၏အလှ
ဥသြငှက်သည် နွေ၊ မိုး၊ ဆောင်းဟူသော ဥတုသုံးမျိုး အနက် နွေရာသီတွင်မှ ရွေးတွန်သည်။ နွေရောက်ပြီဆိုလျှင် ပူခြင်းက စလေပြီ။ ပူသောကြောင့် သစ်ရွက်တို့ စိမ်းရာမှဝါ၊ ဝါရာမှသွေ့၊ သွေ့ရာမှခြောက်ကာ ကြွေကျ မြေခကြရသည်။ သစ်ပင်တိုင်းလိုလို ရိုးတံကျဲကျဲသာ ကျန်လေတော့သည်။ ထိုရိုးတံကျဲကျဲကြားမှာ ဥသြတို့ တွန်တတ်ကြလေသည်။ ဥသြတွန်လို့ နွေဖြစ်လာသည် မဟုတ်သော်လည်း နွေရောက်လျှင်တော့ ဥသြငှက်တို့ တွန်စမြဲဖြစ်သည်။ ဥသြငှက်သံကြားလျှင် ရိုးတံကျဲကျဲကြားက ပုရစ်ဖူးကလေးများပေါ်လာစမြဲဖြစ်သည်။ ဒါသည်ပင် နွေသရုပ်၊ နွေ၏ အလှဖြစ်ပေသည်။
နွေနှင့် ဥသြအကြောင်း စဉ်းစားမိတိုင်း ဆရာဇော်ဂျီ၏ “နွေဦးဝင်သော်” ကဗျာလေးကို သတိရမိတတ်ပါသည်။
“ဥသြငှက်မွန်
တွန်ပါပေါ့လေး။
ပုရစ်ကလေးငယ်တို့
မြသွေး တစ်ထည်ဆင်နှင့်
နွေအဝင် သည်စခန်းမှာ
လန်းတော့မယ်လေး”တဲ့။
မွန်ရည်လှသော ဥသြငှက်ကလေးများတွန်ပြီဆိုလျှင် ပုရစ်ဖူးကလေးများကလည်း တဖြည်းဖြည်း အစိမ်းရောင် သန်းလာချေပြီ။ ထိုမှ ရွက်နုကလေးများအဖြစ် အသွင် ပြောင်းကာ နွေကိုလှအောင် ခြယ်မှုန်းတော့သည်။ ဥသြ တွန်တဲ့ လရာသီမှာ ပုရစ်ညှာဦး ရွက်နုဖူးကလေးများက လည်း နွေကိုနွေဖြစ်အောင် ထွေးယှက်ထားပေသည်။
နွေနှင့် ဥသြသည် အလွန်လိုက်ဖက်သည်ဟု ဆိုရ ပေမည်။ နွေသည် ပူ၏။ ရုပ်ပူတော့ စိတ်ကိုလည်း ပူစေ၏။ စိတ်ပူတော့ ရုပ်ကပါ ညှိုးချုံး၏။ စိတ်နှင့်ရုပ် ညှိုးချုံးမှုကို ရုပ်ကြည်၊ စိတ်ကြည်ဖြစ်လာအောင် ဥသြငှက်ကလေး တို့က ကူညီနိုင်ပေသည်။ ထို့ကြောင့်လည်း ဥသြကို နွေ၏ သင်္ကေတဟု ဆိုကြခြင်းဖြစ်ပေသည်။ ဥသြတို့ များများ စားစားတွန်ရာအရပ်ကို ပြပါဆိုလျှင်တော့ မြရိပ်ကျွန်းခေါ် အမိရန်ကုန်တက္ကသိုလ်ကြီးကိုသာ လက်ညှိုးထိုးပြရပေ လိမ့်မည်။
ရန်ကုန်မြို့၏အိုအေစစ်
ရန်ကုန်တက္ကသိုလ်သည် အင်းလျားကန်ကို နောက်ခံ ပြုကာ တည်ဆောက်ထားသောကြောင့် ရေခံမြေခံ ကောင်း လှသည်။ ထိုရေခံမြေခံကြောင့်ပင် သစ်ပင်ပန်းမန်တို့မှာ အထူးပြုစုပျိုးထောင်စရာမလိုဘဲ ဖြစ်ထွန်းရသည်။ ထိုသို့ ဖြစ်ထွန်းမှုကြောင့် မြို့လယ်ကောင်မှာ တောကလေးသဖွယ် ဖြစ်တည်နေရသည်။ ရန်ကုန်တက္ကသိုလ်ထဲရောက်လျှင် သစ်ကြီးဝါးကြီးနံ့၊ တောနံ့တောင်နံ့ကို ရမြဲဖြစ်သည်။ ရန်ကုန်မြို့၏ အိုအေစစ်ဟုဆိုလျှင်လည်း မှားလိမ့်မည် မဟုတ်ပေ။ နွေရာသီ၏ဒဏ်ကို ကောင်းကောင်းအန်တု နိုင်သည့်အရပ်ပဲ ဖြစ်သည်။
မြန်မာနိုင်ငံအနှံ့အပြားတွင် ဥသြငှက်တို့ တွန်ကြ ပေလိမ့်မည်။ သို့သော် လူအများစုမှာ စားဝတ်နေရေး တို့နှင့် နပန်းလုံးနေရသောကြောင့် ဖြစ်ဖြစ် မြောက်မြောက်လွမ်းနိုင်ကြမည် မဟုတ်ပေ။ ရန်ကုန် တက္ကသိုလ်ထဲတွင်တော့ စားဝတ်နေရေးအတွက်လည်း ထဲထဲဝင်ဝင်မပူရ၊ ပင်ပန်းတကြီးလည်း လုပ်ကိုင်စရာ မလိုသောကြောင့် လောက်လောက်လားလား လွမ်းနိုင်ပေသည်။ အရွယ်များကလည်း နုပျိုတုန်း၊ နှလုံးသားများကလည်း ခုန်ကောင်းတုန်းဖြစ်ပေရာ ပို၍လွမ်းဖြစ်ကြပေသည်။ ထို့ကြောင့်လည်း ဥသြကို အလွမ်းမင်းသားကြီးဟု တင်စားကြခြင်း ဖြစ်ပေသည်။
ကံ့ကော်ပင် ရေတမာပင်၊ စိန်ပန်းပင်တို့အောက် ရောက်ခိုက် ဥသြသံကို ကြားမိလိုက်လျှင် အတိတ်တို့သည် မဖိတ်ခေါ်ဘဲ ရောက်ရောက်လာတတ်လေသည်။ တစ်ယောက်တည်းသမားများ အတွက် မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်ကာ ခေါင်းမော့ထားရလောက်အောင် စွမ်းနိုင် သောအသံပဲ ဖြစ်သည်။ ဥသြသံကို ကြားမိပါက မလွမ်း ဘယ်သူနေနိုင်ပါအံ့နည်းဟုသာ ဆိုချင်ပါသည်။
ကျောင်းသား ကျောင်းသူများအနေဖြင့် ကျောင်းတက် နေစဉ်ကာလတစ်လျှောက် ဥသြသံကိုကြားပြီး ခံစားမှုဒီဂရီ နည်းကောင်းနည်းနေနိုင်ပါသည်။ ကျောင်းပြီခါနီးပြီဆိုလျှင် တော့ ဥသြသံသည် အသည်းဗလောင်ဆူအောင် ခံစား ရပေလိမ့်မည်။ ကျောင်းပြီးသွားသည့်တိုင်အောင်လည်း မေ့နိုင်လိမ့်မည် မဟုတ်ပေ။ ငိုချင်ရဲ့လက်တို့ ဆိုသကဲ့သို့ လွမ်းချင်နေသောသူကို ပိုလွမ်းလာအောင် နှိုးဆွနေသကဲ့သို့ ရှိပေသည်။
ခံစားဖူးသူတိုင်း သိနိုင်
မြန်မာနိုင်ငံ၏မမေ့နိုင်သော မြန်မာသံအဆိုကျော် တွံတေးသိန်းတန်က သစ်ပုပ်ပင်ကြီးကို တိုင်တည်ကာ ရန်ကုန်တက္ကသိုလ် အလွမ်းဘွဲ့တစ်ပုဒ်ကို သီကျူးခဲ့ဖူးပါ သည်။ ထိုသီချင်းထဲတွင် အမေ့ခံဇာတ်လိုက်ကြီး ဥသြကို
“နွေတေးရှင်လေး
ဥသြကလေးက တေးချိုချိုပေး
သီကြွေးခဲ့တဲ့ အလင်္ကာတွေကို
ကျောင်းပြီးသွားတာတောင် မမေ့ပေ
ခုချိန်ထိ သတိရဆဲပေါ့
လွမ်းပါရစေလား အမိတက္ကသိုလ်မြေ”
ဟု ထည့်သွင်းဂုဏ်ပြုခဲ့ပါသည်။ ဥသြသံကြားလျှင် အမိတက္ကသိုလ်ကို သတိရစေသည့်အထဲတွင် ထိုသီချင်း က ရှေ့တန်းက ပါဝင်လေသည်။ အနုပညာသည် လူတို့၏ နှလုံးကို သိမ်းကျုံးယူငင်နိုင်ကြောင်းကိုတော့ ခံစားဖူး သူတိုင်း သိနိုင်ပေလိမ့်မည်။
ယခုဆိုလျှင် အမိတက္ကသိုလ်ကြီးလည်း နှစ်တစ်ရာ ပြည့်ပေပြီ။ ကမ္ဘာ့ကူးစက်ရောဂါ (ကိုဗစ်-၁၉) နှင့် ကြုံနေ ၍ နှစ်တစ်ရာပွဲလည်း ခြိမ့်ခြိမ့်သဲ မကျင်းပနိုင်တော့ပြီ။ ကာလက ဆောင်းအကုန်နွေအကူးဖြစ်၍ လေရူးက တစ်ချက်တစ်ချက် ဝေ့ဝေ့နေပေပြီ။ မကြာမီ နွေ၏ အဖော်မွန် ဥသြကလေးတို့၏ တွန်ကျူးသံကိုလည်း ကြားရချေတော့မည်။ ဥသြငှက်မွန် တွန်မှဖြင့်သာ။ ။
မောင်ရင်ဆွေ