Skip to main content

ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်

နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် အောက်ဖော်ပြပါအချက်များကို ငါးပုစွန်မွေးမြူရေးကန်များ၌ လိုက်နာဆောင်ရွက်ကြပါရန် သတိပေးနှိုးဆော်အပ်ပါသည် -

ငါးမွေးမြူရေးကန်များ၏ ကန်ပေါင်များခိုင်ခံ့ရန်အတွက် ကန်ပေါင်ပါးသောနိမ့်သောနေရာများတွင် သဲအိတ်များဖို့၍ ကန်ပေါင်ခိုင်ခံ့အောင် ပြုလုပ်ထားပါရန်၊

အကယ်၍ ရေကြီးရေလျှံလာပါက ငါးများလွတ်ထွက်မှုမရှိစေရေးအတွက် ဇာပြာပိုက်များဖြင့် ကာရံထားပါရန်၊

ရေစီးကြောင်းနှင့်နီးသောငါးကန်များတွင် ရေတိုက်စားမှုကာကွယ်ရန်အတွက် တုတ်ရိုက်ပြီးဝါးထရံများဖြင့် ကာရံ၍ သဲအိတ်များ ဖို့ထားပါရန်၊

လိုအပ်ပါက ငါးများရွှေ့ပြောင်းနိုင်ရန်အတွက် ငါးဖမ်းပိုက်များ၊ စက်လှေများနှင့် စက်ပစ္စည်းများအား ကြိုတင်ပြင်ဆင်ထားပါရန်နှင့် အထူးသဖြင့် မျိုးငါးကြီးများအား ဦးစားပေးရွှေ့ပြောင်းထားပါရန်၊

သိုလှောင်ထားသော ငါးအစာနှင့်လုပ်ငန်းသုံးပစ္စည်းများအား ရေလွတ်သောနေရာသို့ ရွှေ့ပြောင်းထားပါရန်၊

ပုံမှန်အစာကျွေးခြင်းဖြင့် ငါးများလွတ်ထွက်မသွားစေရေး ဆောင်ရွက်ထားပါရန်၊

မွေးမြူရေးကန်၏ ရေထွက်/ရေလျှံပေါက်များ၊ ရေကျော်မည့်နေရာများအား အစဉ်ဂရုတစိုက်စစ်ဆေးနေပါရန်၊

ထူးခြားသည့်အခြေအနေများ အချိန်နှင်တစ်ပြေးညီသိရှိနိုင်ရန်အတွက် ဆက်သွယ်သတင်းပို့နိုင်မည့် နည်းလမ်းများကြိုတင်ပြင်ဆင်ထားပါရန်၊

နိုင်ငံပိုင်ရေဒီယို၊ အသံလွှင့်ဌာနများမှ ထုတ်လွှင့်လျက်ရှိသော အရေးပေါ်မိုးလေဝသသတိပေးချက်များနှင့် ပတ်သက်သည့် သတင်းများကို အမြဲဂရုတစိုက်နားထောင်ပါရန်နှင့် ပြည်တွင်းထုတ်နေ့စဉ် သတင်းစာများတွင်ပါရှိသည့် မိုးလေဝသနှင့်ပတ်သက်သည့် သတင်း၊ ဆောင်းပါးများအား အမြဲမပြတ်ဖတ်ရှုသတိပြုပြီး ငါးမွေးမြူသူအချင်းချင်း သတင်းအချက်အလက်ဖလှယ်ကြပါရန်၊

ရေကြီးနစ်မြုပ်မှုအတွက် အရေးပေါ်အခြေအနေများဖြစ်ပေါ်ပါက နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနများနှင့် ဆက်သွယ်အကူအညီတောင်းခံကြပါရန်၊

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန