



နေပြည်တော် ဧပြီ ၈
မြန်မာနိုင်ငံ၌ မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်ငလျင်နှင့် နောက်ဆက်တွဲငလျင်များကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံသို့ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လာရောက်လုပ်ဆောင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ပြီးမြောက်သဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် တရုတ်နိုင်ငံ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့များအား ဂုဏ်ပြုနှုတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပေါင်းကွင်း၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်၍ ကျေးဇူးတင် ဂုဏ်ပြုအမှာစကားပြောကြားသည်။
အခမ်းအနားသို့ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တရုတ်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တက်ရောက်လာကြသူများသည် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် အလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးခဲ့မှုများနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် စာနာနားလည်မှုနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်စွာရပ်တန့်၍ ဦးညွှတ်ဂါရဝပြုကြသည်။
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ကျေးဇူးတင်ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့မှုများ များစွာဖြစ်ပေါ်ခဲ့ကြောင်း၊ ယနေ့အချိန်အထိ နောက်ဆက်တွဲ ငလျင် ၉၆ ကြိမ် ရှိပြီဖြစ်ပါကြောင်း၊ အဆိုပါဖြစ်စဉ်အပေါ် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားကြလျက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက်အဖြစ် ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်မှ ၂၀၂၅ ခုနှစ် ဧပြီ ၆ ရက်အထိ ခုနစ်ရက်တိုင်တိုင် သတ်မှတ်ကြေညာခဲ့ပြီး ထိုရက်များအတွင်း နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချလွှင့်ထူကြရန် ကြေညာဆောင်ရွက်ခဲ့ကြောင်း။
မြေငလျင် လှုပ်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်းလူနေအိမ်ပေါင်း ၄၈၈၃၄ အိမ်၊ ဘုန်းတော်ကြီး ကျောင်းနှင့် သီလရှင်ကျောင်း ၃၀၉၄ ကျောင်း၊ စာသင်ကျောင်း ၂၀၄၅ ကျောင်း၊ ဌာနဆိုင်ရာ ရုံး/ အဆောက်အအုံ ၂၁၇၁ လုံး၊ တံတား ၁၄၈ စင်း၊ ဘုရားစေတီ ၅၂၇၅ ဆူ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်မှ ၂၀၂၅ ခုနှစ် ဧပြီ ၇ ရက်အထိ သေဆုံးသူ ဦးရေပေါင်း ၃၅၅၀၊ ဒဏ်ရာရရှိသူ ဦးရေပေါင်း ၄၈၁၄ ဦး၊ ပျောက်ဆုံးသူဦးရေ ၁၆၀ ရှိခဲ့ကြောင်း။
ယခုကဲ့သို့ သေဆုံးဒဏ်ရာရသူများကို တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာမှ အရေးပေါ်ကူညီ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ယနေ့အထိ အသက်ရှင်လျက် လူဦးရေ ၆၅၃ ဦး ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ ၇၀၀ ကိုလည်း ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်အပါအဝင် မိမိတို့တာဝန်ရှိသူများအနေဖြင့်လည်း မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများထံကိုလည်း စိတ်ဓာတ်ခွန်အားဖြစ်စေရေး သွားရောက်အားပေးခဲ့သလို ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေမှုများကိုလည်း စဉ်ဆက်မပြတ် သွားရောက်အားပေးခဲ့ပါကြောင်း။
ငလျင်ဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများတွင် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို မိမိနိုင်ငံမှ စနစ်တကျဖွဲ့စည်း လေ့ကျင့်ပေးထားသည့် ကူညီကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက နေ့/ည ဆောင်ရွက်ပေးခြင်းအပြင် နိုင်ငံတကာကလည်း ထောက်ပံ့ရေးနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ အရေးပေါ်ကူညီကယ်ဆယ်ရေး အထောက်အကူပြုအဖွဲ့များနှင့် ဆေးအဖွဲ့များ စေလွှတ်ပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း။
တရုတ်နိုင်ငံအနေဖြင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ လေးဖွဲ့စုစုပေါင်းအင်အား ၂၆၅ ဦးကို အစောဆုံးနှင့် ပထမဆုံးအနေဖြင့် နေပြည်တော်ကို စေလွှတ်ပေးခဲ့သည်ကို တွေ့ရကြောင်း၊ ၂၀၂၅ ခုနှစ် မတ် ၂၉ ရက်မှ ၃၀ ရက်အထိ မန္တလေးမြို့ပေါ်သို့ China International Search and Rescue Team (CISAR) (Beijing) မှ တပ်ဖွဲ့ဝင်အင်အား ၁၁၈ ဦးနှင့် ရှာဖွေကယ်ရေးလုပ်ငန်းသုံး ခွေးခုနစ်ကောင်၊ Chinese Blue Sky Search and Rescue တပ်ဖွဲ့ဝင်အင်အား ၈၉ ဦးနှင့် Hong Kong China Search and Rescue Team တပ်ဖွဲ့ဝင် ၅၁ ဦးကိုလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၇၂ နာရီမတိုင်မီ စေလွှတ်ပေးခဲ့မှုအပေါ်လည်း များစွာကျေးဇူးတင်ပါကြောင်း။
၂၀၂၅ ခုနှစ် မတ် ၂၈ ရက် ငလျင်လှုပ်ခတ်ပြီးနောက် မတ် ၂၉ ရက်တွင် နေပြည်တော်ကောင်စီ နယ်မြေသို့ တရုတ်နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့လေးဖွဲ့ စုစုပေါင်းအင်အား ၂၆၅ ဦးနှင့် ရှာဖွေကယ်ရေးလုပ်ငန်းသုံး ခွေးခုနစ်ကောင် ရောက်ရှိပြီးနောက် ၎င်းအနက် မန္တလေးမြို့သို့ သုံးဖွဲ့၊ နေပြည်တော်တွင် တစ်ဖွဲ့အသီးသီး တာဝန်ခွဲဝေ၍ သက်ဆိုင်ရာ မြို့နယ်များရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံလုပ်အားပေးပြည်သူများ၊ တပ်မတော်သားများအပါအဝင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ကိုလည်း ဂုဏ်ယူဝမ်းမြောက် စွာတွေ့မြင်ရကြောင်း။
နေပြည်တော်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည့် ယူနန်ပြည်နယ် သတ္တုတွင်းနှင့် ဥမင်လိုဏ်ခေါင်း Search and Rescue Team ၃၇ ဦးအနေဖြင့် ၂၀၂၅ ခုနှစ် မတ် ၂၉ ရက် ည ၇ နာရီမှစ၍ ဥတ္တရသီရိမြို့နယ်ရှိ ပင်လုံဆေးရုံ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းများဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့သည့်အတွက် ၂၀၂၅ ခုနှစ် မတ် ၃၀ ရက် နံနက် ၅ နာရီတွင် အမျိုးသမီးတစ်ဦးကို အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ပြီး ညနေပိုင်းတွင် လည်း ရှာဖွေကယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးခဲ့သောကြောင့် သေဆုံးသူအမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းများကိုလည်း ရှာဖွေထုတ်ယူပေးနိုင်ခဲ့ကြောင်း။
ဇမ္ဗူသီရိမြို့နယ်တွင် ရှိသည့်တိုက်များတွင် ရှာဖွေကယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ဧပြီ ၃ ရက်တွင်တိုက်အမှတ် ၁၃၃၈၊ ၂၃၇၆ ၌ သေဆုံးသူ နှစ်ဦးတို့၏ ရုပ်အလောင်းများကိုလည်း ခက်ခက်ခဲခဲ ရှာဖွေထုတ်ယူပေးခဲ့ပြီး ယူနန်ရှာဖွေကယ်ဆယ်ရေး အဖွဲ့အနေဖြင့် စုစုပေါင်း အသက်ရှင်လျက်တစ်ဦး၊ သေဆုံးသူ လေးဦးအား ရှာဖွေထုတ်ယူပေးနိုင်ခဲ့သည့်အတွက် ငလျင်ဘေးဒုက္ခ ရောက်ခဲ့ရသည့် မိသားစုများ ကိုယ်စားအထူးပင်ကျေးဇူးတင်ကြောင်းကို ပြောကြားလိုကြောင်း။
နေပြည်တော်ကောင်စီနယ်မြေအတွင်း ရှာဖွေကယ်ဆယ်ရေးနှင့် အထောက်အကူပြုအဖွဲ့မှ Mr.Mu Shu Yuan (မစ္စတာမူရှုယွမ်) ဦးဆောင်သည့် ယူနန်ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး ခေတ်မီနည်းပညာစွမ်းအားမြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံး စက်ပစ္စည်းကိရိယာများဖြင့် ပူးပေါင်းဆောင်ရွက်သကဲ့သို့ Mr. Feng Zeli (မစ္စတာ ဖုန်းဇယ်လိ) ဦးဆောင်သည့် ယူနန်ကျန်းမာရေးကော်မရှင်နှင့် Medical Emergency Department တို့မှ အဖွဲ့ဝင် ၁၅ ဦးကလည်း နေပြည်တော် ခုတင် -၁၀၀၀ ဆေးရုံကြီးရှိ ဆေးကုသမှုလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာန၏ Rapid Response Team အဖွဲ့များနှင့် ပူးပေါင်းပါဝင်ကာ မြို့နယ်အလိုက် ရေနမူနာစစ်ဆေးခြင်းအပါအဝင် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရှိရသည့်အတွက်လည်း အထူးပင်ကျေးဇူးတင်ရှိကြောင်း။
တစ်ချိန်တည်းမှာပင် မန္တလေးမြို့သို့ ထပ်မံရောက်ရှိလာသည့် China International Search and Rescue Team (CISAR) (Beijing)မှ တပ်ဖွဲ့ဝင်အင်အား ၁၁၈ ဦး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ခွေးခုနစ်ကောင်၊ Chinese Blue Sky Search and Rescue တပ်ဖွဲ့ဝင်အင်အား ၈၉ ဦး နှင့် Hong Kong China Search and Rescue Team တပ်ဖွဲ့ဝင် အင်အား ၅၁ ဦးတို့ကလည်း ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်မှ ဧပြီ ၇ ရက် အထိ ရှာဖွေကယ်ဆယ်လုပ်ငန်းများကို အင်တိုက်အားတိုက် အပင်ပန်းခံပြီး ဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရှိရသည့်အတွက် ဘေးဒုက္ခရောက်ခဲ့ကြရသည့် မိသားစုများကိုယ်စားများစွာ ဝမ်းမြောက်မိပါကြောင်းနှင့် ကျေးဇူးတင်ကြောင်းကို ပြောကြားလိုကြောင်း။
ထိုသို့ ဆောင်ရွက်ပေးခဲ့သည့်အတွက် မြေပြင်တွင် လုံးဝပြိုလဲကျနေသည့် SKY Villa အဆောက်အအုံထဲမှ နှစ်ဦး၊ Golden Country Hotel ထဲမှ တစ်ဦး စုစုပေါင်းသုံးဦးတို့ကို အသက်ရှင်လျက် ရှာဖွေကယ်ဆယ်နိုင်ခဲ့သည့်အတွက် မိသားစုများကိုယ်စား ကျေးဇူးတင်ရှိမှုကို ပြောကြားလိုကြောင်း၊ ပျက်စီးခဲ့မှုအလွန်များပြားသည့် မန္တလေးမြို့အတွင်းတွင် အရေးပေါ် ကူညီ ကယ်ဆယ်ရေးများကို ခက်ခက်ခဲခဲဆောင်ရွက်ကြရင်း SKY Villa မှ ၅၁ ဦး၊ Win Star Hotel မှ ငါးဦး၊ Paragon Hotel မှ လေးဦး၊ Golden Country Hotel မှ တစ်ဦး၊ Great Wall Hotel မှ နှစ်ဦးနှင့် (၂၆ x ၈၁) လမ်းရှိ လူနေအိမ်မှတစ်ဦးတို့၏ သက်မဲ့ခန္ဓာများကိုလည်း ရှာဖွေထုတ်ယူပေးနိုင်ခဲ့သည်ကို တွေ့ရပါကြောင်း။
တရုတ်နိုင်ငံ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့များအနေဖြင့် နေပြည်တော်နှင့် မန္တလေးမြို့များတွင် စုစုပေါင်းအသက်ရှင်လျက်လေးဦး၊ သေဆုံးသူ ၆၄ ဦးတို့ကို လူသားချင်း စာနာထောက်ထားမှု စိတ်ထားဖြင့် နေ့/ညမပြတ် အားသွန်ခွန်စိုက် ကြိုးပမ်းရှာဖွေ ထုတ်ယူကာ သက်ဆိုင်ရာ မိသားစုဝင်များထံ အပ်နှံပေးနိုင်ခဲ့သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကိုယ်စား၊ ဘေးဒုက္ခရောက်ရှိခဲ့ကြသည့် မိသားစုများကိုယ်စား၊ အမျိုးသားအဆင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကိုယ်စား မိမိအနေဖြင့် အမှတ်တရနှင့် အထူးပင် ကျေးဇူးတင်ရှိကြောင်းကို ပြောကြားလိုကြောင်း။
ယခုကဲ့သို့ မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရချိန်တွင် အိမ်နီးချင်းကောင်း ပီသစွာနှင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုပီသစွာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများကို အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ပေးနိုင်ခြင်း၊ Mobile Clinic ဖြင့် ဆေးကုသပေးခြင်းများအပြင် ယနေ့အထိ ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းတန်ချိန် စုစုပေါင်း ၄၄၇ ဒသမ ၆၉ တန်ကို တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများက ပေးပို့ခဲ့ပြီး ယနေ့တွင်လည်း တန် ၁၁၀ ထပ်မံရောက်ရှိမည်ဟု သိရပါကြောင်း၊ ယခုကဲ့သို့ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း ပီသစွာဖြင့် မည်သည့်နှောင်ဖွဲ့မှုမျှမရှိဘဲ လူသားချင်းစာနာထောက် ထားမှုစိတ်ထား၊ ကိုယ်ချင်းစာ စိတ်ထားအပြည့်အဝဖြင့် မိမိတို့နိုင်ငံရှိ ငလျင်ဘေးဒုက္ခရောက်ရှိကြရသည့် ပြည်သူများအပေါ် ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးပို့မှုအပေါ် လှိုက်လဲစွာ ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်းနှင့် ထောက်ပံ့ရေးပစ္စည်းများကိုလည်း ဘေးဒုက္ခရောက်သူ ပြည်သူတစ်ဦးချင်းစီ၏ လက်ဝယ်အရောက် စနစ်တကျပေးပို့ဆောင် ရွက်လျက်ရှိပါကြောင်းကိုလည်း ဖြည့်စွက်ပြောကြားလိုပါကြောင်း၊ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့နှင့် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများပေးပို့ပါသော တရုတ် ပြည်သူ့သမ္မတနိုင်ငံသမ္မတ His Excellency Mr. Xi Jinping ဦးဆောင်သော အစိုးရအဖွဲ့၊ တရုတ်နိုင်ငံ ဘေဂျင်း၊ ဟောင်ကောင်နှင့် ယူနန်ပြည်နယ်တို့မှ အရေးပေါ်ကူညီ ကယ်ဆယ်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Her Excellency Ms. Ma Jia နှင့်တကွ သံရုံးအဖွဲ့ဝင်များ အားလုံးကို အထူးပင်လှိုက်လှိုက်လဲလဲ ကျေးဇူးတင်ရှိပါကြောင်းနှင့် မိမိတို့ပြည်သူများအားလုံးက ကူညီကယ်ဆယ်ထောက်ပံ့မှုများအတွက် အမြဲပင်အမှတ်ရနေမည်ဖြစ်ပါကြောင်း ပြောကြားသည်။
လက်ခံရယူ
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့များဖြစ်သည့် China Search and Rescue Team၊ China International Search and Rescue Team နှင့် China Search and Rescue Team (Hong Kong)တို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ရာ အဖွဲ့များကိုယ်စား ကိုယ်စားလှယ်တစ်ဦးစီက လက်ခံရယူကြသည်။
အခမ်းအနားအပြီးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့အား စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံပြီး တစ်ဦးချင်းအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လက်ဆောင်ပစ္စည်းများပေးအပ်သည်။
အဆိုပါ တရုတ်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များသည် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှု စံသတ်မှတ်ချက် (Assessment, Search & Rescue Level - ASR Level) အဆင့်(၅)ခု အနက် အဆင့်(၄) (ASR Level 4) အထိ ဆောင်ရွက်ပြီးစီးခဲ့ပြီး ယခုအခါ၎င်းတို့၏ တာဝန်များပြီးဆုံး၍ ပြန်လည်ထွက်ခွာခြင်းဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှုများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့်ကူညီထောက်ပံ့ရေးပစ္စည်းများနှင့် နည်းပညာအကူအညီများကို ဆက်လက်ကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်