



နေပြည်တော် ဧပြီ ၅
မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်ငလျင်နှင့် နောက်ဆက်တွဲငလျင်များကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံသို့ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လာရောက်လုပ်ဆောင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ပြီးမြောက်သဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် ထိုင်းနိုင်ငံ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့အား ဂုဏ်ပြုနှုတ်ဆက် ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇဗ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်၍ ကျေးဇူးတင်ဂုဏ်ပြုအမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ကော်မတီဝင်ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးညွှတ်ဂါရဝပြု
ဦးစွာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တက်ရောက်လာကြသူများသည် မတ် ၂၈ ရက်တွင် အလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးခဲ့မှုများနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် စာနာနားလည်မှုနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်စွာရပ်တန့်၍ ဦးညွှတ်ဂါရဝပြုကြသည်။
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ကျေးဇူးတင် ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ဒေသများတွင် မတ် ၂၈ ရက် မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်တွင် ပြင်းအား ၇ ဒသမ ၇ ရစ်(ချ်)တာစကေးအဆင့်ရှိ အလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးခဲ့မှုများနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ လှုပ်ခတ်ခဲ့သည့် နေရာအနေဖြင့် မန္တလေးမြို့၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၀ ခန့်အကွာတွင် ဗဟို ပြုပြီး မြေအောက် ၁၀ ကီလိုမီတာအနက်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းငလျင်နှင့်ဆက်စပ်၍ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုများအနေဖြင့် ယနေ့အထိ ၇၉ ကြိမ်လှုပ်ခတ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများအနေဖြင့် မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် နေပြည်တော်တို့တွင် ပျက်စီးမှုများများပြားခဲ့ပြီး လက်ရှိအချိန်အထိ စာရင်းများအရ ၃၄၅၅ ဦး သေဆုံးကြောင်းနှင့် ၄၈၄၀ ဒဏ်ရာရရှိပြီး ၂၁၄ ဦး ပျောက်ဆုံးနေကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် အရေးပေါ်အခြေအနေသတ်မှတ်၍ နိုင်ငံတကာသို့ အကူအညီပေးရေး ဖိတ်ခေါ်မှုများကို မတ် ၂၈ ရက် ညပိုင်းတွင် နိုင်ငံပိုင်ရုပ်သံများမှတစ်ဆင့် ထုတ်လွှင့်ပြောကြားခဲ့ကြောင်း။
ပြည်ထောင်စုနယ်မြေအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ၆၅၂ ဦး သေဆုံးခဲ့ပြီး ၈၅၃ ဦး ဒဏ်ရာရ၍ ကိုးဦး ပျောက်ဆုံးခဲ့ကြောင်း၊ အဆောက်အအုံပြိုကျမှုအနေဖြင့် လူနေအိမ် ၉၀၂ အိမ်၊ ဘုန်းတော်ကြီး ကျောင်း ၂၀၆ ကျောင်း၊ စာသင်ကျောင်း ၃၉ ကျောင်း၊ ဌာနဆိုင်ရာ ၁၉ ခု၊ တံတားတစ်စင်း၊ ဘုရား စေတီ ၂၉၃ ဆူနှင့် အခြားအဆောက်အအုံပြိုကျမှု ၂၇၅ လုံးတို့ ထိခိုက်ပျက်စီးခဲ့သည်ဟု စာရင်းဇယားများအရ ကနဦးသိရှိရကြောင်း၊ ထိုသို့ဖြစ်ပေါ်ခဲ့သည့်အတွက် စာနာနားလည်မှုများနှင့် အတူ ထပ်တူခံစားလျက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်း အမှတ်နေ့ရက်အဖြစ် မတ် ၃၁ ရက်မှ ဧပြီ ၆ ရက်အထိ ခုနစ်ရက်ကို သတ်မှတ်ကြေညာထားပြီး ထိုရက်များအတွင်း နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချ၍ လွှင့်ထူကြရန် ကြေညာခဲ့ပြီးဖြစ်ကြောင်း။
ထိုင်းနိုင်ငံအနေဖြင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ် ခပ်ကျောင်ဆပ် ပူဖိုတောင်ဦးစီးသည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် ၅၅ ဦး၊ ထိုင်းသံရုံးမှ တာဝန်ရှိသူငါးဦး စုစုပေါင်း ၆၀ နှင့်အတူ အထောက်အကူပြုပစ္စည်းများ စုစုပေါင်းကီလိုဂရမ် ၄၉၉၀ ပါဝင်သော C-130 လေယာဉ်ဖြင့် ထိုင်းနိုင်ငံဒွန်မောင်းလေဆိပ်မှ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၃၆ နာရီအတွင်း ဆဋ္ဌမမြောက် ဆိုက်ရောက်ကူညီပေးခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ထို့ပြင် မတ် ၃၀ ရက်တွင် လေယာဉ်နှစ်စင်းဖြင့် အစားအသောက်နှင့် အထွေထွေသုံးပစ္စည်း စုစုပေါင်း ၄၃၇၂ ကီလိုဂရမ်၊ ဧပြီ ၁ ရက်တွင် လေယာဉ်နှစ်စင်းဖြင့် အစားအသောက်နှင့် အထွေထွေသုံးပစ္စည်း ကီလိုဂရမ် ၂၂၄၀၀၊ ဧပြီ ၃ ရက်တွင် အစားအသောက်နှင့် အထွေထွေသုံးပစ္စည်း ကီလိုဂရမ် ၄၇၀၀ စုစုပေါင်း လေယာဉ်ငါးခေါက်ဖြင့် အစားအသောက်နှင့် အထွေထွေသုံးပစ္စည်း ၃၆၄၆၂ ကီလိုဂရမ်ကို ကူညီပို့ဆောင်ပေးခဲ့ကြောင်း၊ နိုင်ငံအလိုက် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်မှုအနေဖြင့် ယနေ့အထိ နိုင်ငံပေါင်း ၂၆ နိုင်ငံမှ လာရောက်ကူညီမှုများတွင် ထိုင်းနိုင်ငံအနေဖြင့် အရေးပေါ်ကူညီထောက်ပံ့ပြီး နောက်ပိုင်း ၃၆ နာရီအတွင်း လာရောက်ကူညီပေးသည့် အိမ်နီးချင်းကောင်း နိုင်ငံဖြစ်ကြောင်း၊ ထို့အတွက်လည်း မြန်မာနိုင်ငံအနေဖြင့် အထူးမှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ အဆိုပါ ထိုင်းနိုင်ငံ ကူညီကယ်ဆယ်ရေး အဖွဲ့သည် မတ် ၃၀ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး ထိုနေ့ညနေ ၃ နာရီမှစ၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော အန္တရာယ်ရှိအဆောက်အအုံများ၏ အောက်ခြေ၌ ပိတ်မိနေသူများ၏ အသက်ကို ကယ်ဆယ်နိုင်ရေးအတွက် အဆင့်မြင့်စက်ကိရိယာများဖြင့် စမ်းသပ်ရှာဖွေ ကယ်ဆယ်မှုများကို မတ် ၃၁ ရက် နံနက် ၄ နာရီ အထိ အစွမ်းကုန်ကြိုးပမ်းရှာဖွေ ကယ်ဆယ်ခဲ့သည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း။
ထို့ပြင် အရေးပေါ်ဆေးကုသရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဖယ်နူဝပ် ဦးဆောင်သော ၁၈ ဦး အဖွဲ့သည် ဇဗ္ဗူသီရိ အထူးကုဆေးရုံကြီးသို့ သွားရောက်ခဲ့ပြီး ဆေးရုံအုပ်ကြီးနှင့် တွေ့ဆုံကာ လူနာများနှင့်ပတ်သက်၍ အရေးပေါ်ဆေးကုသရေးဆိုင်ရာလိုအပ်ချက်များကို တွေ့ဆုံဆွေးနွေး၍ ဒဏ်ရာရလူနာများကို လိုက်လံကြည့်ရှုအားပေးခြင်း၊ မတ် ၃၁ ရက်တွင် ပြိုကျပျက်စီးလျက်ရှိသော အဆောက်အအုံများ၌ ရှာဖွေကယ်ဆယ်ရေးများ ထပ်မံကြိုးစားဆောင်ရွက်ခဲ့မှုများအတွက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း၊ အဆိုပါနေ့မှာပင် အဆောင်အမှတ်(၂၃၈၆)နှင့် (၂၃၈၇) တို့အနီးရှိ မြေကွက်လပ်၌ Mobile Clinic ဖြင့် ဝန်ထမ်းမိသားစုနှင့် မှီခိုသူ ၃၆ ဦးတို့ကို ဆေးကုသပေးခြင်း၊ ဧပြီ ၁ ရက်တွင် ပျဉ်းမနားမြို့ ရန်အောင်(၁)ရပ်ကွက်ရှိ ဓမ္မာရုံ၌လည်းကောင်း၊ ဧပြီ ၂ ရက်တွင် လယ်ဝေးမြို့ အမှတ်(၆)ရပ်ကွက်ရှိ ဓမ္မာရုံ၌လည်းကောင်း Mobile Clinic ဖြင့် ပြည်သူ ၁၇၅ ဦးအား ဆေးကုသပေးခြင်း၊ Mobile Clinic ဖြင့် ဆေးကုသမှုအပြင် လယ်ဝေးမြို့ ပေါက်မြိုင်ပရိယတ္တိ စာသင်တိုက်နှင့် ဂျာမေဗလီ၊ အမှတ်(၃)ရပ်ကွက်ရှိ ဗုဒ္ဓရက္ခိတ ဘုန်းတော်ကြီးကျောင်းတို့တွင်လည်း စားသောက်ဖွယ်ရာများနှင့် အလှူငွေများပေးအပ်လှူဒါန်းခဲ့ခြင်းတို့အတွက် အထူးပင်ကျေးဇူးတင်ပါကြောင်း။
ထို့အပြင် သေဆုံးသွားသော လယ်ဝေးမြို့ အမှတ်(၆)ရပ်ကွက်နေ ဒေါ်ညို၏ မိသားစုဝင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်း၊ တပ်ကုန်းမြို့နယ်အတွင်း ငလျင်ဒဏ်ခံစားရသော မြောက်မြိုက်အရှေ့ကျေးရွာသို့ သွားရောက်၍ ရွာသူ ရွာသား ၈၄ ဦးအား ဆေးကုသမှုများနှင့် စားသောက်ဖွယ်ရာများ ကူညီထောက်ပံ့ပေးအပ်ခြင်း၊ ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအတွင်း၌ ရွာသူရွာသား ၁၅၆ ဦးအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည့်အပြင် စားသောက်ဖွယ်ရာများပေးအပ်ခြင်း၊ ငလျင်ဒဏ်ခံစားခဲ့ရသော ကျည်တောင်ကျေးရွာ၊ မွန်းတည့်ခွင်ကျေးရွာနှင့် စည်ပင်သာယာ ကျေးရွာတို့မှ ရွာသူ ရွာသားများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းတို့အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း။
အထူးကျေးဇူးတင်ရှိ
ယခုကဲ့သို့ မြန်မာနိုင်ငံ၌ ကူညီကယ်ဆယ်မှုများ လာရောက်ဆောင်ရွက်ပေးနေချိန်တွင် ထိုင်းနိုင်ငံအတွင်း၌လည်း မတ် ၂၈ ရက် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ၇ ဒသမ ၄ ရစ်(ချ်)တာစကေးရှိ ငလျင် လှုပ်ခတ်မှုကြောင့် ဗန်ကောက် မြို့တော်ဘန်ဆူးမြို့နယ်ရှိ တည်ဆောက်ဆဲမြို့နယ်စာရင်း စစ်ရုံးအဆောက်အအုံ ပြိုကျမှုဖြစ်စဉ်တွင် အလုပ်သမား ၁၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရကိုးဦးနှင့် ၇၆ ဦးခန့် ပျောက်ဆုံးလျက်ရှိခြင်းအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ဆဲ ဖြစ်ကြောင်းကိုလည်းကြားသိရကြောင်း၊ အဆောက်အအုံပြိုကျမှုကိုလည်း အွန်လိုင်းမှ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တွေ့ရှိရပါကြောင်း၊ ယခုကဲ့သို့ ထိုင်းနိုင်ငံအတွင်းတွင် ဖြစ်စဉ်ဖြစ်ပွားနေသော်လည်း မြန်မာနိုင်ငံကို စာနာစိတ်ဖြင့် လာရောက်ကူညီကယ်ဆယ်ပေးခြင်းအတွက် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် ရာမဘုရင် Maha Vajiralongkorn ၊ မိဖုရား Queen Suthida ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် Mrs. Paetongtarn Shinawatra ၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Maris Sangiam-pongsa ၊ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Songwit Noonpackdee ၊ ထိုင်း ဘုရင့်ကြည်းတပ်ဦးစီးချုပ် Gen. Pana Klaewblaudtuk နှင့် မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီး H. E. Mongkol Visitstump တို့ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ အထူး သဖြင့် မြန်မာနိုင်ငံသို့ အရေးပေါ် ကူညီကယ်ဆယ်ရေး စေလွှတ်ပေး သည့် ထိုင်းဝန်ကြီးချုပ် Mrs. Paetongtam Shinawatra ဦးစီး သည့် ထိုင်းနိုင်ငံအစိုးရအဖွဲ့ကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကြည်းတပ်ဦးစီးချုပ်တို့ကိုလည်း ထပ်မံ၍ ကျေးဇူး အထူးတင်ရှိပါကြောင်း ပြောကြားလိုကြောင်း။
ထိုင်းနိုင်ငံ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အနေဖြင့်လည်း မြန်မာနိုင်ငံသို့ ရောက်ရှိနေချိန်အတွင်း အဆင်မပြေမှုများနှင့် အခက်အခဲများရှိပါက စာနာနားလည်မှုပေးစေလိုကြောင်း၊ ယခုကဲ့သို့ မိမိတို့နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရချိန်တွင် အိမ်နီးချင်းကောင်းပီသစွာ မြန်မာနိုင်ငံသားများအား ရှာဖွေကယ်ဆယ်ပေးခြင်း၊ Mobile Clinic ဖြင့် ဆေးကုသပေးခြင်း၊ စားသောက်ဖွယ်ရာများပေးအပ်ခြင်းနှင့် အလှူငွေများပေးအပ်လှူဒါန်းခြင်းတို့အတွက် မြန်မာနိုင်ငံသားများကိုယ်စားနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ကိုယ်စားအထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်းတို့ကို ပြောကြားသည်။
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ထိုင်းနိုင်ငံကယ်ဆယ်ရေးအဖွဲ့ ကိုယ်စားကိုယ်စားလှယ်တစ်ဦးအား ဂုဏ်ပြုအမှတ်တရတံဆိပ် ပေးအပ်သည်။ ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းက ထိုင်းနိုင်ငံကယ်ဆယ်ရေးအဖွဲ့အား ဂုဏ်ပြုအမှတ်တရလက်ဆောင်များပေးအပ်ရာ ကိုယ်စားလှယ်တစ်ဦးက လက်ခံရယူသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
အခမ်းအနားအပြီးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ထိုင်းနိုင်ငံကယ်ဆယ်ရေးအဖွဲ့အား စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံပြီး တစ်ဦးချင်းကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှု စံသတ်မှတ်ချက် (Assessment, Search & Rescue Level - ASR Level) များအနေဖြင့် အဆင့်(၁) ဘေးအန္တရာယ်ထိခိုက်ခံရသော ဧရိယာ၏အခြေအနေ၊ တည်နေရာနှင့် အခြားဘေးအန္တရာယ်များထပ်မံဖြစ်ပွားနိုင်မှု ရှိ/မရှိစိစစ်ခြင်း(Wide Area Assessment)၊ အဆင့်(၂) Wide Area Assessment ဆောင်ရွက်မှုမှရရှိသော သတင်းအချက်အလက် များအပေါ်မူတည်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်မည့်အပိုင်းများ ပိုင်းခြားသတ်မှတ်ကာ ဘေးအန္တရာယ်လုံခြုံမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဆင့် (၃) ဘေးဒုက္ခရောက်ရှိသော မျက်မြင်လူနာများအား ဦးစားပေးအဆင့်အတန်းအလိုက် ကယ်ဆယ်ရွှေ့ထုတ်ခြင်း၊ ပိတ်မိနေသောလူနာများအား ရှာဖွေခြင်းနှင့် အသက်ကယ်ဆယ်ခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဆင့်(၄) ပြိုကျပျက်စီးနေသော အဆောက်အအုံများအတွင်း ပိတ်မိနေသော လူနာများ ထပ်မံကျန်ရှိမှု ရှိ/မရှိ သေချာစေရန် ဧရိယာတစ်ခုလုံးအား ခေတ်မီနည်းပညာမြင့်ပစ္စည်းများ အသုံးပြုကာရှာဖွေရေးလုပ်ငန်းကို ဆောင်ရွက်ခြင်းနှင့် အဆင့်(၅) ရှာဖွေကယ်ဆယ်ရေးနောက်ဆုံးအဆင့်အနေဖြင့် လူအင်အားအသုံးပြုပြီး အပျက်အစီးများအား ဖယ်ရှားရှင်းလင်းရှာဖွေခြင်း၊ ယာဉ်/ယန္တရားများအသုံးပြု၍ ဖယ်ရှားရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခြင်းတို့ဖြစ်ပြီး ထိုင်းနိုင်ငံ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အနေဖြင့် ၎င်းတို့ တာဝန် ယူဆောင်ရွက်ရသည့် အဆောက်အအုံများတွင် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှု စံသတ်မှတ်ချက်အဆင့်(၄) (ASR Level 4) အထိ ဆောင်ရွက်ပြီးစီးခဲ့ပြီး ထိုင်းနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့အသစ်တစ်ဖွဲ့လည်း ထပ်မံလာရောက်မည်ဖြစ်သည့်အတွက် တာဝန်လဲလှယ်ထမ်းဆောင်ခြင်းဖြစ်ပြီး ယခုအခါ ၎င်းတို့၏ တာဝန်များပြီးဆုံး၍ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်