Skip to main content

ဖျားနာသူမှာ ရှိလာသည့်တာဝန်

နှစ်သစ်နှင့်အတူ ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းတွင် ကမ္ဘာကို စိန်ခေါ်လာသော ကူးစက်ရောဂါမှာ ပျံ့နှံ့မှုနှုန်း မြန်ဆန်လှသည်ကို တွေ့ရသည်။ သိပ္ပံပညာတိုးတက်မှုကြောင့် ရောဂါစတင်ဖြစ်ပွားပြီး ရက်များမကြာခင်ပင် “ကိုရိုနာ ဗိုင်းရပ်(စ်) ပိုးသစ်”တစ်မျိုးကြောင့်ဖြစ်ကြောင်း ဓာတ်ခွဲ စမ်းသပ် တွေ့ရှိနိုင်ခဲ့ခြင်းမှာ အရေးကြီးသော တိုးတက်မှုဟု ဆိုရမည် ဖြစ်သည်။

သေကျေပျက်စီး

လူသားတို့ကြားတွင် ဖြစ်ပွားနေသော ရိုးရိုး တုပ်ကွေးမှာလည်း ဗိုင်းရပ်(စ်)ပိုးတစ်မျိုးကြောင့်ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်က လူသန်းပေါင်းများစွာကို သေကျေပျက်စီးစေခဲ့ဖူးသည်။ ထိုဗိုင်းရပ်(စ်)ပိုးကို (H1N1)ဟု သတ်မှတ်ခဲ့သည်။ ကျွန်တော်တို့ငယ်စဉ်က မြန်မာပြည်ထဲသို့ တစ်ပတ်လည်၍ကူးလာသော တုပ်ကွေးကြောင့် အိမ်ထဲတွင် ညီအစ်ကိုများတန်းစီ၍ ဖျားကြပြီး မိခင်ကပြုစုပေးရင်း ရှင်သန်လာခဲ့ကြသည်။ ထိုစဉ်က ဖျားနာပြင်းထန်သည်မှန်သော်လည်း ကိုယ်ခံအားရှိလာသော လူသားများကြောင့် တုပ်ကွေးရောဂါပိုးသည် တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်း လျော့၍သွားသည်။

အမှန်အားဖြင့် တုပ်ကွေးရောဂါဗိုင်းရပ်(စ်)များ သည် မည်သူ့ကိုမှချန်မထားပါ။ လူတွေသာမက ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ငှက်များအပြင် ဝေလငါး ပါမကျန် ကူးစက်ကာ အန္တရာယ်ပေးခဲ့သောသမိုင်း ရှိနေပါသည်။ ရာစုနှစ်နှင့် ချီသော သမိုင်းပင်။ သမိုင်းထဲမှ အရေးကြီး လှသော သင်ခန်းစာမှာ လူသားတို့နှင့် တိရစ္ဆာန်များ အနေနီးလာသည့် ကိစ္စသည်များစွာသော ကူးစက်ရောဂါများ၏ အကြောင်းတရား ဖြစ်နေခြင်းပင်။

ဗိုင်းရပ်(စ်)ပိုးမှန်သမျှ ဆေးမတိုးပါ။ သို့သော် လူ့ခန္ဓာထဲဝင်မိလျှင်ပင် လူတို့၏ကိုယ်ခံအားက ဝင်လာ သောဗိုင်းရပ်(စ်)ပိုးကို မျိုးပြုတ်အောင် လုပ်ပစ်နိုင်လေ သည်။ သို့ရာတွင် အစောဆုံး ကူးစက် ခံရသူများမှာမူ ကိုယ်ခံအားမရှိဘဲ ခံလိုက်ရသည်ဖြစ်၍ ရောဂါပြင်းထန်ကာ သေဆုံးကြရလေ့ရှိသည်။

မေးစရာဖြစ်လာ

လွန်ခဲ့သော နှစ်တစ်ရာမှစခဲ့သော တုပ်ကွေး ဗိုင်းရပ်(စ်)သည် ကျွန်တော်တို့လက်ထက်တွင် လူကို သေအောင်သတ်နိုင်စွမ်းမရှိတော့ပါ။ သို့ဖြစ်လျှင် လွန်ခဲ့သော ဆယ်နှစ်ကျော်က ပြန်ထခဲ့သော ထို(H1N1)တုပ်ကွေးဗိုင်းရပ်(စ်)ပိုးကြောင့် လူအတော်များများ သေခဲ့သည်မှာ ဘာကြောင့်လဲဟု မေးစရာဖြစ်လာလေသည်။

သာမန်အားဖြင့် လူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်လာ သောဗိုင်းရပ်(စ်)ပိုးများမှာ နောက်ထပ်လူလူချင်း ကူးစက် သွားနိုင်သည့်တိုင် တဖြည်းဖြည်းအားလျော့သွားပြီး လူတို့မှာလည်း ကိုယ်ခံအား တက်လာသဖြင့် ကပ်ရောဂါ အသွင်မှ ပျက်ပြယ်၍သွားသည်။ သို့ရာတွင် ဝက်၏ ကိုယ်ထဲသို့ ဝင်သွားသောဗိုင်းရပ်(စ်)ပိုးများမှာမူ ဗီဇများ ဖလှယ်၍ ပိုးအသစ်အသွင် ထွက်ရှိလာနိုင်သည်။ ဝက်၏ ကိုယ်တွင်း ကလီစာများမှာ လူနှင့် များစွာတူညီပြီး ဗိုင်းရပ်(စ်)ပိုးများကို ရောသမမွှေနိုင်စွမ်းဖြင့် “မျိုးသစ် ထွန်းခြင်း” (Genetic Reassortment) ပြုလုပ်နိုင်လေသည်။

သို့ဖြစ်၍ မက္ကဆီကိုနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့၏ နယ်စပ်မှာဖြစ်ပွားသည့် ဝက်တုပ်ကွေး (H1N1)များသည် လူသို့ခုန်ကူးကာ အမေရိကန်နိုင်ငံမှတစ်ဆင့် ကမ္ဘာအနှံ့ ပျံ့ပွားခဲ့ရာ နောက်ဆုံး မြန်မာနိုင်ငံသို့လည်း ရောက်ရှိခဲ့လေသည်။ မြန်မာနိုင်ငံသို့ရောက်ချိန်တွင် ထိုဗိုင်းရပ်(စ်)များမှာ ကမ္ဘာတစ်ဝန်းလူများမှ တစ်ဆင့်ပြီးတစ်ဆင့် ကူးလာသည် ဖြစ်၍ အားလျော့သွားပြီး မြန်မာနိုင်ငံသို့ ဆိုက်ရောက်ချိန်မှာ နွေရာသီဖြစ်လာသဖြင့် လူ၏ခန္ဓာပြင်ပတွင် နေပူဒဏ်ကြောင့် ကြာကြာ မနေနိုင်ဘဲ သေကုန်ကြပုံရသည်။

ဆေးရုံမှာသီးသန့်ခွဲထား

၂၀၀၈-၂၀၀၉ ခုနှစ်တို့တွင် မြန်မာနိုင်ငံသို့ ဆိုက်ရောက်ကူးစက်လာစဉ်ကလည်း လေဆိပ်၊ ရေဆိပ် များကိုထိန်းချုပ်ကာ ရောဂါရှာဖွေပြီး သီးသန့်ခွဲထားသော လုပ်ငန်းအတွေ့အကြုံများ ကျန်းမာရေး ဌာနတွင် ရှိပြီးဖြစ်သည်။ ရောဂါပြင်းထန်မှုရှိသော ခရီးသည်အချို့ကိုမူ ဆေးရုံတွင် သီးသန့်ခွဲ၍ တင်ထားရသည်။ မောစရာထဲမှ ရယ်စရာအချို့လည်းရှိသည်။ ဆေးရုံမှာ သီးသန့်ခွဲထားသော နိုင်ငံခြားသားလူနာအတွက် ကျွေးမွေးပြုစုရသည့် ကိစ္စမှာ အံဝင်ခွင်ကျမဖြစ်ချေ။ ကြီးကျယ်သော လူနာအချို့၏ တောင်းဆိုချက်အတိုင်း ကျွေးမွေးပြုစုနိုင်ရန် ရန်ပုံငွေလည်း မရှိချေ။ အိမ်မှာနေခွင့် ပြု၍ ထိန်းချုပ်ထားသော လူနာများအတွက် ထမင်းချိုင့်ပို့ရသည့် အလုပ်မှာလည်း ရယ်ရအခက် ငိုရခက် ဖြစ်ရသည်။ ကျန်းမာရေးဝန်ထမ်းများမှာ ဤကိစ္စအထိ ဝန်ဆောင်မှုပေးခဲ့ရသည်။

ပို၍ခက်ခဲသောပြဿနာမှာ လူနာများကို သီးခြား ခွဲထားနိုင်ရန် အခန်းစီစဉ်ပေးရခြင်း ဖြစ်သည်။ အရေးပေါ် ကုသဆောင်(ICU)မှာ ကူးစက်ရောဂါပိုးပါသော လူနာအတွက် မဟုတ်ခဲ့ပါ။ ဝေဘာဂီဆေးရုံကဲ့သို့သော ကူးစက် ရောဂါများကို သီးသန့်ထားသောဆေးရုံမျိုးမှာသာ တတ်နိုင် သည်။ ထိုအိုင်စီယူများထဲရှိ လေအေးပေးစနစ်မှာလည်း အတွင်းထဲတွင်သာ လေကို လှည့်လည်ပေးရသော စနစ်ဖြစ်၍ စီစဉ်ရခက်သည်။ အိတ်ဇောခေါ် လေထွက်ပေါက်ကို အပြင်ထုတ်ထားနေကျအတိုင်းထားလျှင် ရောဂါပိုးများကို အပြင်ထုတ်၍ ဖြန့်ဝေသကဲ့သို့ ဖြစ်ပါသည်။

လူနာကို ရွှေ့ပြောင်းရာတွင်လည်း ကိုင်တွယ်မည့် သူများက “ကာကွယ်ဝတ်စုံ” အပြည့်ဝတ်ဆင် ထားသည့်တိုင် လူနာတင်ကားမှာလည်း သီးသန့်လေအေးပေးစနစ်ရှိသော ကားမျိုးဖြစ်ရန်လိုသည်။ ထိုသို့ မဟုတ်လျှင် လူနာတင် ကားသွားရာလမ်းတစ်လျှောက် ရောဂါပိုးများဖြန့်ပြီးသား ဖြစ်သွားနိုင်သည်။

အတွေ့အကြုံမရှိသေး

တစ်ဖန် (H1N1) တုပ်ကွေးထိန်းချုပ်ရေး အတွေ့အကြုံ များသည် ကိုရိုနာဗိုင်းရပ်(စ်) ကို ကိုင်တွယ်ရာ၌ မလုံလောက် ချေ။ မြန်မာ့ကျန်းမာရေးဌာန ဝန်ထမ်းများမှာ အတွေ့အကြုံ မရှိသေး။ သီအိုရီအရ အတူတူပါပဲဟု ယူဆ၍အလုပ်လုပ် နေကြသော်လည်း ဆား(စ်)(SARS) ရောဂါသည်လည်း ကောင်း၊ မား(စ်)(MERS) ရောဂါသည်လည်းကောင်း မြန်မာ နိုင်ငံထဲသို့ မရောက်လိုက်ရချေ။

ဝူဟန် ကိုရိုနာဗိုင်းရပ်(စ်)သည် ဇန်နဝါရီလ ၂၄ ရက် နေ့ သတင်းအရ လူ ၂၀၀၀ ကျော်ဖြစ်ပြီး ၅၀ ကျော် သေခဲ့သည့်နှုန်းအရ ဇန်နဝါရီလ ၂၈ ရက်တွင် နှစ်ဆ တိတိတိုးကာ လူလေးထောင်ကျော်ဖြစ်၍ ၁၀၆ ဦး သေခဲ့ပြီ ဖြစ်သည်။ လေးရက်အတွင်း နှစ်ဆတိုးနေသည်ကို သတိ ပြုမိသည့်အပြင် သေနှုန်းသည် နှစ်ရာခိုင်နှုန်းကျော်ရှိသည်ကို တွေ့နိုင်သည်။ လူနာအများစုမှာ ဖျားခြင်း ၉၈ ရာခိုင်နှုန်း၊ ချောင်းဆိုးခြင်း ၇၆ ရာခိုင်နှုန်းဖြင့် စတင်သော် လည်း ရောဂါရပြီး ရှစ်ရက်ကျော်လျှင် ၅၅ ရာခိုင်နှုန်း အများစုမှာ အသက်ရှူရကျပ်၍ အဆုတ်ရောင်လက္ခဏာ များ ပေါ်ပေါက်လာကြောင်း တွေ့ရလေသည်။

ထူးခြားမှုတစ်ခုမှာ ကိုရိုနာဗိုင်းရပ်(စ်)ကြောင့် ကူးစက်ခံရလျှင် ရောဂါလက္ခဏာ(ဖျားခြင်း၊ ချောင်းဆိုး ခြင်း၊ ကိုက်ခဲခြင်း)များ ပေါ်ပေါက်လာပြီး လေးရက်ကျော်မှ ရောဂါပိုးကူးစက်ပျံ့နှံ့ခြင်းဖြစ်ပါသည်။ ဤအချက်သည် သာမန်တုပ်ကွေးဗိုင်းရပ်(စ်)နှင့်မတူသော အချက်ဖြစ်ပြီး ရောဂါကာကွယ်ရာတွင် အရေးကြီးသော အခွင့်ထူးတစ်ရပ် အဖြစ် ဖျားနာမှုကို အာရုံစိုက်စစ်ဆေးခြင်းဖြင့် ထိန်းချုပ် နိုင်ပေသည်။

စောစောသိလျှင် စောစောဆင်ခြင်နိုင်

အကြံပြုချက်အနေဖြင့် မိမိကိုယ်တိုင်ကိုယ်ပူချိန်တိုင်း၍ အချိန်နှင့်တစ်ပြေးညီ စစ်ဆေးနေခြင်းကို ပြုလုပ်ကြပါဟု တိုက်တွန်းပါသည်။ မည်သည့်နေရာမှ လာသည့် ရောဂါပင်ဖြစ်စေ မိမိကိုယ်တိုင် ဖျားနာမှန်း စောစောသိလျှင် စောစောဆင်ခြင်နိုင်လေသည်။ ဗိုင်းရပ်(စ်)ရောဂါ ကုဆေး မရှိသော် လည်း အဆုတ်ရောင်သည့်အခါတွင် အခွင့်အရေးယူ ဝင်လာမည့်ပိုးများကို ပဋိဇီဝဆေးများဖြင့် ကုသနိုင်သည်။

ခရီးသွားစဉ် ဖျားနာသည်ဖြစ်စေ၊ လုပ်ငန်းခွင် (သို့မဟုတ်)ကျောင်း(သို့မဟုတ်)အိမ်တွင်းမှာ ဖျားနာ သည်ဖြစ်စေ မဖြစ်မနေလိုက်နာရမည့်နည်းလမ်းများကို လိုက်နာကြဖို့လိုပေသည်။

* ဖျားမှန်းသိသည်နှင့် နှာခေါင်းစည်း၊ ပါးစပ်စည်း အမြဲတပ်ထားရန်(အမြဲဆိုသည်မှာ တစ်ခုတည်း တပ်ရန် မဟုတ်ဘဲ လဲလှယ်၍တပ်ဆင်နေရန်)

* ချောင်းဆိုးနှာချေလျှင် လက်ကိုင်ပဝါ၊ တစ်ရှူး၊ စက္ကူနှင့် ကာရန်(မရှိလျှင် လက်မောင်းနှင့်ကာ၍ ထားပြီးမှ ချောင်းဆိုးနှာချေရန်)

* မိမိစားသောက်မည့် ပန်းကန်ခွက်များကို သီးသန့်ထားရှိရန်

* လူနာဖြစ်သူ၏ လက်နှင့်ထိကိုင်သမျှ ရောဂါပိုး ပြန့်နိုင်သည်ကို သိရှိကာကွယ်ရန်

* မိမိအား အနီးကပ်ပြုစုမည့်သူများထံမကူးဖို့ သတိထားရှောင်ရှားရန်

*အရေးပေါ်အကြောင်းကိစ္စမရှိဘဲ လူထူထပ်ရာ နေရာများ(ဈေး၊ ကျောင်း၊ ရုံး၊ ရုပ်ရှင်ရုံ၊ ဘတ်(စ်)ကားဂိတ်) သို့ မသွားရန်

ဤတာဝန်များကိုလည်း လူနာက ကျေပွန်ဖို့လိုပါသည်။ ကလေးလူနာဖြစ်လျှင်လည်း ပြုစုသူတို့က သတိဖြင့်သင်ကြားပေးရန် လိုပါမည်။

လောလောဆယ် ဝူဟန် တုပ်ကွေးမှာ တစ်ရာလျှင် သုံးယောက်သာ သေပါသည်။ စောင့်ကြည့်ရ ပေဦးမည်။

ဒေါက်တာခင်မောင်လွင်