ဓာတ်ပုံများကပြောသော နှစ်တစ်ရာခရီး
အချိန်ကား ၂၀၁၉ ခုနှစ် စက်တင်ဘာ ၆ ရက် စနေနေ့ ဖြစ်ပါသည်။ သာယာလှပသော နံနက် ခင်း၏နေခြည်အောက်တွင် ကျွန်မတို့ အင်းလျားညီအစ်မများ အတွေးကိုယ်စီဖြင့် ရင်ခုန်စိတ်လှုပ်ရှားလို့ နေပါ သည်။ အကြောင်းမှာ ကျွန်မတို့ချစ်သော အင်းလျားဆောင်ကြီး၏ ရန်ကုန် တက္ကသိုလ်ရာပြည့် အကြို အထိမ်း အမှတ် လှုပ်ရှားမှုအနေဖြင့် အင်းလျားဆောင် ဓာတ်ပုံပြပွဲကို ဖွင့်လှစ်ရန် အချိန်အနည်းငယ်သာ လိုတော့၍ ဖြစ်ပါ သည်။
ဓာတ်ပုံပြပွဲကို စက်တင်ဘာလ ၆-၇ နှစ်ရက်ပြသရန် စီစဉ်ထားပါသည်။ ဓာတ်ပုံ ပြပွဲကို အင်းလျားဆောင်တွင် အဆောင်မှူး အဖြစ် ၁၀ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့သူ မမဒေါ်မြမြဝင်း၏ ဦးဆောင်မှုဖြင့် စိတ်တူ ကိုယ်တူ ကျွန်မတို့ အင်းလျားညီအစ်မများ စုပေါင်းအင်အားနှင့် လုပ်ဆောင်ခဲ့ကြပါသည်။ လုပ်ငန်းစဉ်တစ်လျှောက် ဆွေးနွေးမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြရပါသည်။ စီးပွားရေး၊ လူမှုရေး၊ မိသားစုရေး အစရှိသည့် ရေးပေါင်း များစွာကို ခဏထားပြီး ကျွန်မတို့ချစ်သောအင်းလျားဆောင်ကြီး၊ “အစဉ်အလာကြီးမား သည့်အင်းလျား” ဆိုသော ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် ကျွန်မတို့ အင်းလျားညီအစ်မတွေအကုန်လုံး တတ်နိုင် သလောက် ကြိုးစားအားထုတ်ခဲ့ကြပါသည်။ ကျွန်မတို့ တစ်ယောက်နှင့် တစ်ယောက် မေဂျာလည်းမတူ၊ အင်းလျား ဆောင်ကို ဝင်သည့်နှစ်၊ ထွက်သည့်နှစ်တွေလည်း မတူ ကြပါဘူး။ ဒါပေမယ့် တစ်ယောက်နှင့် တစ်ယောက် အမြင်တွေဖလှယ်ရင်း အင်းလျားဆောင် မိခင်ရင်ခွင်မှာ တကယ့် ညီအစ်မတွေလို အင်းလျား ဆောင်ကြီး အတွက် အကောင်းဆုံးပေးဆပ်ခဲ့ကြပါသည်။
အင်းလျားဆောင်ဓာတ်ပုံပြပွဲ
ယခုလည်း ရန်ကုန်တက္ကသိုလ်ရာပြည့် အကြိုအတွက် အင်းလျားဆောင် ဓာတ်ပုံပြပွဲ လုပ်ကြမယ်ဆိုတော့ စိန်ရတုအချိန်က ဦးစီး ဦးဆောင်လုပ်ခဲ့ကြသည့် အစ်မကြီးတွေဆီက အကြံဉာဏ်များ၊ ဓာတ်ပုံများ၊ မှတ်တမ်း မှတ်ရာများ တောင်းခံခဲ့ပါသည်။ တချို့ အစ်မကြီးတွေဆိုရင် သက်ရှိထင်ရှား မရှိကြ တော့ပါ။ သက်ရှိ ထင်ရှားရှိကြသည့် အစ်မကြီး တွေကလည်း စိန်ရတုတုန်းက အားကြိုး မာန်တက် လုပ်ဆောင်ခဲ့ကြပေမယ့် ယခုအချိန် မှာ အသက် ၈၀ ကျော် ၉၀ ကျော်အရွယ်တွေ၊ ဇရာတွေက စကားပြောပါပြီ။ ကျွန်မတို့ကို လူအား မတတ်နိုင်ပေမယ့် ငွေအားနှင့် ကူညီ ပံ့ပိုးခဲ့ကြပါသည်။
သိပ်ချစ်စရာကောင်းသော အစ်မကြီးတွေပါ။ ကျွန်မတို့ သက်လတ်ပိုင်း အရွယ်များကလည်း လူအား တတ်နိုင်လျှင် လူအား၊ လူအား မတတ်နိုင်ပါက ငွေအား အစရှိသဖြင့် ဝိုင်းဝန်းကူညီ အားဖြည့်ခဲ့ကြပါ သည်။ ထိုသို့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကျွန်မတို့ချစ်သည့် အင်းလျားဆောင် ကြီး၏ဓာတ်ပုံပြပွဲကို ဒီနေ့(၆-၉-၂၀၁၉) ရက်နေ့တွင် ဖွင့်လှစ်နိုင်တော့မှာ ဖြစ်ပါသည်။ ရင်ခုန် လှုပ်ရှားမှုများစွာနှင့် နံနက်စောစော အိပ်ရာက ထ၊ စက်တင်ဘာလ မိုးနှောင်းကာလဆိုသော်လည်း မနေ့ကအထိ မိုးရွာနေဆဲမို့ မိုးလေ ကင်းလွတ်ပြီး အားလုံး အဆင်ပြေချောမွေ့ အောင် ဘုရားမှာ ဆုတောင်းနေမိသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး နှင့် တာဝန်ရှိသူများ အခမ်းအနားတက်ရောက်ပါ မည်အကြောင်း အကြောင်းကြားထားသည့် အတွက် ကျွန်မ တို့ အင်းလျားညီအစ်မများ တာဝန်ကိုယ်စီဖြင့် ရင်ခုန်စိတ်လှုပ်ရှားလို့နေရပါသည်။
ဟုတ်ပါသည်၊ ကျွန်မတို့ အင်းလျား ညီအစ်မများအားလုံး ရင်ခုန်စိတ်လှုပ်ရှားရပါ သည်။ ရန်ကုန်တက္ကသိုလ် ရာပြည့် ဖြစ်သည့် အတွက် ကျွန်မတို့ ဖော်ထုတ်ရမည့် ဓာတ်ပုံ ပြပွဲသည် အနှစ်တစ်ရာနီးပါး လွှမ်းခြုံနိုင်မည့် အင်းလျားဆောင်ကြီးနှင့် အင်းလျားဆောင်သူ ဟောင်းများ၏ ကျရာကဏ္ဍအသီးသီးတွင် ဦးဆောင်ဦးရွက်ပြုခဲ့ပုံ၊ စွမ်းဆောင်နိုင်ခဲ့ပုံ သမိုင်းများကို ဖော်ထုတ်ပြသရမည် ဖြစ်ပါ သည်။ ရန်ကုန်တက္ကသိုလ်နှင့်အတူ မရှေး မနှောင်းပေါ်ပေါက်လာသည့် အင်းလျား ဆောင်ကြီးသည်လည်း တက္ကသိုလ်ရာပြည့်နှင့် အတူ သက်တမ်းနှစ် တစ်ရာ ပြည့်ရန် ၁၁နှစ် သာ လိုပါတော့သည်။ အင်းလျားဆောင်ကြီးက မွေးထုတ်ပေးလိုက်သည့် အင်းလျား သမီးပျို များ၏ ဂုဏ်သတင်းမှာလည်း ခေတ်အဆက် ဆက်တွင် မွှေးပျံ့သင်းကြိုင်လျက်ရှိပါသည်။ စစ်ကြိုခေတ်၊ စစ်ပြီးခေတ်၊ စိန်ရတုခေတ် မတိုင်မီနှင့် စိန်ရတုနှောင်းပိုင်းကာလမှ ယနေ့ အထိ ဘက်ပေါင်း စုံမှ စဉ်းစားကာ ကြိုးစား ဖော်ထုတ်ခဲ့ကြပါသည်။ ဤသို့ ဖော်ထုတ်ရာ မှာလည်း ခေတ်နှင့်အညီ မျက်ခြည် မပြတ် အောင် ဓာတ်ပုံပြပွဲကို လာရောက်ကြည့်ရှု သူတွေကိုလည်း သုတ၊ ရသ ခံစားမှုအမြင် မရိုးရအောင် “နှလုံးသားထဲက ပုဂံ”ဓာတ်ပုံ ပြပွဲ၏ Event Desinger ဆရာကျောင်း(ခ)ဆရာကိုမျိုးဆွေသန်း၏ အကူ အညီဖြင့် စုဆောင်းရရှိသည့် ဓာတ်ပုံ ၂၀၀၀ နီးပါးကို Photo Stand များနှင့်တစ်ဖုံ၊ (8"x4") light box များနှင့် တစ်ဖုံ အစရှိသဖြင့် အမြင်မရိုး အောင် သာမန်ဓာတ်ပုံပြပွဲမှ ကွဲထွက်အောင် ဆန်းသစ်စွာ ပြသထားရှိပါသည်။
ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်း အမှတ် အင်းလျားဆောင်ဓာတ်ပုံပြပွဲကို အောက်ပါရည်ရွယ်ချက်များနှင့် ကျင်းပနိုင် ရန် စီစဉ်ထားရှိပါသည်-
(၁) မြန်မာနိုင်ငံ၏ ပညာရေးသမိုင်း၊ မြန်မာ့ ယဉ်ကျေးမှုသမိုင်းကို ပြန်လည် ဖော်ညွှန်းလျက် ယနေ့ခေတ် မျိုးဆက်သစ်၊ အင်းလျားဆောင်သူများ လေးစား စံပြုအတုယူစေရန်၊
(၂) မြန်မာ့နိုင်ငံရေးသမိုင်း၊ ရန်ကုန် တက္ကသိုလ်သမိုင်းတွင် အင်းလျား ဆောင်သူများ၏ ကဏ္ဍစုံ တွင် တစ်ထောင့်တစ်နေရာမှာ ပါဝင်လှုပ်ရှား ခဲ့ပုံများကို သိရှိနားလည်စေရန်၊
(၃) အစဉ်အလာကြီးမားခဲ့သော အင်းလျား ဆောင် မျိုးဆက်ဟောင်းကျောင်းသူ များ၏ အခြေခံကောင်း များကို မျိုးဆက်သစ်များအား လက်ဆင့်ကမ်း လွှဲပြောင်းစေပြီး ဆက်လက်ထိန်းသိမ်း ကြစေရန်၊
(၄) ခရီးတစ်ထောက် နားခိုခဲ့ကြသည့် အစဉ်အလာကြီးမားသည့် အင်းလျား ဆောင်၏ပုံရိပ်ကို ယနေ့ မျိုးဆက် သစ် အဆောင်သူများ သိရှိနားလည်ပြီး နိုင်ငံ့တာဝန်ကို ဆတက်ထမ်းပိုး ဆောင်ရွက် လာကြစေရန်၊
စသည်ဖြင့် ကောင်းမွန်သော ရည်ရွယ် ချက်များချမှတ်ကာ ကဏ္ဍကြီး (၈)ခု ခွဲ၍ ဖော်ထုတ်ပြသ ထားရှိပါသည်။
ကဏ္ဍကြီး(၈)ခုမှာ-
(၁) စစ်ကြိုခေတ်၊ စစ်ပြီးခေတ်ကာလ မှတ်တမ်းဓာတ်ပုံများ၊
(၂) နယ်ပယ်အသီးသီးတွင် ထူးချွန်ထင်ရှား ကြသော အင်းလျားဆောင်သူများ၊
-စစ်ကြိုခေတ်၊ စစ်ပြီးခေတ်ကာလ နယ်ပယ်အသီးသီးတွင် ထူးချွန်ကြ သော အင်းလျားဆောင်သူများ၊
-ယနေ့မျက်မှောက် ခေတ်ကာလ နယ်ပယ်အသီးသီးတွင် ထူးချွန်ထင်ရှား ကြသော အင်းလျားဆောင်သူများ၊
(၃) ခေတ်အဆက်ဆက် အင်းလျားဆောင် သူများ၏ ဝတ်စားဆင်ယင်ပုံ၊ လှမျိုးစုံကဏ္ဍ
-စစ်ကြိုခေတ်၊ စစ်ပြီးခေတ်ကာလ အင်းလျားဆောင်သူများ၏ ဝတ်စား ဆင်ယင်ပုံ
-ယနေ့ မျက်မှောက်ခေတ်ကာလ အင်းလျားဆောင်သူများ၏ ဝတ်စား ဆင်ယင်ပုံ၊
(၄) ခေတ်အဆက်ဆက် တာဝန်ထမ်း ဆောင်ခဲ့ကြသော အင်းလျားအဆောင် မှူးနှင့် အဆောင်နည်းပြများ၊
(၅) စိန်ရတုမတိုင်မီ အင်းလျားဆောင်သူ များ၏ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံ များ၊
(၆) (၇၅)နှစ်မြောက် စိန်ရတုအထိမ်း အမှတ် အင်းလျားဆောင်သူများ၏ လှုပ်ရှားမှုဓာတ်ပုံများ၊
(၇) ရာပြည့်အကြို အင်းလျားဆောင်သူ များ၏ လှုပ်ရှားမှုဓာတ်ပုံများ၊
(၈) မျိုးဆက်သစ် အင်းလျားဆောင်သူများ ၏ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊
စသည်ဖြင့်စုဆောင်းရရှိသည့် ဓာတ်ပုံများအပေါ်တွင် အခြေခံလျက်ချမှတ်ထားသော ရည်ရွယ်ချက်များနှင့် အညီ ကျွန်မတို့အင်းလျားညီအစ်မများ ကြိုးစား ထားကြပါသည်။ နှစ်တစ်ရာလွှမ်းခြုံသည့် ဓာတ်ပုံပြ ပွဲဖြစ်သည့်အတွက် အင်းလျား ဆောင်သူဟောင်း ဟင်္သာတရှင်နှောင်း ရေးသားသည့် “ခက်မညီဖြာ”အဖြည့်ခံ ရတု (၁၉၉၅) ကိုလည်း ပြပွဲရသ ပိုမိုပေါ်လွင် စေရန်နှင့် ပြပွဲရည်ရွယ်ချက်များ၊ ခွဲထားသည့် ကဏ္ဍများ နှင့် အတူ Pamphlet များထဲတွင် ထည့်သွင်း ဖော်ပြကာ ဝေငှထားရှိပါသည်။
ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို လှုပ်ရှားမှုကော်မတီ၏ အကူအညီဖြင့် အင်းလျားဆောင်ဓာတ်ပုံပြပွဲ ကျင်းပမည့်အကြောင်းကို ရန်ကုန် တက္ကသိုလ် အတွင်း ဗီနိုင်းများနှင့် ကြော်ငြာကပ်၍လည်းကောင်း၊ရာပြည့် Facebook Page မှတစ်ဆင့်လည်းကောင်း၊ ရန်ကုန်တက္ကသိုလ်အင်းလျား ဆောင်သူဟောင်းများ Facebook Page မှ လည်းကောင်း၊ ပတ္တမြား FM ရေဒီယိုမှ တစ်ဆင့်လည်း ကြေညာထားသည်ဖြစ်ရာ ကျွန်မတို့ အင်းလျား၏ သတင်းစကားကို လူအများအပြားထံ ပါးနိုင်လိမ့်မည်ဟု ကျွန်မတို့အင်းလျားညီအစ်မများ မျှော်လင့် ထားကြပါသည်။
ခက်မညီဖြာကဏ္ဍ
ဓာတ်ပုံများ၏ ကဏ္ဍကြီး(၈) ခုအပြင် “ခက်မညီဖြာ” ကဏ္ဍကိုလည်း ထည့်သွင်း ထားပါသည်။ ဤကဏ္ဍတွင် ကျွန်မတို့ မျိုးဆက်ဟောင်းများကို ကိုယ်စားပြုသည့် သစ်ပင်တစ်ပင်၊ မျိုးဆက်သစ်များကို ကိုယ်စား ပြုသည့် သစ်ပင်တစ်ပင် သစ်ပင် နှစ်ပင်ထားရှိပါသည်။ အင်းလျားညီအစ်မများ စုပေါင်းအင်အားဖြင့် အင်းလျား ဓာတ်ပုံပြပွဲကို ကျင်းပနိုင်သော အဓိပ္ပာယ်ဖော်ဆောင်သည့် အနေဖြင့် အင်းလျားညီအစ်မများကိုယ်စား လက်ဖ ဝါးပုံ ရောင်စုံစက္ကူလေးများကို စီစဉ် ထားရှိပါသည်။ ပြပွဲလာရောက်သူများ အနေဖြင့် ရောင်စုံ လက်ဖဝါး လေးများ ပေါ်တွင် မိမိတို့အမှတ်တရရှိခဲ့သည့် အဆောင်အတွေ့ အကြုံများ၊ အမှတ်တရများ၊ ရင်တွင်းဖြစ်များ ကို ရေးသား၍ သက်ဆိုင်ရာ သစ်ပင်များတွင် Pin လေးများဖြင့် ကပ်နိုင်ရန် စီစဉ်ထားရှိပါ သည်။ ထို့အပြင် ရင်ထဲမှ လျှံကျလာသော တက္ကသိုလ်ကျောင်းသူဘဝ အလွမ်းများ၊ အမှတ်တရများကို သီချင်းများနှင့် ဖော်ပြနိုင် ရန် အတွက် အဆောင်အလွမ်းပြေသီချင်းများ သီဆိုနိုင်ရန် အပျော်တမ်းတီးဝိုင်းငယ်လေး များကိုလည်းစီစဉ် ထားရှိပါသည်။ အင်းလျားဆောင်သူ ဟောင်း ဟင်္သာတ ရှင်နှောင်းရေးသားသည့် “ခက်မညီဖြာ” အဖြည့်ခံ ရတုကိုလည်း ဝေငှထားသည်ဖြစ်ရာ ပြပွဲလာရောက် ကြည့်ရှုသူများ အနေဖြင့် အဆောင်အမှတ်တရ ခံစား ချက်များကို ရေးသားရင်း၊ အဆောင်အလွမ်းပြေသီချင်းများကို သီဆိုရင်း၊နားထောင်ရင်း မရောက် တာကြာပြီဖြစ်သည့် အဆောင်၏ အရိပ်အာဝါသကို ခိုလှုံရင်းလွန်ခဲ့သော တက္ကသိုလ်ကျောင်းသူဘဝ၊ အဆောင်သူဘဝ၊ ငယ်ဘဝများကို ခဏတာပိုင်ဆိုင်နိုင် အောင် စီစဉ်ထားရှိပါသည်။
ထို့အပြင် အခမ်းအနားသို့ တက်ရောက် လာသော ဧည့်သည်တော်များနှင့် အဆောင်သူများကလည်း ဓာတ်ပုံ ပြပွဲနှင့် ပတ်သက်သည့် အမှတ်တရစာစုများ ချန်ထားပေးနိုင်ရန် Memory Book ကိုလည်း စီစဉ်ထားရှိပါ သည်။
ဓာတ်ပုံပြပွဲတွင် ပြသထားသော ဓာတ်ပုံများ၏ သမိုင်းကိုရှင်းပြနိုင်ရန် ကျွန်မတို့အမာခံ အင်းလျားညီအစ်မများ အလှည့်ကျတာဝန် ယူရန် စီစဉ်ထားရှိပါသည်။ အဆောင်အမှတ် တရ လက်ဆောင်များအပြင် အင်းလျားဆောင် ပုံပါ မတ်ခွက်များ၊ အိတ်များရောင်းချနိုင်ရန် နှင့် အလှူငွေများ လှူဒါန်းနိုင်ရန် အလှူခံ ကောင်တာ၊ အရောင်းကောင်တာများလည်း စီစဉ်ထားရှိပါသည်။
ဖိတ်ကြားထားသော ဧည့်သည်များ လည်း တဖွဲဖွဲ ရောက်ရှိလို့လာပါသည်။ အခမ်းအနားတွင် ဖဲကြိုးနှင့် ဗန်းကိုင်မည့် အင်းလျားဆောင် မျိုးဆက်သစ်အလှပဂေး ကျောင်းသူလေးများကလည်း အဆောင်တွင် ဖူးပွင့် လျက် ရှိသည့် ပန်းကလေးများနှင့် အလှချင်းပြိုင်လို့ နေပါသည်။ အခမ်းအနား ဖွင့်လှစ်ပေးမည့် ပုဂ္ဂိုလ်များ ဖြစ်ကြသော ၁၉၃၇ ခုနှစ် မယ်တက္ကသိုလ်ဘွဲ့ရ အသက် ၉၁ နှစ်အရွယ်ရှိ အန်တီဒေါ်မေစီခ(ခ) ဒေါ်ခင်စန်းရီ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့ကလည်း ဖဲကြိုးဖြတ်ရန် အသင့်နေရာယူပြီး ဖြစ်နေကြပါပြီ။ မကြာမီ လက်ရှိ အဆောင်မှူး ဒေါက်တာဏီဝင်းဇော်က အဖွင့်မိန့်ခွန်း ပြောကြားပြီးနောက် အခမ်း အနားမှူး မမဒေါက်တာ ရွှေစင်ဘုန်းနိုင် က ဓာတ်ပုံပြပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးနိုင်ရန် ပန်ကြားကာ သက်ဆိုင်ရာ ပုဂ္ဂိုလ်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ ကြပါသည်။ တစ်ချိန်တည်းမှာပင် အသင့် နေရာယူလျက်ရှိကြသည့် မျိုးဆက် ဟောင်း နှင့် မျိုးဆက်သစ် ကျောင်းသူလေးများက လည်း အင်းလျားဆောင်သီချင်းကို သံပြိုင် ဆိုကြသ ညြစ်ရာ သီချင်းသံများ၊ လက်ခုပ်သံ များ၊ အင်းလျားဆောင်တစ်ခွင်ဝေစည်လို့ နေပါတော့သည်။ ပြပွဲတက ်ရောက် လာသော ဧည့်သည်တော်ကြီးများ၊ ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို လှုပ်ရှားမှုကော်မတီမှ ရန်ကုန် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ဦးဖိုးကောင်း၊ ဒုတိယပါမောက္ခချုပ်နှင့်တကွ ဌာနဆိုင်ရာ အကြီး အကဲများ၊ အင်းလျား ဆောင် ကျောင်းသူဟောင်းကြီးများ၊ သတင်း မီဒီယာနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ပြပွဲတက်ရောက်လာသူ မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်ကျောင်းသူ များနှင့်အတူ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးမှတ်တမ်းတင်နိုင်ခဲ့ပါသည် ဧည့်သည်တော် များကို ရန်ကုန်တက္ကသိုလ် အမှတ်တရ ကံ့ကော်ပန်း ရင်ထိုးများ ထိုးပေးခြင်း၊ Sandwich ၊ ကော်ဖီများနှင့် ဧည့်ခံခြင်းစသဖြင့် အသီးသီး တာဝန်ယူ ဧည့်ခံခဲ့ကြပါသည်။ ပြပွဲ စီစဉ်သူ ကျွန်မတို့ အင်းလျားညီအစ်မများ၏ ပီတိအဟုန်မှာလည်း ပြော၍မ ကုန်နိုင်အောင် ဖြစ်နေပါတော့သည်။
ကျွန်မတို့ အင်းလျားညီအစ်မများ စုပေါင်းအားနှင့် အစပြုခဲ့သည့် ရန်ကုန် တက္ကသိုလ်၏ နှစ်တစ်ရာ ခရီးအင်း လျားဆောင် ဓာတ်ပုံပြပွဲကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီ။ တက်ရောက်ကြသော ဧည့်သည်တော်များ၏ ရင်ထဲတွင်လည်း ရသစုံသည့် ဟင်းတစ်ခွက်ကို စားလိုက်ရသကဲ့သို့ ခံစားနေရမည်မှာ မလွဲပင် ဖြစ်ပါသည်။ ကျွန်မ၏ ရင်ထဲတွင်လည်း လွန်ခဲ့တဲ့ ၂၅ နှစ် စိန်ရတုသဘင် ကျင်းပစဉ် ကာလ၊ ပထမနှစ် ကွန်ပျူတာ တက္ကသိုလ် ကျောင်းသူ၊ မျိုးဆက်သစ်ကျောင်းသူဘဝက ကျောင်းသူဟောင်းများနှင့်အတူ သီဆိုခဲ့ဖူး သည့် အင်းလျား ဆောင်၏ မျိုးဆက်သစ် သီချင်းတစ်ပိုင်းတစ်စ ရင်ထဲသို့ ရောက်ရှိ လာပါတော့သည်။
“မမ...မမ...မမတို့က ရှေ့က သွားခဲ့သလို...
ညီမလေးတို့ မျိုးဆက်သစ်တွေ...
တိမ်မသွားပါ...ဘယ်ကိုညာကို
ယိမ်းမသွားပါ...ဘယ်ကို...ညာကို
အင်းလျား အစဉ်အလာအတိုင်း
ပညာရေး၊ လူမှုရေး၊ နိုင်ငံတော်အရေး၊
ရှေ့တန်းကနေမှာပါ”
ဂီတစာဆိုဦးကျော့မှူး စပ်ဆိုသည့် စိန်ရတုခေတ်က သီချင်းအတိုင်းပင် ယခု ရာပြည့်ပွဲတွင်လည်း ကျွန်မ တို့ လက်ဆင့် ကမ်းနိုင်ခဲ့ကြပါပြီ။ နောင်လာမည့်နှစ်များ တွင်လည်း မျိုးဆက်သစ်ကျောင်းသူလေး များက ကျွန်မ တို့ကဲ့သို့ပင် လက်ဆင့်ကမ်း အမွေကို ထိန်းသိမ်းနိုင်ကြစေရန်နှင့် အမိ အင်းလျားဆောင်၏ ဂုဏ် သတင်း ကို ဆက်လက်ထိန်းသိမ်းနိုင်ကြစေရန် ရည်ရွယ် တင်ပြလိုက်ရပါတော့သည်။
၁၉၉၅- ၉၆ ပညာသင်နှစ် အင်းလျား ဆောင်သူဖြစ်ခဲ့ရသည်ကို ဂုဏ်ယူလျက်။ ။
စာရေးသူ၏ ကိုယ်ရေးအကျဉ်း
--------------------------------
- အမည်ရင်း ဒေါ်သန္တာအေး ဖြစ်ပါသည်။
- ၁၉၇၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် မော်လမြိုင်မြို့တွင် အဖ ဦးဘတင့်၊ အမိ ဒေါ်ရင်တီ တို့က မွေးဖွားသည့် မွေးချင်းလေး ဦးအနက် အကြီးဆုံးသမီး ဖြစ်ပါ သည်။
- ၁၉၉၃ တွင် မော်လမြိုင်မြို့ အမှတ်(၉) အခြေခံပညာ အထက် တန်းကျောင်းမှ ဆယ်တန်း အောင်မြင် ခဲ့သည်။
- ၁၉၉၅ မေလတွင် ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်သို့ တက်ရောက်ခွင့် ရရှိခဲ့သည်။
- ရန်ကုန်တက္ကသိုလ်၏ စိန်ရတု အကြိုနှင့် စိန်ရတုကာလ ကျင်းပ ချိန်များတွင် အင်းလျားဆောင် မျိုးဆက် သစ် ကျောင်းသူအနေ ဖြင့် အင်းလျားဆောင် ကျောင်းသူ ဟောင်းများနှင့် တွဲဖက်ကာ စိန်ရတုကာလ လှုပ်ရှား မှုများတွင် တက်ကြွစွာပါဝင်ခဲ့သည်။
- စိန်ရတုအကြိုကာလ အင်းလျား ဆောင် ညစာစားပွဲတွင် အင်းလျား ဆောင် ကျောင်းသူဟောင်းများက ပေးအပ်သည့် အင်းလျားဧကရီဘွဲ့ ကို ရရှိခဲ့သည်။
- ရန်ကုန် ကွန်ပျူတာတက္ကသိုလ်မှ ပေးအပ်သည့် B.C.Sc & M.C.Sc ဘွဲ့များကို ရရှိပြီး သရုပ်ပြရာထူး ဖြင့် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်၊ မန္တလေးကွန်ပျူတာ တက္ကသိုလ်၊ မြစ်ကြီးနားကွန်ပျူတာ ကောလိပ်တို့နှင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၏ Website တည်ထောင်ခြင်း လုပ်ငန်း စဉ်များတွင် စုစုပေါင်းရှစ်နှစ် တာဝန်ထမ်းဆောင်ခဲ့သည်။
- မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ ထုတ်ဝေသည့်မေမြန်မာ ဂျာနယ်တွင် ဆောင်းပါးများ ရေးသားခဲ့သည်။
သန္တာအေး