ကျွန်တော် အစဉ်လေးစားရသော ရန်ကုန်တက္ကသိုလ်
ရန်ကုန်တက္ကသိုလ် မွေးနေ့
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့ သည် ရန်ကုန်တက္ကသိုလ်၏ နှစ်တစ်ရာပြည့် မွေးနေ့ ဖြစ်ပါသည်။ နှစ်တစ်ရာပြည့်မှသည် နှစ်တစ်ထောင်၊ နှစ်တစ်သောင်းတိုင်အောင် တည်တံ့ခိုင်မြဲ ရှည်ကြာပါစေဟု ဆုမွန် ကောင်းတောင်း မေတ္တာပို့သအပ်ပါသည်။
ရန်ကုန်တက္ကသိုလ်သည် သမိုင်းအစဉ် အလာ ကြီးမားသည့် မြန်မာနိုင်ငံ၏ ပထမ ဦးဆုံးသော တက္ကသိုလ်ကြီးလည်း ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်မွေးနေ့ သည် ရန်ကုန်တက္ကသိုလ်တွင် ပညာရည်နို့ သောက်စို့ခဲ့သော ကျောင်းသား ကျောင်းသူများနှင့်သာ သက်ဆိုင်သည်မဟုတ်၊ မြန်မာ နိုင်ငံသူ နိုင်ငံသားအားလုံးနှင့် သက်ဆိုင် သောနေ့ဟုဆိုလျှင် မမှားနိုင်ပါ။
ရန်ကုန်တက္ကသိုလ်သည် မြန်မာနိုင်ငံ၏ ပညာရေး အမွေအနှစ် အဆောက်အအုံကြီး ဖြစ်သည်။ အမျိုးသားကျောင်းများကို စတင်ပေါ်ပေါက်စေခဲ့သည်၊ မြန်မာစာပေကို တစ်ဖန် နိုးထရှင်သန်စေခဲ့သည်၊ အမျိုးသား အောင်ပွဲနေ့ကို ဖြစ်ပေါ်စေခဲ့သည်၊ ထိုမှ တစ်ဆင့် အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားကာ လွတ်လပ်ရေးပါ အရယူနိုင်ခဲ့ သည်အထိ သမိုင်းတန်ဖိုးကား ကြီးမားခဲ့လေသည်။
ထင်ပေါ်ကျော်ကြားသော နိုင်ငံ ခေါင်းဆောင် အများအပြားကိုလည်း မွေးထုတ်ပေးခဲ့သည်။ သခင်အောင်ဆန်း၊ သခင်နုမှသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် အထိပါ မွေးထုတ်ပေး ခဲ့သဖြင့် ရန်ကုန်တက္ကသိုလ်၏ ဂုဏ်အဆင့် အတန်းမြင့်မား ခဲ့ပုံမှာ ချီးမွမ်းစာဖွဲ့၍ပင် မကုန်နိုင်ပါ။
ထို့ကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသား များအနေဖြင့် အမိရန်ကုန်တက္ကသိုလ်ကြီးကို ချစ် ခင်မြတ်နိုးရမည်၊ တန်ဖိုးထား ထိန်းသိမ်း ရမည်၊ သမိုင်းအမွေအနှစ် ဂုဏ်ဒြပ်တို့ကို လေးစားရမည်၊ ထင်ပေါ်ကျော်ကြား အောင်မြင်မှုများအတွက် ယဉ်ကျေးမှု အမွေအနှစ်များကို ပို၍ပို၍ ကာကွယ် စောင့်ရှောက်ရမည်ဟု ခံယူချက်ထားသင့် ပါသည်။
စတင်ရင်းနှီးခဲ့သော ရန်ကုန်တက္ကသိုလ်
ရန်ကုန်တက္ကသိုလ်ရယ်လို့ ကျွန်တော် စသိခဲ့ရခြင်းမှာ တတိယတန်း မြန်မာစာမှာ သင်ခဲ့ရသော “အမျိုးသားနေ့” သင်ခန်းစာ ကြောင့် ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကြီး ဖြစ်တည်လာမှုနှင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံကို သင်ကြားခဲ့ရခြင်းဖြစ် သည်။ ထိုစဉ်ကတည်းက ဆရာမ ရှင်းပြ သည့် ရန်ကုန်တက္ကသိုလ် အကြောင်းသည် သွေးချွေးတို့ ရင်းခဲ့ရသည့် ခေါင်းဆောင် ကြီးများ၏ ကြိုးပမ်း အားထုတ်မှုများကို ရင်နင့်စာနာဖွယ် အလွမ်းတို့ဖြင့် ပုံဖော် ရှင်းလင်း စသိခဲ့ရသည်။
ဒသမတန်း ပင်ရင်းမြန်မာ့စကားပြေတွင် အမျိုးသားပညာဝန် ဦးဖိုးကျားရေးသည့် “အမျိုးသားနေ့” စကားပြေသင်ခဲ့ရစဉ်မှာ လည်း ရန်ကုန်တက္ကသိုလ်ကြီး ရုန်းကန် ဖြတ်သန်းခဲ့ရသော အတိတ်သမိုင်းတို့ကို သိရှိခဲ့ရပြီး ဘိုးဘွားတို့၏ ကျေးဇူးအနန္တကို အောက်မေ့သတိရမိပြန်ပါသည်။
ထို့နောက် မူလတန်းပြကျောင်းဆရာ အဖြစ် ဖြတ်သန်းရချိန်မှာလည်း သင်ကြား သူ ဆရာအဖြစ် ရန်ကုန်တက္ကသိုလ် အကြောင်းကို ပြည့်ပြည့်စုံစုံ ပြန်လည် ဟောပြောရှင်းပြခဲ့ ရသည်။ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာ ပုံအကြောင်း ဟောပြောရန် စာအုပ်စာပေ များများဖတ်ရှုလေ့လာရင်း ပိုမိုသိရှိခဲ့ရသည်။
ကျောင်းဆရာဘဝက အမျိုးသားအောင်ပွဲ နေ့အကြောင်း ဟောပြောရင်း ကလေး တစ်ယောက်နဲ့ အမေးအဖြေလေးကလည်း စိတ်ဝင်စားစရာကောင်းသလို အမှတ်တရ လည်း ဖြစ်ခဲ့ရသည်။
ပညာထူးချွန်လျှင် ရန်ကုန်တက္ကသိုလ် မှာ ဝိဇ္ဇာ၊ သိပ္ပံပညာရပ်တွေ သင်ယူလေ့လာ ဆည်းပူးခွင့်ရမှာဖြစ်ကြောင်း၊ သားတို့သမီး တို့လည်းကြိုးစားစေလိုကြောင်း ရှင်းပြချိန်မှာ ကလေးတစ်ယောက်က-
“ဆရာကျတော့ ဘာလို့ ရန်ကုန် တက္ကသိုလ်မှာ မတက်ခဲ့တာလဲ” ဟု မေးလေရာ ရုတ်တရက် ဘာပြောရမှန်း မသိအောင် ဖြစ်ရ လေသည်။ နောက်မှ-
“ဆရာက … ပညာတွေ ဆက်မသင်လို့ ပေါ့။ ပညာတွေဆက်သင်ရင် ရန်ကုန် တက္ကသိုလ်မှာ ပညာဆည်းပူးခွင့်ရမှာလေ”
ဟု ပြန်ဖြေမှ ရည်မှန်းချက်၊ မျှော်လင့်ချက် အပြည့်အဝဖြင့် မေးခွန်းအဖြေကို ကျေနပ် သွားလေသည်။ (အဆိုပါ ကျောင်းသားမှာ ယခု ရန်ကုန်ပညာရေးတက္ကသိုလ်မှာ ပညာ ဆည်းပူးနေပြီ ဖြစ်ပါသည်။)
ယခုအချိန်တွင်တော့ မူဝါဒအပြောင်းအလဲ များဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင် ၍ အရည်အချင်းပြည့်မီပါက ရန်ကုန်တက္ကသိုလ် သို့ တိုက်ရိုက်တက်ရောက် ပညာသင်ကြားခွင့် ရရှိနေပြီဖြစ်လေသည်။ ထိုမျှမကသေး။ ကျောင်းဆောင်ပင် လျှောက်ထား နေထိုင်ခွင့် ရရှိပြီဖြစ်ရာ တက္ကသိုလ်ကျောင်းသားဘဝကို ပြည့်ပြည့်ဝဝ ခံစားပျော်ရွှင်ခွင့်ရရှိနေသည်မှာ ယနေ့ခေတ် ကျောင်းသားလူငယ်များ၏ မဟာကံထူးမှုပင် ဖြစ်ပါသည်။
ကျင်လည်ခဲ့သော တက္ကသိုလ်ဝန်ထမ်းဘဝ
တက္ကသိုလ်ဝန်ထမ်းဘဝကို ကူးပြောင်း ရောက်ရှိခဲ့ချိန်တွင် ရန်ကုန်တက္ကသိုလ်နှင့် ပိုမိုရင်းနှီးခဲ့ရလေသည်။ မကြာမကြာလည်း ရောက်ရှိခဲ့သည်။ စာ၊ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတွေ ရေးလေတော့ ရန်ကုန်တက္ကသိုလ်၏ သမိုင်းအစုံအလင်ကို စာပေများမှ တစ်ဆင့် ပိုမိုသိရှိခဲ့ရပြီး ရိုသေလေးစားခဲ့သည်။
ရန်ကုန်တက္ကသိုလ်ထဲ ရောက်လေတိုင်း မြင်သမျှ အဆောက်အအုံများနှင့် ယဉ်ကျေးမှုအမွေအနှစ်တို့ကို တန်ဖိုးထားမြတ်နိုးလေးစားမိသည်။ ဒါတွေက ရှေးဟောင်းအဆောက်အအုံ၊ အမွေအနှစ်တွေပဲလို့ နှုတ်မှလည်း ရေရွတ် မိလေသည်။
တို့တွေ မမွေးဖွားခင်ကတည်းက ဖြစ်ပေါ် လာတဲ့ သမိုင်းပရိဝုဏ်ကြီးပဲ၊ အသက်သွေး ချွေးတွေရင်းပြီးရခဲ့တဲ့ အောင်မြင်မှုပြယုဂ် ကြီးပဲလို့တွေးရင်း ငယ်ငယ်က သင်ကြား ရင်းနှီးခဲ့သော စာကဗျာတွေကို အောက်မေ့ လွမ်းမိသည်။
ကျောင်းတက်နေသော ကျောင်းသား ကျောင်းသူကလေးများ၊ တာဝန်ထမ်းဆောင် နေသော ဆရာ ဆရာမများနှင့် ဝန်ထမ်းများကို မြင်ရလျှင် ရန်ကုန်တက္ကသိုလ်ကြီးမှာ ကျောင်းတက်ခွင့်ရခဲ့တာ၊ တာဝန်ထမ်းဆောင် ခွင့်ရခဲ့တာ သူတို့အတွက် ဂုဏ်ယူလိုက်တာ၊ သူတို့လည်းပဲ ဂုဏ်ယူနေကြမှာလို့ တွေးရင်း ကြက်သီးဖြန်းဖြန်းထမိလေသည်။
အာဆီယံတက္ကသိုလ်များ အားကစားပြိုင် ပွဲ (AUG) အတွက် ပဏာမ ရွေးချယ်ထားသော အားကစားသမားများတွင် မိမိတို့ ကျောင်းမှ ကျောင်းသား ကျောင်းသူများပါသဖြင့် ရန်ကုန် တက္ကသိုလ် သီရိဆောင်သို့ သွားပို့စဉ်က ကလေးတွေကို နယ်မှာထက် နှစ်ဆ ပိုကြိုး စားဖို့၊ မပျင်းရိကြဖို့၊ ဇွဲ၊ လုံ့လ၊ ဝီရိယထားဖို့၊ ဆရာ ဆရာမများစကားကို မြေဝယ် မကျ နားထောင်ကြဖို့ မှာကြားရင်း-
“ရန်ကုန်တက္ကသိုလ် အဆောင်တွေမှာ ခိုလှုံခွင့်ရတာ မင်းတို့ ဘယ်လောက် ဂုဏ် ယူဖို့ ကောင်းသလဲ၊ ငါတို့တောင် မနေခဲ့ရ ဖူးဘူး၊ မင်းတို့ နေခွင့်ရတာ ကံကောင်း လိုက်တာ၊ မင်းတို့ ကြိုးစားကြနော်”
ဟု မိမိအဖြစ်နှင့် နှိုင်းယှဉ်ပြီး အားပေးခဲ့ဖူး သည်။ ကလေးတွေကလည်း အံကြိတ်ပြီး “ကြိုးစားပါ့မယ်”ဟု တညီတညွတ်တည်း ပြန်ဖြေကာ အပြောနှင့်အလုပ် တစ်ထပ်တည်း ကျအောင် AUG အားကစား ပြိုင်ပွဲမှာ ဆုများ ရယူပေးခဲ့ကြလေရာ အမှတ်တရများစွာပင် ဖြစ်လေသည်။
တစ်နှစ်တစ်ခါ အပြောင်းအရွှေ့ထွက် သော တက္ကသိုလ် ဆရာ၊ ဆရာမ ရပ်ဝန်းတွင် လည်း ရန်ကုန်တက္ကသိုလ်သို့ အပြောင်းအရွှေ့ တာဝန်ကျလျှင် ထိုအပြောင်းအရွှေ့ကျသော ဆရာ ဆရာမများသည် ပို၍ ပျော်ရွှင်မြူးထူး နေပုံရသဖြင့် -
“ဘယ်နှယ့် ဆရာမ … ရန်ကုန်တက္ကသိုလ် တာဝန်ကျလို့ ပျော်နေပြီလား” လို့ မေးမိသည်။
“မိန်းထဲ ပြန်ကျဖို့ဆိုတာ အလွန် ကံကောင်းမှလေ … ပျော်တာပေါ့” ဟု ပြန်ဖြေ တတ်ကြသည်။ ပျော်သည်ထက် ဂုဏ်ယူ ကြသည့် ဆရာ၊ ဆရာမများက ပို၍ များသဖြင့် မုဒိတာထား ပီတိပွားရလေသည်။ သူတို့ သည်လည်း သမိုင်းထဲက ရန်ကုန်တက္ကသိုလ် ကြီးကို ချစ်ခင်မြတ်နိုး တန်ဖိုးထားကြပေလိမ့်မည်။
နိုင်ငံဂုဏ်ဆောင် တက္ကသိုလ်
ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် ကာလတွင် အမိတက္ကသိုလ်ကြီး၏ ရာပြည့် သဘင်ကို အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းဂုဏ်ပြု မြှင့်တင်ပေးကြသကဲ့သို့ ရန်ကုန်တက္ကသိုလ်ကြီးအား အနာဂတ် ကာလတွင် နိုင်ငံတကာအလယ်၌ အကောင်းဆုံး တက္ကသိုလ်ကြီးဖြစ်လာစေ ရေးကို မျှော်မှန်း၍ ဝိုင်းဝန်းကြိုးပမ်း အားထုတ် ဂုဏ်မြှင့်ပေးကြရမည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဂုဏ်ဆောင်၊ မြန်မာ တစ်မျိုးသားလုံးက အမြတ်တနိုးတန်ဖိုးထား သည့် ရန်ကုန်တက္ကသိုလ်ကြီးသည် သမိုင်း ကြောင်းတစ်လျှောက် နိုင်ငံသားများအား ပညာအမွေပေးဝေခဲ့ပြီး နိုင်ငံတော်၏ အကျိုး စီးပွား၊ နိုင်ငံတော်၏ ဂုဏ်ဒြပ်မြင့်မားရေး အတွက်ပါ တာဝန်ကျေပွန်စွာ ထမ်းပိုး ဆောင်ကြဉ်းပေးခဲ့ပြီ ဖြစ်ပါသည်။
ကျွန်တော်တို့ မျိုးဆက်သစ်များ အနေဖြင့်လည်း အမိရန်ကုန်တက္ကသိုလ် ကြီး၏ ကောင်းကျိုးတရားများကို ရှေးရှု ၍ နိုင်သည်ဘက်မှ နိုင်ရာဝန်များကို ထမ်းကာ စွမ်းစွမ်းတမံ ကြိုးစားသယ်ပိုး အားထုတ် ဂုဏ်မြှင့်သင့်ပါကြောင်း မှတ်တမ်းတင် ရေးသားတိုက်တွန်းလိုက်ရ ပါတော့သည်။ ။
ဇင်မင်းစိုး (ဗိုလ်ကလေး)

စာရေးသူ၏ ကိုယ်ရေးအကျဉ်း
- အမည်ရင်းမှာ ဦးဇင်မင်းစိုး ဖြစ်သည်။
- အဖ ဦးစိုးမြင့်၊ အမိ ဒေါ်မြင့်မြင့် စန်းတို့မှ ၃၁-၁-၁၉၈၉ ရက်နေ့ တွင် မွေးဖွားခဲ့သည်။ မွေးချင်း ရှစ်ဦး ရှိသည်။
- တာဝန်ထမ်းဆောင်မှု-
ကျောင်းဆရာဘဝမှ တက္ကသိုလ် ဝန်ထမ်းဘဝကို ကူးပြောင်း တာဝန် ထမ်းဆောင်ရင်း စာပေ၊ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတိုများကို ရေးသားလျက်ရှိ ပါသည်။