Skip to main content

ကံ့ကော်ရပ်ဝန်းမှ ကျွန်မ၏ဆရာများ

ရန်ကုန်တက္ကသိုလ်ရာပြည့်နှင့်အတူ ကျွန်မ၏စိတ်အာရုံ တွင် ငယ်စဉ်ကလေးဘဝမှစ၍ ပညာသင်ကြားပေးခဲ့သည့် ဆရာ ဆရာမများ၏ရုပ်ပုံလွှာများ အစီအရီပေါ်လာ ပါသည်။ ငယ်စဉ်ကလေးဘဝမှစ၍ ယခုအချိန်အထိ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတို့မှာ များပြားလှပါ သည်။ ကံ့ကူလက်လှည့်ဆရာများ၏ ကျေးဇူးတရားများကလည်း ကြီးမားလှပြီး ရင်ထဲတွင် အမြဲကိန်းအောင်းကာ မှတ်မှတ်ထင်ထင်ရှိပါသည်။

ကျွန်မကို ပညာအမွေပေးခဲ့ကြသည့် ဆရာကြီးဆရာမကြီးများ၏အကြောင်းကို ရေးသားမည်ဆိုလျှင် စာအုပ်တစ်အုပ်ပင် ရရှိနိုင်ပါမည်။ ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်နှင့်အတူ ၂၀၀၁-၂၀၀၂ ခုနှစ် ရန်ကုန် တက္ကသိုလ်ပါရဂူအကြိုသင်တန်း (တစ်နှစ်သင်တန်း) တွင် ပညာသင်ကြားပို့ချပေးခဲ့သည့် ဆရာကြီး ဆရာမ ကြီးတို့ ဂုဏ်ကျေးဇူးကို အောက်မေ့မိသဖြင့် ဖော်ထုတ် ရေးသားလိုပါသည်။ အသက် ၄၀ ကျော်အရွယ် ကထိက ဘဝတွင် ပါရဂူအကြိုသင်တန်းတက်ရသည်ကိုလည်း မှတ်မှတ်ရရ ရှိမိပါသည်။

အနန္တဂိုဏ်းဝင်ကျေးဇူးရှင် ဆရာ ဆရာမများကို နေ့စဉ်ဘုရားရှိခိုးသည့်အခါတိုင်း လက်ဆယ်ဖြာအုပ်မိုး၍ ကန်တော့ပါသည်။

ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် မြန်မာစာ ပါရဂူဘွဲ့အစီအစဉ်သည် ပါမောက္ခဆရာမကြီး ဒေါ်ပို၏ လက်ထက်တွင် စတင်အခြေချခဲ့ပါသည်။ ပါမောက္ခ ဆရာမကြီး ဒေါ်ခင်မေနွဲ့ လက်ထက် ၁၉၉၅ ခုနှစ်တွင် အကောင်အထည်ပေါ်ခဲ့ပါသည်။ ပါရဂူဘွဲ့အကြိုဝင်ခွင့် စာမေးပွဲကျင်းပပြီး ဝင်ခွင့်အောင်မြင်သူကို ပါရဂူဘွဲ့ အကြိုသင်တန်း တစ်နှစ်တက်စေပါသည်။ တစ်နှစ် သင်တန်းတက်ပြီး စာမေးပွဲဖြေဆိုအောင်မြင်ပါက သုတေသနပြုပြီး ကျမ်းတင်ခွင့်ရပါသည်။ ထို့ပြင် မဟာသုတေသနဘွဲ့ရသည့် ကျောင်းသား ကျောင်းသူများ သည် ဝင်ခွင့်ဖြေဆိုစရာမလိုဘဲ ပါရဂူဘွဲ့အကြိုသင်တန်း ကို တက်ရောက်ခွင့်ရှိပါသည်။ ပြီးနောက် သုတေသန ကျမ်း တင်သွင်းရပြီး ပါရဂူဘွဲ့ ရယူကြပါသည်။ ဝါရင့် ဆရာ ဆရာမများသည်လည်း သုတေသနပြု၍ ကျမ်းပြု ပြီးပါက ပါရဂူဘွဲ့ ရယူကြပါသည်။ ကျွန်မ တက်ရောက် သည့် ၂၀၀၁- ၂၀၀၂ ခုနှစ် ပညာသင်နှစ်သည် မြန်မာစာ ဌာန ပါရဂူအကြိုသင်တန်း၏ (၆)ကြိမ်မြောက်ဖြစ်ပြီး မဟာသုတေသနဘွဲ့ရများအပါအဝင် (ဘာသာ၊ စာပေ) ပါရဂူအကြိုသင်တန်းကို ၄၇ ဦး တက်ခွင့်ရပါသည်။ (၅)ကြိမ်မြောက်အထိ ပါရဂူအကြိုသင်တန်း အောင်မြင် ပြီးသူမှာ ၁၈ ဦးရှိပြီး ထိုဆရာ ဆရာမ ၁၈ ဦးသည် ၎င်းအချိန်က သုတေသနကျမ်းပြုနေဆဲ ဖြစ်ပါသည်။

၂၀၀၁-၂၀၀၂ ခုနှစ်တွင် ကျွန်မပါရဂူအကြိုသင်တန်း (ဘာသာ)ကို တက်ရောက်ခွင့်ရပြီး ထိုအချိန်၌ ရန်ကုန် တက္ကသိုလ် မြန်မာစာဌာန၏ ပါမောက္ခ/ဌာနမှူးမှာ ဆရာ ကြီး ဒေါက်တာခင်အေးဖြစ်ပါသည်။ ပါရဂူဘွဲ့အကြို သင်တန်း(ဘာသာ)မှာ သင်ကြားပေးသည့် ဆရာကြီး ဆရာမကြီးများကတော့ ဆရာကြီး ဦးရွှေသွင်၊ ဆရာကြီး ဦးမြိုင်သန့်၊ ဆရာကြီး ဦးတင်မောင်ဌေး၊ ဆရာကြီး ဒေါက်တာထွန်းတင့်၊ ဆရာကြီး ဦးအောင်သောင်း၊ ဆရာကြီး ဦးထွန်းမြင့်(တက္ကသိုလ်မင်းမော်)၊ ဆရာကြီး ဦးတိမ်ကြည်၊ ဆရာကြီးဒေါက်တာခင်အေး (မောင်ခင်မင်- ဓနုဖြူ)၊ ဆရာမကြီး ဒေါ်မာလေး၊ ဆရာမကြီး ဒေါ်ခင်စန်း၊ ဆရာ ဒေါက်တာ အောင်မြင့်ဦးတို့ ဖြစ်ပါသည်။

ဆရာကြီးဦးရွှေသွင်

ဆရာကြီး ဦးရွှေသွင်သည် ပါမောက္ခမှ သက်ပြည့် အငြိမ်းစားယူကာ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် အချိန်ပိုင်းပါမောက္ခ၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင် အဖွဲ့၏ အမှုဆောင်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ မဟာဝိဇ္ဇာဘွဲ့ကို ရန်ကုန်မဟာဝိဇ္ဇာ (အထွေထွေဘာသာဗေဒ နှင့် သဒ္ဒဗေဒ)ကို လန်ဒန်တက္ကသိုလ်မှ ရရှိခဲ့သည်။ သဒ္ဒဗေဒ သင်ကြားမှုအတွက် အထောက်အကူပြုသည့် “သဒ္ဒဗေဒ ဖတ်စာ”ကို ၁၉၆၈ ခုနှစ်တွင် မြန်မာဘာသာပြန်ဆိုခဲ့ပါသည်။ ဆရာကြီးသည် စကားပြောဆို ရာတွင် အေးဆေးစွာ ပြောဆိုတတ်ပြီး စိတ်ဆိုးသည်ကိုလည်း မတွေ့ရပါ။

ပါရဂူအကြိုသင်တန်းတွင် သဒ္ဒဗေဒဘာသာရပ်ကို သင်ကြားပေးပါသည်။ ဆရာသည် စာသင်ရာတွင် တိုးညင်း စွာဖြင့် ပြောပြီးသင်လေ့ရှိသည်။ ကျွန်မတို့မှာ အာရုံစိုက်ပြီး တိတ်ဆိတ်စွာ နားထောင်ခဲ့ကြရပါသည်။ ဆရာ၏ ခံယူချက် မှာ “ကိုယ့်အကြောင်းကိုယ်ပြောတာ အန္တရာယ်အကင်းဆုံး” ပင်ဖြစ်သည်။ ထို့ကြောင့် တစ်ပါးသူအကြောင်းကို ပြောလေ့ မရှိပါ။ မှားသည်ဟူသော ဝေါဟာရကို သုံးလေ့မရှိပါ။ “မမှန်” ဟူသောအသုံးကို သုံးလေ့ရှိပါသည်။ အချိန်အတိအကျ အတန်းဝင်ပြီး သဒ္ဒဗေဒဘာသာရပ်ကို သင်ကြားသည့်အခါ နိုင်ငံရပ်ခြားအတွေ့အကြုံများကို ပြောပြသင်ကြားလေ့ ရှိပါသည်။ ဆရာကြီးသည် ၂၁-၂-၂၀၁၆ ရက်နေ့တွင် ကွယ်လွန်ခဲ့သော်လည်း မမေ့နိုင်ပါ။ သဒ္ဒဗေဒဟူသော စကားလုံးကိုကြားရလျှင် ဆရာကြီးနှင့်တွဲ၍ သတိရလျက်ရှိပါသည်။ ဆရာကြီး ကွယ်လွန်ခဲ့သော်လည်း ဆရာကြီး၏ ကျေးဇူးတရားကို ထာဝရ သတိရနေမည်သာ ဖြစ်ပါသည်။

ဆရာကြီး ဦးမြိုင်သန့်

ဆရာကြီး ဦးမြိုင်သန့်ကိုတော့ အမည်ကို ရင်းနှီးစွာသိနေပြီး ပါရဂူဘွဲ့အကြိုတန်းရောက်မှ သင်ကြားမှုကို ခံယူရပါသည်။ ဆရာကြီးသည် ရခိုင်တိုင်းရင်းသားဖြစ်ပြီး ပါရဂူအကြိုသင်တန်းတွင် ရခိုင်သမိုင်း၊ ရခိုင်ဘာသာစကား၊ ပျူစာတို့ကို သင်ကြား ပေးပါသည်။ ဆရာကြီးသည် အငြိမ်းစားယူပြီးသောအခါ ပိုင်ဆိုင်သည့်စာအုပ်များကို စာကြည့်တိုက်သို့ အကုန်လှူခဲ့ပါသည်။ ထို့ကြောင့် စာသင် ရင်းဖြင့် ပြန်မှတ်မိလာပြီဟု ပြောလေ့ရှိပါသည်။ ဆရာကြီး၏ စာသင်ချိန်သည် နံနက် ၁၁ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖြစ်ပါသည်။ တစ်ခါတစ်ရံ နာရီဝက်ခန့် ကျော်သွားသည် လည်းရှိပါသည်။ မွန်းလွဲ ၁ နာရီတွင် သင်ရမည့်ဆရာက လည်း အတန်းဝင်ရန် စောင့်နေပါသည်။ ထိုအခြေအနေမျိုး တွင် ကျွန်မတို့မှာ နေ့လယ်စာကို အမြန်စားကြရပါသည်။

တစ်နေ့တွင် အတန်းထဲမှ ဆရာတစ်ဦးက တိုင်ကပ် နာရီကို ၁၅ မိနစ်ခန့် ရှေ့တိုးထားပါသည်။ စာသင်နေစဉ် နာရီကို လှမ်းကြည့်ပြီး ခင်ဗျားတို့ နာရီမမှန်ဘူး မှန်အောင် ပြန်လုပ်လိုက်ဦးဟုပြော၍ ကျွန်မတို့မှာ ကျိတ်ရယ်ရပါသည်။ ဆရာကြီးတွင် သမီးနှစ်ယောက်ရှိရာ နှစ်ဦးစလုံးမှာ ဆရာဝန်များဖြစ်ပြီး တစ်ဦးမှာ ကလေးအထူးကုဆရာဝန် ကြီးဖြစ်ကြောင်း၊ “ခင်ဗျားတို့ ကလေးတွေ နေမကောင်းရင် သူ့ဆီသွား၊ ကျွန်တော့်နာမည်ပြောလိုက် အလကားကုပေး မယ်” ဟုပြောရာ အားလုံးကလက်ခုပ်တီးပြီး “ဟေး…” ဟု အော်ကြပါသည်။

ပျူစာသင်သည့်အခါ ပျူအက္ခရာလေးများမှာ အလွန် လှကြောင်း အမြဲပြောလေ့ရှိပါသည်။ ရခိုင်ကျောက်စာများ သင်ကြားရာတွင် “အေဒီ ၆ ရာစုနှင့် ယင်းမတိုင်မီ ရခိုင်ပြည် သုံးအက္ခရာ”စာအုပ် (ဦးစံသာအောင် - ကွယ်လွန်၊ ညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်ပညာဦးစီးဌာန)၏ စာအုပ် ကို ညွှန်းပြီးသင်ပါသည်။ ဆရာကြီး ဦးစံသာအောင်သည် ရူပဗေဒဆရာကြီးဖြစ်သော်လည်း ရခိုင်စာပေ၊ ယဉ်ကျေးမှု ကို ဖော်ထုတ်သည့်အတွက် ဂါရဝဖြင့် ချီးကျူးမိပါသည်။ ၂၀၀၉ ခုနှစ် ကမ္ဘာ့ဆရာများနေ့တွင် နိုင်ငံတော်က ချီးမြှင့် သည့် မြတ်ဆရာဂုဏ်ထူးဆောင်ဆုကို ဆရာကြီး ဦးမြိုင်သန့် ရရှိခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၏ အလုပ်အမှုဆောင် အဖြစ် ကွယ်လွန်သည့်အချိန်အထိ တာဝန်ထမ်းဆောင်ခဲ့ပါ သည်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် ကွယ်လွန်ခဲ့ပါ သည်။ ဆရာကြီးပေးခဲ့သည့် ဘာသာစကားအမွေများကို အောက်မေ့တသနေလျက်ပါ။

ဆရာကြီးဦးတင်မောင်ဌေး

ပါရဂူဘွဲ့အကြိုသင်တန်း(ဘာသာ)တွင် “မြန်မာ ဘာသာစကားနှင့်အစဉ်အလာ”ကို ပို့ချပေးသည့် ဆရာ ကြီးမှာ ဆရာကြီး ဦးတင်မောင်ဌေး ဖြစ်ပါသည်။ ဆရာကြီး သည် ပါရဂူဘွဲ့အကြိုသင်တန်း(စာပေ + ဘာသာ) နှစ်တန်း လုံး ပို့ချပါသည်။ ကိုယ်နေဟန်ပန်အပြည့်ရှိပြီး တိုက်ပုံ အမြဲဝတ်ကာ လွယ်အိတ်လွယ်လေ့ရှိပါသည်။ စာသင်လျှင် ဟန်ပန်အပြည့်ဖြင့် တစ်ခါတစ်ရံ ဟာသနှောပြီး ပို့ချလေ့ရှိပါ သည်။ မှတ်ဉာဏ်ကောင်းသူတစ်ဦး ဖြစ်ပါသည်။ တပည့် များ၏အမည်များကို မှတ်မိပါသည်။ တစ်ကိုယ်ရေ တစ်ကာယ တစ်ဦးဖြစ်ပြီး ယခုအချိန်တွင် အသက် ၉၀ ကျော်ပြီဟု သိရပါသည်။ အာစရိယပူဇော်ပွဲကို နှစ်စဉ် တက်ရောက်လေ့ရှိပြီး မြန်မာစာဌာန၏ သက်တော်ရှည်ဆရာတစ်ဦး ဖြစ်ပါသည်။ ဆရာကြီး ပို၍သက်ရှည်ကျန်းမာပါစေဟု ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

ဆရာကြီး ဦးအောင်သောင်း

မြန်မာစာပေတွင် အရေးနှင့် အနက်သည်လည်း အရေးကြီးသည့်ကဏ္ဍမှ ပါဝင်ပါသည်။ မြန်မာစာရေးထုံး ဆိုင်ရာ သဘော တရားများကို နက်နက်ရှိုင်းရှိုင်း၊ ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးသည့်ဆရာကြီးမှာ ဆရာကြီး ဦးအောင်သောင်း ဖြစ်ပါသည်။ ဆရာကြီးသည် ရေးထုံးကိစ္စများကို တစ်သမတ်တည်း စူးစူးစိုက်စိုက် အာရုံပြုခဲ့သူလည်း ဖြစ်ပါသည်။ ပါရဂူဘွဲ့အကြိုသင်တန်း တွင် ရေးထုံးဆိုင်ရာ မြန်မာမှုအမွေအနှစ်များကို ပို့ချပေး ခဲ့ပါသည်။ မြန်မာဘာသာစကားရှိ “အနက်စွဲအရေး၊ အသံစွဲအရေး” တို့ကိုလည်း သာဓကများနှင့်တကွ ပို့ချပေးခဲ့ပါသည်။ တစ်ခါတစ်ရံ “ရတု၊ ရကန်”များကို သံနေသံထားဖြင့်ဆိုပြပါသည်။ ယခုအခါ စာဖတ်သူတို့ ရုပ်သံလိုင်း၊ ဇာတ်လမ်းပုံပြင် နားထောင်ချင်ကဏ္ဍတွင် ဇာတ်၊ နိပါတ်လာ ပုံပြင်များအကြောင်း ဟောပြောသည်ကို တွေ့မြင်နိုင်ပါသည်။ ဆရာကြီး ရေးသားခဲ့သည့် “မြန်မာ ပင့်ရစ်ခွဲထားဟန်” စာအုပ်သည် ရေးထုံးဆိုင်ရာ မြန်မာမှု အမွေအနှစ်ကို စူးစမ်းဖော်ထုတ်သည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။ ဆရာကြီးသည် ကျန်းမာစွာဖြင့် မိသားစုနှင့်အတူ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိပါသည်။ ကျန်းမာစွာဖြင့် ဘာသာ ၊ သာသနာ၊ နိုင်ငံ၏ စာပေအကျိုး များကို ထမ်းဆောင်နိုင်ပါစေဟု ဆုမွန် ကောင်းတောင်း လျက်ပါဆရာ။

မြန်မာစာပေတွင် အလင်္ကာများ၏ အခန်းကဏ္ဍကိုလည်း မေ့လျော့ထားခဲ့၍မရပါ။ စာရေးရာတွင် အဖွဲ့ အနွဲ့၊ အဆင်တန်ဆာ လိုအပ်ပါသည်။ ပါရဂူဘွဲ့အကြို ဘာသာတန်းတွင် မြန်မာစကားပညာရှင် ဝဇီရဗုဒ္ဓိ ဦးဖိုးစိန်၏ အလင်္ကာဖန်တီးပုံ၊ မြန်မာဘာသာစကား ဆိုင်ရာ အမြင်များကို ပို့ချပါသည်။ တိုင်းခြားဘာသာ စကားက အလင်္ကာအသုံးများကို ပို့ချသည့်အတွက် အလင်္ကာ၏ နက်နဲပုံများကို ကြိုးစားကျက်မှတ်ရပါသည်။ ဆရာသည် စာသင်ကြားပို့ချရာတွင် အေးဆေးစွာ လေသံပျော့ပျော့ဖြင့် ပို့ချပါသည်။ အနွေးထည်ပေါ်က တိုက်ပုံအင်္ကျီ အမြဲထပ်ဝတ်ထားပါသည်။ ကျွန်မတို့ ဆရာမဖြစ်ခါစ ဆရာစာလာသင်လျှင် တောင်ငူဆောင် အောက်ဆုံးထပ် သို့မဟုတ် အလယ်ထပ်တွင် နားနား နေနေ နေပြီးမှ တစ်ဆင့်ချင်း အပေါ်ထပ်သို့တက်ပါသည်။ တစ်ခါသော် တောင်ငူဆောင် အလယ်ထပ် T-108 တွင် ဆရာ စာသင်ပါသည်။ ဆရာ့အချိန်ပြီးလျှင် ဆရာဦးထွန်းမြင့် (တက္ကသိုလ် မင်းမော်)၏ အချိန် ဖြစ်ပါသည်။ မိနစ်အနည်း ငယ်ခန့်ကျော်လွန်သွားသည်ကို ဆရာသတိမထားမိပါ။ ဆရာ ဦးထွန်းမြင့်က ကျွန်မအား စာရွက်တစ်ရွက်တွင် ရေးထားသောကဗျာတိုကို ဆရာ့အား သွားပေးရန်ပြောပါ သည်။ ကျွန်မက ဆရာ့အား မပေးရဲပါ။ ဖတ်တော့ကြည့် လိုက်မိပါသည်။ ထိုကဗျာလေးကတော့ “မမောလျှင်သင်၊ မောလျှင်မသင်နဲ့၊ ပြေလည်ရာပြေလည်ကြောင်း ပြောလိုက်ပါကြောင်း” ဟူ၍ ရေးထားပါသည်။ ဆရာ သည် တက္ကသိုလ်တောသားအမည်ဖြင့် ကဗျာများ၊ အောင်နိုင်(တက္ကသိုလ်) အမည်ဖြင့် ဝတ္ထုတို၊ ပြဇာတ်၊ စာတမ်း၊ ရသများရေးခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် “ဝေဟင်စံ မိတ်ဆွေများ” စာမူဖြင့် စာပေဗိမာန် (ကလေးစာပေ) ပထမဆု ရရှိခဲ့ပါသည်။ ဆရာသည် ကျွန်မတို့ ပါရဂူအကြို သင်တန်းတက်စဉ်က တောင်ငူဆောင်အပေါ်ဆုံး ထပ်အထိ တက်ရောက်ကာ စာသင်ကြားပို့ချပေးခဲ့ရာ အသက်ရလာ မှ ကျန်းမာရေးပိုကောင်းလာသည်ကို တွေ့ရပါသည်။ ယခုအခါမြန်မာစာအဖွဲ့ အချိန်ပြည့်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေပြီး စာပေများကိုလည်း ရေးသား လျက်ရှိရာ ဆရာကြီးကျန်းမာပြီး စာပေအကျိုးများကို ပို၍ဆောင်ရွက်နိုင်ပါစေကြောင်း မေတ္တာပို့သလိုက်ပါ သည်။

ဆရာကြီး ဦးထွန်းမြင့်

ပါရဂူအကြိုသင်တန်းတွင် ဘာသာဗေဒဘာသာရပ် ကို ပို့ချပေးသည့် ဆရာကြီးမှာ ဆရာကြီး ဦးထွန်းမြင့် ဖြစ်ပါသည်။ ဆရာသည် ၁၉၆၈-၁၉၇၁ ခုနှစ်အထိ အင်္ဂလန်နိုင်ငံတွင် ဘာသာဗေဒ၊ သဒ္ဒဗေဒဘာသာရပ်များ ဆည်းပူးခဲ့ပါသည်။ မြန်မာနိုင်ငံမှ မဟာဝိဇ္ဇာဘွဲ့ ရရှိပြီး အင်္ဂလန်နိုင်ငံ လန်ဒန်တက္ကသိုလ်မှ အမ်ဖီးလ်ဘွဲ့ရရှိခဲ့ပါ သည်။ သူငယ်ချင်းကဗျာများကို ရေးသားခဲ့ပါသည်။ “သူငယ်ချင်းကဗျာစု(၄)”အထိထွက်ရှိခဲ့သည်။ မြန်မာစာ ဌာနအတွက် လက်ကိုင်ထားရမည့် ဘာသာဗေဒ၊ သဒ္ဒဗေဒ စာအုပ်ကိုလည်း ရေးသားပြုစုခဲ့ပါသည်။ စာသင်ကြား ပို့ချရာတွင် မေတ္တာအပြည့်ဖြင့်သင်ပါသည်။ သို့သော် စိတ်မရှည်ပါ။ တပည့်များကို သားသမီးလိုတစ်မျိုး၊ သူငယ်ချင်းကဲ့သို့တစ်ဖုံ ဆက်ဆံပါသည်။ ဆူစရာရှိလျှင် လည်း လူရှေ့မရှောင်ဆူ လေ့ရှိပါသည်။ ကျွန်မတို့ကို ပို့ချသောအခါ တွဲဖက်ပါမောက္ခဘဝ အငြိမ်းစားယူပြီးချိန် ဖြစ်ပါသည်။ ဆရာပြောလေ့ရှိသည့် စကားကတော့ “ငါ့မှာ ပါမောက္ခဖြစ်တာတောင် တွဲဖက်ပြီး ဖြစ်ရတယ်ဟယ်၊ အီကြာကွေးကျနေတာပဲ” ဟူ၍ ဖြစ်ပါသည်။

ဘာသာဗေဒသင်ကြားပို့ချချိန်တွင် အင်္ဂလိပ်ဝေါဟာ ရများ မေးလေ့ရှိပါသည်။ တပည့်များထံမှ အသံတိတ် နေလျှင် “အေး.....မြွေပွေးကိုင်မလား၊ အင်္ဂလိပ်စကား ပြောမလားဆို၊ မြွေပွေးကိုင်မယ့်အဖွဲ့တွေ” ဟု ပြောလေ့ ရှိပါသည်။ ကျွန်မတို့အားလုံး ပြုံးနေကြပါသည်။ ကျွန်မတို့ ဘာသာတန်းတွင် ယောက်ျားလေး ခြောက်ဦးသာရှိပြီး “ညည်း” ဟူသော နာမ်စားကို အသုံးပြုပြောလေ့ရှိပါသည်။

“ညည်းတို့တွေ ကားမောင်းလိုင်စင်ပြလို့မရဘူး၊ ကားတက်မောင်းပြရမယ်၊ အိမ်မှာ ဘွဲ့ဓာတ်ပုံချိတ်ပြီး ဘာမှမတတ်ရင် အလကားပဲ။ ကားမောင်းလိုင်စင်ထုတ်ပြ တာနဲ့ အတူတူပဲ” ဟု ပြောပြပါသည်။

ပါရဂူအကြိုတန်း ဒုတိယအကြိမ်မြောက်တွင် တက်ခဲ့သည့် တပည့်ဖြစ်သူ နိုင်ငံရပ်ခြားတစ်ခုတွင် ပညာတော်သင်သွားခဲ့ပြီး မိသားစုကို ခေတ္တအလည်ခေါ် သည်ကို ငါက “မီးတိုင်အောက်မှာ စာကြည့်ခိုင်းတာ၊ သူက လရောင်အောက်မှာ ချစ်သူနဲ့ ချိန်းတွေ့နေလေရဲ့” ဟု ကရုဏာဖြင့် ပြောပါသည်။ ထိုတပည့်သည် ပါရဂူဘွဲ့ကို ရရှိပြီး နိုင်ငံခြားတက္ကသိုလ်တစ်ခုတွင် ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါသည်။ (စကားချပ်)

ဆရာသည် ဘာသာဗေဒကို သင်သော်လည်း ကဗျာဆရာပီပီ တစ်ပါးသူအား ထိထိမိမိ ပြောတတ် သည့် ဉာဏ်ရည်ရှိသူဖြစ် ပါသည်။ ၂၀-၃-၂၀၀၅ ရက်နေ့ တွင် ကွယ်လွန်ခဲ့သည့်ဆရာ နှစ်တစ်ရာပြည့်နှင့်အတူ သတိရတမ်းတမိပါသည်။ ယခုကဲ့သို့ နှစ်တစ်ရာပြည့် ကာလကို ဘယ်လိုပြောပြီး ကဗျာတွေစပ်နေမလဲဟု တွေးမိပါသည်။ ဆရာမြင့်မြတ်သော ဘုံဘဝရောက်ရှိပြီး တက္ကသိုလ်ကြီးကို လွမ်းနေမည်ဟု ထင်မိပါသည်။

ဆရာကြီး ဦးတိမ်ကြည်

မြန်မာဘာသာစကားတွင် မွန်ကျောက်စာများ သည်လည်း အလွန်စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။ မွန်ကျောက်စာကို တတိယနှစ်မှ မဟာဝိဇ္ဇာတန်းအထိ သင်ကြားရပြီးဖြစ်သော်လည်း လေ့လာသိရှိစရာများ များစွာရှိပါသေးသည်။ ပါရဂူဘွဲ့အကြို သင်တန်းတွင် မွန်အက္ခရာသမိုင်း၊ ရှေးမွန်၊ ခေတ်လယ်မွန်၊ မွန်ဝါကျ ဖွဲ့နည်း၊ အခြေခံဝါကျဖွဲ့နည်းတို့ကို ပို့ချပေးသည့် ဆရာ ကြီးမှာ ဆရာကြီး ဦးတိမ်ကြည်ဖြစ်ပါသည်။ ဆရာကြီး သည် ပို့ချသည့်အခါ အားမာန်အပြည့်ဖြင့် ပို့ချလေ့ရှိပြီး ရယ်ပြုံးခြင်း နည်းပါးပါသည်။ မကြာခဏ စာမေးလေ့ ရှိပြီး စာမေး၍ရလျှင် ချီးကျူးလေ့ရှိပါသည်။ တစ်ခါတစ်ရံ တစ်တန်းလုံးကို မေးသည့်အခါ ကျွန်မတို့က ရှေ့ဆုံးမှ နေ၍ အသံကျယ်လောင်စွာဖြင့် ဖြေကြားခဲ့ကြပါသည်။ သင်သမျှစာကို ခဏခဏ ပြန်မေးလေ့ရှိပါသည်။ ဆရာ ကြီးသည် မွန်ကျောက်စာများကိုသာ သင်ကြားပေးလာ ခဲ့သည့်အတွက် မွန်ကျောက်စာများကိုမြင်လျှင် ဆရာ ကြီး၏ မျက်နှာသွင်ပြင် ပေါ်လာပါတော့သည်။ ဆရာကြီး သည် မွန်ကျောက်စာ သုတေသနစာတမ်းအများအပြား ပြုစုခဲ့ပါသည်။ ဆရာကြီးသည် ထားဝယ်ဇာတိဖြစ်ပြီး ဟင်္သာတကောလိပ် ကျောင်းအုပ်ကြီး၊ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ကျောင်းအုပ်ကြီး တာဝန်များ ဆောင်ရွက် ခဲ့ပါသည်။ ကျွန်မတို့အား မွန်ကျောက်စာ၊ မွန်ဘာသာ စကား ပို့ချပြီး ပညာအမွေပေးခဲ့သည့် ဆရာကြီး ၁၃-၂-၂၀၁၆ ရက်နေ့တွင် ကွယ်လွန်ခဲ့ပါသည်။ ဆရာကြီး မြင့်မြတ်သော ဘုံဘဝရောက်ရှိနေမည်ကို ရည်မှန်းပြီး လက်စုံမိုး၍ ကန်တော့လိုက်ပါသည်။

ဆရာကြီး ဒေါက်တာခင်အေး

ကျွန်မတို့ ပါရဂူဘွဲ့အကြိုသင်တန်းတက်စဉ် မြန်မာစာ ဌာန၏ ပါမောက္ခ/ဌာနမှူးမှာ ဆရာကြီး ဒေါက်တာခင်အေး ဖြစ်ပြီး ဆရာကြီးသည် စီမံရေးသာမက သင်ကြားရေးကို လည်း တာဝန်ယူပါသည်။ ပါရဂူအကြိုတန်း စတက်တက် ချင်း ကိုယ်ရေး ရာဇဝင် ဖိုင်ဖြည့်ရန်၊ နေ့စဉ်မှတ်တမ်းရေး ပြီးတင်ရန်၊ ကျွန်ုပ်နှင့် ဘာသာစကားလေ့လာမှုအကြောင်း စာမျက်နှာ ငါးမျက်နှာခန့် ရေးပြီးတင်ရန် ညွှန်ကြားပါသည်။ နေ့စဉ်မှတ်တမ်းရေးပြီး ဆရာ့ထံ တင်ရပါသည်။ ထိုနေ့စဉ် မှတ်တမ်းကို ယူကြည့်ပြီး လက်မှတ်ပြန်ထိုးပေးပါသည်။ စာပို့ချလျှင်လည်း စာမေးလေ့ရှိပါသည်။ တပည့်များကို ပညာပြည့်ဝစေရန် အာသီသရှိသည့် ဆရာကြီး ဖြစ်ပါသည်။ ဆရာ အမြဲပြောသည့်စကားမှာ “စာကို မရမချင်းဖတ်၊ မမှတ်မိလျှင် အထပ်ထပ်အခါခါဖတ်”ဟူ၍ ဖြစ်ပါသည်။ ဆရာသည် ကျွန်မတို့ကို တတိယနှစ်မှစ၍ ပို့ချသင်ကြား ပေးခဲ့သည့် ဆရာကြီးဖြစ်ပါသည်။ ဆရာသည် မြန်မာစာပေ ကြီးပွားတိုးတက်ရေးအတွက် စွမ်းဆောင်နေသည့် စွမ်းဆောင်ရှင်တစ်ဦးအဖြစ် မှတ်ချက်ချမိပါသည်။ ဆရာ ရေးသားခဲ့သော စာအုပ် ၁၀၀ မြောက်မှာ “မင်းသုဝဏ် ဋီကာ” ဖြစ်ပြီး ဆရာသည် မြန်မာစာအဖွဲ့ အချိန်ပြည့်အဖွဲ့ဝင် အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီဝင်အဖြစ် ဆောင်ရွက် လျက်ရှိပါသည်။

ဆရာသည် ပါရဂူအကြိုသင်တန်းတွင် အတ္ထဗေဒ ဘာသာရပ်ကို ပို့ချပေးပါသည်။ စာပေအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက် လျက်ရှိပြီး ရသစာတမ်းများ၊ ဆောင်းပါး များ၊ စာအုပ်များ၊ သုတေသနစာတမ်းများ ရေးသားခဲ့ပါ သည်။ ရေးသားနေဆဲ လည်းဖြစ်ပါသည်။ စာပေဗိမာန်စာမူ ဆု၊ အမျိုးသားစာပေဆု၊ အမျိုးသားစာပေ တစ်သက်တာဆု၊ ထွန်းဖောင်ဒေးရှင်းစာပေဆု၊ ဆရာဝန်တင်ရွှေစာပေ တစ်သက်တာဆု၊ ထွန်းဖောင်ဒေးရှင်းတစ်သက်တာဆု၊ သုတစွယ်စုံ တစ်သက်တာဆုများ ရရှိထားပါသည်။ ဆရာ ကျန်းမာသက်ရှည် စာများရေးနိုင်ပါစေဟု ဆုတောင်း လိုက်ပါသည်။

ဆရာမကြီး ဒေါ်မာလေး

မြန်မာဘာသာစကားနယ်ပယ်တွင် မြန်မာကျောက်စာများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးလှပါသည်။ ပါရဂူဘွဲ့အကြို သင်တန်းတွင် မြန်မာကျောက်စာပို့ချ သင်ကြားပေးသည့် ဆရာမကြီးမှာ ဆရာမကြီး ဒေါ်မာလေး (တက္ကသိုလ်ဝင့်မာ) ဖြစ်ပါသည်။ အစဉ်အမြဲတက်ကြွ လန်းဆန်းပြီး မှတ်ဉာဏ်အလွန်ကောင်းပါသည်။ ခေတ်မီစွာ ဝတ်စားဆင်ယင်ပြီး အမြဲပန်းပန်လေ့ရှိပါသည်။ မြန်မာ ကျောက်စာများကို ပုံအမှတ်နှင့်တကွ မှတ်မိနေဆဲဖြစ်ပါ သည်။ လက်ရေးလှပြီး စနစ်ကျသည့် ဆရာမကြီးဖြစ်ပါသည်။ အကြောင်းအရာများကို ရက်စွဲများနှင့်တကွ မှတ်မိနေပါ သည်။ ကျွန်မ၏အဒေါ်(ဆရာမ၏ သူငယ်ချင်း) ကွယ်လွန်ခဲ့ သည့်ရက်ရောက်တိုင်း ဖုန်းဖြင့် သတိရကြောင်း အမြဲ ပြောလေ့ရှိပါသည်။ ယခုအခါဆရာမကြီးသည် အသက် ၈၆ နှစ်ကျော်ရှိပြီ ဖြစ်ပါသည်။ အကြောင်းအရာများကို အချိန် နှင့်တစ်ပြေးညီ သိရှိသူလည်းဖြစ်ပါသည်။ ဆရာကြီး ဦးထွန်းမြင့် မကွယ်လွန်မီက “မာလေးက အင်တာနက်ထက် မြန်တယ်။ အင်တာနက်က မီးပျက်ရင် ကြာတယ်။ မာလေး ကပိုမြန်တယ်” ဟု မှတ်ချက်ပြုခဲ့ပါသည်။

ဆရာမကြီး၏ မဟာဝိဇ္ဇာကျမ်း “မြန်မာဆွေမျိုးစပ် ဝေါဟာရများ”ကို စာပေဗိမာန်၏ ပြည်သူ့လက်စွဲစာစဉ် အဖြစ် ၁၉၇၇ ခုနှစ်က ထုတ်ဝေခဲ့ပါသည်။ ကျောက်စာ၊ မင်စာ၊ ပျို့ကဗျာ အကိုးအထောက်များနှင့် ကြံဆထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပြီး ဘာသာဗေဒ၊ သဒ္ဒဗေဒ အမြင်ဖြင့် သုံးသပ်ထားသော စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်က စိတ်ကူးချိုချိုစာပေမှ ဒုတိယအကြိမ် ရိုက်နှိပ် ထားပါသည်။ မြန်မာစာပေအတွက် အဖိုးတန်စာအုပ်ကောင်း တစ်အုပ်ဖြစ်ပြီး ကျန်းမာစွာဖြင့် စာပေအကျိုးများ ရွက်ဆောင်နိုင်ပါစေရန် ရန်ကုန်တက္ကသိုလ်နှစ်တစ်ရာပြည့် နှင့်အတူ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

ဆရာမကြီး ဒေါ်ခင်စန်း

မင်စာများသည် မြန်မာဘာသာစကားအတွက် တစ်ထောင့်တစ်နေရာမှ အကျိုးပြုပါသည်။ ဘုရား၊ ပုထိုး၊ နံရံများတွင် ကြာရှည်ခံမင်ဖြင့် ရေးထိုးထားခြင်းဖြစ်ပြီး ပုဂံဘုရားများတွင် လေ့လာတွေ့ရှိနိုင်ပါသည်။ ပါရဂူအကြို တန်းတွင် သင်ကြား ပို့ချပေးသည့် ဆရာမကြီးမှာ ဆရာမ ကြီး ဒေါ်ခင်စန်းဖြစ်ပါသည်။ မင်စာနှင့်စပ်လျဉ်း၍ စာတမ်း ရေးစေခြင်း၊ မသိသည်များကို စိတ်ရှည်လက်ရှည်ပို့ချခြင်း များကိုပြုလုပ်ပေးခြင်းဖြင့် မင်စာကို ပို၍စိတ်ဝင်စားစေပါ သည်။ ကျွန်မတို့ တတိယနှစ်တွင် နိုင်ငံရေးသိပ္ပံဘာသာရပ် ကို ပို့ချပေးခဲ့ပြီး သွက်လက်တက်ကြွကာ ဘာသာရပ်ကို ချစ်ခင်မြတ်နိုးလာစေရန် ပို့ချခဲ့ပါသည်။ ဆရာမကြီးသည် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ ပါမောက္ခ/ဌာနမှူးဖြင့် အငြိမ်းစားယူကာ ရန်ကုန်တက္ကသိုလ် ပါရဂူအကြိုသင်တန်း တွင် ပို့ချခြင်း၊ ပါရဂူကျမ်းများ ကြီးကြပ်ခြင်းတို့ကို တာဝန် ယူခဲ့ပါသည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ကွယ်လွန် ခဲ့ပါသည်။ ပါရဂူအကြိုတန်း “မင်စာ” ဘာသာရပ်အတွက် ပညာအမွေပေးခဲ့သည့် ဆရာမကြီး ကောင်းရာသုဂတိ ရောက်ပါစေကြောင်းနှင့် ကျေးဇူးတရားများကို အစဉ် အောက်မေ့သတိရလျက်ရှိပါသည်။

ဒေါက်တာအောင်မြင့်ဦး

ပါရဂူအကြိုတန်းဘာသာတွင် အရေးအသားစနစ်၊ သုတေသနလက်စွဲ၊ လူမှုဘာသာဗေဒဘာသာရပ်များကို ပို့ချပေးသည့် ဆရာကြီးမှာ မြန်မာစာဌာန ရန်ကုန်တက္ကသိုလ် ၏ ပထမဦးဆုံး ပါရဂူဘွဲ့ရရှိခဲ့သူ ဒေါက်တာအောင်မြင့်ဦး ဖြစ်ပါသည်။ ၁၉၉၅ ခုနှစ်တွင် ပါရဂူဘွဲ့ကြိုတန်းကို တက်ရောက်ခဲ့ပြီး သုတေသနပြုလုပ်ကာ ၂၀၀၀ ပြည့်နှစ် တွင် ရရှိခဲ့ခြင်းဖြစ်ပါသည်။ ဒေါက်တာအောင်မြင့်ဦး ရေးသားပြုစုခဲ့သည့် လူမှုဘာသာဗေဒမိတ်ဆက်၊ ဘာသာ စကားသုတေသနစာအုပ်များမှာ မြန်မာစာ ကျောင်းသား ကျောင်းသူများအတွက် များစွာအထောက်အကူပြုပါ သည်။ ကျွန်မနှင့်တတိယနှစ်မှ မဟာဝိဇ္ဇာတန်းအထိ အတန်း အတူတက်ခဲ့ရသည့် သူငယ်ချင်းဖြစ်ပါသည်။ သို့သော် ကျွန်မ ပါရဂူအကြိုတန်းတက်သောအခါ ကျွန်မ ၏ ဆရာဖြစ်လာပါသည်။ ဆရာသည် ၂၀၁၀ ပြည့်နှစ် အတွက် ဘာသာစကားသုတေသနစာအုပ်ဖြင့် အမျိုးသား စာပေဆုရရှိခဲ့ပါသည်။

ဆရာ၏ သင်ကြားပို့ချမှုကြောင့် သုတေသနဆိုင်ရာ များ၊ လူမှုဘာသာဗေဒအကြောင်းအရာများကို ပို၍ ဆည်းပူးခွင့်ရခဲ့ပါသည်။ ဆရာသည် စာများ အစဉ်တစိုက် ရေးသားနေသူဖြစ်ပါသည်။ မြန်မာစာဌာနမှ လူမှုဘာသာ ဗေဒကို စိတ်ဝင်စားသူများ ပေါ်ထွက်လာစေရန် လမ်းခင်း ပေးသည့် ပဲ့ကိုင်ရှင်တစ်ဦးလည်းဖြစ်ပါသည်။ ရန်ကုန် တက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ/ဌာနမှူးမှ မကြာသေး မီအချိန်က သက်ပြည့်အငြိမ်းစားယူခဲ့ပါသည်။ မျိုးဆက် သစ် မြန်မာစာ ကျောင်းသား ကျောင်းသူများအတွက် ဘာသာ၊ စာပေအမွေများ ဆက်လက်ပြီး လက်ဆင့်ကမ်း ပေးနိုင်ပါစေဟု ဆန္ဒပြုလိုက်ပါသည်။

၂၀၀၁-၂၀၀၂ ခုနှစ် ပါရဂူဘွဲ့အကြို( စာပေ)သင်တန်း တွင် ဆရာကြီး ဦးတင်မောင်ဌေး၊ ဆရာကြီး ဒေါက်တာ ခင်အေး၊ ဆရာကြီး ဦးတင်ရွှေ၊ ဆရာကြီး ဦးဝင်းမွန်၊ ဆရာကြီး ဦးဟုန်ဝမ်၊ ဆရာကြီး ဦးသန်းထွန်း၊ ဆရာကြီး ဦးသောင်းညို၊ ဆရာမကြီး ဒေါက်တာဒေါ်ပို၊ ဆရာမကြီး ဒေါ်ခင်မေနွဲ့၊ ဆရာမကြီး ဒေါက်တာခင်ဆွေမြင့်၊ ဆရာမ ကြီး ဒေါ်တင်ထွေးတို့ ပို့ချခဲ့သည်ဟု သိရှိရပါသည်။

ပါရဂူဘွဲ့ရရှိပြီးသော်လည်း လေ့လာစရာ၊ သိမှတ် စရာများစွာ ကျန်ရှိပါသေးသည်။ ပါရဂူဘွဲ့ရရှိရန်အတွက် စေတနာ၊ မေတ္တာအပြည့်ဖြင့် ပို့ချပေးခဲ့ကြသည့် ဆရာ ကြီး ဆရာမကြီးများ၊ ပါရဂူကျမ်းကို ကြီးကြပ်ပေးသည့် ဆရာကြီးဆရာမကြီးများ၏ ကျေးဇူးတရားကို ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်နှင့်အတူ ထာဝရသတိရ အောက်မေ့နေမည်သာဖြစ်ပါသည်။

ရန်ကုန်တက္ကသိုလ်ကြီးကတော့ ကံ့ကော်ရပ်ဝန်းမှာ ထာဝရလန်းဆန်းနေမည်သာဖြစ်ပြီး အသစ်အသစ်သော မျိုးဆက်သစ်များကို ကြိုဆိုနေမည်မှာ ဧကန်မလွဲပင် ဖြစ်ပါတော့သည်။ ကံ့ကော်ရပ်ဝန်းမှ ကျွန်မ၏ ဆရာများကို ဤစာစုဖြင့်ကန်တော့လိုက်ပါသည်။။

စုစုခိုင်(မြန်မာစာ)

251220KMS1(2).jpg