Skip to main content

ဆရာကြီး ဦးဖေမောင်တင်၏ နောက်ဆုံးအမှာစာ

၁၉၇၃ ခု   မတ်လ ၂၂ ရက်  ကြာသပတေးနေ့နံနက်ပိုင်းတွင် ကျင်းပသော ပညာလောကစာစောင်  စာတည်းအဖွဲ့ အစည်းအဝေး အပြီး၌ ရုတ်ခြည်းသတင်းတစ်ခု ဝင်လာသည်။ ထိုဝင်လာသောသတင်းမှာ “ဆရာကြီး ဦးဖေမောင်တင် နံနက်ပိုင်းတွင် ကွယ်လွန်သွားသည့်သတင်း” ပင် ဖြစ်သည်။ ဤသတင်းကို ကျွန်တော်တို့ တအံ့တဩ လက်ခံလိုက်ရသည်။ စင်စစ်အားဖြင့် ဤသတင်းကို ကျွန်တော်တို့ ယုံနိုင်စရာမရှိပါ။ သို့သော် ယုံလိုက်ကြရပါသည်။ တစ်ချိန်တည်းမှာပင် အနိစ္စတရားကိုလည်း လက်ခံလိုက်ကြရပါသည်။

ဤသတင်းကို   တအံ့တဩ    လက်ခံလိုက်ကြရခြင်းမှာ  အကြောင်းရှိနေပါသည်။ ရှိနေသည့်အကြောင်းမှာ လွန်ခဲ့သော မတ်လ ၁၁ ရက် တနင်္ဂနွေနေ့နံနက်ပိုင်းက ဆရာကြီး ၏ နေအိမ်သို့  ဆရာမင်းသုဝဏ်နှင့်အတူ ကျွန်တော်၊    ပျဉ်းမနား မောင်နီသင်း တို့ ရောက်ခဲ့ကြသည်။ ဆရာကြီးစားဖို့ မှတ်မှတ်ရရ သင်္ဘောသီးအရှည်မျိုးတစ်လုံးနှင့် အပုအဝိုင်းမျိုးတစ်လုံးကိုပင် ဆောင်ယူ သွားခဲ့ကြပါသေးသည်။

ဆရာကြီး၏   အိမ်ဝင်းသို့    အဝင်တွင် “ဆရာကြီး” အသံပြုကြပါသည်။ ဆရာကြီးက အိမ်ပေါက်ဝမှထွက်၍ ကျွန်တော်တို့ သုံးဦး စလုံးအား ဝမ်းပန်းတသာ ဆီးကြိုနှုတ်ဆက်ပါသည်။

ဆရာကြီးနှင့် စကားစမြည်

ကျွန်တော်တို့ သုံးဦးစလုံးသည် ဆရာကြီးကို မြင်တွေ့လျှင် ထိုမျှလောက်  ကျန်းမာနေလိမ့်မည်ဟု မထင်မိကြောင်း၊ ဆရာကြီးမှာ အတော်ပင် ကျန်းမာလန်းဆန်းနေသည်ကို တွေ့ကြရသဖြင့် ဝမ်းမြောက်မိကြောင်း အားပါးတရ ပြောကြား လိုက်ကြပါသည်။ ဆရာကြီးနှင့် ကျွန်တော်တို့ အိမ်ရှေ့ပိုင်းတွင် ထိုင်ကြပါသည်။ ကျန်းမာရေး အထူးကောင်းလာပုံ၊ ဆေးတွေ့လာပုံနှင့်  လမ်းမှန်မှန်လျှောက်နိုင်ပုံတို့ကို   ဆရာကြီးက ပြောပြပါသည်။   ဤအသက်   ဤအရွယ်တွင် ဤမျှ လောက် ကျန်းမာနေခြင်း မှာ ဆရာကြီးပြောသည့်အတိုင်းပင် ဆေးတွေ့သွားခြင်းကြောင့်ဖြစ်သည်မှာ   ထင်ရှားနေပေသည်။ ဆရာကြီးမှာ ကျန်းမာ ရွှင်လန်း နေရုံသာမက သတိလည်း   အလွန်ကောင်းမွန်လှပါသည်။

နိုင်ငံတကာ စာအုပ်နှစ်အထိမ်းအမှတ်နှင့် တိုက်ဆိုင် ကြုံကြိုက်နေသော  ၁၉၇၂ ခုနှစ် မန္တလေးမြို့ စာဆိုတော်နေ့တွင် ဖတ်ကြား ရန် စာတမ်းတစ်စောင်ကို ဆရာကြီးထံသို့ ကဗျာဆရာတစ်ဦး လာရောက်တောင်းခံစဉ်က ဆရာကြီးသည် ယင်းစာတမ်းအတွက် နှုတ်တိုက်ပြောကြားခဲ့ပုံနှင့်   ထိုသို့ပြောကြားခဲ့သော စာတမ်းကို ပြန်ဖတ်ချင်နေပုံ အလုံးစုံကို ရှင်းပြပါသေးသည်။ သတိကောင်းလေစွ။

ဆရာကြီးက   ဆက်၍မြန်မာနိုင်ငံ၌ အသက် ၅၅ နှစ်အထိ   အမှုထမ်းခဲ့သော မျက်နှာဖြူ ပညာမင်းကြီးတစ်ဦးသည် အလုပ်မှ အငြိမ်းစားယူပြီးနောက်    ဘိလပ်တွင် အင်္ဂလိပ်စာ    သန့်စင်ရေးအသင်း၌   ဇောက်ချ ဆောင်ရွက်နေပုံတို့ကို    မိမိ၏  ကိုယ်တွေ့ မျက်မြင်အနေဖြင့် ပြောပြပြီးနောက် မြန်မာစာ မြန်မာဘာသာစကားကိုလည်း သန့်စင်အောင် ဤသို့ ကြိုးပမ်းအား ထုတ်ကြရန်သင့်ပုံ၊ ဆရာကြီး ရှင်းပြတိုက်တွန်းသည်ကို ကျွန်တော်တို့    ကောင်းစွာ    မှတ်သားလိုက်ရပါသည်။

ဆက်၍  ဆရာကြီးသည်   ယခုခေတ်၌ က နှင့် မှကို လွဲမှားစွာ  သုံးနေကြပုံ၊ ယခုခေတ် မိန်းကလေးများ မိမိကိုယ်ကိုယ် ကျွန်မ အစား ကျွန်တော်    ကျွန်တော်ဟု    သုံးနှုန်းနေကြပုံ၊ ၎င်းဟူသော အသုံးကိုလည်း  လွဲမှားစွာ သုံးနေကြပုံ၊ အတော်စုံလင် အောင် စိတ်ရှည်လက်ရှည် ရှင်းပြပြန်ရာ   ကျွန်တော်တို့   ထပ်၍ နာကြား မှတ်သားကြရသည်။

ထိုသို့    အတန်ကြာ ဆွေးနွေးပြီးသည့် နောက် ကျွန်တော်တို့အား   လာရင်းကိစ္စကို မေးပါတော့သည်။   လာရင်းကိစ္စမှာ  ပြည်မြို့၊ ရွှေဘုန်းပွင့်စာကြည့်တိုက်နှင့် ပြတိုက်ကော်မတီက   ကျွန်တော်၏ ဇာတိဖြစ်သော ပြည်မြို့သို့ “အသုံးလုံး” ကိစ္စနှင့် ရောက်သွားစဉ် တာဝန်တစ်ခု    ပေးအပ်လိုက်ပုံ၊ ယင်းပေးအပ်လိုက်သော တာဝန်မှာ ဆရာကြီးထံမှ ဆရာကြီးကိုယ်တိုင် ရေးသည့် လက်ရေးစာနှင့်  ဆရာကြီးကိုယ်တိုင်  ယင်းစာအောက်တွင်  လက်မှတ်ရေးထိုးထားသည့်စာကို အပြည့်အစုံ ရရှိအောင် ဆောင်ကြဉ်းပေးရန်နှင့် ယင်းသို့ရရှိသည့်စာကို   ပြည်ရွှေဘုန်းပွင့် စာကြည့်တိုက်နှင့်    ပြတိုက်တွင်  နောင်လာနောက်သားတို့  ကြည့်ရှုလေ့လာနိုင်အောင် မော်ကွန်းတင်ထားရန် ကိစ္စအတွက် ဆရာကြီးထံ    လာရောက်ကြောင်း   ဆရာကြီးအား ကျွန်တော် ရှင်းပြရပါတော့သည်။

ဆရာကြီးသည်   အတန်ကြာ  စဉ်းစားပြီး လျှင်   မည်သည့်အကြောင်းအရာကို  ရေးပေး စေလိုသည့်   အာသီသ အထူးရှိ မရှိ ထပ် မေးပြန်ပါသည်။   ကျွန်တော်က   အကြောင်း အရာအနေဖြင့်   ကြိုတင်ရွေးချယ်သတ်မှတ် ထားမှု မရှိပါကြောင်း၊ ဆရာကြီး ရေးလိုသည်ကိုသာ  ရေးသားမစနိုင်ပါကြောင်း   ရှင်းပြပါသည်။

ဆရာကြီး‌ရေးပေးခဲ့သော နောက်ဆုံးအမှာစာ

မည်သည့်အကြောင်းအရာကို    ရေးပေးလျှင်      သင့်မြတ်ကြောင်း    အကြံပေးရန် ဆရာကြီးက    ဆရာမင်းသုဝဏ်အားအကြံ တောင်းခံရာ   ဆရာမင်းသုဝဏ်က  ဆရာကြီး အား ဆရာကြီး၏ သဘောဆန္ဒအလျောက်ပင် ရေးလိုသည်ကိုသာ    ရေးပေးဖို့ အကြံပေးပါသည်။   နောက်ဆုံး  ဆရာကြီးသည် ပြည်မြို့၊ ရွှေဘုန်းပွင့်စာကြည့်တိုက်နှင့် ပြတိုက်အတွက် အကျိုးရှိစေမည့်  အကြောင်းအရာတစ်ခုကို ရုတ်တရက် စဉ်းစားမိပုံရပါသည်။

အဆိုပါအကြောင်းအရာမှာ   ပုဂံခေတ်သမိုင်းနှင့်   သရေခေတ္တရာခေတ်သမိုင်းနှစ်ခုကို ယှဉ်ပြီး    သရေခေတ္တရာသမိုင်းအတွက် အထောက်အထားများ ပို၍ပို၍ ပေါ်ထွက်ရရှိလာအောင် ကြိုးကုတ်အားထုတ်ကြဖို့ တိုတိုနှင့်ချိုချို မိန့်မှာလိုသည့်အကြောင်း အရာပင် ဖြစ်ချေသည်။

ဆရာကြီးကိုယ်တိုင်      ဆရာကြီး၏ သဘောဆန္ဒဖြင့် ရွေးချယ်လိုက်သည့် အကြောင်းအရာသည်    စင်စစ်ကျွန်တော်တို့ အဖို့ တကယ်လုပ်သင့်လုပ်ထိုက်သော လုပ်ငန်းကို    လမ်းညွှန်လိုက်သည့်  အကြောင်းအရာပင် ဖြစ်ပေသည်။

ထိုအကြောင်းအရာကို  ဆရာကြီး တမင် ရွေး၍ရေးပေးခြင်း ဖြစ်သည်။ ၁၉၇၃ ခုနှစ်၊ မတ်လ ၁၈ ရက်၊ တနင်္ဂနွေနေ့ နံနက်ပိုင်း တွင် ဆရာကြီးထံသို့ သွား၍ ယူဖြစ်ခဲ့ပါသည်။

ဆရာကြီးရေးသားသောစာကို ဖတ်ကြည့် လိုက်သည့်အခါ “အမှာစာ” ဖြစ်နေသည်ကို သတိပြုမိသည်။ ယင်းအမှာစာအောက် တွင် နေ့စွဲနှင့်တကွ   ဆရာကြီး   လက်မှတ်အပြည့် ရေးထိုးပေးလိုက်သည်ကိုလည်း   တွေ့ရပြန်သည်။ ။

နောက်ထပ်   ပြောစရာ၊   မှာစရာတွေ ရှိသေးကြောင်း၊  နောက်ထပ် ဆုံစည်းလိုသေးကြောင်း ဆရာကြီးက ထပ်ပြောလိုက်ပါ သည်။

သို့ရာတွင်   ဆရာကြီးနှင့်  နောက်ထပ် မတွေ့ နိုင်တော့ပါ။ ဆရာကြီး (၁၈-၃-၇၃) ရက်နေ့ တွင် အမှာစာ ရေးပြီးနောက်(၂၀) ရက်နေ့ နောက်ပိုင်းတွင် ဆရာကြီး ဖျားပါတော့သည်။ နမိုးနီးယားဝင်လာသည်။ အသက် (၈၃) နှစ် ကျော်ပြီဖြစ်သော ဆရာကြီး သည် ထိုဝင်လာ သော  ရောဂါဖြင့် (၂၂) ရက်နေ့၌ မလွန်ဆန် နိုင်သော ဘဝတစ်ပါးသို့ ပြောင်းသွားရပါတော့ သည်။ ဆရာကြီး   ထပ်ဆုံစည်းချင်သည့်အတိုင်း ဆရာကြီးနှင့်  ထပ်မဆုံစည်းလိုက်ရတော့ပါ။   ဆရာကြီး     ထပ်မှာချင်သေးသော စကားဩဝါဒ များကို   ထပ်မကြားနာလိုက်ရတော့ပါ။                        

ဆရာကြီးကိုယ်တိုင် ၁၉၇၃ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင်   စာဖြင့်ရေးသားပြောဆိုခဲ့ သော   အမှာစကားသည်ပင်လျှင်     စင်စစ် ဆရာကြီး၏    ပူပူနွေးနွေး    နောက်ဆုံးအမှာစကားအဖြစ် အခိုင်အမာ ရပ်တည် ကျန်ရစ်ပါတော့သည်။ ဆရာကြီး၏ နောက်ဆုံး အမှာ စကားတွင် တုတ်ထမ်းပြီး ငြင်းခုံစကားများ မနေကြဖို့၊   တူရွင်းထမ်းပြီး   တူးဖော်အလုပ် လုပ်ကြဖို့ကို အလေးထားမှာကြားခြင်းမှာ အသားပါလှသည်။  အားပါလှသည်။

ဤသို့    အသားပါလှ၊   အားပါလှသော နောက်ဆုံးမှာခဲ့သည့်   ဆရာကြီး၏   အမှာ စကားသည်   မြန်မာနိုင်ငံ၏   စာပေသမိုင်း၊ ယဉ်ကျေးမှုသမိုင်းတို့ကို    ပြောင်မြောက်စွာ ဖော်ထုတ်ရာတွင်   လမ်းညွှန်သဖွယ် ထာဝရ ရပ်တည်နေလိမ့်မည် ဖြစ်သတည်း။   ။

 

ဒေါက်တာ သန်းဦး

 

စာရေးသူ၏

ကိုယ်ရေးအကျဉ်း

-----------------

၁၉၅၀ ရန်ကုန်တက္ကသိုလ်     ဘီအေ (အီးဒီ) ဘွဲ့

၁၉၅၄ ကျောင်းအုပ်ကြီး၊    အထက၊ ပုတီးကုန်း၊ ပြည်ခရိုင်

၁၉၆၀ ဘီအီးဒီဘွဲ့ မဟာသရေစည်သူဒေါက်တာ   ဦးဘ၏    ပထမရွှေတံဆိပ်ဆုကို  ဝန်ကြီးချုပ် ဦးနုက ချီးမြှင့်ခဲ့

၁၉၆၀ ကျောင်းအုပ်ကြီး၊      အထက၊ အုတ်ဖို၊      သာယာဝတီခရိုင် အမ်အီးဒီဘွဲ့

 (အမေရိကန်     ပြည်ထောင်စု ဟာဝိုင်ရီတက္ကသိုလ်)

၁၉၆၃ လက်ထောက်အုပ်ချုပ်ရေးမှူး၊ ပညာမင်းကြီးရုံး

၁၉၆၄-၁၉၆၅ ကျောင်းအုပ်ကြီး၊ ပုသိမ်ဆရာအတတ်သင်ကျောင်း

၁၉၆၆-၁၉၇၇  လက်ထောက်  သုတေသန အရာရှိမှ  ဥက္ကဋ္ဌ ရာထူးအထိ ထမ်းဆောင်၊  မြန်မာနိုင်ငံပညာရေး သုတေ သနအဖွဲ့/ ဦးစီးဌာန

၁၉၇၇-၁၉၈၅ ညွှန်ကြားရေးမှူးချုပ်၊ အခြေခံပညာဦးစီးဌာန

၁၉၉၉ မြန်မာနိုင်ငံ   ပညာရေးဌာန သမိုင်းစာအုပ်ဖြင့်(အမျိုးသားစာပေဆုရ)

၁၉၉၉−၂၀၁၃ ဥက္ကဋ္ဌ၊   မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့

၁၉၉၉−ယနေ့အထိ - ဥက္ကဋ္ဌ၊ ပညာတန်ဆောင်အုပ်ချုပ်ရေးအဖွဲ့

၁၉၉၉ −ယနေ့အထိ -  ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစာတတ်မြောက်ရေးအထောက်အကူပြုပင်မဌာန

၂၀၁၅-ဇန်နဝါရီ ရန်ကုန်တက္ကသိုလ် Doctor of Letters (Honoris Causa) ဘွဲ့

၂၀၁၅-မေ အမေရိကန်နိုင်ငံ    ဟာဝိုင်ရီ တက္ကသိုလ်  Doctor  of Humane Letters, (Honoris Causa) ဘွဲ့

၂၀၁၅-ဇွန် နိုင်ငံတော်သမ္မတ၏ ပညာရေး အကြံပေးအဖွဲ့၊ အဖွဲ့ဝင်

၂၀၁၈ ပခုက္ကူဦးအုန်းဖေ   တစ်သက်တာစာပေဆုရ