နိုဗယ်ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ မဖြစ်ပွားစေရန် ကျန်းမာရေးအသိဖြင့်ကာကွယ်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါသည် ကူးစက်ပြန့်ပွားမှု အရှိန်အဟုန်မြင့်မားလာပြီး စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်ရှိလာပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းများတွင် မြင်တွေ့ရသည်။ ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်နိုင်ရန် တရုတ်နိုင်ငံအစိုးရအနေဖြင့် အပြင်းအထန်ကြိုးပမ်းအားထုတ်နေသလို ရောဂါဖြစ်ပွားသည့် လူနာများအား လိုအပ်သည့် ကုသမှုများကို ပေးအပ်လျက်ရှိကြသည်။ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးအတွက် ကာကွယ်ဆေး မရှိသေးသကဲ့သို့ တိကျသည့်ကုထုံးလည်း မရှိသေးသည့် ယခုကာလတွင် မိမိတို့ မြန်မာနိုင်ငံအနေဖြင့်လည်း ရောဂါပိုးကူးစက် ဝင်ရောက်မလာ စေရေးအတွက် ကြိုတင်ကာကွယ်ရေးနှင့် နှိမ်နင်းရေးလုပ်ငန်းစဉ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်ကို မြင်တွေ့ရသည်။
နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ဆိုတာ
ဗိုင်းရပ်စ်တစ်မျိုးဖြစ်ခြင်းကြောင့် သာမန် အအေးမိခြင်းမှ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူ ကျပ်ခြင်းစသည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ပြဿနာများကို ခံစားရကာ ရောဂါပြင်းထန် သူများတွင် အဆုတ်ရောင်ရောဂါ (Pneumonia)၊ ဆားစ်ရောဂါ (SARS)၊ မားစ်ရောဂါ (MERS) တို့အပြင် ကျောက်ကပ်ပျက်စီးခြင်းတို့ကို ခံစားရပြီး အသက်သေဆုံးသည်အထိ ပြင်းထန်တတ်ပါသည်။ အဆိုပါ ဗိုင်းရပ်စ် သည် တိရစ္ဆာန်များတွင် အဓိက ကူးစက် ပြန့်ပွားပြီး လူလူချင်း ကူးစက်နိုင်မှုနည်းပါး သော်လည်း ရောဂါဖြစ်ပွားသူနှင့် အနီးကပ် ထိတွေ့ဆက်ဆံသူ မိသားစုများ၊ ကျန်းမာ ရေး၀န်ထမ်းများတွင်မူ ကူးစက်နိုင်သည်ဟု သိရပါသည်။
2019 Novel Coronavirus (2019-nCoV) နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် အဆုတ်ရောင် ရောဂါဖြစ်ပွားသည့် လူနာများသည် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘတ် အောင့်ခြင်း၊ အသက်ရှူကျပ်ခြင်းစသည့် လက္ခဏာများ အပြင် ရောဂါပြင်းထန်လာသည့်အခါ အသက်ရှူရန်ခက်ခဲခြင်း၊ ကျောက်ကပ်များ ပျက်စီးသွားခြင်းနှင့် ဝမ်းတွင်းကလီစာများ ပျက်စီးသွားခြင်းတို့အပြင် သွေးဆိပ် တက်ကာ သေဆုံးခြင်းအထိ ဆိုးရွားစေနိုင်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောကြားထားသည်။
ဘယ်လောက်အထိ ပျံ့နှံ့နေပြီလဲ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ ဒီဇင်ဘာ ၂၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် သတင်းထုတ် ပြန်ချက်အရ ထိုနေ့အထိ ကမ္ဘာတစ်ဝန်းတွင် အဆိုပါရောဂါဖြစ်ပွားသူ ဦးရေသည် ၅၈၁ ဦးအထိ ရှိလာပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံတွင် ၅၇၄ ဦး၊ ထိုင်းနိုင်ငံ တွင် လေးဦး၊ ဂျပန်နိုင်ငံတွင် တစ်ဦး၊ တောင်ကိုရီးယားနိုင်ငံတွင် တစ်ဦးနှင့် အမေရိကန်နိုင်ငံတွင် တစ်ဦးရှိကြောင်း သတင်းထုတ်ပြန် ထားသည်။ သို့ရာတွင် ယနေ့ ထုတ်ပြန်သည့် သတင်းများအရမူ တရုတ်နိုင်ငံ တွင် ဖြစ်ပွားသူ ၁၂၈၇ ဦး၊ မကာအိုတွင် နှစ်ဦး၊ ဟောင်ကောင်တွင် နှစ်ဦး၊ ဂျပန်တွင် နှစ်ဦး၊ စင်ကာပူတွင် နှစ်ဦး၊ ပြင်သစ်တွင် နှစ်ဦး၊ တောင်ကိုရီးယားတွင် တစ်ဦး၊ တရုတ်(တိုင်ပေ) တွင် တစ်ဦး၊ ထိုင်းနိုင်ငံတွင် နှစ်ဦး၊ အမေရိကန် ပြည်ထောင်စုတွင် တစ်ဦး၊ ဗီယက်နမ်တွင် နှစ်ဦးနှင့် နီပေါနိုင်ငံတွင် တစ်ဦးဟူ၍ ထပ်မံ သိရှိရသည်။ သေဆုံးသူ ပမာဏမှာလည်း ၅၆ ဦးရှိကြောင်း သိရှိရသည်။
ဖြစ်ပွားသူများတွင် ဝူဟန်မြို့သို့ ရောက်ရှိ သွားခဲ့သူများနှင့် ရောဂါဖြစ်ပွားသူများအား အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်သည့် ဝန်ထမ်းအချို့ကိုလည်း ကူးစက် ခဲ့သည့်ဖြစ်စဉ်များ ရှိကြောင်း သိရှိရသည်။ သို့သော် ယခုဗိုင်းရပ်စ်ပိုးသည် လူလူချင်း ကူးစက်နိုင်ခြင်း ရှိ၊ မရှိနှင့် ပတ်သက်ပြီး Limited Human to Human Transmission ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇန်နဝါရီ ၁၅ရက် တွင် သတင်းထုတ်ပြန်ထားသည်။
ဗိုင်းရပ်စ်ပိုး မဝင်ရောက်အောင် သတိပြုစရာ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ရောဂါပိုး ကူးစက်ခြင်း မခံရအောင် နေထိုင်ကျင့်သုံးရမည့် နည်းလမ်းများကို ထုတ်ပြန်ထား ပါသည်။ ဖျားနာခြင်း၊ ချောင်းဆိုးခြင်းနှင့် နှာချေခြင်း အစရှိသည့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါလက္ခဏာများ ခံစားနေရသောသူများ နှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူထူထပ်သည့်နေရာများကို သွားလာခြင်းမှ ရှောင်ကြဉ်ရန်နှင့် နှာချေ၊ ချောင်းဆိုးသည့် အခါတိုင်း နှာခေါင်းနှင့်ပါးစပ်တို့ကို လုံခြုံ အောင် နှာခေါင်းစည်းများ အဝတ်များကို အသုံးပြုရမည်ဖြစ်ပါသည်။ လူနာနှင့် ထိတွေ့ သော အရာများအား အသုံးပြုကိုင်တွယ် ပြီးတိုင်း သို့မဟုတ် လူနာနှင့် တိုက်ရိုက် ထိတွေ့ပြီးတိုင်း စနစ်တကျ လက်ဆေးခြင်း အလေ့အထကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ကျန်းမာရေးဝန်ထမ်း များအနေဖြင့်မူ လူနာအား ထိတွေ့ကိုင်တွယ်ပြီးတိုင်း မိမိ ကိုယ်ကို ရောဂါပိုး ကူးစက်ခံ ရခြင်း မရှိစေရန်အတွက် Infection Prevention and Control အား အထူးဂရုပြုလိုက်နာကြရမည် ဖြစ်ပါသည်။
ယခုကာလသည် ရာသီဥတုအေးမြသည့် အတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်သည့် ချောင်းဆိုးခြင်း၊ အအေးမိ ခြင်းနှင့် ဖျားနာခြင်းများကို ခံစားကြရတတ် သည့်အတွက် ကိုယ်ခံအားစနစ်ကောင်းမွန် ခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းခြင်း၊ လက်ဆေးခြင်းတို့ကို အထူးဂရု ပြုဆောင်ရွက်ကြရန် ကျန်းမာရေးပညာရှင်များက လမ်းညွှန် ထား ကြပါသည်။
“တိရစ္ဆာန်များနှင့် အကာအကွယ်မရှိဘဲ တိုက်ရိုက်ထိတွေ့ခြင်းကနေ ရှောင်ကြဉ် ခြင်း၊ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်း၊ အာဟာရပြည့်ဝတဲ့ အစားအစာများကို စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမှန်မှန် ပြုလုပ်ခြင်းတို့အပြင် အပြည်ပြည်ဆိုင်ရာ လေဆိပ်များသို့ လေကြောင်း လိုင်းများမှ တစ်ဆင့် ဝင်ရောက်လာသော ပြည်တွင်း၊ ပြည်ပခရီးသွားတွေအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ခရီးသွားများအတွက် ကျန်းမာရေး ဆိုင်ရာ အကြံပေးချက်တွေကို လိုက်နာဖို့လိုပါတယ်။ ရောဂါလက္ခဏာတွေ တွေ့ရှိတယ်လို့ ယူဆပါက နီးစပ်ရာ ကျန်းမာ ရေး ဝန်ထမ်းတွေထံကို သတင်းပို့ပြီး ကုသမှု ခံယူခြင်းတွေနဲ့ ကာကွယ်ပေး နိုင်ပါတယ်”ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြား ရေးမှူး(တာဝန်) ဒေါက်တာသန်းနိုင်စိုး က ပြောကြားထားပါသည်။
ထို့အပြင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရာမှ ဖြစ်ပွားသည့် အဆုတ်ရောင် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သည့် www.mohs.gov.mm နှင့် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာ Myanmar CDC၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနခွဲ၏ စာမျက်နှာမှလည်း ပြည်သူများကို ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် ရောဂါ ကာကွယ်ရေးနည်းလမ်းများ၊ အသိပညာ များကိုလည်း စဉ်ဆက်မပြတ်ဖြန့်ဝေပေးမည် ဖြစ်ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပျံ့နှံ့
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေ ပြည်နယ်သည် ကုန်းတွင်းပိုင်းတွင် တည်ရှိ ပြီး လက်ရှိတွင် စိုးရိမ်ဖွယ်အဆုတ်ရောင် ရောဂါကိုဖြစ်ပွားစေသည့် နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်မှာ ဇန်နဝါရီလဆန်းပိုင်း တွင် ယင်းပြည်နယ်၏ မြို့တော်ဝူဟန်၌ စတင်ခဲ့ ခြင်းဖြစ်သည်။ ယင်းမြို့ရှိ ပင်လယ်စာများ လက်ကားရောင်းချသည့်နေရာမှ စတင်ခဲ့ကြောင်း ကနဦးသတင်းများကဆိုပြီး ဝူဟန်မြို့နေပြည်သူ များ ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် တရုတ်အစိုးရက ဆောင်ရွက်လျက်ရှိသည်ကိုလည်း နိုင်ငံ တကာသတင်းများတွင် ဖော်ပြထားကြ သည်။ ဝူဟန်မြို့တွင် ဖြစ်ပွားခဲ့သည့် ဗိုင်းရပ်စ်သည် ကိုရိုနာဗိုင်းရပ်စ်အမျိုးအစား ဖြစ်ပြီး ဗိုင်းရပ်စ်အုပ်စုတွင် နံပါတ်ခုနစ်ခု မြောက် ဗိုင်းရပ်စ်ပိုး ဖြစ်သည်။ ၂၀ဝ၂ ခုနှစ် အတွင်းကလည်း တရုတ်နိုင်ငံတွင် လူပေါင်း ၇၄၄ ဦး သေဆုံးခဲ့ရသည့် ဆားစ်ရောဂါ ဖြစ်ပွားခဲ့သေးသည်။ ယင်းသည်လည်း ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားတစ်မျိုးပင် ဖြစ်ပြီး လူပေါင်း ၈၀၉၈ ဦးအထိ ကူးစက်ခံခဲ့ရသည်။ ထိုရောဂါပိုးမှာ ကြောင်ကဲ့သို့ အိမ်မွေးတိရစ္ဆာန်များမှ တစ်ဆင့် ကူးစက်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင်လည်း အရှေ့အလယ်ပိုင်းတွင် မားစ်ရောဂါ ဖြစ်ပွား ခဲ့ဖူးသည်။ လူပေါင်း ၂၄၀ဝ ကျော် ကူးစက် ကာ ၈၀ဝ ကျော် သေဆုံးခဲ့ဖူးသည်။ ကုလားအုတ်မှ တစ်ဆင့် ကူးစက်ခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသည် ဗိုင်းရပ်စ်ပိုမိုပြန့်ပွား မှုမရှိစေရေးအတွက် ဝူဟန်မြို့အပါအဝင် မြို့ပေါင်း ၁၄ မြို့၏ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ဖြတ်တောက်ထားလိုက်ပြီး ဝူဟန်မြို့အတွင်းရှိ ရောဂါဖြစ်ပွားခြင်းမရှိသေးသည့် ပြည်သူများကိုလည်း နေအိမ်များ အတွင်းနေထိုင်ကြရန်နှင့် ကာကွယ်တား ဆီးမှုများ တိုးမြှင့်ရန်အတွက် စီစဉ်လျက်ရှိ သည်။ ထို့အပြင် ရောဂါဖြစ်ပွားသူများအတွက် ဆေးရုံများကိုလည်း တိုးချဲ့တည်ဆောက် ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ လက်ရှိ အချိန်အထိ ဗိုင်းရပ်စ်ပိုး စတင်ပျံ့နှံ့ ဖြစ်ပွား ကူးစက်ရပုံကို ကျန်းမာရေးပညာရှင်များက စုံစမ်းလျက်ရှိသည်။
လေဆိပ်များနှင့်နယ်စပ်ဂိတ်များတွင်
ရောဂါစောင့်ကြပ်ကြည့်ရှု
ယခုအချိန်အထိ မြန်မာနိုင်ငံတွင် အဆိုပါ ဗိုင်းရပ်စ်ပိုးဝင်ရောက်ပြီး ရောဂါ ဖြစ်ပွားသူ မတွေ့ရှိရ သေးကြောင်း သိရှိရ သည်။
သို့သော် ဇန်နဝါရီ ၆ ရက်မှ စတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေးအပြည်ပြည် ဆိုင်ရာ လေဆိပ်တို့ နှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့အပါအဝင် နယ်စပ်ဂိတ် ဝင်ထွက် ပေါက်များတွင် လိုအပ်သည့် Fever Scanner များ ဖြည့်တင်းထားရှိပြီး လေဆိပ်တာဝန် ရှိသူများ၊ လေကြောင်းလိုင်းများနှင့် တွေ့ဆုံကာ သံသယရှိလူနာများကို အမြန်ဆုံး ကုသမှု ပေးအပ် နိုင်ရန် ပြင်ဆင်ထားကြောင်း နှင့် အဖျားရောဂါနှင့် တုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက် နေကြောင်း သိရှိရသည်။ ထို့အပြင် ရောဂါ ကာကွယ် နှိမ်နင်းရေးလုပ်ငန်းအစည်းအဝေး ကျင်းပကာ သံသယရှိလူနာများကို တွေ့ရှိ ရပါက တုံ့ပြန်ဆောင်ရွက်ရမည့် စံလုပ်ထုံး လုပ်နည်း များကို ရေးဆွဲဖြန့်ဝေထားပြီ ဖြစ်ကြောင်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ဆေးရုံများသို့ လွှဲပြောင်းကာ သီးခြားလူနာခန်းတွင် ရောဂါစစ်ဆေးအတည် ပြုခြင်းနှင့် ကုသမှုခံယူခြင်း၊ ပြည်သူများထံသို့ ရောဂါနှင့်ပတ်သက်သည့် နောက်ဆုံးရ သတင်းများနှင့် ကာကွယ်ရန်များကို အချိန်မီ သတင်းထုတ်ပြန်နိုင်ရန် ပြင်ဆင်ထား ကြောင်း ဇန်နဝါရီ ၂၄ ရက်တွင် ကျင်းပသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်နှိမ်နင်း ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရှိရ သည်။
သံသယရှိလူနာများအတွက် ပြင်ဆင်ထား
သံသယရှိလူနာများနှင့် ရောဂါအတည်ပြု လူနာများအတွက် သီးခြားလူနာခန်းများကို ဝေဘာဂီ အထူးကုဆေးရုံကြီး၊ မန္တလေးပြည်သူ့ ဆေးရုံကြီးနှင့် နေပြည်တော် ခုတင် ၁၀ဝ၀ ဆံ့ ပြည်သူ့ ဆေးရုံကြီးတို့တွင် ပြင်ဆင်ထားရှိ ပြီးဖြစ်ကြောင်း၊ ယခင်ကူးစက်ရောဂါပြန့်ပွား မှုဖြစ်စဉ်များကို အခြေခံကာ ကြိုတင်သရုပ်ပြ လေ့ကျင့်မှုများကိုလည်း ကျန်းမာရေးဝန်ထမ်း များက ပြုလုပ် ထားပြီးဖြစ်ကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရှိရသည်။ ထို့ပြင် လိုအပ်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာများကိုလည်း ကြိုတင်ဖြည့်ဆည်း ထားကြောင်း ကုသရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဇင်မာစိုးက ပြောကြားသည်။
တုပ်ကွေးဆန်သော ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများအတွက် Sentinel Hospital များအဖြစ် ဆေးရုံကြီးရှစ်ရုံကို သတ်မှတ်ထားပြီး သံသယလူနာများထံမှ ဓာတ်ခွဲနမူနာများကို ပုံမှန်ရယူပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးလျက် ရှိကြောင်း၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်း (ရန်ကုန်၊ မန္တလေး) တို့နှင့် ချိတ်ဆက်ကာ ရောဂါစောင့်ကြပ်ကြည့်ရှု ခြင်းလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပြည်သူလူထုကို အသိပညာပေးခြင်း များ လုပ်ဆောင် လျက်ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ သိရှိရသည်။
ရောဂါမဖြစ်ပွားအောင်ဆင်ခြင်သတိပြု
“ပြည်သူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို စနစ်တကျ လိုက်နာဆောင်ရွက်ကြပါလို့ ပြောကြားလိုပါတယ်”ဟု ကျန်းမာရေးအသိ ပညာမြှင့်တင်ရေးဌာနခွဲ မှ ညွှန်ကြားရေးမှူး (တာဝန်) ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှလည်း သတင်းစာများ၊ ဂျာနယ်များ၊ ရုပ်မြင်သံကြားလိုင်းများနှင့် ရေဒီယို များအပြင် ဝက်ဘ်ဆိုက်၊ လူမှုကွန်ရက်စာမျက်နှာတို့မှ တစ်ဆင့်လည်း နိုဗယ်ကိုရိုနာဗိုင်းရပ်စ်နှင့် သက်ဆိုင်သည့် သတင်း အချက်အလက်များ၊ လမ်းညွှန်ချက်များကို စဉ်ဆက်မပြတ် ဖော်ပြ ပေးလျက်ရှိသည်ဖြစ်ရာ ကိုယ်ခံစွမ်းအား မြင့်မားစေရန်အတွက် နေထိုင်ပြုမူခြင်းနှင့် တစ်ကိုယ် ရေသန့်ရှင်း ခြင်းများ၊ အထူးသဖြင့် ရောဂါကူးစက်ခံရခြင်း မရှိစေရန်အတွက် ဆောင်ရန်ရှောင်ရန် အချက်များကို လိုက်နာ ကျင့်သုံးကြခြင်း၊ ဗိုင်းရပ်စ်ပိုးကူးစက်ခံရ သူဟု သံသယရှိ နိုင်သည့် လူနာများကို တွေ့ရှိပါကလည်း နီးစပ်ရာ ကျန်းမာရေး ဆေးပေးခန်းနှင့် ဆေးရုံများသို့ ပို့ဆောင်ကာ ကာကွယ်တားဆီးပေးကြရန် လိုအပ်ပါသည်။ သို့မှသာ ရောဂါ ကူးစက်ခံရခြင်းနှင့် အသက်သေဆုံး သည်အထိ ဘေးဒုက္ခပေးနိုင် သည့် ဗိုင်းရပ်စ်ပိုးမှဖြစ်သော အဆုတ်ရောင် ရောဂါကို ကြိုတင်တားဆီးကာကွယ်နိုင်မည် ဖြစ်ပါကြောင်း။ ။
ခင်ရတနာ