Skip to main content

ကိုဗစ်-၁၉ အလွန်ကာလ အစားအစာလေလွင့်ဆုံးရှုံးမှုများလျှော့ချရေး အတွေးအမြင်သစ်များ

နည်းပညာနဲ့ မူဝါဒပိုင်းဆိုင်ရာ အမြင်သစ်များ

အတွေးအမြင်အသစ်တွေဟာ အနာဂတ် အောင်မြင်မှုတွေ အတွက် မောင်းနှင်အားတွေ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကာလအတွင်းနဲ့ ကိုဗစ်အလွန်ကာလတွေမှာ အဝေးမှ အလုပ်လုပ်ခြင်း၊ မိမိအိမ်မှ အလုပ်လုပ်ခြင်း၊ လူမှုရေး ဆိုင်ရာ ထီးတည်းဖြစ်ခြင်း၊ လူမှုဝေးကွာစနစ်များ ကျင့်သုံး ခြင်းတို့ကြောင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးနဲ့အတူ ကျန်းမာ ရေးစောင့်ရှောက်မှုစနစ်တွေ၊ စားနပ်ရိက္ခာ လုံခြုံစိတ်ချရေး တွေကို ပိုမိုသတိမူမိပြီး ဂရုစိုက်ဆောင်ရွက်မှုတွေ တိုးလာ စေပါတယ်။

ဒါတင်မကဘဲ ကိုဗစ်-၁၉ ကပ်ရောဂါဟာ စားနပ် ရိက္ခာ လည်ပတ်စီးဆင်းမှု စနစ်သစ်တစ်ခု ထူထောင်ရာမှာ ပါဝင်ရမယ့် ကျွန်မတို့ရဲ့ တောင်သူဦးကြီးများနဲ့ စား သောက်ကုန် ကုန်ချောပစ္စည်းများဆိုင်ရာ လုပ်ငန်းစဉ် (Farmers and Agri-food Processors) အခွင့်အလမ်း သစ်တွေကို ဖန်တီးပေးမှာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကြောင့် လိုက်ပါပြောင်းလဲလာတဲ့ စိုက်ပျိုးရေး ကုန်စိမ်းတွေနဲ့ စားသောက်ကုန်တွေရဲ့ လည်ပတ်စီးဆင်းမှုချောမွေ့စေဖို့နဲ့ စားနပ်ရိက္ခာများ လေလွင့်ဆုံးရှုံးမှုတွေ လျော့နည်းသက် သာစေဖို့ နည်းပညာပိုင်းဆိုင်ရာ၊ မူဝါဒပိုင်းဆိုင်ရာ အမြင် သစ်တွေ ပေါင်းစပ်ဖော်ထုတ်ဖို့ လိုအပ်လာမှာဖြစ်ပါတယ်။

စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ မြေပဲ၊ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံများ စတဲ့ သီးနှံတွေရဲ့ မူရင်းကုန်စည် ထုတ်လုပ်မှုနဲ့ ဆင့်ပွားဖြစ်စဉ်တွေ အပါအဝင် ဝယ်ယူ စားသုံးသူတွေကို ဆွဲဆောင်နိုင်မယ့် နည်းလမ်းအသစ်တွေ ကို ဖော်ထုတ်ဖို့ ဖြစ်လာပါတယ်။ “နည်းပညာ တီထွင် ဆန်းသစ်မှုဟာ စားနပ်ရိက္ခာ လေလွင့်ဆုံးရှုံးမှု (Food Loss and Waste) တွေကို လျော့နည်းစေနိုင်တယ်။”

ကိုဗစ်-၁၉ ကာလ အလွန်မှာ တီထွင်ဆန်းသစ်မှု အများအပြား လိုအပ်လာမှာဖြစ်ပြီး ပုံမှန် သက်သောင့် သက်သာ စိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းဝယ်၊ ဖောက်ကားမှု အခြေအနေကနေ ပျက်စီးဆုံးရှုံးမှု လျင်မြန်တဲ့ စိုက်ပျိုး ရေးထွက်ကုန်(Perishable Products)တွေကို ကြာရှည် ထားသိုစားသုံးနိုင်တဲ့ ကုန်ချောအဖြစ် ပြုပြင်ပြောင်းလဲ ထုတ်လုပ်မှု နည်းပညာသစ်တွေကို ယနေ့အချိန်အခါမှာ လက်တွေ့ အသုံးချလာကြပါတယ်။ တောင်သူဦးကြီးတွေ၊ သီးနှံဝယ်/ရောင်း ပွဲစားတွေ၊ ပြည်တွင်း/ပြည်ပဈေးကွက် တွေကို ထိုးဖောက်တင်ပို့ ရောင်းချနေကြတဲ့ အသင်းအဖွဲ့ တွေဟာ လုပ်နည်းကိုင်နည်း စနစ်တွေကို လိုက်လျော ညီထွေ ပြောင်းလဲဆန်းသစ်မှု မရှိဘူးဆိုရင် ဆက်လက် ရပ်တည်ဖို့ အခက်အခဲ၊ အကျပ်အတည်းတွေနဲ့ ရင်ဆိုင် ရမှာ ဖြစ်ပါတယ်။

စားသောက်ကုန်သယ်ယူပို့ဆောင်ရေးစနစ်များ

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်းမှာ ကုန်စည်ဒိုင်တွေ၊ နယ်မြေနဲ့ ဆိပ်ကမ်း ကုန်စည်ပို့ဆောင် ရေးလုပ်ငန်းတွေဟာ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနဲ့အတူ ဒေသတွင်း အစားအစာများစုပုံနေပြီး ပျက်စီးဆုံးရှုံးမှုတွေ လျော့နည်းစေဖို့ အထူး အားစိုက်ကြရပါတယ်။ စစ်တွေ၊ မြိတ်၊ ဖျာပုံ၊ ဒေးဒရဲနဲ့ လပွတ္တာ စတဲ့ မြို့တွေက ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက် စသည့်ရေထွက်ပစ္စည်းနဲ့ ဒေသ ထွက်ကုန်များကို ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊ မန္တလေး စတဲ့မြို့ကြီးတွေကို ကုန်စည်မပြတ်လပ်သွားရေးအတွက် ပို့ပေးကြရပါတယ်။

အရင်လို အများကြီးကို နေ့စဉ်ရက်ဆက် ကုန်စိမ်း မရနိုင်တော့ နယ်မြေ/ ဆိပ်ကမ်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေအနေနဲ့ သင်္ဘောအဝင်အထွက်တွေမှာ ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်ကြရပါ တယ်။

ဒီလို ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးသွားနိုင်တဲ့ ကာလတွေမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ ကုန်စိမ်း များ၊ အထားမခံတဲ့ သား/ငါးနဲ့ ရေထွက်ပစ္စည်းများ၊ နို့နဲ့ နို့ထွက်ပစ္စည်းများကို ပျက်စီးဆုံးရှုံးမှုများ သက်သာစေဖို့ “အသုံးချ ရိတ်သိမ်းချိန်လွန် စီမံခန့်ခွဲမှုနည်းလမ်းသစ်များ” (Innovative Applied Postharvest and Food Handling Technology)ဟာ အရေးပါလာပါတော့တယ်။

ကိုဗစ်-၁၉ အလွန် ထောက်ပံ့မှုတွေ လိုအပ်

သစ်သီးဝလံတွေကို ပုပ်သိုးပျက်စီးမှု သက်သာစေတဲ့ Modified Atmosphere Packaging(MAP)လို့ခေါ်တဲ့ ပါကင်အိတ်အတွင်း အောက်ဆီဂျင်ကိုလျှော့ချထားသော ခေတ်မီထုပ်ပိုးမှုစနစ်တွေ အစားထိုးသုံးစွဲလာဖို့ လိုသလို သား/ငါးနဲ့ ရေထွက်ပစ္စည်းတွေအတွက် Vacuum Packaging(လေစုပ်ထုပ်ပိုးစနစ်သစ်)တွေ ပြောင်းလဲအသုံးချ လာကြဖို့ အရေးကြီးလာပါတယ်။ ဂေါ်ဖီထုပ်၊ မုန်လာဥ၊ ဟင်းနုနယ်၊ မုန်ညင်းစိမ်း အစရှိတဲ့ ဟင်းသီးဟင်းရွက်စိမ်း များကိုတော့ အခြောက်ခံ နည်းလမ်းအမျိုးမျိုး(Dehydration & Forced Air Drying)၊ ခေတ်မီရိတ်သိမ်းချိန်လွန် နည်းလမ်းတွေ၊ ဆားရည်စိမ်ခြင်း/အချဉ်တည်ခြင်း(Fermentation)စတဲ့ စားသောက်ကုန်ချော ပြုပြင်ပြောင်းလဲ ထုတ်လုပ်မှု Food Technology နည်းလမ်းတွေကိုလမ်းပန်း ဆက်သွယ်ရေး ခက်ခဲဝေးလံတဲ့ ပြည်နယ်နဲ့ တိုင်းဒေသ ကြီးတွေ၊ ခရိုင်/မြို့နယ်တွေက တောင်သူ အစုအဖွဲ့များ၊ ကုန်စိမ်းပွဲရုံ ပိုင်ရှင်များနဲ့ အသေးစားနဲ့ အလတ်စား ကုန်ချောထုတ်လုပ်မှုလုပ်ငန်းရှင်များအတွက် ကိုဗစ်-၁၉ အလွန် နည်းပညာနဲ့ ရန်ပုံငွေ ရင်းနှီးထောက်ပံ့မှုတွေ တိုး မြှင့်ပေးဖို့ နိုင်ငံတော်အပိုင်းက လိုအပ်လာမှာ ဖြစ်ပါတယ်။

နိုင်ငံတော်အပိုင်းက ထူထောင်ပေးဖို့ လိုအပ်ချက်များ

တောင်သူတွေဘက်က စပါး၊ ဆန်၊ ပြောင်း၊ မြေပဲ၊ ကောက်ညှင်းငချိပ်၊ နှံစားပြောင်း၊ လူး၊ ဆပ်၊ ပဲစင်းငုံ စတဲ့ စိုက်ပျိုးရေးကုန်ကြမ်းတွေ အလျှံပယ် စိုက်ပျိုးထွက်ရှိ နေကြပေမယ့် ကိုဗစ်-၁၉ ကာလ ကုန်စည်စီးဆင်းမှုနဲ့ ခရီးသွားလာရေး ထိန်းချုပ်မှုတွေကြောင့် ကုန်ကြမ်းတွေ တောင်ပုံရာပုံ ဖြုန်းမကုန်ဆိုသလို ဖြစ်နေကြပါတယ်။ ခေတ်မီတိုးတက်တဲ့ နိုင်ငံတွေမှာတော့ ဆန်လုံးညိုကွတ်ကီး၊ နှံစားပြောင်းကိတ်မုန့်၊ ဆပ်ဆန်ကလုပ်တဲ့ ကိတ်မုန့်တွေ၊ ပဲစင်းငုံ၊ နှမ်း၊ ပဲတီစိမ်းနဲ့ မတ်ပဲ စတဲ့လယ်ယာသီးနှံတွေ ကနေ ထုတ်လုပ်တဲ့ ကုန်ချောပစ္စည်းများနဲ့ အစားအစာ အမျိုးမျိုး(Smart Food) တွေကို ပုံစံမျိုးစုံ ပြုပြင်ပြောင်းလဲ ထုတ်နေကြတာတွေ့ရပါတယ်။

မြန်မာနိုင်ငံမှာလည်း စားသောက်ကုန်ချောပစ္စည်း အမျိုးမျိုး ပြုပြင်ထုတ်လုပ်မှု နည်းပညာတွေကို တီထွင် ဖော်ထုတ်ပေးနေတဲ့ သုတေသီတွေ ရှိနှင့်နေပြီးဖြစ်သလို တောင်သူတွေနဲ့ အသေးစား လုပ်ငန်းရှင်တွေကို လက် တွေ့ သင်တန်းတွေဖွင့်ပြီး သင်ကြားလေ့ကျင့်ပေးတာတွေ လည်း ဆောင်ရွက်လာကြပြီဖြစ်ပါတယ်။

ထုပ်ပိုးမှုစနစ်ပိုင်း စိန်ခေါ်မှုတွေ

စိုက်ပျိုးရေးကုန်ကြမ်းတွေကနေ စားသောက်ကုန် မုန့်အမျိုးမျိုး၊ ယို၊ ဖျော်ရည်ဆီ၊ ကွတ်ကီး၊ ကိတ်မုန့်နဲ့ ဝိုင် အမျိုးမျိုးအဖြစ် ပြုပြင်ထုတ်လုပ်နေကြတဲ့ သမဝါယမ လုပ်ငန်း အစုအဖွဲ့တွေနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ၊ ဒေသအလိုက် အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေ အများအပြားရှိနေကြပါပြီ။ ပြည်ပက တင်သွင်းလာတဲ့ ကုန်စည်တွေနဲ့ အနံ့နဲ့အရသာပိုင်းမှာ ယှဉ်ပြိုင်နိုင်ပေမယ့် ထုပ်ပိုးပစ္စည်းနဲ့ ထုပ်ပိုးမှုနည်းပညာတွေမှာတော့ လိုအပ် ချက်တွေ ရှိနေသေးတာ တွေ့ရပါတယ်။

တရုတ်နိုင်ငံဘက်ကဝင်လာတဲ့ ကုန်စည်တွေထက် တော့ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းမှုနဲ့ စားနပ် ရိက္ခာ လုံခြုံစိတ်ချရမှုပိုင်းမှာ ပိုအားကောင်းမှာဖြစ်ပေမယ့် ပြင်ပအသွင်အပြင်ပိုင်းနဲ့ စားသုံးသူကို ဆွဲဆောင်နိုင်တဲ့ ထုပ်ပိုးမှုစနစ်တွေမှာတော့ စိန်ခေါ်မှုတွေရှိနေပါသေးတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ စားသောက်ကုန်ထုတ် လုပ်မှု နည်းပညာ(Food Science & Technology)နဲ့ ထုပ်ပိုးမှု နည်းပညာ(Packaging Technology)ပိုင်း ဆိုင်ရာမှာ လူ့စွမ်းအား အရင်းအနှီး၊ ပြည်ပအကူအညီ (Foreign Direct Investment, FDI) တွေ မြှုပ်နှံပေးမယ် ဆိုရင် ကိုဗစ်-၁၉ အလွန်ကာလတွေမှာ အစားအစာများ လေလွင့်ဆုံးရှုံးမှု လျှော့ချရေး အစီအမံတွေ(Reduction of Food Loss and Waste)ကို ကောင်းစွာ ပြုပြင်လာနိုင်မှာ ဖြစ်ပါတယ်။

မူဝါဒပိုင်း ပြုပြင်ဖို့ လိုအပ်ချက်တွေ

ကိုဗစ်-၁၉ ရဲ့ အစောပိုင်းကာလဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းတွေမှာ စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ် တွေမှာ တောင်သူလယ်သမားတွေအတွက် မျိုးစေ့တွေ၊ သွင်းအားစုတွေ ထောက်ပံ့တာ၊ အသေးစားချေးငွေ မတည် ပေးတာတွေ အတော်အသင့် ဆောင်ရွက်ပေးနိုင်ခဲ့ပေမယ့် စားသောက်ကုန်ထုတ်လုပ်မှု ကွင်းဆက် (Food Supply Chain)တစ်ခုလုံး စောင့်ရှောက်ဖို့တော့ မဖြစ်နိုင်ခဲ့ပါဘူး။

ဈေးရောင်းချသူတွေ၊ စူပါမားကတ်တွေမှာ Mask ဝေငှတာ၊ ပိုးသတ်ဆေး ပက်ဖျန်းပေးတာ၊ အဝင်/အထွက် တွေ ထိန်းချုပ်ပေးတာ စတဲ့ ထုတ်လုပ်ရောင်းချသူအပိုင်းကို ကူညီမှုတွေရှိပေမယ့် ကုန်စည်များ သယ်ယူပို့ဆောင်ရေး၊ ကုန်စည်စီးဆင်းမှု ချောမွေ့ရေး၊ နယ်စပ်ထွက်ပေါက် တွေမှာ ကုန်ကြမ်းတွေ ပုံမနေစေဖို့ အရေးတွေကတော့ စိန်ခေါ်မှုတွေ ရှိနေဆဲပါ။

စိုက်ပျိုးထုတ်လုပ်သူတွေအနေနဲ့ ဆုံးရှုံးမှုတွေ နည်း နိုင်သမျှ လျော့နည်းစေဖို့ ကိုဗစ်-၁၉ ကပ်ရောဂါကာလ အလွန်မှာတော့ အအေးခန်းသိုလှောင်ရုံတွေ၊ အခြောက်ခံ စက်တွေ၊ တန်ဖိုးမြှင့်ထုတ်ကုန်တွေ ပြောင်းလဲထုတ်လုပ်ဖို့ လိုအပ်တဲ့ စက်ရုံတွေ တိုးချဲ့ဖန်တီးလာမယ်လို့မျှော်လင့် ချက် ရှိပါတယ်။ အစားအစာ လေလွင့်ဆုံးရှုံးမှုတွေကို ထိထိရောက်ရောက် လျှော့ချနိုင်ဖို့ဆိုရင် စိုက်ပျိုးမွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတစ်ခုတည်းရဲ့ အင်အား အရ တောင်သူတွေနဲ့ ကုန်စိမ်းပွဲရုံတွေအထိ နည်းပညာပိုင်း ဆိုင်ရာမှာ ကူညီပေးနိုင်မှာဖြစ်ပေမယ့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်က ကုန်စည်ဒိုင်တွေနဲ့ အသင်းအဖွဲ့တွေရဲ့ အင်အားကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။

ခေတ်စနစ်ကောင်းတစ်ခုဆီသို့

ထို့အတူပဲ ကုန်စည်များ သယ်ယူပို့ဆောင်ရေး အပိုင်းမှာ နည်းပညာများအရ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်မံ တိုးမြှင့်ဖို့လည်း လိုအပ်ပါတယ်။ တန်ဖိုးမြှင့်ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်မှာ ပါဝင်နေကြတဲ့ Value Chain Stakeholder အသီးသီး အားလုံးပူးပေါင်းပါဝင်တဲ့ ဘက်စုံ ဖွံ့ဖြိုးမှုအစီအမံနဲ့ ပြောင်းလဲဆောင်ရွက်နိုင်ကြမယ်ဆိုရင် တော့ မြန်မာနိုင်ငံဟာ ကိုဗစ်-၁၉ အလွန် ကာလမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးထုတ်ကုန် ကုန်ကြမ်းတွေရဲ့ လေလွင့်ဆုံးရှုံးမှုတွေကို လျှော့ချနိုင်ပြီး ခေတ်မီ ကုန်ချော ပစ္စည်းတွေ ထုတ်လုပ်ဖြန့်ဖြူး၊ ရောင်းချနိုင်တဲ့ ခေတ်စနစ် ကောင်းတစ်ခုဆီသို့ မလွဲမသွေ တက်လှမ်းနိုင်မှာ ဧကန် မုချပင် ဖြစ်ပါတော့တယ်။ ။

ဒေါက်တာတင်ဥမ္မာဝင်း(စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်း)

 

ကိုးကား

International Food Policy Research Institute ၏ "Impacts of COVID-19 on Myanmar's Agri-Food System: Evidence Base and Policy Implications (2020)"