Skip to main content

ကျွန်တော်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး

 “မင်းမှာ သစ္စာ၊ လူမှာ ကတိ” ငယ်ငယ်တုန်းက ကြားဖူးတဲ့ စကားပုံဟာ အလွန်တန်ဖိုးရှိလာပါတယ်။ ကြီးပြင်းလာတဲ့အခါ အဓိပ္ပာယ်ကို ပိုပြီးသဘောပေါက်နားလည်လာခဲ့တယ်။ တစ်ချိန်က အမှုမဲ့အမှတ်မဲ့အရာဟာ အခုတော့ အလေးအနက်ထားရမယ့်အကြောင်း သိနားလည်ခဲ့ပါတယ်။ ကတိကို လွယ်လွယ် မပေးသင့်ဘူး။ ပေးခဲ့ရင်လည်း ကတိကိုတည်ရမယ်။ အခုချိန်မှာ ဒီအတွေးတွေကို ဆင်ခြင်သင့်တယ်။ နေရာတိုင်းလိုလို ကတိကိုလွယ်လွယ်ပေးနေကြတာ တွေ့မြင်ရတယ်။ တစ်ဖက်သားကျေနပ်အောင် ခပ်လွယ်လွယ်ပေးလေ့ ရှိကြတယ်။ ပေးပြီးတဲ့ ကတိကို မတည်နိုင်တာကိုလည်း ခပ်ပေါ့ပေါ့တွေးတတ်ကြတယ်။ ဒီအမူအကျင့်ကို နေရာ တိုင်းမှာ တွေ့ရတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေထဲမှာ၊ လုပ်ငန်းခွင်မှာ၊ အုပ်ချုပ်ရေးနဲ့နိုင်ငံရေး နယ်ပယ်တွေမှာ ကတိလွယ်လွယ်ပေးပြီး ကတိမတည်ရင် သိက္ခာထိခိုက်တာကို သတိမပြုကြတာ တွေ့ရတယ်။ အမှန်တော့ လူ့တန်ဖိုးဟာ သိက္ခာပဲဖြစ်တယ်။ ဂုဏ်သိက္ခာလို့ပြောရင် ရာထူး၊ ငွေကြေး၊ ကျော်ကြားမှုနဲ့ တိုင်းတာမှုဟာ မပြည့်စုံပါဘူး။ ဒါတွေဟာ အပေါ်ယံပကာသနတွေသာ ဖြစ်ပါတယ်။ တန်ဖိုးစစ်စစ်ကတော့ သိက္ခာ၊ သမာဓိပဲဖြစ်တယ်။ ဖြောင့်မတ်တည်ကြည်မှုဟာ တန်ဖိုးမဖြတ်နိုင်တဲ့အရာ ဖြစ်ပါတယ်။

ကတိတည်ရမယ်ဆိုတဲ့ အသိကို မိဘနှစ်ပါးက အမြဲ သွန်သင်ခဲ့တယ်၊ နမူနာပြခဲ့တယ်။ ဖခင်လုပ်သူဟာ စစ်သားတစ်ဦး။ ဖြောင့်တယ်၊ တည်ကြည်တယ်၊ ရိုးသား တယ်၊ စကားများများ မပြောတတ်ဘဲ တာဝန်ကျေပွန် အောင် အမြဲကြိုးစားအားထုတ်တယ်။ ကျွန်တော်တို့ မောင်နှမတွေကိုလည်း သစ္စာရှိဖို့၊ ကတိတည်ဖို့ မကြာခဏ ဆုံးမတယ်။ ဒါကြောင့်လည်း အစမှာ တင်ပြခဲ့တဲ့ ဆောင်ပုဒ်ကို စွဲနေတာ။

အဂတိတရားလေးပါး

အဂတိနဲ့ ပတ်သက်လာရင် အဂတိတရားလေးပါးကို ဆင်ခြင်ရမှာ ဖြစ်တယ်။ ဆန္ဒာဂတိ၊ ချစ်ခင်သဖြင့် မလိုက် သင့်တဲ့ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကိုပြုခြင်း။ လူသားတွေ ဖြစ်တာမို့ ရင်းနှီးတဲ့သူ၊ ပတ်သက်တဲ့သူကို မျက်နှာလုပ်ချင်ကြတယ်၊ ဘက်လိုက်ကြတယ်။ ဒီအဂတိ တရားကို သတိပြုရမယ်။ တစ်ဖက်သတ် ဘက်လိုက်မှုတွေ ကြောင့် ပြဿနာတွေများခဲ့တာကို တွေ့ကြုံခဲ့ရတယ်။ ဒုတိယအဂတိတရားကတော့ ဒေါသာဂတိ။ စိတ်ဆိုးသဖြင့် မလိုက်သင့်သည်ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း။ မောဟာဂတိကတော့ ဆင်ခြင်တရားမရှိဘဲ မိုက်မဲ တွေဝေသဖြင့် မလိုက်သင့်ဘက်သို့လိုက်ခြင်း၊ မပြုသင့် သည်ကို ပြုခြင်း။ နောက်ဆုံးအဂတိတရားကတော့ ဘယာဂတိ။ ကြောက်ရွံ့သဖြင့် မလိုက်သင့်သည် ဘက်လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း။ ကျွန်တော်တို့ အနေနဲ့ ဒီအဂတိတရားလေးပါးကို အမြဲဂရုထားပြီး ရှောင်ရမှာ ဖြစ်တယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂမှာ တာဝန်ယူစဉ်ကတည်းက စိတ်ဝင်စား ခဲ့တယ်။ အလုပ်တာဝန်အရလည်း သုတေသနတွေ လုပ်ခွင့် ရခဲ့တယ်။ နိုင်ငံအသီးသီးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေမယ့်အကြောင်းအရာ၊ အချက် အလက်တွေကို ရှာဖွေဖော်ထုတ်ခဲ့ရာမှာ ထူးခြားချက် တစ်ရပ်အနေနဲ့ အဂတိလိုက်စားမှုဟာ အရေးပါကြောင်း တွေ့ရှိခဲ့ရပါတယ်။ အဂတိလိုက်စားမှုပေါများတဲ့ နိုင်ငံ တွေဟာ ဖွံ့ဖြိုးမှု နှောင့်နှေးပြီး အဂတိလိုက်စားမှုနည်း တဲ့နိုင်ငံတွေက တိုးတက်မှုမြင့်မားကြောင်း တွေ့ခဲ့ရ တယ်။ ဥပမာအားဖြင့် စင်ကာပူနိုင်ငံဟာ အဂတိလိုက် စားမှုကင်းခြင်းကို ဦးတည်ချက်အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်တယ်။ ဝန်ကြီးချုပ် လီကွမ်ယူက သန့်ရှင်းတဲ့ အစိုးရ ဖော်ထုတ်မှုကို ဦးဆောင်ခဲ့တယ်။ ဥပမာတစ်ခုအနေနဲ့ လွန်ခဲ့တဲ့ သုံးနှစ်ကာလက စင်ကာပူနိုင်ငံမှာ အစည်းအဝေး တစ်ခုတက်ရင်း သူတို့ရဲ့နိုင်ငံသား အာဆီယံအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ယူထားသူနဲ့ တွေ့ဆုံရင်း သူတို့ရဲ့ဝန်ကြီးချုပ် လီကွမ်ယူရဲ့ သား အကြောင်း ပြောပြခဲ့တယ်။ ရုံးချိန်မှာ နိုင်ငံကပေးထား တဲ့ကားကို အသုံးပြုပြီး ရုံးချိန်ပြီးတဲ့အခါ ရုံးကားကို အသုံးမပြုဘဲ သူ့ကိုယ်ပိုင်ကားမောင်းပြီး ဈေးဝယ်ထွက် တာကို ဖောက်သည်ချခဲ့တယ်။ အလွန်အားကျစရာ အပြုအမူတစ်ရပ်။

မြန်မာနိုင်ငံ၏ အဂတိကင်းစင်မှု

အဂတိလိုက်စားမှုအနေအထားကို တစ်နှစ်တစ်ကြိမ် စနစ်တကျတိုင်းထွာပြီး အစီရင်ခံစာလုပ်တဲ့ နိုင်ငံတကာ အရပ်ဘက် လူ့အဖွဲ့အစည်းက Transparency International(TI) နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ ဖြစ်တယ်။ ဂျာမနီနိုင်ငံမှာ အခြေစိုက်တယ်။ ထုတ်လုပ်တဲ့ အစီရင်ခံစာ ကို နိုင်ငံတကာအသိုင်းအဝိုင်းက လေးစားစွာ အသိ အမှတ်ပြုပြီး အလေးထားတယ်။ ကုလသမဂ္ဂ ဝန်ထမ်း ကောလိပ်မှာ တာဝန်ယူစဉ် အဆိုပါအစီရင်ခံစာကို အမြဲလေ့လာသုံးသပ်ခဲ့တယ်။ ကိုယ့်နိုင်ငံရဲ့ အနေအထား ကိုလည်း သုံးသပ်မိတယ်။ စင်ကာပူနိုင်ငံဟာ အဂတိ ကင်းစင်မှုတန်းစီဇယားမှာ ထိပ်ပိုင်းမှာ ပါဝင်ခဲ့ပြီး မြန်မာ နိုင်ငံကတော့ အဆင့်အားဖြင့် အခြေအနေက မက​ောင်း လှတာကို တွေ့ရတယ်။ တစ်နေ့ကျရင် ဒီအစီရင်ခံစာကို နိုင်ငံအတွင်းမှာ အများသိအောင်ဖြန့်ဖြူးဖို့ ဆုတောင်း ခဲ့တယ်။ ကျွန်တော်မှတ်မိသလောက် ယခင်အစိုးရ လက်ထက် သမ္မတကြီးဦးသိန်းစိန် လက်ထက်ကစပြီး ပြည်တွင်းမှာ လက်ခံခဲ့တာကို ဝမ်းသာ စရာ တွေ့ရတယ်။

နိုင်ငံအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး အတွက် ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့တယ်။ တစ်ချိန်က ကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေဟာ လူအသိမများလှခဲ့ဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်လာပြီး ကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးအောင်ကြည်ကို ခန့်အပ်တာဝန် ပေးခဲ့တယ်။ ဦးအောင်ကြည်ရဲ့ ဦးဆောင်မှုအောက်မှာ ကော်မရှင်ရဲ့လှုပ်ရှားမှုတွေဟာ ထိရောက်မှုရှိလာခဲ့တယ်။ စီမံခန့်ခွဲမှုအတွေးအခေါ်အနေနဲ့ လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်း အရေးပါမှုကို သုံးသပ်ရာမှာ အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်အနေနဲ့ လူပုဂ္ဂိုလ်ဦးဆောင်မှုရဲ့ အရေးပါမှု ကို ထင်ရှားပေါ်လွင်စွာ ဖော်ပြနိုင်ခဲ့တယ်။ သူတာဝန်ယူတဲ့ သုံးနှစ်ကာလအတွင်း ကော်မရှင်ရဲ့ ဆောင်ရွက်ချက်များ ဟာ သိသာထင်ရှားစွာ မြင်တွေ့ရပါတယ်။ ဒါကြောင့်လည်း မကြာသ​ေးမီရက်များအတွင်း မြန်မာနိုင်ငံဟာ အာရှနိုင်ငံ ၁၇ နိုင်ငံအနက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းတွေမှာ နံပါတ် ၁ နေရာမှာ ရပ်တည်ခဲ့ကြောင်း အစီရင်ခံစာတစ်ခုမှာ ဖော်ထုတ်ခဲ့ပါတယ်။ အလွန်ဂုဏ်ယူ ရမယ့် ကိစ္စတစ်ရပ်ဖြစ်တယ်။ ဦးအောင်ကြည်ရဲ့ တိုက် တွန်းအားပေးမှုများကြောင့် ကော်မရှင်ရဲ့ လုပ်ငန်းများမှာ ကျွန်တော် ပါဝင်ခွင့်ရခဲ့ပါတယ်။ ဟောပြောပွဲတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကျင်းပနိုင်ခဲ့သလို ကိုဗစ်-၁၉ ကာလအတွင်းမှာ အွန်လိုင်းကတစ်ဆင့် တစ်ပတ်တစ်ကြိမ် ဟောပြောပွဲတွေ လုပ်ပေးခွင့်ရခဲ့ပါ တယ်။ ဦးအောင်ကြည်ဟာ ကော်မရှင်ဥက္ကဋ္ဌအဖြစ်ကနေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အနားယူခဲ့ပါတယ်။ နိုင်ငံ တော်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ် ဖြစ်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး အထိမ်းအမှတ်နေ့

ဒီဇင်ဘာလ ၉ ရက်နေ့ဟာ နိုင်ငံတကာအဂတိ လိုက်စားမှု တိုက်ဖျက်ရေးအထိမ်းအမှတ်နေ့ဖြစ်တယ်။ ၂၀၁၇ ခုနှစ်က စတင်ပြီး နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်တယ်။ ဒီနှစ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အွန်လိုင်းက Zoom Meeting လုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ နိုင်ငံ တော်သမ္မတကြီး ဦးဝင်းမြင့်၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်၊ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး တို့က မိန့်ခွန်းတွေ ပြောခဲ့ပါတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားရေးမဏ္ဍိုင်တို့မှ အကြီးအကဲ သုံးဦး တက်ရောက်ချီးမြှောက်မှုဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို နိုင်ငံတော်အနေနဲ့ အရေးတယူ အလေးထားမှုကို ဖော်ထုတ်ခြင်းဖြစ်ပါတယ်။ ကော်မရှင် ရဲ့ ခေတ္တဥက္ကဋ္ဌတာဝန်ယူထားသူ ဦးဆန်းဝင်းက ကော်မရှင်ရဲ့ လုပ်ငန်းဆောင်ရွက်မှုများကို အသေးစိတ် တင်ပြခဲ့ပါ တယ်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ်ရဲ့ မိန့်ခွန်းကို ကုလသမဂ္ဂဌာနေကိုယ်စားလှယ်က ဖတ်ကြားခဲ့ပြီး မြန်မာပြည်မှာ အခြေစိုက်နေတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းများရဲ့ ကိုယ်စားလှယ်များကလည်း မိန့်ခွန်းတွေ ပြောကြားခဲ့ပါတယ်။ အခမ်းအနားကို ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် များမှ ဝန်ကြီးချုပ်များ၊ အစိုးရဌာနအကြီးအကဲများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဘက်လူ့ အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာပြုစုရေး ဆွဲရာမှာ နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပြုသူအနေနဲ့ တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားမှာ လူကြီးများရဲ့ မိန့်ခွန်းများ ကြားရတဲ့ အတွက် အားရကျေနပ်မိသလို တစ်ဖက်မှာလည်း အခမ်းအနားမှာ လူငယ်တွေရဲ့ အသံတွေကို ကြားရလို့ မျှော်လင့်ချက်အပြည့်အဝ ရရှိခဲ့ပါတယ်။ လူငယ်တွေ အနေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းတွေမှာ စိတ်ဝင်တစားပါဝင်နေတာဟာ နိုင်ငံအနာဂတ်အတွက် အင်အားတစ်ရပ် ဖြစ်ပါတယ်။

ငါးကြီး၊ ငါးလတ်၊ ငါးငယ် အားလုံးကြော်ဖို့လို

အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ လုံးဝသည်းခံခွင့်လွှတ်ဖို့မသင့်ဘူးလို့ ယုံကြည်မိ ပါတယ်။ Zero Tolerance လုံးဝလက်မခံ ကြောင်း အတိအလင်းကြေညာသင့်ပါတယ်။ တချို့က အနည်းအများ ပမာဏအပေါ် အခြေခံပြီး သည်းခံခွင့်လွှတ် သင့်တယ်လို့ ယူဆနေကြတယ်။ ကျွန်တော့်အနေနဲ့က ပမာဏနဲ့မဆိုင် ဘူးလို့ မြင်မိတယ်။ အသေးစားအဂတိ လိုက်စားမှုကို သည်းခံခွင့်လွှတ်ခဲ့ရင် အကြီးစားအဂတိ လိုက်စားမှုကို ကြိုဆိုခြင်းဖြစ်တယ်။ တစ်ချိန်က “ငါးကြီး တွေ ကြော်ရမယ်”ဆိုပြီး ကြွေးကြော်ကြတယ်။ အမှန်တော့ ငါးကြီးရော၊ ငါးလတ်ရော၊ ငါးငယ်တွေရော အားလုံးကို ကြော်ဖို့ လိုအပ်တယ်။ အခက်အခဲတစ်ခုက ကိုယ်ကျိုး စီးပွားပဋိပက္ခရဲ့သဘောကို နားမလည်မှုဖြစ်တယ်။

Conflict of Interest (COI)လို့ ပြောရင် မသိတာလား၊ မသိချင်ယောင်ဆောင်နေကြသလားဆိုတာကို ဝေခွဲလို့ မရဖြစ်နေတယ်။ ဒီအကြောင်းအရာကို တင်ပြတဲ့အခါ “ဖိတ်ခြင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်” ဆိုတဲ့ ငြင်းဆိုမှုကို ကြားရတယ်။ အမှန် ဖိတ်ကိုမဖိတ်ရဘူးဆိုတာကို မသိကြ ဘူး။ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ငွေကြေးထောက်ပံ့မှုတွေ ဖြန့်ဝေပေးရာမှာ တာဝန်ရှိသူတွေနဲ့ ပတ်သက်တဲ့သူတွေ ဝင်လျှောက်ထားကြပြီး အခွင့်အရေးတွေရခဲ့ကြောင်း ဂျာနယ်တွေမှာ ဝေဖန်တာတွေကို ဖတ်ခဲ့ရတယ်။ အမှန် တော့ တာဝန်ရှိတဲ့သူတွေဟာ ပတ်သက်စရာအကြောင်း မရှိပါဘူး။ မိမိရဲ့မိသားစုသားချင်းအသိုင်းအဝိုင်း မပါဝင် မပတ်သက်အောင် သတိပြုရမှာဖြစ်တယ်။ မိမိမှာရှိတဲ့ ရာထူးအာဏာကြောင့် အခွင့်အရေးယူတဲ့ အသွင်မဆောင် ဖို့ အလွန်အရေးကြီးလှတယ်။

တာဝန်ရှိသူတွေရဲ့ ပိုင်ဆိုင်မှုကို ကြေညာခြင်းဟာ ဖြစ်သင့်တဲ့အရာသာဖြစ်တယ်။ ဝင်ငွေ၊ ထွက်ငွေကို အခြေခံ ပြီး ရရှိတဲ့ပိုင်ဆိုင်မှုအတိုင်းအတာကို အလွယ်တကူ ဖော်ထုတ်နိုင်မှာသာ ဖြစ်တယ်။ ပိုင်ဆိုင်မှု အဆမတန် ကြီးထွားမှု တွေဟာ သံသယဖြစ်စရာကိစ္စတွေ ဖြစ်တယ်။ မေးခွန်းထုတ်စရာတွေ ဖြစ်တယ်။ ၂၀၂၀-နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အထိမ်းအမှတ်နေ့ အခမ်းအနားရဲ့ဆောင်ပုဒ်မှာ ‘Recover with integrity’ ဖြောင့်မတ်တည်ကြည်မှုနဲ့ ပြန်လည်နာလန်ထမှု အဓိပ္ပာယ် ဆောင်ခြင်းဖြစ်တယ်။ ကိုဗစ် -၁၉ ကြောင့် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတိုင်းမှာ စီးပွားရေးအကျပ်အတည်းတွေ၊ စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေကြရတယ်။ ဒီအခြေအနေကို ကုစားဖို့ နိုင်ငံတော်အစိုးရအနေနဲ့ အစီအစဉ်တွေ ရေးဆွဲ ချမှတ်ခဲ့တယ်။ အစီအစဉ်အသစ်တွေကိုလည်း အခြေအနေ နဲ့ ကိုက်ညီအောင်ဖော်ထုတ်ဖို့ ကြိုးစားနေကြတယ်။ စီးပွားရေးလုပ်ငန်းများကို လိုအပ်တဲ့အထောက်အပံ့တွေ ပေးဖို့ စီစဉ်လျက်ရှိတယ်။ အခုလို ဆောင်ရွက်ရာမှာ ဖြောင့်မတ်တည်ကြည်မှုရှိပြီး အဂတိလိုက်စားမှု ကင်းဝေး အောင် ဆောင်ရွက်ဖို့လိုကြောင်းကို သတိပေးခြင်းဖြစ်တယ်။ ငွေကြေးအထောက်အပံ့တွေ ပါဝင်တဲ့အတွက် ပိုပြီး သတိထားဖို့ လိုအပ်ပါတယ်။

သိက္ခာ၊ သမာဓိနဲ့ အဂတိကင်းအောင် ဆောင်ရွက်

အထူးသဖြင့် ကိုယ်ကျိုးစီးပွား ပဋိပက္ခကင်းဝေး အောင် ဆောင်ရွက်ဖို့ လိုအပ်တယ်။ စောစောက တင်ပြ ခဲ့တဲ့ အဂတိတရား လေးပါးကို ဆင်ခြင်ဖို့ အရေးကြီးလှပါ တယ်။ အကျပ်အတည်း ရင်ဆိုင်နေကြရတဲ့အခါ လိုချင်မှု၊ တပ်မက်မှုတွေများပြီး လောဘတက်ကြမှာ သေချာလှ တယ်။ စီးပွားရေးလုပ်ငန်းတွေ နာလန်ထူအောင် ကြိုးစားတဲ့အခါ သိက္ခာ၊ သမာဓိနဲ့ ဆောင်ရွက်နိုင်ပြီး အဂတိကင်းဖို့ လိုအပ်လှပါတယ်။

ကျွန်တော့်အနေနဲ့ တစ်ဖက်က အဂတိလိုက်စားမှုကို တိုက်ဖျက်ဖို့ လိုအပ်သလို ကတိတရားကို တန်ဖိုးထားတဲ့ လူ့အသိုင်းအဝိုင်း ပေါ်ပေါက်လာအောင် ပြုစုပျိုးထောင် သွားရမှာ ဖြစ်တယ်။ တစ်ဦး တစ်ယောက်ချင်းက ဖြောင့်မတ်တည်ကြည်မှု၊ ရိုးသားမှုကို တန်ဖိုးထားရမယ်။ မိသားစုအတွင်း နမူနာပြရမှာသာ ဖြစ်တယ်။ အမှန်တရား ဘက်က ရပ်တည်နိုင်တဲ့ သတ္တိ၊ စိတ်မွေးဖို့ လိုအပ်ပါတယ်။ နိုင်ငံကြီးသားပီသဖို့ အရေးကြီး လှပါတယ်။ ။

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်