Skip to main content

ရာပြည့်တက္ကသိုလ်ကို ဂုဏ်ပြုကြိုဆိုသည် အငြိမ့်ဒဂုံဧကရီ

 (ခြေဆင်း) နေဝန်းရယ်နီ …. ရည်ထွန်း လေပြီ … နေခြည်ဖြာကျ ရွှေညီလာခ ကျွန်မ အလှပန်းကခြေသည်   ရွှေမင်းသမီးလေး ထက်ရတီ သွန်းညောင်ရေ        လောင်းကာလေ  တောင်းဆုမေတ္တာဝေ . ကမ္ဘာသူ  ကမ္ဘာသား တွေ ကျန်းမာ ချမ်းသာကြပါစေ … တစ်ပါး အလှ   ကညာမေ . အနားက    မခွာမသွေ လှပကာ သာယာပါစေ ပို့သကာ အေးမြကြပါစေ  … ဆင်းသိင်္ဂီ ဘရဏီ တစ်နှုံးလေ    မပျက်အခြေတည် …  မတ ဆန်းဝေ … ထက်ရတီတို့ရဲ့ လှပအငြိမ့်ခန်းပေ ….

 (သမီးတို့ငယ်ငယ်   ကလေးဘဝအရွယ် … ဆိုင်းသံဗုံသံကြားရင်

 ကချင်ခုန်ချင်စိတ်တွေ … ဖြစ်ပေါ်ခဲ့တယ် …)၂

 ဖေဖေမေမေ ပေးခဲ့တဲ့ နာမည်လေးရယ် အနုပညာဝါသနာထုံတဲ့

 ထက်ရတီမင်းသမီးလေးတဲ့ကွယ်

 (CHO) (ထက်ရတီ ကလေးနှမ ဒို့မေးပါရစေ …ကျောင်းသူလေလား သဘင်သည်လေလားကွယ် ..)

 ကျောင်းသူဆိုလည်း ကျောင်းသူပဲပေါ့  သဘင်သည်ဆိုလည်း သဘင်သည်ပဲပေါ့ စာပေဂီတအနုပညာ ပန်းပေါင်းစုံညီ

 ပွင့်လန်းရာ ဒဂုံတက္ကသိုလ်မှာ.. ဒဂုံဧကရီအငြိမ့်သဘင်ပါ

သီချင်းလေးသည်ကား      ရန်ကုန် တက္ကသိုလ်၏   ရာပြည့်သဘင်တက္ကသိုလ် အငြိမ့်အဖွဲ့များ     ဂုဏ်ပြု ဖျော်ဖြေပွဲတွင် တင်ဆက်ကပြ ဖျော်ဖြေသည့် ဒဂုံတက္ကသိုလ် အနုပညာအသင်းကြီး၏ ဒဂုံဧကရီ အငြိမ့်အဖွဲ့ မင်းသမီး ကပြခဲ့သည့် ဧကရီအငြိမ့် သီချင်းပင် ဖြစ်သည်။ ဒဂုံတက္ကသိုလ် ဒုတိယ ပါမောက္ခ ချုပ် ဒေါက်တာနုနုရီနှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာနေသွယ်ကြည်တို့က  စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ဒဂုံတက္ကသိုလ် အနုပညာအသင်း ဥက္ကဋ္ဌ  မြန်မာစာဌာန     ပါမောက္ခဌာနမှူး ဒေါက်တာထိပ်တင်ဟန်က    ကြီးကြပ်စီစဉ် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။     ထိုအငြိမ့် တွင် မင်းသမီးထက်ရတီလွင် (ဒုတိယနှစ်၊ မြန်မာ စာ)၊ လူရွှင်တော်များ အဖြစ် ချစ်ယုံ (စတုတ္ထ နှစ်၊ သင်္ချာ)၊ ပါကျဲ(စတုတ္ထနှစ်၊ မြန်မာမှုပညာ)၊ ဝမ်းဝမ်း (စတုတ္ထနှစ်၊ ကုန်ထုတ် ဓာတုဗေဒ) နှင့် ဓာတ်ဘူး(တတိယနှစ်၊ မြန်မာစာ) တို့ ပါဝင်ကပြခြင်း   ဖြစ်သည်။    ဒဂုံဧကရီ အငြိမ့်အဖွဲ့နှင့်    မေးမြန်းထားသည်များကို အခုလို ရေးသားတင်ပြလိုက်ရပါသည်။

ဒဂုံဧကရီအငြိမ့်၏ ကြိုးစားအားထုတ်မှု

ဒဂုံဧကရီအငြိမ့်အဖွဲ့မှာ    အငြိမ့်သီချင်းတွေနဲ့       လိုက်ဖက်အောင်      ကကြိုး ကကွက်တွေကို ဖန်တီး ပုံဖော်ခဲ့ပုံ ကို မင်းသမီး ထက်ရတီလွင်က   “သမီးတို့ရဲ့ဆရာမကြီး ဒေါက်တာထိပ်တင်ဟန်က    အဖွင့်သီချင်း၊ အပိတ်သီချင်းနဲ့ ချစ်သက်လျာ  သီချင်းတွေကို သမီးအတွက် ရေးစပ်ပေးပါတယ်။ ဆရာမကြီး ရဲ့ စာသားတွေက သမီးကဖို့အတွက် ပြီးပြည့် စုံခဲ့ပါတယ်။  မင်းသမီးပညာသီချင်းလေးက တော့ ဆရာ  ရွာစားကြီးဦးအောင်ဝမ်းတူးက ရေးစပ်ပေးခဲ့ တာပါ။   ဆရာဦးအောင်ဝမ်းတူး ကတော့    အဆစ်ကြီး   ဝါးလတ်အစရှိတဲ့ ကကွက်များအတွက် မြူးကြွတဲ့ သံစဉ်များ ကို ဖန်တီးပေးပြီးတော့ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ     ဆိုင်းဝိုင်းကြီး    ရွာစားစတား ဗိုလ်လှိုင်းနှင့်   အဖွဲ့ကတော့   အကောင်းဆုံး ဖြစ်အောင် ပံ့ပိုးပေးခဲ့ပါ တယ်ဟု ပြန်ပြောပြခဲ့ သည်။

အငြိမ့်ပြက်လုံးများနှင့် လိုက်ဖက်အောင် မည်ကဲ့သို့  ပြင်ဆင်ပံ့ပိုးပေးခဲ့သည်၊ လူရွှင် တော်များနှင့် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက် ခဲ့သည်ဆိုသည်ကို ထက်ရတီလွင်က “ဆရာ မကြီးရဲ့ ဦးဆောင်ပံ့ပိုးမှုနဲ့ သမီးရယ်၊ လူရွှင် တော်အစ်ကို လေးယောက်ရယ်  အဖွဲ့အစည်း စိတ်အပြည့်နဲ့     အားလုံးတိုင်တိုင်ပင်ပင် ကြိုးစားခဲ့ကြပါတယ်။  ဆရာမကြီးကလည်း လိုလေသေးမရှိအောင် ပံ့ပိုးမှုကောင်းကောင်း နဲ့ စီစဉ်ပေးခဲ့ပါတယ်ဟု ပြောပြခဲ့သည်။

အငြိမ့် ခွန်းထောက်တွေနဲ့ အပြန်အလှန် မိတ်ဆက်ခဲ့ရာတွင် ဥပမာ လူရွှင်တော်များက မင်းသမီးကို ပီယဝါစာချစ်ဖွယ်သော စကားတွေနဲ့  နုတ်ဆက်စကားပြောကြားခဲ့ရာတွင် အဆင်ပြေခဲ့သည်  ဆိုသည်ကို  “အငြိမ့်ခွန်း ထောက်နဲ့ ပရိကံစကားကတော့ ဆရာမကြီး ဒေါက်တာထိပ်တင်ဟန်နဲ့ လူရွှင်တော် အဖေ ရွှေဖလား ဦးချစ်ချောတို့ရဲ့   အစီအစဉ်နဲ့ပဲ အဆင်ပြေချောမွေ့ခဲ့ပါတယ်။ လူရွှင်တော်က မင်းသမီး အခေါ်လေးတွေမှာ လည်း လူရွှင်တော်ကြီး သင်ပြမှုနဲ့     သေသပ်လှပစွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ လူရွှင်တော် အစ်ကို တွေနဲ့လည်း အဖွဲ့အစည်းစိတ် အပြည့်နဲ့ စည်းစည်းလုံးလုံးညှိနှိုင်းပြီး အမြဲတိုင်ပင်ခဲ့တဲ့ အကျိုးကျေးဇူးများကို လည်း အပြည့်အ၀ခံစား ခဲ့ရပါတယ်ဟု ထက်ရတီလွင်က ပြောပြခဲ့ သည်။

 ဒဂုံဧကရီအငြိမ့်အဖွဲ့ရဲ့       ခွန်းထောက်ကိုတော့ အခုလို ကြားသိခဲ့ရပါတယ်။

မပျက် အညီသာ  ရှုမြင်စမ်းလိုက်ပါတော့

 ရက်ရှည်ကြာ ယခုပင်လွမ်းလိုက်ပါဘိ

 တက္ကသီလာ ဥယျာဉ်နန်းရယ်က

 နှစ်တစ်ရာ။

သမိုင်းတင်စရာ ကဗျာမော်ကွန်းတွေနဲ့

 နှိုင်းယှဉ်ကာ စာဖော်လို့ ညွှန်းရရင်ကွယ်

 ကွန်းထောက်ခိုရာ။

အသိနဲ့ပညာ၊ စုံပါလို့ယှဉ်တွဲ

 တို့နိုင်ငံကိုတည်ဆောက်ကြမယ်

 ထွန်းတောက်အောင်ပွဲ။

 ဒဂုံဧကရီအငြိမ့်ရဲ့ ပရိကံစကားကိုလည်း ဤသို့ ရေးဖွဲ့ထားသည်။

 “သဘင်သဘင် အမြင်လွယ်သလောက် တကယ်လုပ်တော့အဟုတ်ခက် ရုတ်တရက်နှင့် မရှက်လျှင်ပြီးရောဆိုပြီး

 ဒါမျိုးဆိုတာ တစ်စိတ်တင်မှတတ်တာ ကိုးဗျ။

 ဟိုး အထက်ဥက္ကဌာက  ကျွန်တော်တို့ အာစရာများက သဒ္ဓါအားဖြင့်  ကြိယာကြွယ်လေတော့   သိသာဖွယ် အများအားဖြင့် ခြားနားစွာပြခဲ့တာက

 “သိင်္ဂါရော ကရုဏာ၊ ဝီရာ၊ ဟဿာ၊ အဗ္ဘုတာ၊ ဝိဘစ္ဆာ၊ သန္တာ၊ ဘယာနကာ၊    ရုဒ္ဓါနိဣမေနာ     လို့ ကိုးပါးသောသဘင်ကို ထင်ရှားစွာပြခဲ့တာက   သဘင်စလွယ်ကိုးပါးတဲ့ လားဗျာ။

 “အကာ၊ ကမိုင်း၊ အပိုင်း။ အဖြတ်၊ အရပ်၊ အနား၊ အထား၊ အသို၊ ဂရု၊ လဟု၊ အဖု၊  အထစ် မပြေပြစ်ရင် သဘင်ဆိုတာ အခြေအမြစ်မရှိနိုင်ပါဘူးဗျာ။

ရန်ကုန်တက္ကသိုလ် ရာပြည့်အငြိမ့် ပြိုင်ပွဲပြုလုပ်မယ်လို့ စတင်သိရတဲ့ သြဂုတ်လ တတိယပတ်မှာ ကတည်း က    ပြိုင်ပွဲဝင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။      လူရွှင်တော်တွေနဲ့ မင်းသမီးကိုတော့  ဆရာမကြီး   ဒေါက်တာ ထိပ်တင်ဟန်က စိစစ်ရွေးချယ်ပြီး ဖွဲ့စည်းခဲ့တာ  ဖြစ်ပါတယ်  ဟု  လူရွှင်တော်တစ်ဦး ဖြစ်သူ ပါကျဲက ပြောပြခဲ့သည်။

အငြိမ့်ပြက်လုံးများ ဖန်တီးမှု

အငြိမ့်ပြက်လုံးတွေကို ဖန်တီးဖြစ်ခဲ့ပုံကို “အငြိမ့်ပြက်လုံးတွေကိုတော့ လူရွှင်တော်ကြီး ရွှေဖလား ဦးချစ်ချော က စီမံပေးခဲ့တာဖြစ်ပါ တယ်။  ကျွန်တော်တို့    စီနီယာအစ်ကိုများက လည်း ပံ့ပိုးပေးခဲ့ပါတယ်။  ကျောင်းသား ပီပီ ပါဝင်ရတာဖြစ်တဲ့အတွက်    တတ်နိုင်သမျှ ယဉ်ကျေးတဲ့ပြက်လုံးတွေကို သုံးခဲ့ပါတယ်။ တက္ကသိုလ်ရဲ့    ပုံရိပ် ပါဝင်အောင်လည်း ကြိုးစားခဲ့ပါတယ် ဟု ပါကျဲက ဖွင့်ဟပြောဆိုခဲ့သည်။

 “ပန်းပေါင်းစုံညီ  ပွင့်လန်းတင့်ဆန်းပေ တော့သည် ... အားကစားနဲ့ အနုပညာ ကြက်ခြေနီ ကင်းထောက် ပါအတည် ... ဝါသနာပါရာ ကိုယ်တိုင်ဘဲ ဆင်နွှဲနိုင်ကြသည် အရှေ့တောင်အာရှမှာ     အကြီးဆုံး တက္ကသိုလ်ဖြစ်သည်       ...ထူးချွန် ထက်မြက်တဲ့ ပညာရှင်များ မွေးခဲ့ပြီ ..... ကမ္ဘာ့တက္ကသိုလ်များနဲ့ ချိတ်ဆက်သင်ယူ နိုင်ပြီ ပွင့်သောပန်းတိုင်း လန်းရမည်လို့ ရဲမာန်ဝင့်ချီ ကမ်းလင့်နေမည်အို ... ကြိုဆိုလျက် အတည် လှဒဂုံဧကရီ

ဆိုသည့် ဆရာမကြီး ဒေါက်တာထိပ်တင်ဟန် ရေးစပ်သီကုံးထားသည့်     ဒဂုံဧကရီအငြိမ့် အပိတ်သီချင်းလေး နှင့်အတူ   ဒဂုံဧကရီအငြိမ့် ၏  အနာဂတ်မျှော်မှန်းချက်ကို    မေးမြန်း ဖြစ်ခဲ့သည်။

အငြိမ့်အပေါ်ထားရှိတဲ့    အနာဂတ် မျှော်မှန်းချက်ကို   လူရွှင်တော်ဓာတ်ဘူးက “အငြိမ့်ဆိုတာ    သာယာ ငြိမ့်ညောင်းသော အတီး၊ အဆို၊ အကကို အခြေခံပြီး  ဇာတ်လမ်း ဇာတ်ကွက်မပါ၊ မင်းသမီးနှင့်   လူပြက်သာ ကပြသော ပွဲသဘင်လို့   မြန်မာအဘိဓာန်မှာ ဖွင့်ဆိုထားပါတယ်။  အငြိမ့်ဆိုတာ  လူနည်း နည်းနဲ့ လုပ်အား များများ ပြသလို့ရတဲ့ မြန်မာ့ ရိုးရာ ဖြစ်ပါတယ်လို့ လူရွှင်တော်ကြီး ဦးမိုးဒီ က မိန့်ကြားဖူးပါတယ်။ ဒါကြောင့်  အငြိမ့် ဆိုတာ အင်မတန် တန်ဖိုးထားစရာကောင်းတဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု တစ်ခုပဲ ဖြစ်ပါတယ် ခင်ဗျာ။ တစ်ချိန်တစ်ခါကလည်း  တက္ကသိုလ် ကျောင်းများမှာ    တက္ကသိုလ်အငြိမ့်ဆိုတာ တစ်ခေတ်ဆန်းခဲ့ပါတယ်။     ဒါကြောင့်မို့ မျိုးဆက်သစ် များဖြစ်တဲ့    ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသား  ကျောင်းသူများဟာ အငြိမ့်ပညာ ကို တန်ဖိုးထားကြောင်း ဒီပွဲလေး မှာ ပြသနိုင်ခွင့်ရသလို    တက္ကသိုလ်အငြိမ့် ကိုလည်း တစ်ခန်းဖွင့်လှစ် ခွင့်ရခဲ့တဲ့အတွက် အင်မတန် ကျေးဇူးတင်မိပါတယ်။ အနာဂတ် မျှော်မှန်းချက်ကတော့ အငြိမ့်ဆိုတာ မြန်မာ့ ရိုးရာ ယဉ်ကျေးမှုတစ်ခု ဖြစ်ပါတယ်။ ဒီရိုးရာ ယဉ်ကျေးမှုကို  ဆက်လက်ထိန်းသိမ်းသင့်တာ ကျွန်တော်တို့ မြန်မာလူမျိုးများရဲ့တာဝန်ပဲ ဖြစ်ပါတယ် ခင်ဗျာ။ ဒီလိုရိုးရာယဉ်ကျေးမှုကို ခေတ်အဆက်ဆက်     အနာဂတ်မှာ လည်း ထိန်းသိမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းမိပါတယ်။ ဟု ပြောကြားခဲ့ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။          ။

ကိုနေ(မြန်မာစာ)

2112MMALS2(3).jpg

ဆောင်းပါးရှင်၏ ကိုယ်ရေးအကျဉ်း

- အမည်ရင်းမှာ     လက်ထောက် ကထိက   ဒေါက်တာနေလင်းဝေ    ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန   ဖြစ်သည်။

- ၁၉၇၉ ခုနှစ်  မေလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ်တွင် မွေးဖွား သည်။

- ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့  (မြန်မာစာ) ရရှိခဲ့ပြီး မဟာ ဝိဇ္ဇာဘွဲ့နှင့်  မဟာသုတေသနဘွဲ့ (မြန်မာစာ)ကို  ၂၀၀၇  ခုနှစ်နှင့် ၂၀၀၈ ခုနှစ်များတွင် ရရှိခဲ့သည်။

- ၂၀၀၈  ခုနှစ်၌   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စတင်   တာဝန်ထမ်းဆောင် ခဲ့ပြီး ၂၀၁၅ ခုနှစ်၌ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနသို့   နည်းပြအဖြစ် ပြောင်းရွှေ့  တာဝန်ထမ်းဆောင်ခဲ့ သည်။

- ၂၀၁၉ ခုနှစ်တွင်   ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၌   လက်ထောက် ကထိကရာထူးသို့ တိုးမြှင့်ခြင်းခံရ သည်။

- ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ရန်ကုန်တက္ကသိုလ်မှ  ပါရဂူဘွဲ့ကို မြန်မာစာအထူးပြုဖြင့် ရရှိခဲ့သည်။