Skip to main content

ကာကွယ်၍ ပြုစုပါ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလဆန်းမှစ၍ ဖြစ်ပွားခဲ့သော နိုဗယ်ကိုရိုနာ ဗိုင်းရပ်(စ်) ကူးစက်ရောဂါမှာ နှစ်လမပြည့်သေးခင် သူတို့နိုင်ငံအတွင်း လူပေါင်း ၂၀၀၀ ကျပ် ကူးစက်သွားခဲ့ပြီး အခြားနိုင်ငံများသို့ပါ လျင်မြန်စွာ ပျံ့နှံ့လျက်ရှိပါသည်။

▲ နိုင်ငံပေါင်း ၁၄ နိုင်ငံသို့ ပျံ့နှံ့ ▲

နောက်ဆုံးရသတင်းမှာ နိုင်ငံပေါင်း ၁၄ နိုင်ငံသို့ ပျံ့နှံ့သွားပြီဖြစ်သော်လည်း မူလရောဂါကူးစက်ရာ ဝူဟန်မြို့နှင့် အဆက်အစပ်ရှိသော ကူးစက်မှုများသာဖြစ်နေပါသေးသည်။ မလေးရှား၊ စင်ကာပူ၊ ကနေဒါ၊ ဂျပန်၊ ဩစတြေးလျ၊ တောင်ကိုရီးယား၊ ပြင်သစ်၊ အမေရိကန်နှင့် ထိုင်းနိုင်ငံတို့နှင့် တရုတ်တိုင်ပေ၊ ဟောင်ကောင်၊ မကာအိုတို့သို့ ကူးစက်သွားကြောင်း တွေ့ရပါသည်။ မြန်မာနိုင်ငံသို့လည်း အချိန်မရွေး ကူးစက်ပျံ့နှံ့လာရန် အလားအလာရှိပါသည်။

ကူးစက်ခံရသူများထဲမှ လူ ၅၀ ကျော် သေပျောက်ခဲ့ပြီဖြစ်ပါသည်။ သို့ရတွင် ယခင်ကဖြစ်ခဲ့ဖူးသော “ကူးစက်မြန် ပြင်းထန် အဆုတ်ရောင်ရောဂါ” (SARS) ကဲ့သို့ ကူးစက်မြန်သော်လည်း သေပျောက်နှုန်း နည်းသေးကြောင်း တွေ့ရပါသည်။ ကူးစက်သည့် ဗိုင်းရပ်(စ်)ပိုးမှာ သရဖူပုံစံရှိသဖြင့် ကိုရိုနာဟု အမည်တပ်ပေးခဲ့ပါသည်။ ယခုပိုးကို “2019-nCov” ဟုသာ အမည်တပ်ထားသည့် ပုံပြောင်းပိုးသစ် နိုဗယ်(Novel) ဗိုင်းရပ်(စ်) ပင်ဖြစ်ပါသည်။

(၂၁)ရာစုအဝင်တွင် ဖြစ်ပွားခဲ့သော "SARS" ရောဂါမှာလည်း ဟောင်ကောင်မှတစ်ဆင့် ပျံ့နှံ့ခဲ့ပါသည်။ "ကြောင်ကတိုး” များမှတစ်ဆင့် လူသို့ကူးစက်သည်ဟု ဆိုပါသည်။ SARS ရောဂါနောက်ပိုင်း ပေါ်ပေါက်ခဲ့သော "MERS" ရောဂါမှာလည်း ကိုရိုနာဗိုင်းရပ်(စ်)မျိုးဖြစ်ပြီး “ကုလားအုတ်”များမှတစ်ဆင့် ကူးစက်ခဲ့ကာ အရှေ့အလယ်ပိုင်း (Middle - east) တွင် ဒုက္ခပေးခဲ့ပါသည်။ ယခုရောဂါပိုးမှာမူ “လင်းနို့” များမှတစ်ဆင့် လူသို့ကူးစက်ပြီး လူလူချင်းကူးစက်မှုများရှိလာပုံ ရပါသည်။

မူလဇာစ်မြစ်မှာ ဝူဟန်မြို့ရှိ ပင်လယ်ငါးဈေးထဲမှ စသည်ဟု ဆိုပါသည်။ ငါးဈေးနှင့် လင်းနို့၊ လင်းနို့နှင့်လူ မည်ကဲ့သို့ ဆက်စပ်ကာ ရောဂါပိုးကူးစက်သွားသည်ကို အတိအကျ မသိရသေးသော်လည်း ယခုရေရောဂါ ကုသဆေးလည်းမရှိ၊ ကာကွယ်ဆေးလည်း မရှိသေးသဖြင့် သတိထားဖို့ လိုအပ်လျက်ရှိပါသည်။ ။

▲ သတိကြီးစွာထားကာ ထိန်းချုပ်ဖို့လိုနေ ▲

ယခင်ကသုံးခဲ့သော ဗိုင်းရပ်(စ်)နှိမ်ဆေး တာမီဖလူး(Tamiflu)သည်လည်း အသုံးမဝင်ကြောင်း သိရပါသည်။ အအေးမိနှာစေးချောင်းဆိုးရောဂါပုံစံမှစ၍ အဆုတ်ရောင်ရောဂါ၊ နမိုးနီးယားရောဂါများဖြင့် လျင်မြန်စွာ သေဆုံးခဲ့သည့် SARS ရောဂါ၏ အတွေ့အကြုံများကို အခြေခံ၍ သတိကြီးစွာထားကာ ထိန်းချုပ်ဖို့လိုနေပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကလည်း ကမ္ဘာကပ်နာ(Pandemic) မဖြစ်အောင် တပ်လှန့်လျက်ရှိပါသည်။

▲ သီအိုရီအတိုင်းထိန်းချုပ်ရန် မလွယ်ကူ ▲

ကျွန်တော်တို့နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှာ ဥဒဟို ဆက်စပ်နေသောကြောင့် လေကြောင်းမှ ဝင်ပေါက်ကို ထိန်းချုပ်၍ရနိုင်သည့်တိုင် လူစီးယာဉ်များ၊ ကုန်တင်ယာဉ်များနှင့် နယ်စပ်တစ်လျှောက်ကူးသန်းသွားလာမှုများကို သီအိုရီအတိုင်း ထိန်းချုပ်ရန် မလွယ်ကူလှပါ။

သို့ရာတွင် စိုးရိမ်မှုကိုလျော့စေသော သတင်းများလည်း ရှိနေပါသည်။ လောလောဆယ် သေဆုံးသူများမှာ အသက်ကြီးသူများ၊ ရောဂါအခံရှိသူများထံ ကူးစက်ခံရ၍ သေဆုံးကြောင်းပင် ဖြစ်ပါသည်။ နောက်တစ်ချက်မှာ လူလူချင်းကူးစက်ရာတွင် လေထဲ၌ အလွယ်တကူပျံ့နှံ့ ကူးစက်ခြင်းထက် ပြုစုကုသသူများနှင့် ကျန်းမာရေး ဝန်ထမ်းများထံ ကူးစက်မှုက ပို၍များကြောင်း တွေ့ရပါသည်။ ဆိုလိုသည်မှာ လေမှတစ်ဆင့် လွင့်ပျံလာသောအမှုန် အမွှားထဲတွင်ပါလာသော ဗိုင်းရပ်(စ်)ပိုးများကို ရှူသွင်းမိ၍ ကူးစက်ခံရခြင်းထက် လူနာနှင့် လူနာနှင့်သက်ဆိုင်သော ပတ်ဝန်းကျင်တွင်ပျံ့နှံ့ကျရောက်နေသော ပိုးများကို ထိကိုင်မိရာမှ ကူးစက်ခံရခြင်းမှာ အကြောင်းရင်းဖြစ်နေကြောင်း သိနိုင်ပါသည်။

ကျွန်တော်တို့အတွက်မူ ဤကူးစက်မှုပုံစံမျိုးမှာ ပို၍ပင်ဖြစ်နိုင်ပါသဖြင့် သတိကြီးစွာထားရန် လိုပါသည်။ လေထဲမှကူးစက်လျှင် နှာခေါင်းစည်း၊ ပါးစပ်စည်းများတပ်၍ ကာကွယ်နိုင်သည်ဟူသော အယူအဆမှာလည်း ဗိုင်းရပ်(စ်)ပိုးကဲ့သို့ ပျံ့နှံ့နေသဖြင့် နေရရာတကာမှာ နှာခေါင်းစည်းလေးများဖြင့် သွားလာနေကြသည်ကို အရှေ့တိုင်းသားများကြားတွင် မြင်တွေ့နေရသော်လည်း လက်ကို စင်အောင်ဆေးသည့် အလေ့အထမှာမူ သိသိချည်းနှင့် မေ့လျော့နေကြောင်း၊ ထိုသို့မေ့လျော့မှုသည် ရောဂါဖြစ်ရာ သေဆုံးရာ အကြောင်းရင်းဖြစ်နေကြောင်း အသိပညာပေးထားသော်လည်း လိုက်နာလုပ်ဆောင်မည့်သူ နည်းလှပါသည်။

▲ မိမိကိုယ်ကို ကာကွယ်ထားပြီးမှ ပြုစုဖို့လို ▲

အထူးသဖြင့် လူနာကိုပြုစုကြသူများမှာ မိမိကိုယ်ကို ကာကွယ်ထားပြီးမှ ပြုစုဖို့လိုအပ်နေပါသည်။ အပြောလွယ်သလောက် အလုပ်ခက်သဖြင့် မြန်မာတို့မှာ ကူးစက်ခံရမှုအန္တရာယ်များပါသည်။ ကျွန်တို့၏ ယဉ်ကျေးမှုအခြေခံမှ “ဂရုစိုက်ခြင်း” (Care) ပင်ဖြစ်ပြီး နာမကျန်းဖြစ်လာလျှင် “ကိုယ်ဖိရင်ဖိပြုစုသည်” ဟူသော စကားမှာ မည်မျှကြင်နာစွာပြုစုကြောင်းကို ဖော်ပြတင်စားလေ့ရှိသော စကားပင်ဖြစ်ပါသည်။

ကျွန်တော်တို့ ကြုံတွေ့ဖြေရှင်းခဲ့ရသမျှ ကူးစက်ရောဂါဆိုးများတွင် ရောဂါရှိသူလူကိုယ်တိုင်က မဆင်မခြင် ပြုမူခြင်းထက် လူနာကိုပြုစုသူများက မိမိကိုယ်ကို သတိပြုကာကွယ်မှုမရှိခြင်းကြောင့် ကူးစက်ခံရမှုက များပါသည်။

တစ်ချိန်က မော်လမြိုင်တက္ကသိုလ်တွင် ဆေးမတိုး သောအူရောင်ငန်းဖျား (တိုက်ဖွိုက်) ရောဂါဖြစ်စဉ်က မော်လမြိုင်ဆေးရုံသို့တက်ရသော ကျောင်းသူတစ်ဦးအနားတွင် ဝိုင်း၍ပြုစုကြရရာမှ ထိုကျောင်းသူ သေဆုံး သွားသောအခါတွင် ရောဂါပျံ့နှံ့မှုဆိုင်ရာ ပြဿနာများစွာ တက်ခဲ့ရဖူးပါသည်။

▲ တွင်တွင်ကျယ်ကျယ်သုံးရန်မလွယ် ▲

လေထဲသို့ ပျံ့နှံ့နိုင်သော ကိုရိုန၁ဗိုင်းရပ်(စ်)ပိုးများ ကူးစက်ပျံ့နှံ့မှု ကာကွယ်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ဝတ်ရုံနှင့် ပစ္စည်းများ( PPE ) ပေးအပ်ထားပြီးဖြစ်သော်လည်း လက်တွေ့တွင်မူ တွင်တွင်ကျယ်ကျယ် သုံးရန်မလွယ်လှပါ။ အာကာသသွား ၀တ်စုံများနှင့် ဆင်တူသော်လည်း ပူအိုက်လှသဖြင့် ကြာကြာဝတ်ထားရန် မလွယ်ပါ။

မည်မျှခက်ခဲသည်ဖြစ်စေ လက်အိတ်များ၊ နှာခေါင်းစည်းများ (အထူးသဖြင့် ဗိုင်းရပ်(စ်)ပိုးကို ကာကွယ်နိုင်သော N 95) ကို မပျက်မကွက်တပ်ဆင်ရမည့် အချိန်မှာ လူနာများကို ကိုယ်တိုင်ပြုစုရမည့် အချိန်ပင် ဖြစ်သည်။

PPE ဝတ်ဆင်နည်း၊ နှာခေါင်းစည်းတပ်ဆင်နည်းများသည် အတိအကျလိုက်နာရန်လိုသော ပညာရပ်ဖြစ်ပါသည်။ ထို့အတူပင် မိမိတို့ လက်ကို ဆပ်ပြာနှင့် ရေသန့်သန့်ဖြင့် ဆေးကြောရုံသာမက ခြောက်သွေ့အောင်ထားခြင်း၊ လက်ဆေးရမည့်အချိန်များကို သိရှိ သတိရ လိုက်နာ ခြင်း များသည် အပြောလွယ်သလောက် အလုပ်ခက်ပါသည်။ အသိပညာ မည်မျှရှိရှိသတိမရှိဘဲပေါ့ မိသည့် အချိန်တွင် ရောဂါဘေးဒုက္ခ ကြုံတွေ့ရနိုင်ပါသည်။

အခြားလိုက် လုပ်ဆောင်ရန် ကာကွယ်နည်းများစွာရှိသော်လည်း လုပ်ဆောင်ရလွယ်သော ကာကွယ်နည်းများကို လူတိုင်းက သိရှိကြကာ ဖျားနာသူများ တွေ့ကြုံလာလျှင်လည်း စိုးရိမ်စရာမလိုဘဲ မိမိကိုယ်ကို ဦးစွာကာကွယ်၍ မပျက်မကွက် ဝိုင်းဝန်းပြုစုကြရန် လိုအပ်ပါကြောင်း တိုက်တွန်းလိုပါသည်။ ။

ဒေါက်တာ ခင်မောင်လွင်

(၂၀၂၀၊ ဇန်နဝါရီ ၂၈ )