၂၀၁၉ ခုနှစ် အမျိုးသားစာပေ ကဗျာဆုရ ဆရာမ ပန်ဒိုရာ၏ အမှတ်တရစကား
တွေ့ဆုံမေးမြန်း မြင့်မောင်ကျော်
၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုများကို သက်ဆိုင်ရာက ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။ ဆုရသူစာပေပညာရှင်ကြီး များအနက် ကဗျာစာပေဖြင့် ဆုဆွတ်ခူးရရှိခဲ့သော ဆရာမ ပန်ဒိုရာနှင့် တွေ့ဆုံမေးမြန်းခဲ့မှုများကို ဖော်ပြလိုက်ပါသည်-
ဆရာမ ပန်ဒိုရာ
အမည်ရင်း - ဒေါ်ပြည့်လှိုင်ဦး
၂၀၁၉ ခုနှစ် အမျိုးသားစာပေဆု ကဗျာ ဆုရစာအုပ်အမည် - ခရုပစ်လောင်ချာ
“ပြည်သူ့အစိုးရလက်ထက်မှာ လွတ်လွတ်လပ်လပ် ဖွဲ့စည်းထားတဲ့ အမျိုးသားစာပေဆု ရွေးချယ်ရေး ကော်မတီရဲ့ ဆုံးဖြတ်ချက် နဲ့ အခုလို ဆုတွေပေးနိုင်တာ အင်မတန်မှ ဝမ်းသာစရာ ကောင်းလှပါတယ်။ ကျွန်မ ဆုရတဲ့အတွက်တော့ ဝမ်းသာတာထက် အံ့သြတာက ပိုနေပါတယ်။ ဆုကို မမျှော်လင့်ခဲ့ပါဘူး။ ကျွန်မရယ်မှ မဟုတ်ပါဘူး။ ကဗျာနယ်ပယ်ထဲမှာ ကဗျာဆရာတွေ ဆိုတာ ကိုယ်ရေးချင်တာကိုသာ တစိုက်မတ်မတ် ရေးနေကြတာပါ။ စိတ်ထဲမှာ ဆုလိုမျိုးကို မမျှော်မှန်းမိကြသူတွေပါပဲ။
စာအုပ်ထဲမှာပါတဲ့ ကဗျာတွေက ယနေ့ခေတ်မှာ ကဗျာဆရာ အများအပြား ရေးနေကြတဲ့ ကဗျာ အမျိုးအစားတွေထဲကပါ။ ၂၀၀၇ ကနေ ၂၀၁၈ ဆယ်နှစ်လောက်ကာလအတွင်းမှာ ရေးထားတဲ့ ကဗျာပုဒ်ရေ ရာဂဏန်းထဲက ဒီစာအုပ်အတွက် ရွေးချယ် ထားတဲ့ လက်ရွေးစဉ် ကဗျာ ၃၅ ပုဒ် ဖြစ်ပါတယ်။ ပုံသဏ္ဌာန်ရော အကြောင်းအရာပါ စုံလင်ပါတယ်။ စကားပြေဆန် တဲ့ ကဗျာအချို့လည်းပါပါတယ်။ ရှေးခေတ်ထုံးတမ်းစဉ်လာထဲမှာ မတွေ့ခဲ့ရတဲ့ ပုံစံတွေပါပါ တယ်။ အရင်တုန်းက မသုံးနှုန်းခဲ့တဲ့ ကဗျာစကားတွေ ပါပါတယ်။ အဲဒီလို ပြောင်းလဲမှုဆိုတာ ကလည်း ပြောင်းလဲနေတဲ့ခေတ်ရဲ့ အာရုံခံစားမှုတွေကြောင့် လိုအပ်ချက်အရ သဘာဝကျကျ လိုက်လျောညီထွေ ပေါ်ပေါက်လာတာလို့ ယုံကြည်ပါတယ်။
ဒီစာအုပ်ဖြစ်ပေါ်လာဖို့ အရေးကြီးသူတစ်ဦးက တော့ နှစ်ကာလများစာပေက ဆရာမိုးဝေးပါ။ ဆရာ မိုးဝေး တိုက်တွန်းပြီး ထုတ်ပေးလို့သာ ဒီစာအုပ် ထွက်လာရတာပါ။ ပြီးတော့ ဆရာဇေယျာလင်းရဲ့ အမှာစာပါ။ ဆရာ့အမှာစာမှာ ဒီစာအုပ်ထဲမှာပါတဲ့ ကဗျာတွေကို သုံးသပ်ချက်အနေနဲ့ တော်တော့်ကို အသေးစိတ် ရေးထားပါတယ်။ ဒါဟာ စာအုပ်ထဲက ကဗျာတွေကို ဖတ်ရှုတဲ့ အခါ အများကြီး အထောက်အကူပြုစေတယ်လို့ ထင်ပါတယ်။
အဓိက ကျေးဇူးတင်ရမှာကတော့ ယနေ့အထိ မြန်မာကဗျာ ဖြစ်ပေါ်ပြောင်းလဲလာမှု အဆင့်ဆင့်မှာ ရှေ့ကနေ ဦးဆောင်လမ်းပြခဲ့ လမ်းဖောက်ခဲ့ကြတဲ့ ဆရာတွေအားလုံးပါပဲ။ တစ်ချိန် တင်းကျပ်တဲ့ ခေတ်စနစ် အောက်မှာ အားကောင်းမောင်းသန် ရုန်းကန် ရေးသားနေကြချိန်မှာ အဲဒီဆရာဆရာမတွေရဲ့ ကဗျာတွေဟာ နိုင်ငံအဆင့် ဆုရထိုက်တဲ့ စာအုပ်တွေ အများ အပြားပါ ခဲ့ကြမှာပါပဲ။ ခေတ်နဲ့အပြိုင် ဖန်တီးမှုတွေကို ကဗျာတွေထဲမှာ တွေ့ခဲ့ကြ ရပါတယ်။ ကျွန်မတို့က အဲဒီ ဆရာတွေ မျိုးစေ့ချ စိုက်ပျိုး ထားလို့ ဖူးပွင့်နေတဲ့ အသီးအပွင့်တွေကို ဆွတ်ယူ စားသုံး အကျိုးကျေးဇူး ခံစားရတာပါ။ ကျွန်မတို့ကဗျာတွေဟာ ရှေ့က ဆရာတွေ လမ်းသစ် ဖောက်ခဲ့တဲ့အတိုင်း ဆက်ရေးခဲ့တဲ့ ကဗျာတွေပါ။ ဒီလိုကဗျာမျိုးတွေကို ဆုအဖြစ် အသိအမှတ်ပြုပေးတာဟာ ရှေးရှေးက ဆရာတွေရဲ့ အားထုတ်မှုတွေ ရောင်ပြန်ဟပ်တာ ပါပဲ။
ပြီးတော့ ဒီခေတ်သစ်ကဗျာမျိုးတွေဟာ ပညာရေး သင်ရိုးမှာ မပါခဲ့တဲ့အတွက် ကဗျာလောက မှာက ကဗျာ ဆရာအချင်းချင်းပဲ သင်ယူရတာပါ။ ဒီတော့ ကျေးဇူးတင်ရသူ တွေထဲမှာ ထင်ရှား တဲ့ လမ်းဖောက်သူ ကဗျာဆရာတွေအပြင် သင်ဆရာ မြင်ဆရာ ကြားဆရာ၊ လက်ရှိ ရေးသားနေကြတဲ့ ကြီးသူ၊ ငယ်သူ ကဗျာဆရာအားလုံး ပါဝင်ပါတယ်။ ဒီကဗျာ စာအုပ်ကို ဆုပေးလိုက်တယ် ဆိုတာက အဲဒီလိုကဗျာမျိုးတွေ ရေးသားနေကြတဲ့ အခုခေတ်ရဲ့ လက်တွေ့ အနေအထားကို အနည်းနဲ့အများ ကိုယ်စားပြု နေတယ်လို့ ထင်ပါတယ်။
နောက်ထပ် အရေးကြီးသူကတော့ ကျွန်မရဲ့ ဖေဖေပါ။ ကဗျာဆရာဖြစ်လာဖို့အတွက် ဖေဖေ့ရဲ့ ကျေးဇူး ကြီးလှပါ တယ်။ ဖေဖေက တက္ကသိုလ်မှာ အစပြုခဲ့တဲ့ ကဗျာအညွန့် အဖူးကို အခြေအနေတွေအများကြီးကြောင့် အပြည့်အဝ ပွင့်ခွင့်ဝေခွင့် မရနိုင်လိုက်တဲ့ ကဗျာဆရာ တစ်ဦးပါ။ ကျွန်မ လူမှန်းမသိတတ်တဲ့ အရွယ်ပုခက်တွင်းကတည်းက ကဗျာရဲ့ အသံကို ကြားနိုင် အောင် မျိုးစေ့ချ ပေးခဲ့သူမို့ ကျွန်မ ကဗျာ ရေးဖြစ်လာခဲ့တာပါ။ ဖေဖေ့ဆီက ကဗျာသွေး ပါလာတယ် လို့ ပြောနိုင်ပါတယ်။ မေမေကလည်း တချိန်လုံး ပါရမီဖြည့် အားပေးသူပါ။ ဒါကြောင့် ဆုရရှိမှုအပေါ် ကျွန်မဝမ်းသာ တာထက် မိဘတွေက ပိုလို့ဝမ်းသာပါလိမ့်မယ်။
ကျွန်မကတော့ တက္ကသိုလ်တက်ချိန်မှာ ကျောင်းတွင်း ထုတ်ဝေတဲ့ မဂ္ဂဇင်းစာစောင်လောက်ပဲ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးတွေ ရေး ခဲ့ဖြစ်တာပါ။ အင်္ဂလိပ်စာမေဂျာ မဟာတန်းမှာ တက်နေတုန်း သူငယ်ချင်းတွေ စုပေါင်းပြီး အိပ်မက်ထဲက သဲလွန်စဆိုတဲ့ ကဗျာစာအုပ်ကလေး စုထုတ် ခဲ့ပါတယ်။ နောက်တော့ စင်ကာပူကို ရောက်သွားပြီး ကျောင်းတက် အလုပ်လုပ်နေတုန်း ၂၀၀၇ ကျမှ ဘလော့ဂ် အင်တာနက်စာမျက်နှာမှာ ပန်ဒိုရာ နာမည်နဲ့ စာစရေးပါတယ်။ အဲဒီနောက် စာရေးဆရာဆရာမတွေ၊ ကဗျာဆရာ ဆရာမတွေရဲ့ အားပေးမှုနဲ့ မဂ္ဂဇင်းစာမျက်နှာတွေမှာ ဖော်ပြခံလာရပါတယ်။
ကဗျာကို ဖတ်ရတာရော ရေးရတာပါ အလွန်နှစ်သက် ပါတယ်။ ဒါပေမယ့် ပိုပြီး လွှမ်းခြုံတဲ့ အမြင်နဲ့ ပြောရရင် ကျွန်မ အဓိက ခံစားနှစ်သက်မှုက လူသားရဲ့ တီထွင်ဖန်တီးမှုပါ။ ဉာဏ ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်နဲ့ဆိုင်တဲ့ လုပ်ငန်းခွင်ထဲမှာ လေ့လာဖတ်ရှုခဲ့ရတော့ လူ့စွမ်းရည် တီထွင် ဖန်တီးမှုတွေနဲ့ ပိုမိုထိတွေ့ ပိုလို့နားလည်လာခဲ့ရပါတယ်။ ဒါကြောင့် အနုပညာဆိုင်ရာ ဖန်တီးမှု တွေအားလုံးကို နှစ်ခြိုက်ခုံမင်ပါတယ်။ သူများဖန်တီးတာတွေ ခံစားတဲ့ အခါ ကိုယ်တိုင်လည်း ဖန်တီးလိုစိတ်ကိုလည်း လှုံ့ဆော်မှု ပေးပါတယ်။
ကျွန်မကတော့ ကဗျာလောကထဲက ကဗျာသမား တွေသာမက၊ တခြား စာဖတ်သူတွေကိုပါ ဒီကဗျာတွေကို မသိခဲ့၊ မဖတ်ခဲ့ဖူး ဆိုရင် စမ်းသပ်ဖတ်ကြည့်ဖြစ်စေချင် ပါတယ်။ ယနေ့ခေတ် ကဗျာမြင်ကွင်းနဲ့ စိမ်းနေသူတွေဟာ ဆုရကဗျာစာအုပ်မို့ စူးစမ်းလို စိတ်နဲ့ ဖတ်မိပြီး စာအုပ်ထဲ က ကဗျာတွေအပေါ် နမူနာအနေနဲ့ အာရုံဆက်သွယ်မှု ရသွားတယ်ဆိုရင်လည်း ကျွန်မရဲ့ ကဗျာတွေ ထက် အများကြီးအားကောင်းခိုင်မာတဲ့၊ သစ်လွင်တဲ့၊ ဖတ်သင့် ဖတ်ထိုက်တဲ့ မြန်မာ ကဗျာတွေနဲ့၊ ကဗျာထဲကို စိတ်ရော ကိုယ်ပါ ဘဝကို နှစ်မြုပ်ကာ ရေးသားနေတဲ့၊ ကျွန်မတို့ လေးစားရတဲ့ လူကြီးလူငယ် ကဗျာဆရာ ဆရာမတွေ ထင်ထင်ရှားရှား ရှိနေသေးတယ် ဆိုတာကိုတော့ သတင်း စကားပါးချင်ပါတယ်” ဟု ပြောကြားသည်။
ဆရာမ ပန်ဒိုရာ (အမည်ရင်း - ပြည့်လှိုင်ဦး) ကို ၁၉၇၄ ခုနှစ်တွင် အဖ ဦးကြည်ဦး၊ အမိ ဒေါ်အမာမြင့်တို့က ပုသိမ်မြို့တွင် မွေးဖွား သည်။ ၁၉၉၃ ခုနှစ်မှစ၍ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းများနှင့် ကျောင်းတွင်းထုတ် စာအုပ် စာစောင်များတွင် အခြားကလောင် အမည်များဖြင့် ကဗျာ၊ ဝတ္ထုများ စတင်ရေးသားခဲ့သည်။ ယခုအခါ ရန်ကုန်မြို့တွင် ခင်ပွန်း၊ သမီးနှစ်ဦးနှင့်အတူ နေထိုင် ကာ စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်များကို လုပ်ကိုင်ရင်း စာပေများ ဆက်လက်ရေးသားလျက် ရှိပါသည်။