တက္ကသီလာ မြကျွန်းသာမှာ ပညာရည်နို့သောက်စို့ခဲ့ပါသည် အပိုင်း (၈)
အမိရန်ကုန်တက္ကသိုလ်၏ ကိုလိုနီပညာတော်လှန် ရေးမှ စတင်ပေါက်ဖွားလာသော မြန်မာ့ဝံသာနု အရေးတော်ပုံ
ကိုလိုနီနယ်ချဲ့ဘုရင်နှင့် မိဖုရားအား
ဂါရဝပြု ဘုန်းတော်ဘွဲ့
အလင်္ကာအောင်ညွန့်ရွက်သပြေ၊ အောင်ပန်းခြွေ၍
အောင်ဇေယျတု၊ ငွေခရုဖြင့်
အောင်ဆုရည်သန်၊ အောင်ရမှန်သည်
လန်ဒန်ဥရောပ၊ အိန္ဒိယဖြင့်
မြန်မာပြည်တွင်၊ ဂျော့အရှင်နှင့်
ညှာတင်ဒေဝီ၊ မဟေသီဟု
လေဒီထွဋ်ဖျား၊ မှူးမတ်များနှင့်
ပြည်သားပြည်သူ၊ ခပ်သိမ်းလူတို့
ပြည်သူချမ်းမြ၊ ဘေးရန်ပ၍
အောင်ဆုဩဘာ၊ မင်္ဂလာဖြင့်
ဆယ်ဖြာဓမ္မ၊ သင်္ဂဟနှင့်
နာယကဂုဏ်၊ ကိုယ်လုံးခြုံ၍
တိမ်ပုံမသန်း၊ လပြည့်ဝန်းသို့
ရွှေနန်းပေါ်တက်၊ နှစ်သက်မြတ်နိုး
အုပ်ကာစိုးသည်၊ တန်ခိုးနေသို့ ထွန်းစေသော် ။ ။
အထက်ဖော်ပြပါကဗျာမှာ ကိုလိုနီခေတ်က အခြေခံ ပညာ ကျောင်းသား ကျောင်းသူများ ကျောင်းတက်ချိန် စသည်နှင့် ညီညာဖြဖြ စုပေါင်း ရွတ်ဆိုခဲ့ကြရသည့် အင်္ဂလိပ်နယ်ချဲ့ဘုရင်မင်း၏ ဘုန်းတော်ဘွဲ့ အလင်္ကာပင် ဖြစ်၏။ နိုင်ငံကိုလည်း ကျူးကျော်သိမ်းပိုက်၊ လူမျိုးကို လည်း ကျွန်ပြုလျက် မြန်မာကျောင်းသား ကျောင်းသူ ကလေးများ၏ ဇာတိစိတ်၊ ဇာတိမာန်ကို ရိုက်ချိုးကာ အင်္ဂလိပ်နယ်ချဲ့ဘုရင် ကိုလိုနီ အရှင်သခင်ကို ကျေးဇူးရှင် နိုင်ငံဥသျှောင် အဖြစ် ထင်မှတ်ရိုကျိုးလက်စုံမိုး၍ ရှိခိုး ခိုင်းစေခဲ့သည်မှာ ဖော်ပြပါ သမိုင်းဝင်လင်္ကာကို ကြည့်ရုံ မျှနှင့်ပင် တိုင်းတစ်ပါးသားနယ်ချဲ့တို့၏ သရုပ်သကန်က အဟုတ် အမှန်ပေါ်လွင်လှပါသည်။
တကယ်တော့ ၁၉၂၀ ပြည့်နှစ်တွင် ပေါ်ပေါက်လာခဲ့ သော ပထမအကြိမ် ရန်ကုန်တက္ကသိုလ် ကျောင်းသား သပိတ်သည် ရန်ကုန်တက္ကသိုလ်အက်ဥပဒေဖြင့် တစ်ဖက် သတ် ဖိနှိပ်ချုပ်ချယ်မှုကိုသာ ကန့်ကွက်သော သပိတ် မဟုတ်ဘဲ ကိုလိုနီနယ်ချဲ့စနစ်ဆိုးကြီး၏ ဖိနှိပ်ခံနင်းပြား ဘဝမှ လွတ်မြောက်ရန် စတင်တော်လှန်ခဲ့သော အမျိုးသားပညာရေးလှုပ်ရှားမှုကြီးပင် ဖြစ်ပါသည်။
စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင်နှင့်
တက္ကသီလာ မြကျွန်းသာ
ကောင်းကင်မှာ မှောင်ကာမည်းပြီး မိုးမစဲခိုက်တွင် ပြည်ကျောင်းဆောင်၊ တကောင်းကျောင်းဆောင်၊ ပုဂံ ဆောင်တို့မှ အဆောင်နေကျောင်းသား ကျောင်းသူတို့ သည် ထိုစဉ်က ရန်ကုန်တက္ကသိုလ်၏ စာသင်ဆောင် များရှိရာ ရန်ကုန်မြို့ထဲရှိ ထိုစဉ်က “မောင်ဂိုမာရီလမ်း” (ယခုဗိုလ်ချုပ် အောင်ဆန်းလမ်း)က ရန်ကုန်ဆေးရုံကြီးနှင့် မျက်နှာချင်း ဆိုင်ရှိ အစိုးရအထက်တန်းကျောင်း (ယခု အခြေခံပညာ အထက်တန်းကျောင်း လသာအမှတ်(၁))၊ ကြည့်မြင်တိုင် လမ်း အလုံရှိ ကူရှင်ကျောင်း (ယခု အခြေခံပညာအထက် တန်းကျောင်း အမှတ်(၄)အလုံ)နှင့် ဒဂုံမြို့နယ်ရှိ “ဘဒ် လမ်း”(ယခု- ပဒုမ္မာလမ်း)တို့ရှိ စာသင်ကျောင်း အဆောက် အအုံများသို့ သွားရောက်သင်ယူခဲ့ကြရသည်။
ထိုစဉ်က ကမာရွတ် ရွာကြီးနှင့် အင်းလျားရွာကြီး တို့မှာ စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင်သဖွယ်ရှိနေကာ သစ်ပင်ကြီးများအုပ်မိုးထားခြင်းကြောင့် ရွှေရောင် အလှနှင့် နေရောင်မခနိုင်အောင် မည်းမှောင်နေတော့ သည်။ အင်းလျားရွာကြီးနှင့် ကမာရွတ်ရွာကြီးတို့သည် အိပ်ပျော်နေသော တောကြီးမျက်မည်း သဖွယ်ရှိနေ၍ တောရိုင်းတိရစ္ဆာန်အချို့လည်း ခိုအောင်းကာ သွားလာ ကျက်စားနေကြသည်။ ဟံသာဝတီမှ ပြည်လမ်းနှင့် ယှဉ်၍ ဖောက်လုပ်သောလမ်းကိုပင် ကိုလိုနီနယ်ချဲ့အာဏာပိုင် များက ကျားတိရစ္ဆာန်များ သွားလာကျက်စားသော ကြောင့် “ကျားသွားရာလမ်းကြား” (Tiger Alley) ဟု အမည်ပေးခဲ့ ပုံရသည်။ ကျားသွားရာလမ်းကြားခေါ် တိုက်ဂါးအယ်လီလမ်းမှာ ယခု ဦးဝိစာရလမ်းပင် ဖြစ်သည်။
ထိုစုံတောမြိုင်ကြီးပေါ်ဝယ် ရွှေရည်ဝင်းသည့် နေခြည်လင်း မသက်ဆင်းနိုင်ခြင်းကြောင့် ဝင်္ကပါတောမှာ ရင်မှာမမောသည့်ပြင် ကြောစိမ့်အောင် အေးစိမ့်စိမ့်ရှိလှ သည်။ ကုက္ကို၊ သရက်၊ ပိန္နဲတို့၏ အရွက်အခက်များဖြင့် ပေါင်းစည်းယှက်နေသည့် အမိုးအောက်ဝယ် တောင် ကမ်းပါးယံမှ လျှံကျလာသော စမ်းရေစီးသံတို့သည် ကြည်မြသည့် ဂီတ၊ ပီသသည့် အသံသဖွယ် နားဝင်ချိုမြလှ ပါ၏။ ရာသီအလိုက် ငွားငွားစွင့်စွင့်၊ ကြွားကြွားဝင့်ဝင့်၊ မားမား မြင့်မြင့်ဖူးပွင့်ကြသော ကံ့ကော်၊ စွယ်တော်၊ စံပယ်၊ ကြက်ရုံး၊ ဂမုန်း၊ ခတ္တာ၊ ဂန္ဓမာ၊ ဇီဇဝါတို့ကြောင့် သဘာဝ၏ ပသာဒ အလှကို စာသကာ ကဗျာသီကုံး၍ စာပန်းချီမှုန်းရ မှာကိုပင် ပျော်မဆုံး ဖော်မဆုံးဖြစ်ကြရသည်။
တိတ်ဆိတ်ခြောက်ကပ်ပြီး လူသွားလူလာကျဲလှ သော ကြံတောသင်္ချိုင်းကြီးအနီးရှိ ဟံသာဝတီလမ်းမှ ကုန်းကြောင်းလျှောက်ကာ ဟံသာဝတီဘူတာသို့ သွားရ သည်။ အင်းစိန်မှလာသော လိုကယ်ရထားကို တက်စီး ကာ ပြည်လမ်းဘူတာ၊ လမ်းမတော်ဘူတာ၊ ဘုရားလမ်း ဘူတာတို့တွင် ဆင်းကြရပြီး မောင်ဂိုမာရီလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း) အနီးရှိ ဆေးရုံကြီးနှင့် မျက်နှာ ချင်းဆိုင် အစိုးရအထက်တန်းကျောင်း (ယခုလသာ အထက-၁)၊ ဘဒ်လမ်း (ယခု ပဒုမ္မာလမ်း-ဒဂုံမြို့နယ်)တို့ရှိ စာသင်ကျောင်းဆောင်များသို့လည်းကောင်း၊ ကြည့်မြင်တိုင်လမ်း အလုံရှိ ကူရှင်ကျောင်း (ယခု အလုံ အထက-၄) သို့ လည်းကောင်း သွားရောက် စာသင်ယူ ခဲ့ကြရသည်။ အင်းစိန်ဘူတာမှ ရန်ကုန်မြို့ထဲရှိ ကွမ်းခြံ ဘူတာကြီးသို့ ပြေးဆွဲသော လော်ကယ်ရထားသည် နံနက်ပိုင်းတွင် နံနက် ၈ နာရီမှ ၁၀ နာရီအတွင်းသာ ပြေးဆွဲပြီး ညနေ ၃ နာရီတွင် ရန်ကုန် ကွမ်းခြံဘူတာကြီးမှ အင်းစိန်သို့ ပြန်လည်ပြေးဆွဲရာ ထိုလိုကယ်ရထားဖြင့် ပင် ဟံသာဝတီဘူတာမှတစ်ဆင့် ပြည်၊ တကောင်း၊ ပုဂံကျောင်းဆောင်များသို့ ပြန်လာကြရသည်။
ကျောင်းပိတ်ရက်များတွင် သိင်္ဂုတ္တရကုန်းတော်ပေါ် ဝယ် နေရောင်တောက်သောအခါ ရွှေတောင်ကြီးပေါက်နေ သည့်အလား အံ့မခန်းသပ္ပာယ်စွာ တည်ထားတော်မူသော လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်ကြီးအား သွားရောက် ဖူးမြော်ပါက မြရွက်စိမ်းစိမ်းမြရည်လိမ်း၍၊ မြစိမ်းတော မြေ၊ ရဂုံ ဘွေဝယ် လူသွားလမ်းဖြစ်သည့် မြေနီလမ်းများ အတိုင်း အုပ်စုအလိုက် ဖြတ်သန်းသွားကြရသည်။
အင်ကြင်း၊ သရဖီ၊ ယင်းမာ၊ မြတ်လေး၊ ပုန်းညက်၊ ဇီဇဝါ၊ ခွာညို တို့ကလည်း ရာသီအလိုက် ပန်းဝင်္ကပါတော မှာ ပန်းအလင်္ကာဖွဲ့ဆိုနေဟန်ရှိသည်။ သဇင်ပန်းကလည်း သစ်ပင်ကြီးများတွင် တွယ်ကပ်ပေါက်သည့် သစ်ခွပန်း တစ်မျိုးဖြစ်သောကြောင့် မွန်ဘာသာဖြင့် ‘ဂဇင်’ဟု ဝေါဟာရကို မြန်မာက အက္ခရာဖလှယ်၍ ‘သဇင်’ဟု ခေါ်ဝေါ်ကြခြင်းဖြစ်သည်။ ထိုသဇင်ပန်းမှာ ပဒေသရာဇ် မြန်မာ့နန်းတွင်းတွင် ‘တော်ဝင်ပန်း’အဖြစ် သတ်မှတ်ခဲ့ ကြသည်။
သို့တစေ အမိရန်ကုန်တက္ကသိုလ်၏ ဥပဓိရုပ်အလှ သင်္ကေတဖြစ်သည့် ကံ့ကော်ပန်းမှာ တက္ကသိုလ် ကိုယ်စား ပြု တော်ဝင်ပန်းဖြစ်နေသလို တက္ကသိုလ်မောင်မယ် ချစ်သူစုံတွဲများ၏ အသည်းခိုက်အောင် စွဲကြိုက်ကြသည့် သမုဒယ အလှပန်းလည်း ဖြစ်သည်။ ကံ့ကော်ပန်းအလှကို ရှေးမြန်မာ တို့က “သာနိုးပန်း”ဟု အမြတ်တနိုးခေါ်ဝေါ်ခဲ့ ကြပြီး “သာယာတင့်နိုးဖွယ်ရှိလှသောပန်း” ဟု အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြသည်။ “ကံ့”ဟူသော ဝေါဟာရသည် အဝါ ရောင်ဟု ဖွင့်ဆိုပြီး “ကော်”ဟူသည်မှာ မွန်ဘာသာအား ဖြင့် “ပန်း” ဟူ၍ အဓိပ္ပာယ်ရရှိပါသည်။ ပါဠိဘာသာအား ဖြင့် “ကင်္ကုဌ” မှတစ်ဆင့် မြန်မာဘာသာဖြင့် “ကံကုတ်” သို့ ပြောင်းလဲလာရာ ထိုမှတစ်ဆင့် “ကုတ်”ဟူသော နောက်ပါဝေါဟာရကို ဖြုတ်ကာ “ကံ့” ဟူသော အက္ခရာ ကိုသာ ယူပြီး အဓိပ္ပာယ်မှာ ဝါသောမြေ (သို့မဟုတ်) “မြေဝါ”ဟု အနက်ဖွင့်ဆိုခဲ့သည်။ ထို့ကြောင့် “ကံ့ကော် ပန်း”၏ မူရင်းအဓိပ္ပာယ်မှာ “ဝါသော ပန်း” (သို့မဟုတ်) “ပန်းဝါ” ဟူ၍ ဖွင့်ဆိုနိုင်ပါသည်။
စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင်ထဲက စိမ့်စမ်း ရေများ စီးဆင်းနေသော စမ်းချောင်းအနီးရှိ ဖြတ်သန်း သွားလာရသည့် မြေနီလမ်းများက နောင်သောအခါ မြေနီကုန်းဟု အမည်တွင်လာပုံရသည်။ ကမာရွတ်ရွာ ကြီးအနီး နာနတ်တောနှင့် မရန်းတောတို့ကိုဖြတ်၍ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဖူးမြော်ရန် မြေနီလမ်း များအတိုင်း ခြေကျင် လျှောက်သွားရသောအခါ ဝဲယာ ပတ်ဝန်းကျင်တွင် ငွားငွားစွံ့စွံ့ မားမားမြင့်မြင့် ထွားထွား ဖွံ့ဖွံ့ ဖူးပွင့်နေကြသော ပန်းမျိုးစုံတို့ကြောင့် အပန်း လည်းပြေ၊ အလွမ်းလည်းပြေကာ သာယာရင့်ကြူး ကြည်နူးချမ်းမြေ့စရာ ကောင်းလှသည်။
ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ရာ
တက္ကသီလာ မြကျွန်းသာ
ထိုစဉ်က ပြည်၊ တကောင်း၊ ပုဂံကျောင်းဆောင်တို့မှ အဆောင်မှူးများသည် အဆောင်နေကျောင်းအိပ် ကျောင်းစား ကျောင်းသားများကို မိဘနှင့်မခြား ရင်ဝယ် သားပမာ ကြပ်မတ် စောင့်ရှောက်ပေးခဲ့ကြသည်။ အဆောင်မှ မြို့ထဲရှိ စာသင်ကျောင်းဆောင်များသို့ ပုံမှန် သွား၊ မသွား၊ ညနေဘက်တွင် မိမိနေထိုင်ရာ အဆောင်သို့ ပြန်လာချိန်မှန် မမှန် မသိမသာ နောက်ယောင်ခံလိုက်ပြီး စစ်ဆေးလေ့ရှိသည်။ ထိုစဉ်က ပြည်ကျောင်းဆောင်၏ ပထမဦးဆုံး အဆောင်မှူးမှာ ဆရာ “မစ္စတာဘီအာပီအန်း” (Mr.B.R Pearn) ဖြစ်ပြီး မကြာမီ မြန်မာဆရာ “ဦးဖိုးချူ” ရောက်ရှိလာခဲ့သည်။ တကောင်းကျောင်းဆောင်၏ ပထမဦးဆုံး အဆောင်မှူးမှာ ဆရာ “မစ္စတာရောဘတ်” (Mr.Robert) ဖြစ်ပြီး မကြာမီ ဆရာဦးဘိုးသုန် (နောင် ပညာမင်းကြီး) ရောက်ရှိလာခဲ့သည်။ ပုဂံကျောင်းဆောင် ပထမဦးဆုံး အဆောင်မှူးမှာ ဆရာ ဦးကာ (နောင် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်)ပင် ဖြစ်သည်။
ထိုစဉ်က ပြည်၊ တကောင်း၊ ပုဂံကျောင်းဆောင်တို့၏ ပတ်လည်တစ်ဝိုက်တွင် ကံ့ကော်၊ ရေတမာ၊ ကုက္ကို၊ မရန်း၊ သရက်၊ နာနတ်ပင်များ ဝန်းရံလျက်ရှိသောကြောင့် ခြင်အန္တရာယ်ကို ကာကွယ်သောအားဖြင့် ခြင်ထောင်ထဲ ဝင်၍ စာဖတ်၊ စာရေး၊ စာကျက်မှတ်ကြရသည်။ ကမာရွတ် ရွာမ ကြီးနှင့် အင်းလျားရွာမကြီးတို့ အိပ်မောကျနေသော ညဉ့်နက်သန်းခေါင်ယံဝယ် သူခိုးသူဝှက်တို့သည် ကျောင်းဆောင်ဝင်းထဲတွင် မှောင်ရိပ်ခိုကာ အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများနှင့် ငွေကြေးတို့ကို မကြာခဏ လာရောက်ခိုးယူတတ်ကြသဖြင့် အဆောင်နေကျောင်းသား များမှာ သူခိုးကို ဝိုင်းဖမ်းရာ၌ အထူးကျွမ်းကျင်ခဲ့ကြသည်ဟု ဆိုသည်။
ချုံနွယ်ပိတ်ပေါင်းများ ဝန်းရံလျက်ရှိသော အင်းလျား ကန်ကြီးမှာ လူသွားလူလာ နည်းပါးပြီး ဆိတ်ငြိမ်လွန်းလှ၍ စိတ်ချောက်ချားဖွယ် ဖြစ်နေသည်။ ၁၉၂၆ ခုနှစ် ဒီဇင်ဘာလ တွင် တကောင်းကျောင်းဆောင်နေ ‘ကိုခင်မောင်မြင်’ ဆိုသူသည် အင်းလျားကန်စပ်ဝယ် အင်းလျားရွာကြီးမှ အသိမိတ်ဆွေနှစ်ဦးနှင့်အတူ ရေကူးခဲ့ရာ ကံကြမ္မာ မိုးမှောင်ကျ၍ ရေနစ်သေဆုံးသွားခဲ့ပြီး ထိုအနိဋ္ဌာရုံ သတင်း ဆိုးသည် တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူအသိုင်းအဝိုင်းအတွင်း ဟိုးလေး တကျော်ဖြစ်သွားတော့သည်။ ထို့စဉ်က ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး “ဒီဂျေဆလော့” (D-J Sloss)က ချက်ချင်းပင် အဆောင်နေကျောင်းသား ကျောင်းသူမှန်သမျှ ရန်ကုန်တက္ကသိုလ်အနီးပတ်ဝန်းကျင်ရှိ ရွာသူရွာသားနှင့် သိကျွမ်းစေကာမူ တက္ကသိုလ်အဆောင်ဝင်းအတွင်းသို့ လုံးဝ ခေါ်ဆောင်ခြင်း မပြုကြရန်နှင့် ခေါ်ဆောင်လာသူတိုင်းအား ကျောင်းဆောင်မှ ထုတ်ပယ်သွားမည်ဖြစ်ကြောင်း အရေး ပေါ် အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ရသည်။
ထိုစဉ်က ၁၉၂၅ ခုနှစ်တိုင်အောင် အမိရန်ကုန် တက္ကသိုလ်၏အနီးတွင် “တက္ကသိုလ်ရိပ်သာလမ်း” နှင့် “အင်းလျား လမ်း”တို့ကို မဖောက်လုပ်ရသေးဘဲ မိုးရာသီ ကာလ၌ မိုးကြီးသောခါ အင်းလျားကန်ကြီးဆီမှ လျှံကျ လာသော ကန်ရေများကြောင့် ရေဖွေးဖွေးဝယ် ခြေအေး အောင် လျှောက်လှမ်းကြရသည်။ အေးမြသောဆောင်းနှင့် ပူနွေးသော နွေရာသီရောက်မှသာ လူသွားလမ်းအဖြစ် မြေသားလမ်းများကို အသုံးပြုကြရသည်။ ၁၉၂၈-၂၉ ပညာသင်နှစ်သို့ ရောက်လာမှသာ တက္ကသိုလ်ရိပ်သာ လမ်းနှင့် အင်းလျားလမ်းတို့ကို စတင်ဖောက်လုပ်ခဲ့သည်။
၁၉၂၆-၂၇ ပညာသင်နှစ် အင်ဂျင်နီယာကောလိပ်ကို ထိုစဉ်က ဆရာအတတ်သင်ကောလိပ် (ယခု ပညာရေး တက္ကသိုလ်) အနီးတွင် အင်္ဂလိပ်ကုမ္ပဏီကြီးတစ်ခုဖြစ် သည့် “မြန်မာ့ရေနံကုမ္ပဏီ(BOC: Burma Oil Company) က စတင်ဆောက်လုပ်ခဲ့သည်။
၁၉၃၀-၃၁ ပညာသင်နှစ်တွင် အမိရန်ကုန်တက္ကသိုလ် ကြီး၏ ဝိဇ္ဇာပညာစာသင်ခန်းမဆောင်ကြီးနှင့် သိပ္ပံပညာ စာသင်ခန်းမဆောင်ကြီးနှစ်ခုကို ဆောက်လုပ်ပြီးစီးခဲ့ သည်။ ထိုအဆောက်အအုံကြီးနှစ်ခု မပြီးစီးမီ ပင်းယ ဆောင်၊ စစ်ကိုင်းဆောင်တို့ကို ဝိဇ္ဇာပညာရပ်သင် စာသင် ဆောင်များအဖြစ် ယာယီအသုံးပြုခဲ့ရသည်။ သိပ္ပံပညာ ရပ်များကို ရန်ကုန်မြို့ထဲရှိ ဆေးရုံကြီးနှင့် မျက်နှာချင်းဆိုင် အစိုးရ အထက်တန်း(ယခု လသာမြို့နယ်အခြေခံပညာ အထက်တန်းကျောင်း အမှတ်-၁) သို့ သွားရောက် သင်ယူခဲ့ ကြရသည်။ ၁၉၃၀-၃၁ ပညာသင်နှစ်သို့ ရောက်မှ သာ ဝိဇ္ဇာခန်းမဆောင်ကြီးနှင့် သိပ္ပံခန်းမဆောင်ကြီးဆီသို့ ပြန်လည်ပြောင်းရွှေ့ သင်ယူခဲ့ကြရသည်။
ထိုအချိန်၊ ထိုကာလမှာ ကိုလိုနီပညာရေးစနစ်ကို ပထမအကြိမ် ရန်ကုန်တက္ကသိုလ်သပိတ်ဖြင့် တိုက်ဖျက် နိုင်ခဲ့ပြီး အမျိုးသားပညာရေးလှုပ်ရှားမှုအောင်ပွဲအရှိန် ကြောင့် ဝံသာနုအမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု ဒီရေကလည်း မြင့်တက်နေချိန် ဖြစ်ခဲ့သည်။ ၁၉၃၀ ပြည့်နှစ် မေလ ၃၀ ရက်နေ့တွင် တို့ဗမာအစည်းအရုံးကြီးကို စတင် ထူထောင်ခဲ့ပြီး ၁၉၃၀ ပြည့်နှစ် ဇူလိုင်လ ၁၉ရက်နေ့တွင် ဝိုင်အမ်ဘီ ဆရာ တင် ရေးစပ်ခဲ့သည့် “တို့ဗမာ” သီချင်းကို ရန်ကုန်တက္ကသိုလ် သထုံဆောင်ရှိ သဟာယနှင့် စာဖတ် ခန်းမကြီး၌ ပထမဦးဆုံး သီဆိုခဲ့ပြီး ဇူလိုင်လ ၂၀ ရက်နေ့ တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရာဟုထောင့်ရှိ ဇရပ်တွင် သံပြိုင်သီဆိုခဲ့ကာ နယ်ချဲ့ဆန့်ကျင်ရေးနှင့် မြန်မာ့လွတ်လပ်ရေးအတွက် တစ်မျိုးသားလုံး ပါဝင် ဆင်နွှဲတိုက်ပွဲဝင်ကြရန် လှုံ့ဆော်ခဲ့သည်။
တကောင်းဆောင်မှ မျိုးချစ်ကျောင်းသား ခေါင်းဆောင်များကလည်း “ပုဂံလက်သီး” ဟူသော အမည်ဖြင့် “လက်ရေးသတင်းစာ” တစ်စောင်ကို အပတ်စဉ်တိုင်း ထုတ်ဝေဖြန့်ချိခဲ့ရာ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၏ ဘဝအခက်အခဲများနှင့် နယ်ချဲ့ဆန့်ကျင်ရေး မျက်နှာစာကို ပိုမိုမြှင့်တင်လှုံ့ဆော် ပေးခဲ့သဖြင့် ကိုလိုနီပညာရေး အာဏာပိုင်များမှာ ပို၍ ကျီးလန့်စာစား ဖြစ်လာခဲ့တော့သည်။ ။
ဆောင်းပါးရှင် စန်းနီလာဝင်း၏
ကိုယ်ရေးအကျဉ်း
------------------------------
- အမည်ရင်း ဦးမောင်မောင်စန်း။
- ကလောင်အမည်များ - စန်းနီလာဝင်း၊ အယ်ဒီတာချုပ်တစ်ဦး၊ မောင်မောင်စန်း (ရန်ကုန်တက္ကသိုလ်)၊ မောင်ပညာကျော်၊ သတင်းစာဆရာတစ်ဦး၊ သုတေသီတစ်ဦး၊ စာရေးဆရာတစ်ဦး၊ လေ့လာသူတစ်ဦး၊ မောင်သမ္မာဒိဋ္ဌိ၊ ကိုစန်း (စစ်ကွင်းမြေ)၊ ဆြာစန်း (နက္ခတ္တဗေဒနှင့် တိုင်းရင်းဆေး)၊ မောင်မီဒီယာ၊ ဂီတသုတေသီ တစ်ဦး၊ MMS ၊ MWD (အင်္ဂလိပ် ဆောင်းပါးများ)
- ပညာအရည်အချင်း - M.AII, R.L, Diploma in Traditional Medicine.
- စာပေတာဝန်များ - တက္ကသိုလ်များ မဂ္ဂဇင်း ကော်မတီအတွင်းရေးမှူး (ရန်ကုန် တက္ကသိုလ်)၊ သတင်းစာကိုယ်စားလှယ်အဖွဲ့ ဝင်တစ်ဦးအဖြစ် ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့သည်။ ရုပ်ရှင် စိန်ရတု သဘင်တွင် စာတမ်းပြုစု ဖတ်ကြားသည့် တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့နယ် စာရေးဆရာ အသင်းဥက္ကဋ္ဌ ။
စန်းနီလာဝင်း