Skip to main content

အရည်အသွေးကို အခြေခံသော ပညာရေးစနစ်၊ နိုင်ငံတကာအသိအမှတ်ပြုမှုနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အပိုင်း (၁)

ဒေါက်တာဇော်ထွန်းအောင် (ပညာ​ရေး)

၂၁ ရာစု ဒီဂျစ်တယ်နှင့် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ပညာရေးကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ယှဉ်ပြိုင်နိုင်စွမ်းနှင့် လူ့စွမ်းအားအရင်းအမြစ်တည်ဆောက်ရေးအတွက် အရေးပါဆုံးသော အခြေခံမဏ္ဍိုင်တစ်ရပ် ဖြစ်လာပါသည်။ ယနေ့မိဘများနှင့် ကျောင်းသားလူငယ်များသည် ကမ္ဘာ့အဆင့်မီ အသိပညာ၊ ဘာသာစကားကျွမ်းကျင်မှု၊ နည်းပညာအသုံးချနိုင်မှုနှင့် နိုင်ငံတကာအလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် နိုင်ငံတကာသင်ရိုးညွှန်းတမ်းများ၊ နိုင်ငံတကာတက္ကသိုလ်၊ တက္ကသိုလ်ပူးပေါင်းအစီအစဉ်များနှင့် အရည်အသွေးမြင့် ပညာရေးဝန်ဆောင်မှုများကို ပိုမိုစိတ်ဝင်စားလာကြသည်။

စိတ်ဝင်စားမှုများ မြင့်တက်လာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင်လည်း ပုဂ္ဂလိကကျောင်းများ၊ နိုင်ငံတကာကျောင်းများ၊ အဆင့်မြင့်ပညာသင်တန်းများနှင့် နိုင်ငံတကာတက္ကသိုလ် ပညာရေးဆိုင်ရာဝန်ဆောင်မှုများ ပိုမိုကျယ်ပြန့်လာလျက်ရှိပါသည်။ ပညာရေးသည် စီးပွားရေးဝန်ဆောင်မှုတစ်ခုသာမဟုတ်ဘဲ လူတစ်ဦး၏ အနာဂတ်ဘဝ၊ မိသားစု၏ မျှော်လင့်ချက်နှင့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုတို့နှင့် တိုက်ရိုက်ဆက်စပ်နေသည့် အမျိုးသားရေးဆိုင်ရာကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် ပညာရေးအဖွဲ့အစည်းများ၏ ကြော်ငြာများ၊ အသိအမှတ်ပြုမှုများနှင့် အောင်မြင်မှုဖော်ပြချက်များသည် တိကျမှန်ကန်မှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတို့အပေါ် အခြေခံရန် လိုအပ်ပါသည်။

ယနေ့ နိုင်ငံတကာပညာရေးလောကတွင် ကျောင်းတစ်ကျောင်း၏ ဂုဏ်သိက္ခာကို ကြော်ငြာအင်အား သို့မဟုတ် အဆောက်အအုံအရွယ်အစားဖြင့် မဆုံးဖြတ်ကြဘဲ သင်ကြားရေးအရည်အသွေး၊ ကျောင်းသားများ၏ သင်ယူမှုရလဒ်များ၊ ဆရာ ဆရာမများ၏ အရည်အချင်း၊ အရည်အသွေးအာမခံမှုစနစ်၊ အသိအမှတ်ပြုမှုနှင့် ကျောင်း၏ မှတ်တမ်းကောင်းတို့ဖြင့် အဓိကတိုင်းတာကြပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိပညာရေးပတ်ဝန်းကျင်တွင်လည်း နိုင်ငံတကာသင်ရိုးညွှန်းတမ်းများ၊ Cambridge, Pearson, IB နှင့် အခြားနိုင်ငံတကာတက္ကသိုလ် ပညာရေးအစီအစဉ်များကို အခြေခံသင်ကြားပေး သောကျောင်းများ များလာသကဲ့သို့ ပြည်တွင်းပညာရေးစနစ်နှင့် နိုင်ငံတကာပညာရေးစနစ်များကို ပေါင်းစပ်အသုံးပြုသည့် ပညာရေးအဖွဲ့အစည်းများလည်း ပေါ်ပေါက်လာလျက်ရှိပါသည်။

ကိန်းဘရစ်ခ်ျ နိုင်ငံတကာ ပညာရေးအကဲဖြတ်အဖွဲ့ (Cambridge Assessment International Education) ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် မြန်မာနိုင်ငံအတွင်းရှိ Cambridge သင်ရိုးညွှန်းတမ်းကို သင်ကြားပို့ချခွင့်ရရှိထားသောကျောင်းများကို ရှာဖွေကြည့်ရှုနိုင်ပါသည်။ ထို့ပြင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့် ဒေသပေါင်း ၁၆၀ ကျော်တွင် Cambridge School အဖြစ် အသိအမှတ်ပြုထားသော ကျောင်း ပေါင်း ၁၀၀၀၀ ကျော်ရှိကြောင်း ဖော်ပြထားပါသည်။ ထို့အပြင် British Council Myanmar ၏ မိတ်ဖက်ကျောင်းများစာရင်းတွင်လည်း ယင်းနှင့်တရားဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံအတွင်းရှိ ကျောင်းများကို တရားဝင်ဖော်ပြထားပါသည်။

ထိုအခြေအနေသည် ကျောင်းသားများအတွက် ရွေးချယ်စရာအခွင့်အလမ်းများ တိုးတက်လာစေသော်လည်း အရည်အသွေးစံနှုန်းများ၊ အသိအမှတ်ပြုမှုများနှင့် ပညာရေးဝန်ဆောင်မှုများ၏ ယုံကြည်စိတ်ချရမှုကို ပိုမိုအလေးထားစစ်ဆေးရန် လိုအပ်လာစေပါသည်။

ရေရှည်တွင် မြန်မာနိုင်ငံ၏ ပညာရေးဂုဏ်သိက္ခာနှင့် နိုင်ငံ့ပုံရိပ်ကို တည်ဆောက်ပေးနိုင်မည့် အဓိကအချက်မှာ ပညာရေးအဖွဲ့အစည်းများ၏ အရည်အသွေး၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုရှိသော စီမံခန့်ခွဲမှုများပင်ဖြစ်ပါသည်။ ကျောင်းများ၊ ပညာရေးဝန်ဆောင်မှုပေးသူများ၊ မိဘများ၊ ကျောင်းသားများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးက အရည်အသွေးကို အခြေခံသော ပညာရေးယဉ်ကျေးမှုတစ်ရပ် တည်ဆောက်နိုင်မည်ဆိုပါက မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် နိုင်ငံတကာအဆင့်မီ ယုံကြည်စိတ်ချရသော ပညာရေးပတ်ဝန်းကျင်တစ်ရပ်အဖြစ် တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်ပါသည်။

နိုင်ငံတကာပညာရေးနှင့် အရည်အသွေးစိစစ်ရေး

ယနေ့ခေတ် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ဒစ်ဂျစ်တယ်နည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ပညာရေးကဏ္ဍသည်လည်း နိုင်ငံတကာချိတ်ဆက်မှုများ ပိုမိုကျယ်ပြန့်လာလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာသင်ရိုးညွှန်းတမ်းများ၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်းသင်ကြားမှုအစီအစဉ်များ၊ အွန်လိုင်းပညာ ရေးဝန်ဆောင်မှုများနှင့် အလုပ်အကိုင်ဈေးကွက်ကို ဦးတည်သော သင်တန်းအစီအစဉ်များ တိုးတက်ပေါ်ပေါက်လာသည်ကို တွေ့မြင်ရပါသည်။

ယင်းနှင့်အတူ လူမှုကွန်ရက်များ၊ အွန်လိုင်းပလက်ဖောင်းများနှင့် ကြော်ငြာမီဒီယာများတွင် “နိုင်ငံတကာအဆင့်မီပညာရေး”၊ “နိုင်ငံတကာတက္ကသိုလ်ဘွဲ့အစီအစဉ်”၊ “နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်”၊ “အချိန်တိုအတွင်း အရည်အချင်း ရရှိနိုင်ခြင်း”စသည့်ကြော်ငြာစာသားများကို တွေ့ရှိရလေ့ရှိပါသည်။ ယင်းကြော်ငြာများသည် ပညာရေးအခွင့်အလမ်းများအကြောင်း အသိပေးခြင်းဖြစ်နိုင်သကဲ့သို့ မိဘများနှင့် ကျောင်းသားများအတွက် စိတ်ဝင်စားဖွယ်ရွေးချယ်စရာများကိုလည်း ဖော်ပြပေးနိုင်ပါသည်။

သို့သော် ပညာရေးသည် ရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သဖြင့် ကြော်ငြာစာသားများကိုသာ အခြေခံဆုံးဖြတ်ခြင်းထက် အချက်အလက်များကို စနစ်တကျ စစ်ဆေးအတည်ပြုရန် လိုအပ်ပါသည်။ ပညာရေးအဖွဲ့အစည်းတစ်ခု၏ တရားဝင်မှု၊ အရည်အသွေးနှင့် အသိအမှတ်ပြုမှုတို့ကို စစ်ဆေးသုံးသပ်နိုင်စွမ်းသည်လည်း ပိုမိုအရေးကြီးလာပါသည်။

အထူးသဖြင့် နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်းသင်ကြားမှုရှိကြောင်း ကြေညာထားသော အဖွဲ့အစည်းများအနေဖြင့် မိတ်ဖက်တက္ကသိုလ်၏ တရားဝင်အသိအမှတ်ပြုမှု၊ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်များ၊ သင်ရိုးညွှန်းတမ်းအရည်အသွေးနှင့် ဘွဲ့လက်မှတ်အသိအမှတ်ပြုမှုဆိုင်ရာ အချက်အလက်များကို ပွင့်လင်းမြင်သာစွာ ဖော်ပြပေးရပါမည်။ ထိုသို့ဆောင်ရွက်ခြင်းသည် ကျောင်း၏ ယုံကြည်စိတ်ချရမှုကို မြှင့်တင်ပေးနိုင်သကဲ့သို့ ကျောင်းသားများနှင့် မိဘများ၏ ယုံကြည်မှုကိုလည်း ပိုမိုရရှိစေပါသည်။ အရည်အသွေးအာမခံမှုစနစ်များကို အလေးထားဆောင်ရွက်ခြင်းဖြင့် ပညာရေးလူ့အသိုက်အဝန်း၏ ယုံကြည်မှုကို ရေရှည်ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်။

အခြားတစ်ဖက်တွင်လည်း မိဘများနှင့် ကျောင်းသားများအနေဖြင့် ကျောင်းရွေးချယ်ရာ၌ ကြော်ငြာများ သို့မဟုတ် လူမှုကွန်ရက်ပေါ်ရှိ ဖော်ပြချက်များကိုသာ အခြေခံဆုံးဖြတ်ခြင်းမပြုဘဲ သက်ဆိုင်ရာပညာရေးအဖွဲ့အစည်းများ၏ အသိအမှတ်ပြုမှု၊ သင်ရိုးညွှန်းတမ်း၏ အရည်အသွေး၊ ကျောင်း၏ ယုံကြည်စိတ်ချရသော မှတ်တမ်းနှင့် ဘွဲ့လက်မှတ်အသိအမှတ်ပြုမှုတို့ကို စနစ်တကျ စိစစ်လေ့လာသင့်ပါသည်။

တစ်ချိန်တည်းတွင် ပုဂ္ဂလိကပညာရေးအဖွဲ့အစည်းများက အရည်အသွေးအခြေပြုပညာရေး၊ ပွင့်လင်းမြင်သာသော စီမံခန့်ခွဲမှုနှင့် တာဝန်ယူမှုရှိသော သတင်းအချက်အလက်ဖော်ပြမှုတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သည်။ ယင်းမှာ ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ်ကို ယုံကြည်စိတ်ချရစေသည့်အပြင် နိုင်ငံတော်အတွက် အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်များကို ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် အရေးပါသော အခြေခံအုတ်မြစ်တစ်ရပ်လည်း ဖြစ်ပါသည်။

နိုင်ငံတကာဥပဒေစံနှုန်းများ

ယနေ့ခေတ် ကမ္ဘာလုံးဆိုင်ရာ ပညာရေးစနစ်တွင် ဘွဲ့၊ ဒီပလိုမာနှင့် ပညာရေးအရည်အချင်းလက်မှတ်များသည် လူတစ်ဦး၏ ပညာရပ်ဆိုင်ရာ အရည်အချင်းကိုသာမက အလုပ်အကိုင်ရရှိမှု၊ လစာနှင့် ရာထူးတိုးမြှင့်မှုများအတွက် အရေးပါသော တရားဝင်အထောက်အထားများ ဖြစ်လာသည်။ ထို့ကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများတွင် တရားမဝင် ပညာရေးအဖွဲ့အစည်းများ၊ ဘွဲ့ရောင်းချသည့် (Degree Mills) များနှင့် အတုအယောင် နိုင်ငံတကာတက္ကသိုလ်များအပေါ် တင်းကျပ်သောဥပဒေများဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြသည်။

ထို့အပြင် နိုင်ငံတကာအသိအမှတ်ပြု ပညာရေးစနစ်များတွင် မည်သည့်တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် သင်တန်းကျောင်းမဆို ဘွဲ့၊ ဒီပလိုမာ သို့မဟုတ် အဆင့်မြင့်ပညာရေးလက်မှတ်တစ်ခု ထုတ်ပေးမည်ဆိုပါက သက်ဆိုင်ရာနိုင်ငံ၏ ပညာရေးဝန်ကြီးဌာန၊ အရည်အသွေးအာမခံအဖွဲ့အစည်းနှင့် တရားဝင်အသိအမှတ်ပြုအဖွဲ့များ၏ ခွင့်ပြုချက်ကို ရယူထားရမည်ဖြစ်သည်။

ပညာရေးလုပ်ပိုင်ခွင့် လွှဲအပ်အစီအစဉ်များကို ဆောင်ရွက်ရာတွင် ပင်မတက္ကသိုလ်၏ တရားဝင်စာချုပ်၊ ခွင့်ပြုချက်နှင့် ပညာရေးဆိုင်ရာ လုပ်ပိုင်ခွင့်အတည်ပြုချက်များကိုလည်း မဖြစ်မနေရရှိထားရမည်ဖြစ်သည်။ ယင်းအထောက်အထားများမရှိဘဲ ပညာရေးအစီအစဉ်များကို ဆောင်ရွက်ခြင်းသည် တရားဝင်အသိအမှတ်ပြုထားသော ပညာရေးလုပ်ပိုင်ခွင့် လွှဲအပ်အစီအစဉ်ဟု သတ်မှတ်၍မရပါ။

စင်ကာပူနိုင်ငံတွင် ပုဂ္ဂလိကပညာရေးအဖွဲ့အစည်းများကို ပုဂ္ဂလိကပညာရေးကော်မတီက စင်ကာပူနိုင်ငံ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးရေးအဖွဲ့အစည်း၏ ကြီးကြပ်မှုအောက်တွင် စနစ်တကျစီမံခန့်ခွဲသည်။ ယင်းစနစ်တွင် အဓိကအားဖြင့် အဆင့်နှစ်ဆင့် ဖြင့် အရည်အသွေးနှင့် စည်းမျဉ်းလိုက်နာမှုကို စစ်ဆေးကွပ်ကဲထားပြီး ၎င်းတို့မှာ-

(၁) အဆင့်မြှင့်တင်ထားသော မှတ်ပုံတင်ရေးမူဘောင် (Enhanced Registration Framework) (ERF)၊

(၂) ပညာရေးအရည်အသွေးအာမခံအသိအမှတ်ပြုလက်မှတ်စနစ် (EduTrust Certification Scheme) တို့ ဖြစ်သည်။

အဆင့်မြှင့်တင်ထားသော မှတ်ပုံတင်ရေးမူဘောင် (ERF) သည် ပုဂ္ဂလိကပညာရေးအဖွဲ့အစည်းတစ်ခု လုပ်ငန်းလည်ပတ်ခွင့်ရရှိရန် လိုအပ်သည့် အခြေခံဥပဒေ၊ စီမံခန့်ခွဲမှု၊ ငွေကြေးနှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အနည်းဆုံးစံနှုန်းများကို သတ်မှတ်ပေးသည့် မှတ်ပုံတင်စနစ်ဖြစ်သည်။ သို့ရာတွင် ERF တွင် မှတ်ပုံတင်ထားခြင်းသည် ကျောင်း၏ ပညာရေးအရည်အသွေး၊ သင်ကြားရေးအရည်အသွေး သို့မဟုတ် ဘွဲ့အရည်အချင်းများ၏ အရည်အသွေးကို အတည်ပြုထားခြင်း၊ အသိအမှတ်ပြုထားခြင်းဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်ပါ။

ပညာရေးအရည်အသွေးအာမခံ အသိအမှတ်ပြု လက်မှတ်စနစ် (EduTrust)သည် ပုဂ္ဂလိကပညာရေးအဖွဲ့အစည်းများအတွက် သတ်မှတ်ထားသော ပညာရေးအရည်အသွေးအာမခံမှု အသိအမှတ်ပြုအစီအစဉ်တစ်ခုဖြစ်သည်။ ယင်းအစီအစဉ်၏ရည်ရွယ်ချက်မှာ စီမံခန့်ခွဲမှုကောင်းမွန်ခြင်း၊ ကျောင်းသားအခကြေးငွေကာကွယ်ရေးစနစ် ခိုင်မာခြင်းနှင့် ကျောင်းသားများ၏ သင်ယူမှုရလဒ်များ ကောင်းမွန်ခြင်း စသည့်ကဏ္ဍများတွင် မြင့်မားသော အရည်အသွေးစံနှုန်းများကို ထိန်းသိမ်းလိုက်နာသော ပုဂ္ဂလိကပညာရေးအဖွဲ့အစည်းများကို အသိအမှတ်ပြု၍ ခွဲခြားဖော်ထုတ်ပေးရန်ဖြစ်သည်။

မလေးရှားနိုင်ငံတွင် Private Higher Educational Institutions Act 1996 အရ နိုင်ငံတကာတက္ကသိုလ်များ၏ ဘွဲ့အစီအစဉ်များ ဖွင့်လှစ်လိုပါက Ministry of Higher Education (MOHE) နှင့် Malaysian Qualifications Agency (MQA) တို့၏ အသိအမှတ်ပြုမှုရယူရသည်။ မည်သည့်ဘွဲ့ လက်မှတ်မဆို MQA စာရင်းတွင် ပါဝင်ခြင်းရှိ/မရှိ စစ်ဆေးနိုင်ပြီး တရားဝင်အသိအမှတ်ပြုမှုမရှိသော ဘွဲ့များကို အစိုးရအလုပ်အကိုင်၊ လစာခံစားခွင့်နှင့် ပညာဆက်လက်သင်ယူခွင့်များတွင် အသုံးပြုခွင့်မပြုကြပေ။

မလေးရှားအရည်အချင်းမှတ်ပုံတင်စာရင်း (Malaysian Qualifications Register – MQR) မှတစ်ဆင့် ဘွဲ့၊ ဒီပလိုမာနှင့် အခြားပညာရေးအရည်အချင်းများ၏ အသိအမှတ်ပြုမှုအခြေအနေကို စစ်ဆေးအတည်ပြုနိုင်သည်။ ထို့အပြင် မလေးရှားအရည်အသွေးအာမခံအေဂျင်စီ (Malaysian Qualifications Agency – MQA) ၏ တရားဝင် အွန်လိုင်းဝန်ဆောင်မှုစာမျက်နှာရှိ “ပညာရေးအရည် အချင်းများကို ရှာဖွေစစ်ဆေးရန် ဝန်ဆောင်မှု”ကို အသုံးပြု၍ သက်ဆိုင်ရာ ပညာရေးအရည်အချင်း တစ်ခုချင်းစီ၏ အသိအမှတ်ပြုမှုအခြေအနေကို အလွယ်တကူ ရှာဖွေစစ်ဆေးနိုင်သည်။ ထို့ကြောင့် “အသိအမှတ်ပြုထားသည်”ဟူသော ကြော်ငြာဖော်ပြချက်တစ်ခုတည်းကိုသာ အခြေခံ၍ မဆုံးဖြတ်ဘဲ ယင်းပညာရေးအရည်အချင်းသည် (MQR) တွင် တရားဝင်မှတ်ပုံတင်ထားခြင်း ရှိ/မရှိကို သက်ဆိုင်ရာ MQR မှတ်ပုံတင်စာရင်း၌ တိုက်ဆိုင်စစ်ဆေး၍ အတည်ပြုနိုင်မည်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် တက္ကသိုလ်တစ်ခု၏ တရားဝင်မှုကို ပြည်နယ်ဆိုင်ရာ အသိအမှတ်ပြုစနစ်နှင့် ဖက်ဒရယ်အဆင့် အသိအမှတ်ပြုစနစ်များဖြင့် တရားဝင်မှုကို အတည်ပြုစစ်ဆေးကြသည်။ ဘွဲ့လက်မှတ်တစ်ခုကို အလုပ်ခန့်အပ်ရာတွင် အသုံးပြုမည်ဆိုပါက သက်ဆိုင်ရာတက္ကသိုလ်၏ အသိ အမှတ်ပြုမှုအခြေအနေ၊ အမှတ်စာရင်းစစ်မှန်မှုနှင့် ဘွဲ့အတည်ပြုစိစစ်ရေးဝန်ဆောင်မှုများမှတစ်ဆင့် စိစစ်လေ့ရှိသည်။ အတုအယောင်တက္ကသိုလ်များ (Degree Mills) မှ ထုတ်ပေးသောဘွဲ့များကို အသုံးပြု၍ အလုပ်ရယူခြင်း သို့မဟုတ် အစိုးရအဖွဲ့အစည်းများတွင် တင်ပြခြင်းများက အချို့ပြည်နယ်များတွင် ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသည်။

ဥရောပနိုင်ငံများတွင် အဆင့်မြင့်ပညာရေးဆိုင်ရာ အသိအမှတ်ပြုမှုများကို ဥရောပအဆင့်မြင့် ပညာရေးအသိအမှတ်ပြုစနစ်နှင့် ပူးပေါင်းဆောင်ရွက်မှုမူဘောင်အရ ဆောင်ရွက်ပြီး ယင်း၏ စံနှုန်းများနှင့်အညီ တက္ကသိုလ်များနှင့် ဘွဲ့အရည်အချင်းများကို စနစ်တကျ စိစစ်အသိအမှတ်ပြုကြသည်။ တက္ကသိုလ်နှင့် ဘွဲ့လက်မှတ်များ၏ အသိအမှတ်ပြုမှုကို ဥရောပဒေသနှင့် အမျိုးသားအဆင့် ပညာရေး အရည်အချင်းအသိအမှတ်ပြုရေးနှင့် သတင်းအချက်အလက်ကွန်ရက်များ (ENIC-NARIC Networks) မှတစ်ဆင့် စစ်ဆေးနိုင်ပြီး ပညာရေးအရည်အချင်းအသိအမှတ်ပြုမှုဆိုင်ရာ လမ်းညွှန်မှု၊ အကြံပေးမှုနှင့် သတင်းအချက်အလက်ဝန်ဆောင်မှုများကိုလည်း ရရှိနိုင်ပါသည်။ ထို့ကြောင့် “နိုင်ငံတကာအသိအမှတ်ပြု” ဟူသော စကားရပ်ကို အသုံးပြုရာတွင် မည်သည့်အသိအမှတ်ပြုအဖွဲ့အစည်း၊ မည်သည့်နိုင်ငံနှင့် မည်သည့်စံနှုန်း သို့မဟုတ် မူဘောင်အောက် တွင် ရရှိထားသည်ကို တိတိကျကျ ဖော်ပြရန် လိုအပ်ပါသည်။

ယနေ့ခေတ်တွင် ကမ္ဘာတစ်ဝန်းရှိ အလုပ်ရှင်များ၊ တက္ကသိုလ်များနှင့် အစိုးရအဖွဲ့အစည်းများက ဘွဲ့အရည်အချင်းအတည်ပြုစိစစ်ရေးစနစ်၊ ဒီဂျစ်တယ်ပညာရေးမှတ်တမ်းစနစ်နှင့် ယနေ့ခေတ်တွင် QR ကုတ် အခြေပြုစစ်မှန်ကြောင်း အတည်ပြုစနစ်နှင့် ဒေတာကွင်းဆက်နည်းပညာအခြေပြု ပညာရေးအရည်အချင်းအထောက်အထားစနစ်များကို အသုံးပြု၍ ဘွဲ့လက်မှတ်များ၊ ဒီပလိုမာများနှင့် အခြားပညာရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ၏တရားဝင်မှု၊ စစ်မှန်မှုနှင့် မူရင်းအထောက် အထားတို့ကို လျင်မြန်တိကျစွာ အတည်ပြုစစ်ဆေးနိုင်လာကြသည်။ ထို့ကြောင့် အတုအယောင်လက်မှတ်များ၊ ခွင့်ပြုချက်မရှိသော ဘွဲ့အစီအစဉ်များနှင့် ပညာရေးလိမ်လည်မှုများသည် ရေရှည်တွင် ဖော်ထုတ်ခံရနိုင်ခြေ မြင့်မားလာလျက်ရှိသည်။

မြန်မာနိုင်ငံ၏ လက်တွေ့အခြေအနေကို လေ့လာကြည့်ပါက နိုင်ငံတကာတက္ကသိုလ်အမည်ခံ သင်တန်းများ၊ နိုင်ငံတကာအမည်ခံဘွဲ့၊ ဒီပလိုမာနှင့် ပညာရေးအရည်အချင်း လက်မှတ်အစီအစဉ်များ တိုးပွားလာသည်ကို တွေ့ရှိရသည်။ သို့ရာတွင် အဆိုပါအစီအစဉ်များအားလုံးသည် သက်ဆိုင်ရာ ပင်မတက္ကသိုလ်၏ တရားဝင်ခွင့်ပြုချက်၊ ဘွဲ့အရည်အချင်းအသိအမှတ်ပြုမှုများနှင့် ပညာရေးလုပ်ပိုင်ခွင့်တို့ကို စနစ်တကျစစ်ဆေးရန် လိုအပ်သည်။ အထူးသဖြင့် အစိုးရဌာနများ၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် ပညာရေးအဖွဲ့အစည်းများအနေဖြင့် ဘွဲ့၊ ဒီပလိုမာနှင့် ပညာရေးအရည်အချင်းလက်မှတ်များအပေါ် အလုပ်ခန့်အပ်ခြင်း၊ လစာတိုးမြှင့်ခြင်း၊ ရာထူးတိုးမြှင့်ခြင်း သို့မဟုတ် ပညာရေး ဆက်လက်တက်ရောက်ခွင့်ပေးခြင်းများ ပြုလုပ်ရာတွင် သက်ဆိုင်ရာတက္ကသိုလ်သို့ တိုက်ရိုက်အတည်ပြုစစ်ဆေးခြင်းကို ဆောင်ရွက်သင့်ပါသည်။ ။