အခွန်ထမ်းပြည်သူများ အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ပေးနေသော အခွန်ဝန်ဆောင်မှုများ
ကိုခိုင် (ပြည်တွင်းအခွန်)
နိုင်ငံတော်အစိုးရက ပြည်သူများအတွက် နိုင်ငံတော်၏ အမျိုးသားရေးဦးတည်ချက်များနှင့်အညီ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက် လိုအပ်သော ဘဏ္ဍာငွေများကို ပြည်တွင်းအခွန်အကောက်နှင့် အခြားရငွေများမှ အဓိကထားကောက်ခံလျက်ရှိပါသည်။
သို့ဖြစ်ရာ အခွန်ပေးဆောင်ခြင်းသည် နိုင်ငံသားတိုင်း၏ မွန်မြတ်သော တာဝန်တစ်ရပ်ဖြစ်သကဲ့သို့ အဆိုပါအခွန်ထမ်းပြည်သူများ အခွန်ပေးဆောင်ရာတွင် အခက်အခဲမရှိဘဲ လွယ်ကူချောမွေ့စွာ ဆန္ဒအလျောက်အခွန်ပေးဆောင်နိုင်ရန် ဝန်ဆောင်မှုပေးရမည့်တာဝန်မှာလည်း ပြည်တွင်းအခွန်များဦးစီးဌာန၏ အဓိကလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။
ယနေ့ခေတ်ကာလတွင် ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် “အခွန်ကောက်ခံသည့် အာဏာပိုင်အဖွဲ့အစည်း (Tax Collecting Agency)” ဟူသော သမားရိုးကျအယူအဆမှ “အခွန်ထမ်း ပြည်သူများအား ဝန်ဆောင်မှုပေးသည့်အဖွဲ့အစည်း (Taxpayer Service Agency)” အဖြစ်သို့ အသွင်ကူးပြောင်းကာ အခွန်ထမ်းပြည်သူများ အခွန်တာဝန်ကျေပွန်စွာထမ်းဆောင်နိုင်ရန် လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိပါသည်။ ပြည်သူများ အခွန်ပေးဆောင်ရာတွင် အချိန်ကုန်၊ ငွေကုန်သက်သာစေရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် ရည်ရွယ်၍ ပြည်တွင်းအခွန်များဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အခွန်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများကို အခွန်ထမ်းမိဘပြည်သူများထံသို့ သိရှိနိုင်ပါရန် ရေးသားတင်ပြလိုက်ရပါသည်။
အခွန်ဆိုင်ရာဝန်ဆောင်မှုဌာနခွဲနှင့် အခွန်ရုံးအသီးသီး၏ အခွန်ထမ်းဝန်ဆောင်မှုအဖွဲ့များ အခွန်ဆိုင်ရာ ဝန်ဆောင်မှုဌာနခွဲမှ ဝန်ဆောင်မှုများပေးအပ်ခြင်း
ပြည်တွင်းအခွန်များဦးစီးဌာနသည် ဌာန၏ဖွဲ့စည်းပုံအား အခွန်ကိုအခြေခံသည့် ဖွဲ့စည်းပုံ (Tax-Based Organization Structure) မှ လုပ်ငန်းတာဝန်ကိုအခြေပြုသည့် ဖွဲ့စည်းပုံ (Function Based Organization Structure) သို့ ပြောင်းလဲဖွဲ့စည်းခဲ့ရာ အခွန်ထမ်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအား ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် အခွန်ဆိုင်ရာဝန်ဆောင်မှုဌာနခွဲကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။
အခွန်ထမ်းပြည်သူများအနေဖြင့် ယေဘုယျနှင့် သာမန်အခွန်ဆိုင်ရာကိစ္စရပ်များကို လူကိုယ်တိုင်သော်လည်းကောင်း၊ တယ်လီဖုန်းဖြင့်သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း မေးမြန်းနိုင်ပါသည်။ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အစိုးရဌာနများ၊ ပုဂ္ဂလိက စီးပွားရေးအသင်းအဖွဲ့များ၊ သင်တန်းကျောင်းများက လုပ်ငန်းလိုအပ်ချက်များနှင့်အညီ သင်တန်းပို့ချပေးပါရန် ညှိနှိုင်းတောင်းခံလာပါကလည်း အခွန်ပညာမျှဝေခြင်းလုပ်ငန်း အစီအစဉ်အရ သင့်လျော်သောနည်းပြများကို စေလွှတ်ကာ အခွန်ဘာသာရပ်သင်ခန်းစာများ ပို့ချပေးလျက်ရှိပါသည်။ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်(ရုံးချုပ်)တို့တွင် ရုံးများဖွင့်လှစ်၍ အခွန်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
အခွန်ထမ်းအမျိုးအစားအလိုက် အခွန်ရုံးအသီးသီးက အခွန်ဆိုင်ရာဝန်ဆောင်မှုများပေးအပ်ခြင်း
ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ထမ်းများ၏ လုပ်ငန်းအမျိုးအစားများ၊ ရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် နှစ်အဆက်ဆက် အခွန်ထမ်းဆောင်မှုအခြေအနေ စသည့်အချက်အလက်များအပေါ် အခြေခံလျက် ပုဂ္ဂိုလ်စုအခွန်ထမ်းများကို အခွန်ထမ်းအမျိုးအစားအုပ်စုခွဲခြား၍ စည်းကြပ်ခံရမည့် အခွန်ရုံးများသတ်မှတ်ပေးခြင်းကို ဆောင်ရွက်ခဲ့ရာ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးများ၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးများစသည်ဖြင့် အခွန်ရုံးများ သတ်မှတ်၍ အခွန်ဆိုင်ရာဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။
အဆိုပါရုံးများတွင် အခွန်ထမ်းဝန်ဆောင်မှုဌာနစုများကို စနစ်တကျဖွဲ့စည်းထားပြီး အခွန်ထမ်းများအား တည်ဆဲအခွန်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၏ အဓိပ္ပာယ်ရှင်းလင်းချက်များ၊ အခွန်ဆိုင်ရာ လက်တွေ့လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရန် သတ်မှတ်ချက်များနှင့် အခြားအခွန်ဆိုင်ရာ အထွေထွေသိရှိလိုသည်များနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို လူကိုယ်တိုင်လာရောက်မေးမြန်းခြင်း၊ တယ်လီဖုန်းဖြင့်မေးမြန်းခြင်း၊ စာဖြင့်မေးမြန်းခြင်းများကို တည်ဆဲဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဝန်ဆောင်မှုများ ပေးအပ်ကူညီလျက်ရှိပါသည်။
မြို့နယ်အခွန်ရုံးအသီးသီးမှ ဝန်ဆောင်မှုပေးခြင်း
အခွန်ထမ်းပြည်သူများအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေတို့ရှိ မိမိနှင့်သက်ဆိုင်သည့် မြို့နယ်အခွန်ရုံးအသီးသီးရှိ ပြည်သူ့ဆက်ဆံရေးဌာနစိတ်များတွင် အခွန်ဆိုင်ရာ သိရှိလိုသည်များကို လူကိုယ်တိုင်သော်လည်းကောင်း၊ တယ်လီဖုန်းဖြင့်သော်လည်းကောင်း မေးမြန်းနိုင်သလို အခွန်ဆိုင်ရာဝန်ဆောင်မှုဌာနခွဲ၏ ရုံးများတွင် လူကိုယ်တိုင်လာရောက်မေးမြန်းခြင်း၊ တယ်လီဖုန်း သို့မဟုတ် စာဖြင့်မေးမြန်းခြင်းများ ဆောင်ရွက်နိုင်ပါသည်။
ဒီဂျစ်တယ်အခွန်ဝန်ဆောင်မှုများ
ပြည်တွင်းအခွန်များဦးစီးဌာနသည် e-Registration၊ e-Paymentနှင့် e-Filing စနစ်များဖြင့် အခွန်ဆိုင်ရာဝန်ဆောင်မှုများ ပေးအပ်နိုင်သည့်အတွက် အခွန်ထမ်းပြည်သူများ၏ “အချိန်ကုန်၊ လူပင်ပန်း၊ အပိုကုန်ကျစရိတ်” များကို အထိရောက်ဆုံးလျှော့ချပေးနိုင်ခဲ့ပါသည်။ e-Help Desk Service သည် ဒီဂျစ်တယ်အခွန်စနစ်များကို အခွန်ထမ်းများက ပိုမိုယုံကြည်စိတ်ချစွာဖြင့် အသုံးပြုနိုင်ရန် ကူညီပံ့ပိုးပေးစွမ်းနိုင်သောကြောင့် အခွန်ထမ်းဗဟိုပြု ဝန်ဆောင်မှုစနစ်ကို ဆောင်ရွက်နိုင်ခြင်းဖြစ်ပါသည်။
အီလက်ထရောနစ်ဝန်ဆောင်မှုများပေးအပ်ခြင်း
e-Registration Service (အွန်လိုင်းမှတစ်ဆင့် အခွန်မှတ်ပုံတင်ခြင်းဝန်ဆောင်မှု)
ကုမ္ပဏီအခွန်ထမ်းများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်ရရှိပြီး ရက်ပေါင်း ၉၀ အတွင်း ပြည်တွင်းအခွန်များဦးစီးဌာနသို့ အခွန်ထမ်းမှတ်ပုံတင်လက်မှတ် (TIN Certificate) ကို အွန်လိုင်းမှလျှောက်ထားရန် သတ်မှတ်ထားပါသည်။
ကုမ္ပဏီအခွန်ထမ်းအသစ်များအနေဖြင့် လုပ်ငန်းစတင်ရန် အခွန်ရုံးများသို့သွားရောက်၍ စောင့်ဆိုင်းရန်မလိုတော့ဘဲ အင်တာနက်ရှိရုံဖြင့် မိမိရုံးခန်း သို့မဟုတ် နေအိမ်မှနေ၍ အလွယ်တကူ အခွန်ထမ်းမှတ်ပုံတင်လက်မှတ် လျှောက်ထားနိုင်ပြီဖြစ်ပါသည်။ ထိုကဲ့သို့ အခွန်ထမ်းဆိုင်ရာ ဝန်ဆောင်မှုပေးနိုင်ခြင်းသည် လုပ်ငန်းစတင်တည်ထောင်စအချိန်တွင် ကုန်ကျမည့်သွားလာစရိတ်နှင့် အခွန်ဆိုင်ရာ လိုက်နာဆောင်ရွက်မှုစရိတ်ကို သိသိသာသာ လျော့ကျစေမည်ဖြစ်ပါသည်။
e-Payment Service (အွန်လိုင်းမှတစ်ဆင့် အခွန် ပေးဆောင်ခြင်းဝန်ဆောင်မှု)
အခွန်ထမ်းပြည်သူများသည် ငွေသားအမြောက်အမြားကို ကိုင်တွယ်သယ်ဆောင်၍ ဘဏ်များတွင် တန်းစီစောင့်ဆိုင်းရသည့် အခက်အခဲနှင့် ဆုံးရှုံးအန္တရာယ်ရှိနိုင်ခြေများကို ပြည်တွင်းအခွန်များဦးစီးဌာန၏ e-Payment Service က ဖြေရှင်းလျှော့ချပေးလျက်ရှိပါသည်။ အခွန်ထမ်းများသည် e-Commerce ဖွင့်လှစ်ထားသော MPU Debit Card ကို အသုံးပြု၍ ပေးဆောင်ခြင်း၊ CBM NET အသုံးပြုသည့် IRD နှင့် API နည်းပညာဖြင့် ချိတ်ဆက်ထားသော ဘဏ်များဖြစ်သည့် CB၊ AYA၊ KBZ၊ MAB၊ AGD၊ MWD၊ ……. တို့၏ i-Banking၊ Mobile Banking၊ Mobile Payment (AYA Pay၊ uabPay၊ One Pay၊ …………….)တို့ကို အသုံးပြု၍ ငွေလွှဲပြောင်းပေးသွင်းခြင်းနှင့် MMQR Code ကို အသုံးပြု၍ အခွန်ငွေပေးဆောင်ခြင်းများကို ဖော်ပြပါနည်းလမ်းများမှတစ်ဆင့် အခွန်ငွေများကို မိနစ်ပိုင်းအတွင်း ဘေးကင်းလုံခြုံစွာဖြင့် နေရာကန့်သတ်ချက်မရှိ ပေးဆောင်နိုင်ပြီဖြစ်ပါသည်။
ရုံးပိတ်ရက်၊ ရုံးချိန်ပြင်ပမဟူ မိမိအဆင်ပြေသည့်အချိန်တွင် အခွန်ပေးဆောင်နိုင်ပြီး ငွေပေးချေမှုအောင်မြင်ကြောင်း စနစ်မှအီလက်ထရောနစ်ပြေစာကို ထုတ်ပေးသည့်အတွက် ငွေစာရင်းပိုင်းဆိုင်ရာခိုင်မာမှုကို အချိန်မရွေး သက်သေပြနိုင်ပါသည်။
e-Filing Service (အွန်လိုင်းမှတစ်ဆင့် အခွန်ကြေညာလွှာ တင်သွင်းခြင်းဝန်ဆောင်မှု)
အခွန်ကြေညာလွှာပုံစံများကို ဖောင်ပုံစံစက္ကူဖြင့် ဖြည့်စွက်ရသည့် ရှုပ်ထွေးမှုများအစား အွန်လိုင်းစနစ်တွင် မိမိဝင်ငွေရရှိသည့်အချက်အလက်များအား မိမိ၏လွတ်လပ်သောဆန္ဒအလျောက် မှန်ကန်စွာထည့်သွင်းတွက်ချက်ပြီး တင်ပြသောအခွန်ကြေညာလွှာအား သက်ဆိုင်ရာအခွန်ရုံးမှ စစ်ဆေးပေးသည့်အတွက် အခွန်ထမ်းများ၏ မှားယွင်းတွက်ချက်မိနိုင်ခြေကို လျှော့ချပေးပါသည်။ အခွန်ထမ်းများသည် မိမိတို့တင်သွင်းခဲ့ဖူးသည့် အခွန်ကြေညာလွှာ (Tax Returns) များကို စနစ်အတွင်း ပြန်လည်ကြည့်ရှု၊ ဒေါင်းလုတ်ဆွဲနိုင်သဖြင့် လုပ်ငန်းခွင်စာရင်းစစ်ဆေးမှုများနှင့် ဘဏ္ဍာရေး အစီရင်ခံစာများပြင်ဆင်ရာတွင် များစွာအထောက်အကူပြုစေမည်ဖြစ်ပါသည်။
အီလက်ထရောနစ် အကူအညီပေးရေးဝန်ဆောင်မှု
အခွန်ထမ်းဝန်ဆောင်မှုပေးအပ်ခြင်း အမြင်အရ e-Help Desk Service သည် အခွန်ထမ်းနှင့် အခွန်ရုံးအကြား ပေါင်းကူးတံတားတစ်ခုဖြစ်ပြီး အခွန်ထမ်းများအတွက် e-Services (e-Registration, e-Filing, e-Payment)များကို အသုံးပြုရာတွင် နည်းပညာပိုင်းဆိုင်ရာအခက်အခဲ သို့မဟုတ် စနစ်ကြောင့်ဖြစ်ပေါ်သည့် အခက်အခဲများ ကြုံတွေ့ရပါက အခွန်ရုံးသို့ ကိုယ်တိုင်လာရောက်ရန်မလိုဘဲ e-Help Desk သို့ ဆက်သွယ်၍ ချက်ချင်းလမ်းညွှန်ချက် ရယူနိုင်ပါသည်။
ထို့ပြင် အခွန်ဥပဒေများ၊ နောက်ဆုံးထုတ်ပြန်ထားသည့် သတ်မှတ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိပါကလည်း တိကျမှန်ကန်သော ဖြေကြားချက်များကို ရရှိနိုင်သဖြင့် အခွန်ထမ်းများအနေဖြင့် မိမိတို့မသိနားမလည်မှုကြောင့် တပ်ရိုက်ခံရမည့်ဒဏ်ကြေး သို့မဟုတ် အရေးယူခံရမည့် ဆုံးရှုံးအန္တရာယ်ရှိနိုင်ခြေများ (Non-compliance Risks)မှ ကြိုတင်ကာကွယ်ပေးနိုင်မည်ဖြစ်ပါသည်။
ခေတ်မီ e-Help Desk စနစ်များသည် အခွန်ထမ်းတစ်ဦးချင်းစီ၏ မေးမြန်းမှုသမိုင်းကြောင်းများကို စနစ်တကျမှတ်တမ်းတင်ထားနိုင်သဖြင့် နောက်တစ်ကြိမ် ဆက်သွယ်လာပါက အခွန်ထမ်း၏ လိုအပ်ချက်ကို ပိုမိုတိကျစွာဖြင့် ထိထိရောက်ရောက် ကူညီပေးနိုင်သည့်အတွက် အခွန်ထမ်းများအား လေးစားတန်ဖိုးထားခြင်းခံရသည်ဟူသော ခံစားချက်ကို ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။
အခွန်ပညာပေးနှင့် အထူးအသိပညာမျှဝေခြင်း အစီအစဉ်များ
ပြည်တွင်းအခွန်များဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ အခွန်ရုံးများနှင့် မြို့နယ်အခွန်ရုံးများသည် မိမိစည်းကြပ်မှုနယ်မြေအတွင်း အခွန်ကောက်ခံရေးအထောက်အကူပြု အဖွဲ့များ၏ပံ့ပိုးကူညီမှုဖြင့် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် သတ်မှတ်ထားသော ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်း၊ စားသောက်ဆိုင်၊ ရွှေဆိုင်၊ မိုဘိုင်းလက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်း ရောင်းချသည့်လုပ်ငန်းများ၊ ရုပ်သံလွှင့်မီဒီယာလုပ်ငန်းများဆောင်ရွက်သည့် လုပ်ငန်းရှင်များအား မြို့နယ်အလိုက် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ အထူးအခွန်ပညာပေးအစီအစဉ်များကို (Specific Knowledge Sharing Program) ကျင်းပပြုလုပ်လျက်ရှိပါသည်။
ဤသို့ အထူးပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးခြင်းဖြင့် ဈေးကွက်အတွင်း တရားမဝင်ကုန်သွယ်မှုများကို လျှော့ချနိုင်ပြီး တရားဝင်စီးပွားရေးလုပ်ငန်းရှင်များအတွက် တရားမျှတသော ယှဉ်ပြိုင်မှုပတ်ဝန်းကျင်ကို ဖန်တီးပေးမည်ဖြစ်ပါသည်။
အခွန်မူဝါဒနှင့် အခွန်စီမံအုပ်ချုပ်မှုနယ်ပယ်တွင် သီးခြားဆောင်သည့်ဝန်ဆောင်မှုများ
အခွန်မူဝါဒနှင့် အခွန်စီမံအုပ်ချုပ်မှုနယ်ပယ်တွင် အခွန်ထမ်းများနှင့် အခွန်ရုံးများအကြား အငြင်းပွားဖွယ်ဖြစ်သည့် အခွန်တွက်ချက်မှုများ၊ အခွန်ဆိုင်ရာပြဋ္ဌာန်းချက်များအပေါ် နားလည်မှုကွာဟချက်များ လျှော့ချနိုင်ရေးအတွက် ပြည်တွင်းအခွန်များဦးစီးဌာနက နည်းပညာလေ့လာသုံးသပ်ရေးကော်မတီဖွဲ့စည်း၍ အခွန်ပေးဆောင်ရာတွင် သေချာမှု၊ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုရှိအောင် အခွန်ထမ်းများနှင့် အခွန်ရုံးများ၏ တွေ့ရှိတင်ပြချက်များကို နိုင်ငံတကာအခွန်ဌာနများ၏ ကျင့်သုံးမှုများနှင့်ချိန်ဆ၍ တည်ဆဲအခွန်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အခွန်ထမ်းပြည်သူများအား ကူညီဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။
ကျသင့်သည့်အခွန်ထက် ပိုမိုပေးဆောင်ထားမှုများအတွက် ပြန်အမ်းငွေတောင်းခံရာတွင် ကြန့်ကြာမှုမရှိစေရန်နှင့် လုပ်ငန်းစဉ်များအား ပွင့်လင်းမြင်သာမှုရှိစေရန် တိကျသော စံပြုလုပ်ထုံးလုပ်နည်းများကို ရေးဆွဲချမှတ်ထားပြီးဖြစ်ပါသည်။ ထို့ပြင် ပြည်တွင်းအခွန်များဦးစီးဌာန၏ ကွပ်ကဲမှုအောက်ရှိ အခွန်ရုံးများက ချမှတ်ခဲ့သောအမိန့်များအပေါ် မကျေနပ်ဘဲ သတ်မှတ်ကာလအတွင်း စီမံအုပ်ချုပ်မှုနည်းလမ်းအရ အယူခံတင်သွင်းသူများအပေါ်လည်း ဘက်လိုက်မှုမရှိဘဲ အခွန်ထမ်းပြည်သူများ၏ ရသင့်ရထိုက်သော အခွင့်အရေးများရရှိအောင် ဥပဒေပိုင်းဆိုင်ရာ တရားမျှတမှုရှိအောင် ဝန်ဆောင်မှုများ ပေးအပ်ဆောင်ရွက်လျက်ရှိပါသည်။
အခွန်ပေးဆောင်ထိုက်သူအားလုံး အခွန်ကြေညာလွှာကို မှန်ကန်စွာဖြည့်သွင်းပြီး မိမိကျသင့်သည့် အခွန်တာဝန်ကို တာဝန်ကျေပွန်စွာ ပေးဆောင်ကြခြင်းအားဖြင့် နိုင်ငံတော်တည်ဆောက်ရေး အခန်းကဏ္ဍတွင် တိုက်ရိုက်ပါဝင်ပံ့ပိုးကြပါရန်နှင့် မိမိတို့ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့်လည်း ဒီဂျစ်တယ်နည်းပညာအခြေပြု အခွန်ဝန်ဆောင်မှုများကို ပိုမိုတိုးချဲ့ဆောင်ရွက်ခြင်း၊ အခွန်ထမ်းပြည်သူများ၏ လိုအပ်ချက်နှင့်ကိုက်ညီသော ဝန်ဆောင်မှုစနစ်များကို ဖော်ဆောင်ခြင်း၊ အခွန်ပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းတို့မှတစ်ဆင့် အခွန်ထမ်းများ၏ အခွန်ဆိုင်ရာလိုက်နာဆောင်ရွက်မှုများ ပိုမိုလွယ်ကူချောမွေ့စေရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။
