လေးဝတီ ကုလားတန် အမြန်အေးချမ်း မိုးဆန်းပန်းသို့ ...
မောင်မန်းညို (မဟာဝိဇ္ဇာ)
မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးဖြစ်သော ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းဒေသများသည် သဘာဝအရင်းအမြစ်၊ သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များနှင့် မဟာဗျူဟာမြောက် ကုန်သွယ်ရေးလမ်းကြောင်းများ ဆုံစည်းရာ အချက်အချာမြေဖြစ်ပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်းနေ ဒေသခံပြည်သူတို့၏ အသက်သွေးကြောဖြစ်သည့် ကုလားတန်မြစ်သည် လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် ကုန်စည်စီးဆင်းမှုတို့တွင် မရှိမဖြစ်အားထားရသည့် မိခင်မြစ်ကြီးဖြစ်ပါသည်။
“လေးဝတီ”ဆိုသည်မှာ ရခိုင်ဒေသတစ်ခုလုံးကို ကိုယ်စားပြုသော သာယာလှပသည့် အလင်္ကာထပ် ဝေါဟာရတစ်ခုဖြစ်ပြီး ရှေးဟောင်းရခိုင်ဒေသ မြို့တော်လေးခုဖြစ်သော ဓညဝတီ၊ ရမ္မာဝတီ၊ မေဃဝတီနှင့် ဒွါရာဝတီတို့ကို ပေါင်းစပ်ခေါ်ဝေါ်ထားခြင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် ရခိုင်ပြည်နယ်ကို လေးဝတီဟု တင်စားခေါ်ဝေါ်ခြင်းဖြစ်ပါသည်။
ကုလားတန်မြစ်သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်မှ မြစ်ဖျားခံပြီး ချင်းပြည်နယ် (ပလက်ဝ) မှတစ်ဆင့် ရခိုင်ပြည်နယ် (ကျောက်တော်၊ ပုဏ္ဏားကျွန်း) ကိုဖြတ်သန်းကာ စစ်တွေမြို့အနီးမှာ ဘင်္ဂလားပင်လယ်အော်ထဲသို့ စီးဝင်ပါသည်။ စာပေများတွင် ကစ္ဆပနဒီ (ခေါ်) ကုလားတန်မြစ်ဟု တွေ့ရသည်။ ရခိုင်ပြည်နယ်တွင် အရှည်ဆုံးနှင့် အကြီးဆုံးမြစ်ဖြစ်ပါသည်။ ထို့ကြောင့်ပင် အိန္ဒိယ-မြန်မာ ကုလားတန် ဘက်စုံဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan Multi-Modal Project) ၏ အဓိကရေကြောင်းလမ်းဖြစ်ပါသည်။
လေးမြို့မြစ်သည်လည်း ထိုဒေသ၏အခရာ မြစ်တစ်စင်းဖြစ်သည်။ လေးမြို့မြစ်သည် ချင်းပြည်နယ်အတွင်းရှိ ချင်းတောင်တန်း ဘာဘုတလန်တောင်ထိပ်မှ ရခိုင်ပြည်နယ်သို့ ဖြတ်သန်းစီးဆင်းသွားသော မြစ်တစ်စင်းဖြစ်သည်။ လေးမြို့မြစ်သည် မြန်မာနိုင်ငံအနောက်ဘက်ကမ်းမြောင်ဒေသရှိ မြစ်ကြီးလေးစင်းအနက် ကုလားတန်မြစ်ပြီးလျှင် ရခိုင်ပြည်နယ်၏ ဒုတိယအရှည်ဆုံးမြစ်တစ်စင်းဖြစ်သည်။ ချင်းပြည်နယ် မင်းတပ်ခရိုင် မတူပီမြို့နယ်အတွင်းရှိ ဘုံတလာရေတံခွန်မှအစတည် မြစ်ဖျားခံကာ ပလက်ဝမြို့နယ်သို့ ဖြတ်သန်း၍ ရခိုင်ပြည်နယ်အတွင်းသို့ စီးဆင်းလာသော မြစ်တစ်စင်းဖြစ်သည်။ လေးမြို့မြစ်သည် စစ်တွေအရှေ့ဘက် အိန္ဒိယသမုဒ္ဒရာသို့ စီးဝင်သည်။
လတ်တလော နိုင်ငံတော်အစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်း သုံးနိုင်ငံအဆင့်၊ နှစ်နိုင်ငံအဆင့် မဟာဗျူဟာမြောက်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို တစိုက်မတ်မတ် အကောင်အထည်ဖော်လျက်ရှိရာ “အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်း” နှင့် “ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း” တို့သည် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟုန်မြှင့်တင်ပေးမည့် အဓိကမောင်းနှင်အားကြီးများဖြစ်ပါသည်။ အဆိုပါစီမံကိန်းကြီးများသည် အိမ်နီးချင်း အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုမြှင့်တင်ရန်သာမက ကုန်းလမ်း၊ ရေလမ်းဆက်သွယ်မှုများမှတစ်ဆင့် အရှေ့တောင်အာရှနှင့် တောင်အာရှကိုချိတ်ဆက်ပေးမည့် မဟာဗျူဟာမြောက် ကုန်သွယ်ရေးစင်္ကြံကြီးလည်းဖြစ်သည်။
ကုလားတန်ဘက်စုံသုံးစီမံကိန်း တည်ဆောက်ခြင်းသည် အိန္ဒိယအရှေ့မြောက် မီဇိုရမ်ဒေသနှင့် ကုန်သွယ်စီးပွားကဏ္ဍအဖြစ် လိုအပ်သည့်ကုန်ပစ္စည်းများကို စစ်တွေမြို့မှတစ်ဆင့် ပလက်ဝမြို့သို့ဖြတ်ပြီး ရေလမ်း၊ ကုန်းလမ်းမှတစ်ဆင့် သယ်ယူပို့ဆောင်ရန်ရည်ရွယ်ကြောင်း သိရသည်။ အဆိုပါစီမံကိန်းတွင် စစ်တွေဆိပ်ကမ်းအပါအဝင် ပလက်ဝကုန်းတွင်းဆိပ်ကမ်း၊ ကုလားတန်မြစ်ကူးတံတား၊ ပလက်ဝ-မီဇိုရမ်ကားလမ်းများလည်း ပါဝင်ပါသည်။
မိခင်မြစ်နှစ်စင်းနှင့် ဒေသခံတို့၏ မျှော်လင့်ချက်အလင်း
ကုလားတန်မြစ်ကြောင်းစီမံကိန်းသည် စစ်တွေပင်လယ်ဆိပ်ကမ်းမှတစ်ဆင့် ချင်းပြည်နယ် ပလက်ဝဒေသ ထိုမှတစ်ဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အထိ ကုန်စည်များကို အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ အလားတူ လေးမြို့မြစ်ဝှမ်းဒေသသည်လည်း ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးနှင့် မင်းပြား၊ ကျောက်တော်စသည့် မြို့နယ်များရှိ ပြည်သူတို့၏ စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း (Eco-tourism) တို့အတွက် အဓိကမှီခိုရာဖြစ်သည်။ ဤမြစ်ဝှမ်းဒေသများအမြန်ဆုံး အေးချမ်းတည်ငြိမ်လာခြင်းသည် ဒေသခံပြည်သူတို့အတွက် မိုးဦးကျကာလတွင် လန်းဆန်းစွာဖူးပွင့်လာမည့် “မိုးဆန်းပန်း”ကဲ့သို့ပင် လူမှုစီးပွားဘဝ ရှင်သန်ဖွံ့ဖြိုးမှုကို ချက်ချင်းဆောင်ကြဉ်းပေးမည်ဖြစ်သည်။
စီမံကိန်းဆိုင်ရာအစည်းအဝေးနှင့် ဒေသအတွက် လင်းရောင်ခြည်
၉-၇-၂၀၂၆ ရက်နေ့တွင် ကျင်းပခဲ့သည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က “အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်နိုင်သည့် ကုန်းလမ်းဆက်သွယ်မှုလမ်းကြောင်းနှင့် ရေကြောင်းဆက်သွယ်မှု လမ်းကြောင်းများသည် နယ်စပ်ဒေသကူးသန်းသွားလာမှုနှင့် ကုန်သွယ်မှုများကို များစွာအထောက်အကူပြုကြောင်း၊ မိမိတို့နိုင်ငံတော်အစိုးရ တာဝန်ယူဆောင်ရွက်ချိန်တွင် ယခင်ကတည်းကရှိခဲ့သည့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည့် လမ်းကြောင်းစီမံကိန်းများကို အဆင့်မြှင့်တင်နိုင်ရေး ဦးစားပေး ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုစီမံကိန်းများသည် မိမိတို့နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်သဖြင့် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ မြန်မာနိုင်ငံအတွက် အရေးကြီးသည့် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုလမ်းကြောင်းများ များစွာရှိပြီး မြန်မြန်ဆန်ဆန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်လိုကြောင်း” လမ်းညွှန်ခဲ့ပါသည်။
…ဒေသတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တစ်ပြိုင်တည်းဆွဲကိုင်ခြင်း
နိုင်ငံတော်အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်နေသကဲ့သို့ ဒေသခံပြည်သူတို့၏ စားရေရိက္ခာဖူလုံရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် အခြေခံအဆောက်အအုံများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ အထူးသဖြင့် ကုန်သွယ်ရေးစင်္ကြံလမ်းများပေါ်ရှိ ဆိပ်ကမ်းများနှင့် လမ်းပန်းဆက်သွယ်ရေးကွန်ရက်များ ကောင်းမွန်နေစေရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိခြင်းမှာ ဝမ်းမြောက်ဖွယ်ရာ အပြုသဘောဆောင်သည့် ခြေလှမ်းများဖြစ်ပါသည်။
ကုလားတန်မြစ်၊ လေးမြို့မြစ်နှင့် တင်စားခေါ်ဝေါ်အပ်သည့် လေးဝတီမြစ်ဝှမ်းတစ်လျှောက် နေထိုင်ကြသော ရခိုင်၊ ချင်းအပါအဝင် တိုင်းရင်းသားမျိုးနွယ်စုအားလုံးသည် ငြိမ်းချမ်းခြင်း၏ အသီးအပွင့်များကို ခံစားလိုကြပြီဖြစ်သည်။ ရေလမ်း၊ ကုန်းလမ်းဆက်သွယ်ရေးများ ပြန်လည်ပွင့်လင်းလာပြီး နယ်စပ်ကုန်သွယ်မှုများတိုးတက်လာပါက ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာပြီး အထွေထွေလူမှုစီးပွားဘဝ ချက်ချင်းမြင့်မားလာမည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်ပါသည်။
အေးချမ်းခြင်းမိုးဆန်းပန်း ဝေဆာစေချင်
အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်သမ္မတက “နယ်စပ်ဂိတ်များဖွင့်လှစ်၍ တရားဝင်ကုန်သွယ်မှုများဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာစီမံကိန်းလမ်းကြောင်းများအလိုက် လုံခြုံရေးပိုင်းအရ ဆောင်ရွက်ပြီးချိန်တွင် တည်ဆောက်ရေးလုပ်ငန်းများကို တစ်ပြိုင်တည်း ဝင်ရောက်ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း” မိန့်မှာခဲ့ရာ မိုးဦးကျကာလတွင် မြေကမ္ဘာတစ်ခွင် စိမ်းလန်းစိုပြည်လာသကဲ့သို့ ကုလားတန်မြစ်ကြီးနှင့် လေးဝတီမြစ်မင်းတို့ ဖြတ်သန်းစီးဆင်းရာ ရခိုင်နှင့် ချင်းမြေတစ်ခွင်သည်လည်း အမြန်ဆုံးအေးချမ်းတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်မှုအလင်းရောင်များ လွှမ်းခြုံလာစေရန် မျှော်လင့်မိပါသည်။
ဒေသခံပြည်သူများ၏ လိုလားချက်ဖြစ်သော ငြိမ်းချမ်းရေးနှင့် နိုင်ငံတော်၏မဟာဗျူဟာမြောက် စီမံကိန်းများအောင်မြင်စွာ ဟန်ချက်ညီညီလည်ပတ်နိုင်ခြင်းအားဖြင့် ကုလားတန်မြစ်၊ လေးမြို့မြစ်နှင့် လေးဝတီမြစ်ဝှမ်းဒေသကြီးသည် အမြန်ဆုံးအေးချမ်းသာယာပြီး “မိုးဆန်းပန်း”များကဲ့သို့ လှပဝေဆာ လန်းဆန်းနိုင်ပါစေကြောင်း ဆုတောင်းလျက် ဆန္ဒမွန်ဖြင့် ရေးသားတင်ပြလိုက်ရပါသည်။ ။
