နိုင်ငံကြီးသား နိုင်ငံကြီးသူ
သတင်းထောက်သာထူး
အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်က ကိုလ်ကတ္တားမြို့မှာ ဟူဂလီမြစ်ကိုဖြတ်ပြီး ဆောက်ထားတဲ့ ကမ္ဘာကျော်သံတံတားကြီးတစ်စင်းရှိတယ်။ “ဟောင်ရာ (Howrah)” လို့ခေါ်တဲ့ အဲဒီတံတားကြီးကို ဆရာမြသန်းတင့် ဘာသာပြန်ခဲ့တဲ့ “သုခမြို့တော်” ဖတ်ဖူးသူတိုင်း သိကြမှာပါ။ ပြောချင်တာက သုခမြို့တော်အကြောင်း မဟုတ်ပါဘူး။ အဲဒီဟောင်ရာတံတားကြီးအကြောင်း။ သံမဏိတန်ချိန်ပေါင်း ၂၆၅၀၀ ကျော်နဲ့ ဒုတိယကမ္ဘာစစ်ကြိုခေတ်မှာ ဆောက်ခဲ့ပြီး နေ့စဉ်လူငါးသိန်းကျော်လောက် ဖြတ်သွားနေကြတဲ့ အဲဒီတံတားကြီးဟာ မဆင်မခြင်ထွေးကြတဲ့ ကွမ်းတံတွေးတွေကြောင့် ပြိုကျသွားနိုင်တဲ့အန္တရာယ် ဖြစ်ခဲ့ဖူးပါတယ်။
အားလုံးသိကြတဲ့အတိုင်း အိန္ဒိယကလည်း ကွမ်းစား၊ ဆေးငုံ၊ တွေ့ကရာထွေးကြတဲ့နေရာမှာ မြန်မာတွေနဲ့ ညီအစ်ကိုတွေပါ။ ကွမ်းယာ (Pann) နဲ့ ဆေးရွက်ကြီးပါတဲ့ ဂွတ်ခါ (Gutkha) တွေစားပြီး နေ့စဉ်ဟောင်ရာတံတားပေါ် ဖြတ်သွားကြတဲ့ လူငါးသိန်းကျော်ထဲမှာ အများစုက သံမဏိတံတား ကြီးရဲ့ တိုင်တွေနဲ့ အောက်ခြေနေရာတွေကို ကွမ်းတံတွေးတွေ လှမ်းလှမ်းထွေးကြသတဲ့ဗျ။ ကွမ်းယာမှာပါတဲ့ ထုံးရယ်၊ ဆေးရွက်ကြီးရယ်၊ တံတွေးရယ် ပေါင်းစပ်သွားတဲ့အခါ အက်စစ်ဓာတ်တွေ အပြင်းအထန်ထွက်လာပြီး သံမဏိတွေကို သံချေးတက်တိုက်စားပစ်ပါလေရော။ အင်ဂျင်နီယာတွေ စစ်ဆေးချက်တွေမှာ တွေ့ရတာက ၂၀၀၇ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ သုံးနှစ်လောက်မှာတင် ခြောက်မီလီမီတာအထူရှိတဲ့ သံမဏိကာကွယ်ရေးအဖုံးတွေဟာ သုံးမီလီမီတာအထိ တစ်ဝက်လောက် ပါးသွားတယ်လို့ ဆိုပါတယ်။ ဒုတိယကမ္ဘာစစ်မှာ ဂျပန်တွေ ကြဲချခဲ့တဲ့ ဗုံးဒဏ်ကို ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ ဟောင်ရာတံတားကြီးခမျာ ကွမ်းသမားတွေနဲ့ကျမှ ဗုန်းဗုန်းလဲပြိုကျမယ့် အခြေဆိုက်ခဲ့တာကြောင့် အချိန်မီဝိုင်းဝန်းကာကွယ်ခဲ့ကြရပါတယ်။
“Save Howrah Bridge from Spit” (ဟောင်ရာတံတားကြီးကို ကွမ်းတံတွေးအန္တရာယ်မှ ကာကွယ်ကြ) ဆိုတဲ့ လူထုလှုပ်ရှားမှုကို လုပ်ခဲ့ကြရပြီး တံတားပေါ်မှာ ကွမ်းတံတွေးထွေးရင် မှတ်လောက်သားလောက်အောင် ဒဏ်ငွေရိုက်တာ၊ ရဲကင်းတွေ ချထားပြီး စောင့်ကြည့်တာတွေ လုပ်ခဲ့ကြရတယ်လို့ မှတ်သားခဲ့ရဖူးပါတယ်။ ဒါပေမဲ့လည်း အိန္ဒိယအစိုးရဟာ ရထားဌာနတွေနဲ့ အများပြည်သူဆိုင်ရာ နေရာတွေမှာ ကွမ်းသမားတွေ ပရမ်းပတာထွေးခဲ့တဲ့ တံတွေးတွေအတွက် နှစ်စဉ်သန့်ရှင်းရေးစရိတ် ရူပီးငွေကုဋေနဲ့ချီပြီး ကုန်ကျနေရတုန်းပဲလို့ သိရပါတယ်။
ရထားစီးခရီးသည်များ သန့်ရှင်းရေးနှင့် စည်းကမ်းကို အလေးထားလိုက်နာ
ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က မြန်မာ့အလင်းသတင်းစာ ကျောဖုံးစာမျက်နှာမှာ “ရထားစီးခရီးသည်များ သန့်ရှင်းရေးနှင့် စည်းကမ်းကို အလေးထားလိုက်နာပေးကြရန် မြန်မာ့မီးရထား အသိပေး” ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းလေးတစ်ပုဒ် ဖတ်လိုက်ရတယ်။ သတင်းထဲမှာ ပြည်သူများ သက်သောင့်သက်သာ၊ ဘေးကင်းလုံခြုံပြီး ဈေးနှုန်းသင့်တင့်စွာ သွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားက အဆင့်မြင့်ရထားတွဲဆိုင်းအသစ်များဖြင့် ခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိကြောင်း၊ သို့ရာတွင် စည်းကမ်းလိုက်နာခြင်းမရှိသည့် ခရီးသည်အချို့ကြောင့် အခြားခရီးသည်များ စိတ်အနှောင့်အယှက်နှင့် ကြုံတွေ့ရမှုများလည်းရှိကြောင်း ခရီးသည်များက မှတ်ချက်ပြုထားကြသည်။
ခရီးစဉ်တစ်လျှောက် သန့်ရှင်း၊ သပ်ရပ်ပြီး အခြားခရီးသည်များအတွက် အနှောင့်အယှက်မဖြစ်စေရန်နှင့် ရထားအတွင်း သန့်ရှင်းမှုကို ထိန်းသိမ်းရန် ကွမ်းတံတွေးထွေးခြင်းကို ရှောင်ကြဉ်ပေးပါရန်၊ ထိုင်ခုံပေါ်တွင် ခြေထောက်တင်ခြင်း မပြုပါရန်၊ အခြားခရီးသည်များ သန့်ရှင်းစွာ အသုံးပြုနိုင်ရန် ထိုင်ခုံများကို စနစ်တကျအသုံးပြုပေးပါရန်လည်း ပါရှိသည်။ အလားတူ ဆူညံသံဖြင့် အနှောင့်အယှက် မဖြစ်စေရန်၊ ဖုန်းပြောဆိုခြင်း၊ သီချင်းဖွင့်ခြင်းနှင့် စကားပြောဆိုခြင်းများကို အခြားသူများ မထိခိုက်စေရန် ထိန်းသိမ်းပေးပါရန်၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ပေးပါရန် မြန်မာ့မီးရထားက အသိပေးထားသည်လို့ သတင်းထဲမှာ ပါပါတယ်။
ဒီသတင်းကို ဖတ်လိုက်ရတဲ့အခါ ခရီးသွားတဲ့ အခါတိုင်း တွေ့ရတတ်တဲ့ နိမ့်ကျတဲ့စရိုက် (Poor Civic Habit) ရှိတဲ့လူတွေကို ချက်ချင်းပဲ မြင်ယောင်လိုက်မိပါတယ်။ ရထားတွေမှာသာမက အဝေးပြေး Express ဘတ်စ်ကားတွေမှာပါ မကြာခဏတွေ့ရတာပါ။ လေအေးစက်တပ်ထားပြီး ခရီးသည်အများနဲ့သွားရတဲ့ ကားထဲမှာ ကွမ်းတွေ မနားတမ်းစားပြီး ကြွပ်ကြွပ်အိတ်ထဲ ထွေးထည့်တာ၊ ဖုန်းနဲ့ သီချင်းတွေ၊ ဇာတ်လမ်းတွေ အကျယ်ကြီးဖွင့် နားထောင်တာ၊ ဖုန်းပြောတဲ့အခါမှာလည်း အကျယ်ကြီး အော်ပြောနေတာ၊ အမှိုက်တွေ ပစ်ချတာစတဲ့ အပြုအမူတွေကို မသိလိုက်ဘာသာ လုပ်ကြတဲ့လူတွေ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီကားကြီးတွေမှာလည်း မြန်မာ့မီးရထားကလိုပဲ ခရီးသည်တွေ သန့်ရှင်းရေးနဲ့ စည်းကမ်းကို လိုက်နာဖို့ အသိပေးတဲ့ စာလေးတွေ ကပ်ထားတာကို တွေ့ရပါတယ်။
နိုင်ငံနဲ့လူမျိုးရဲ့ ဂုဏ်သိက္ခာနဲ့ ပုံရိပ်ကိုပါ ကျဆင်းစေ
အများပြည်သူဆိုင်ရာ နေရာတွေ၊ ယာဉ်ရထားတွေမှာ လူတချို့ စည်းကမ်းမဲ့တာဟာ ပတ်ဝန်းကျင်မှာ ရှိနေသူတွေကိုပဲ အနှောင့်အယှက် ဖြစ်စေပေမယ့် တခြားနိုင်ငံတွေဆီ ရောက်သွားတဲ့အချိန်မှာ စည်းကမ်းမဲ့ကြတဲ့အခါ နိုင်ငံနဲ့လူမျိုးရဲ့ ဂုဏ်သိက္ခာနဲ့ ပုံရိပ်ကိုပါ ကျဆင်းစေပါတယ်။ စင်ကာပူ၊ မလေး ရှား၊ ထိုင်း၊ ဂျပန်အပါအဝင် မြန်မာတွေ အရောက်အပေါက်များတဲ့ နိုင်ငံတွေမှာ မြန်မာလူမျိုးတချို့ရဲ့ စည်းကမ်းမဲ့မှုနဲ့ ဆိုးဆိုးရွားရွား ပြုမူနေထိုင်မှုတွေကြောင့် တစ်ဦးချင်း အရေးယူခံရရုံတင်မကဘဲ တစ်မျိုးသားလုံးကိုပါ သိက္ခာကျဆင်းစေပြီး ပြည်ဝင်ခွင့်ဗီဇာနဲ့ အလုပ်အကိုင်ကန့်သတ်ချက်တွေအထိပါ ရိုက်ခတ်မှုတွေ ရှိလာပါတယ်။
စင်ကာပူမှာရှိတဲ့ Peninsula Plaza (မြန်မာဈေး) အနီးတစ်ဝိုက်၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာရှိတဲ့ ပူဒူ (Pudu) နဲ့ ကိုတာရာယာ (Kotaraya) အနီးတစ်ဝိုက်စတဲ့ မြန်မာတွေ စုဝေးလေ့ရှိတဲ့ နေရာတွေမှာ ကွမ်းတံတွေးတွေ ညစ်ညစ်ပတ်ပတ်ထွေးပြီး စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်တာ၊ စင်ကာပူက Little India နဲ့ ပန်းခြံတချို့တွေ၊ လမ်းဘေးနေရာတွေမှာ အုပ်စုဖွဲ့အရက်သောက်တာ၊ ဆောင်းဘောက်တွေ ကျယ်ကျယ်လောင်လောင်ဖွင့်တာ၊ သီချင်းတွေ အော်ဆိုကြတာ၊ ရန်ဖြစ်ကြတာ၊ ဂျပန်နိုင်ငံမှာဆိုရင်လည်း သူတို့လူမျိုးတွေ အမြတ်တနိုးထားတဲ့ ချယ်ရီပင်ပေါ်တက်တာ၊ နာရာပန်းခြံ (Nara park) မှာ ဥပဒေနဲ့ ကာကွယ်စောင့်ရှောက်ထားတဲ့ သမင်ကို ခွစီးဖို့ ကြိုးစားတာ၊ ယုတ်စွအဆုံး မြန်မာအမျိုးသမီးအချို့ တခြားနိုင်ငံသားတွေနဲ့ လွယ်လွယ်တွဲခုတ်ကြတာစသည်ဖြင့် စည်းမဲ့ကမ်းမဲ့ပြုမူနေထိုင်မှုတွေဟာ အဲဒီနိုင်ငံတွေမှာ ရောက်နေကြတဲ့ မြန်မာအသိုင်းအဝိုင်းအပေါ်မှာရော မိမိတို့ရဲ့ဇာတိ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးအားလုံးတို့ကို ထိခိုက်စေပါတယ်။
နိုင်ငံသားတာဝန်နဲ့ ကျင့်ဝတ်ချို့ယွင်းခဲ့လို့၊ အားနည်းခဲ့လို့ဖြစ်
DEMU ရထားတွေ၊ Express ကားတွေအပါအဝင် အများပြည်သူဆိုင်ရာ နေရာတွေမှာ စည်းမဲ့ကမ်းမဲ့၊ ကျင့်ဝတ်မဲ့စွာ ပြုမူကြတာ၊ မြို့လယ်ကောင် နောက်ဖေးလမ်းကြားနဲ့ ရေမြောင်းတွေထဲ အမှိုက်ပစ်ချတာ၊ နိုင်ငံရပ်ခြားရောက်တဲ့အထိပါ နိုင်ငံနဲ့ လူမျိုးသိက္ခာကျလောက်အောင် နေထိုင်ကြတာဟာ Civics လို့ခေါ်တဲ့ ပြည်သူ့နီတိ တစ်နည်းအားဖြင့် နိုင်ငံသားတာဝန်နဲ့ ကျင့်ဝတ်ချို့ယွင်းခဲ့လို့၊ အားနည်းခဲ့လို့ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ မြန်မာ့လူမှုပတ်ဝန်းကျင် တိုးတက်ကောင်းမွန်ဖို့ဆိုရင် ပထမဆုံးအချက်က နိုင်ငံသားတွေရဲ့ အသိစိတ်ဓာတ် (Civic Sense) ရှိဖို့လိုမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့အပြုအမူတစ်ခုဟာ အများပြည်သူအပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာကို ကြိုတင်စဉ်းစားဆင်ခြင်ပြီး ကိုယ်ချင်းစာစိတ်ဓာတ်ထားကြရမှာ ဖြစ်ပါတယ်။
အများနဲ့သက်ဆိုင်တဲ့ လမ်းတံတား၊ ပန်းခြံ၊ ရထား၊ ကား၊ ရေယာဉ်စတာတွေကို ကိုယ့်အပိုင်ပစ္စည်းကို တန်ဖိုးထားသလိုမျိုး တန်ဖိုးထားကြဖို့၊ အမှိုက်တွေကို စနစ်တကျစွန့်ပစ်ဖို့၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို လိုက်နာကြဖို့၊ အများတန်းစီ ရတဲ့နေရာတွေမှာ ကိုယ်လည်းတန်းစီဖို့၊ ပတ်ဝန်းကျင်ကို ငဲ့ညှာတဲ့အနေနဲ့ အများပြည်သူနေရာတွေမှာ ဆူဆူညံညံမနေကြဖို့၊ စည်းကမ်းမဲ့ တံတွေး၊ ကွမ်းတံတွေးမထွေးကြဖို့ နိုင်ငံသားအသိစိတ်ဓာတ်နဲ့ ကျင့်သုံးနေထိုင်ကြရမှာဖြစ်ပါတယ်။
နိုင်ငံသားစိတ်ဓာတ် ချွတ်ယွင်းကင်းမဲ့နေမယ်ဆိုရင်
ဒုတိယအချက်ကတော့ နိုင်ငံသားတာဝန်များ (Civic Duties) တွေကို ကျေပွန်ကြဖို့ လိုပါတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ တည်ဆဲဥပဒေတွေကို တိကျစွာလိုက်နာခြင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ မိမိတို့ပေးဆောင်ကြရမယ့် အခွန်ငွေတွေကို မှန်မှန်ကန်ကန် ပေးဆောင်ခြင်း၊ မဲဆန္ဒရှင်တစ်ယောက်အနေနဲ့ မဲပေးခြင်းတို့ဟာ ဥပဒေအရဖြစ်စေ၊ ကျင့်ဝတ်အရဖြစ်စေ နိုင်ငံသားတိုင်း ထမ်းဆောင်ကြရမယ့် တာဝန်တွေပဲဖြစ်ပါတယ်။ ဓနဥစ္စာချို့ငဲ့တဲ့ကြားက မိမိနိုင်ငံသားတွေ အဆင့်အတန်းရှိရှိ နေနိုင်ကြဖို့ အစိုးရအနေနဲ့ ဘယ်လောက်ပဲခေတ်မီကောင်းမွန်တဲ့ ရထားတွေ၊ ကားတွေ၊ လမ်းတံတား အဆောက်အအုံတွေ ဘယ်လိုပဲဖြည့်ဆည်းပေးသည်ဖြစ်ပါစေ နိုင်ငံသူ နိုင်ငံသားတွေမှာ နိုင်ငံသားစိတ်ဓာတ် (Civic Sense) ချွတ်ယွင်းကင်းမဲ့နေမယ်ဆိုရင် အဲဒါတွေအားလုံး ရေရှည်တည်တံ့နိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် နိုင်ငံသားတွေကို နိုင်ငံသားဆိုင်ရာ ပညာပေးမှုတွေ ငယ်စဉ်ကတည်းက နိုင်ငံအတွက် အမှန်တကယ်လိုအပ်တဲ့ ဘာသာရပ်တစ်ခုအဖြစ်နဲ့ အလေးအနက်ထားပြီး သင်ကြားလေ့ကျင့်ပေးဖို့လိုမှာဖြစ်ပါတယ်။ ဒီနေရာမှာ စံနမူနာတစ်ခုအဖြစ် စင်ကာပူနိုင်ငံကိုပဲ လက်ညှိုးထိုးပြပါရစေ။ စင်ကာပူနိုင်ငံဟာ ဟိုလွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ကျော် (၁၉၆၀ ပြည့်လွန်နှစ်များ) ကာလတုန်းက မြန်မာနိုင်ငံလိုပဲ ကွမ်းတံတွေးထွေးသူ၊ စည်းကမ်းမဲ့ အမှိုက်ပစ်သူတွေနဲ့ ညစ်ပတ်ပေရေနေတဲ့ နိုင်ငံတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုက အကျင့်စာရိတ္တကို ဥပဒေနဲ့ ပြုပြင်လို့ရတယ်ဆိုတဲ့ ခံယူချက်နဲ့ နိုင်ငံကို စည်းကမ်းတကျဖြစ်အောင် တည်ဆောက်ခဲ့ပါတယ်။
လူတွေစည်းကမ်းလိုက်နာအောင်လုပ်တဲ့ ပထမဆုံးနည်းလမ်းကတော့ ထိရောက်တဲ့ ဒဏ်ကြေးပေးဆောင်စေတာ ဖြစ်ပါတယ်။
ပထမအကြိမ် စည်းကမ်းမဲ့အမှိုက်ပစ်ရင် ဒါမှမဟုတ် အများပြည်သူ့ရှေ့ တံတွေးထွေးရင် စင်ကာပူ ဒေါ်လာ ၁၀၀၀ အထိ ဒဏ်ရိုက်ပြီး ထပ်ကျူးလွန်ရင် ဒေါ်လာ ၂ဝဝဝ နဲ့အထက် တိုးမြှင့်ဒဏ်ရိုက်ပါတယ်။ ပီကေတွေဝါးပြီး တွေ့ကရာ စွန့်ပစ်တာ၊ အများပြည်သူ ထိုင်တဲ့နေရာတွေမှာ ကပ်ခဲ့တာတွေကြောင့် ၁၉၉၂ ခုနှစ်မှာ ပီကေတင်သွင်းရောင်းချတာတွေကို ဥပဒေနဲ့ လုံးဝပိတ်ပင်ခဲ့ပါတယ်။ အများပြည်သူနေရာတွေမှာ ကွမ်းစားတာကိုလည်း တားမြစ်ထားပါတယ်။ အများသုံးအိမ်သာတွေမှာ သုံးပြီး ရေမဆွဲခဲ့ရင် ဒဏ်ငွေ ဒေါ်လာ ၁၅၀ ကနေ ၅၀၀ အထိ ရိုက်ပါတယ်။ စင်ကာပူရဲ့ဒဏ်ငွေက ကမ္ဘာကျော်ခဲ့ပြီး “Fine City” လို့တောင် ကမ္ဘာက ကျီစယ်ခဲ့ကြတဲ့အထိပါပဲ။ Fine City ဆိုတာ ကြီးကျယ်ခမ်းနားတဲ့ မြို့တော်၊ ပြီးတော့ ဒဏ်ကြေးမြို့တော်လို့ အဓိပ္ပာယ်နှစ်ခွထွက်တာပါ။
ပိုက်ဆံချမ်းသာလို့ ဒီဒဏ်ငွေလောက်တော့ မမှုပါဘူးဆိုပြီး ဂရုမစိုက်တဲ့လူတွေကို အပိုးကျိုးအောင်လို့ Corrective Work Order-CWO ဆိုတဲ့ လူမှုရေး ပြစ်ဒဏ်ကိုလည်း ပြဋ္ဌာန်းထားပါတယ်။ ဒဏ်ရိုက်တဲ့ကြားက အမှိုက်ခဏခဏပစ်တဲ့သူတွေကို သန့်ရှင်းရေးအလုပ်သမားတွေဝတ်တဲ့ အဝါရောင်တောက်တောက်ဝတ်စုံကြီး ဝတ်ဆင်စေပြီး အများပြည်သူဆိုင်ရာ မြင်ကွင်းတွေ၊ နေရာတွေမှာ အမှိုက်ကောက်ရှင်းလင်းစေပါတယ်။ ဘယ်လောက်ပဲ ပိုက်ဆံရှိရှိ၊ ရာထူးကြီးကြီး လူရှေ့သူရှေ့ ရှက်စရာဖြစ်တဲ့အတွက် စည်းကမ်းဆိုတာကို စင်ကာပူသားတွေ ကြောက်ရွံ့ရိုသေလာကြပါတယ်။
တစ်ဖက်မှာလည်း လူတွေရဲ့အသိစိတ် (Mindset) တွေကို ပြောင်းလဲစေဖို့ အစိုးရက နှစ်ရှည်စီမံကိန်းတွေ လုပ်ခဲ့ပါတယ်။ Keep Singapore Clean စင်ကာပူကို သန့်ရှင်းအောင်ထားပါဆိုတဲ့ လှုပ်ရှားမှုကို ၁၉၆၈ ခုနှစ်ကတည်းက ဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ပြီး စတင်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းတွေမှာလည်း ကလေးတွေကို ကိုယ့်ဘာသာ အမှိုက်သိမ်းတဲ့အလေ့၊ တန်းစီတဲ့အလေ့၊ အများနဲ့ဆိုင်တဲ့ပစ္စည်းတွေ တန်ဖိုးထားတဲ့အလေ့တွေကို မဖြစ်မနေ ဘာသာရပ်တစ်ခုအနေနဲ့ ငယ်စဉ်ကတည်းက လက်တွေ့လေ့ကျင့်ပေးခဲ့တာဖြစ်ပါတယ်။
စင်ကာပူရဲ့ အောင်မြင်မှုဟာ ဥပဒေရှိရုံသက်သက်သာမဟုတ်ဘဲ ဥပဒေကို မျက်နှာမလိုက်ဘဲ တိတိကျကျ အရေးယူကျင့်သုံးတာ (Strict Enforcement) ကြောင့်သာဖြစ်ပါတယ်။ ဥပဒေရှိနေပါလျက်နဲ့ ကျင့်သုံးမှုမရှိ၊ အရေးယူမှုမရှိ၊ မျက်နှာကြီးငယ်လိုက်မယ်၊ အဂတိလိုက်စားမယ်ဆိုရင် အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ မည်သူမဆို စည်းကမ်းဖောက်ဖျက်မယ်ဆိုရင် အရေးယူခံရမယ် ဆိုတဲ့အသိစိတ်က လူတိုင်းရဲ့ စိတ်ထဲမှာ စွဲမြဲနေတဲ့အပြင် ငယ်ကတည်းက အသားကျလာတဲ့ အလေ့ အကျင့်တွေက နိုင်ငံငယ်ငယ်နဲ့ နိုင်ငံကြီးသားတွေ ဖြစ်လာစေပါတယ်။
ဒီဆောင်းပါးကို အဆုံးမသတ်ခင် မှတ်မှတ်ရရ ဂုဏ်ပြုပြောကြားလိုတာက မြန်မာနိုင်ငံကို စည်းကမ်းတကျနဲ့ သန့်ရှင်းသာယာလှပစေလိုတဲ့ နိုင်ငံကြီးသားပီသသူ လူငယ်မျိုးဆက်သစ်တွေ အများကြီးရှိနေပြီး သူတို့ဟာ လက်တွေ့ကျကျလည်း လုပ်ပြနေကြတယ်ဆိုတာ ဖြစ်ပါတယ်။ မကြာသေးမီကပဲ ရန်ကုန်မြို့ နောက်ဖေးလမ်းကြားတချို့မှာ တောင်လိုပုံပြီး ညစ်ပတ်နံစော်နေတဲ့ အမှိုက်တွေကို လူငယ်တွေကြား လူသိထင်ရှားတဲ့ လူငယ်အဆိုတော်တစ်ယောက်က ဦးဆောင်ပြီး ရှင်းလင်းခဲ့ကြတာ တွေ့လိုက်ရပါတယ်။
ယခင့် ယခင်ကလည်း ပိတ်ဆို့နေတဲ့ ရေနုတ်မြောင်းတွေ ရှင်းကြ၊ အမှိုက်တွေ ရှင်းကြနဲ့ လူငယ်အဆက်ဆက် လုပ်ခဲ့ကြပါတယ်။ ဒီလိုပါပဲ ပြည်ပရောက်နေတဲ့ မြန်မာတွေအချင်းချင်းလည်း ဝိုင်းဝန်းထိန်းကျောင်းကြ၊ ဆိုရှယ်မီဒီယာတွေကတစ်ဆင့် မမှားအောင် သတိပေးကြ၊ ပညာပေးကြ၊ အလုပ်နားရက်တွေမှာ စေတနာ့ဝန်ထမ်း မြန်မာလူငယ်တွေက မြန်မာတွေ အများဆုံးစုဝေးတဲ့ နေရာတွေမှာ အမှိုက်တွေ ကောက်ယူရှင်းလင်းပေးပြီး မြန်မာတိုင်း စည်းကမ်းမပျက်ပါဆိုတဲ့ ပုံရိပ်ကောင်းကို ပြန်တည်ဆောက်ကြတာတွေကိုလည်း တွေ့ရပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ ပြည့်စုံကြွယ်ဝတဲ့နိုင်ငံ မဟုတ်သေးတဲ့အတွက် DEMU လို ခေတ်မီရထားတွေ၊ ခေတ်မီသင်္ဘောတွေအပါအဝင် ပြည်သူတွေအတွက် လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ အချိန်အကြာကြီး ကြိုးစားရတာဖြစ်ပါတယ်။ ဟိုတစ်ချိန်ကဆိုရင် ရထားဝန်ကြီးတစ်ယောက် မိတ်ဆွေနိုင်ငံ ကြီးတစ်ခုဆီသွားရင်း အဲဒီနိုင်ငံမှာရပ်ထားတဲ့ ရထားတွဲတွေ အများကြီးကိုတွေ့လို့ မေးကြည့်တော့ မသုံးတော့တဲ့ တွဲတွေလို့ သိလိုက်ရသတဲ့။ တွဲတွေရဲ့အခြေအနေက မြန်မာနိုင်ငံမှာ လက်ရှိပြေးဆွဲနေတဲ့ ရထားတွဲတွေထက်တောင် အခြေအနေကောင်းနေတာနဲ့ ကျွန်တော်တို့ကို ပေးနိုင်မလားလို့ တောင်းကြည့်သတဲ့။ တစ်ဖက်ကလည်း မိတ်ဆွေနိုင်ငံကြီးဆိုတော့ ကိုယ့်ဘာသာကိုယ် သယ်နိုင်ရင် ယူဆိုတာနဲ့ သယ်လိုက်တာ တွဲ ၂၀၀ လောက်ရလိုက်ပြီး ရထားတွဲဆိုင်းတွေ ပိုထွက်လာတယ်။ နိုင်ငံအချင်းချင်း ဆက်ဆံရေးမှာ တန်ရာတန်ကြေး ပိုက်ဆံပေးပြီး ဝယ်ရတာမျိုးမဟုတ်ဘဲ မပြည့်စုံတဲ့ ကိုယ့်နိုင်ငံအတွက် တောင်းခဲ့ရတဲ့ အဲဒီဝန်ကြီးရဲ့ ရင်ထဲကို ဝင်ကြည့်ပြီး ကျွန်တော်တော့ ခံစားကြည့်ခဲ့မိဖူးပါတယ်။
ကျွန်တော်တို့ စည်းကမ်းရှိကြမယ် အလုပ်တကယ်လုပ်ကြမယ်ဆိုရင် DEMU သာမက တစ်နာရီကို ကီလိုမီတာ ၃၀၀ ကျော် ၄၀၀ နီးပါး မောင်းနိုင်တဲ့ မြန်နှုန်းမြင့် ရထားမျိုးလည်း ရောက်လာမှာပါ။ နိဂုံးချုပ်အနေနဲ့ တစ်မျိုးသားလုံး၊ တစ်မျိုးသမီးလုံး နိုင်ငံကြီးသား နိုင်ငံကြီးသူ ပီသကြဖို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။ ။
