Skip to main content

စက်မှုလယ်ယာ အထောက်ကူများ ဝါတောင်သူတို့ အထွက်တိုးပွား

မောင်မန်းညို (မဟာဝိဇ္ဇာ)

ရှေးမြန်မာမင်းများလက်ထက် မိရိုးဖလာစိုက်ပျိုးထုတ်လုပ်မှုမှသည် ယနေ့ခေတ်ပြိုင်ကာလအထိ ဝါသည် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးရုံသာမက နိုင်ငံတော်၏ စက်မှုကုန်ထုတ်လုပ်ငန်းများအတွက် အခြေခံအကျဆုံး အရေးပါသော လယ်ယာထွက်ကုန်တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။

ယနေ့အချိန်အခါတွင် နိုင်ငံတော်အကြီးအကဲ၏ အမြော်အမြင်ကြီးမားသော မူဝါဒလမ်းညွှန်ချက်များနှင့်အညီ မြန်မာ့ဝါစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို အရှိန်အဟုန်မြှင့်တင်ရန်နှင့် နိုင်ငံတကာစံချိန်စံညွှန်းမီ အရည်အသွေးမြင့်မားသော ချည်မျှင်ရှည်ဝါများ ပိုမိုထွက်ရှိစေရန် နိုင်ငံတော်နှင့် ဝါစိုက်တောင်သူတို့ ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်လျက်ရှိရာ ယင်းဆောင်ရွက်ချက်များသည် မျှော်မှန်းထားသည့် အောင်မြင်မှုပန်းတိုင်သို့ မလွဲမသွေရောက်ရှိတော့မည်ဖြစ်ကြောင်း သိသာထင်ရှားလျက်ရှိပါသည်။

ယခုနှစ်များအတွင်း အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်လျက်ရှိသည့် မူဝါဒနှစ်ခုဖြစ်သော “စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းခြင်း” နှင့် “အရည်အသွေးမြင့်မားသော မျိုးကောင်းမျိုးသန့် (F1) တင်းကျပ်စွာ အသုံးပြုခြင်း” တို့သည် မိရိုးဖလာစိုက်ပျိုးရေးမှ ခေတ်မီစက်မှုလယ်ယာစနစ်သို့ ကူးပြောင်းပေးနိုင်သည့် တော်လှန်ရေးတစ်ရပ်ပင်ဖြစ်သည်။ ဤဆောင်းပါးဖြင့် နိုင်ငံတော်နှင့် တောင်သူတို့ ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ထူးခြားသောအောင်မြင်မှု အခြေအနေများကို ကဏ္ဍအလိုက် အပြုသဘောဆောင်၍ စနစ်တကျ သုံးသပ်တင်ပြလိုပါသည်။

၁။ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းခြင်း- ထွန်ယက်ခြင်းမှ သိမ်းဆည်းခြင်းအထိ

လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ရှေးရိုးစွဲလုပ်ကိုင်မှုများကြောင့် ကြုံတွေ့ရလေ့ရှိသော အဓိကအတားအဆီးတစ်ခုမှာ ရာသီဥတုပြောင်းလဲမှုနှင့်အတူ သီးနှံများအချိန်မီ မစိုက်ပျိုးနိုင်ခြင်း၊ မရိတ်သိမ်းနိုင်ခြင်းနှင့် လုပ်သားရှားပါးခြင်းတို့ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းခွင်၌ လုပ်သားရှားပါးမှုနှင့် လုပ်ခလစာတိုးမြင့်လာမှုသည် တောင်သူများအတွက် ကုန်ထုတ်လုပ်မှုစရိတ်ကို ကြီးမားစွာ ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့သည်။ ယင်းကိုကျော်လွှားရန် စက်မှုလယ်ယာဦးစီးဌာနသည် ဝါစိုက်တောင်သူများအတွက် မြေပြုပြင်ခြင်း၊ မျိုးစေ့ချခြင်းမှအစ ဝါဆွတ်ခူးခြင်းအထိ လိုအပ်သော ခေတ်မီစက်ယန္တရားများကို စနစ်တကျ ပံ့ပိုးကူညီပေးလျက်ရှိသည်။

စက်မှုလယ်ယာကို ကူးပြောင်းခြင်းကြောင့် တောင်သူများအနေဖြင့် အောက်ပါထူးခြားသည့် ရလဒ်ကောင်းများကို ခံစားရရှိလာကြသည်ကို တွေ့ရပါသည် -

• အချိန်ကိုက်စိုက်ပျိုးနိုင်ခြင်း။ ထွန်ယက်ခြင်းနှင့် မျိုးစေ့ချခြင်းလုပ်ငန်းများကို ထွန်စက်ကြီးများနှင့် ခေတ်မီမျိုးစေ့ချစက်များဖြင့် ဆောင်ရွက်ခြင်းကြောင့် မြေဆီလွှာအစိုဓာတ်မခန်းခြောက်မီ အချိန်တိုအတွင်း စိုက်ပျိုးနိုင်ခဲ့သည်။

• ကုန်ကျစရိတ် သိသိသာသာလျော့ကျခြင်း။ လူအင်အားအမြောက်အမြားသုံး၍ ရက်ရှည်လုပ်ကိုင်ရသည့် လုပ်ငန်းစဉ်များကို စက်ကိရိယာဖြင့် နာရီပိုင်းအတွင်း ပြီးစီးစေနိုင်သဖြင့် လုပ်သားခကုန်ကျစရိတ်ကို ၅၀ ရာခိုင်နှုန်းထက်မနည်း လျှော့ချနိုင်ခဲ့သည်။

• ရိတ်သိမ်းဆွတ်ခူးမှု သန့်စင်ခြင်း။ စက်ဖြင့် စနစ်တကျ ရိတ်သိမ်းဆွတ်ခူးခြင်းကြောင့် ဝါသီးနှံထဲသို့ မြေကြီး၊ သစ်ရွက်ခြောက်နှင့် အခြားအမှိုက်သရိုက်များ ရောနှောဝင်ရောက်မှုနည်းပါးသွားပြီး စက်ရုံများက အဆင့်မြင့်ဝါအဖြစ် ဈေးကောင်းပေးဝယ်ယူရန် လွယ်ကူစေသည်။

၂။ မျိုးကောင်းမျိုးသန့် တင်းကျပ်စွာ စစ်ဆေးခြင်း- ဝါအထွက်နှုန်းမြင့်မားရေးသော့ချက်

ဝါစိုက်ပျိုးရေးတွင် အရေးအကြီးဆုံးသော ကုန်ထုတ်စွမ်းအားမှာ “မျိုးစေ့” ဖြစ်သည်။ ယခင်က တောင်သူအချို့သည် စရိတ်သက်သာလိုသဖြင့် သို့မဟုတ် အသိပညာအားနည်းမှုကြောင့် ယခင်နှစ်က ထွက်ရှိသော ဝါစေ့များကို ပြန်လည်၍ (ဒုတိယမျိုးဆက် - F2) အဖြစ် စိုက်ပျိုးခဲ့ကြသည်။ ဤသို့ F2 မျိုးစေ့များကို ပြန်လည်စိုက်ပျိုးခြင်းကြောင့် မျိုးဗီဇပြောင်းလဲကာ ရောဂါမခံနိုင်ခြင်း၊ အပင်ပေါက်နှုန်းမညီမျှခြင်းနှင့် အမျှင်တိုခြင်းစသည့် ဆိုးကျိုးများကို ကြုံတွေ့ရပြီး တောင်သူများ အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။

“မျိုးကောင်းမှ အပင်သန်၊ အပင်သန်မှ အထွက်တိုးမည်” ဟူသော ဆိုရိုးစကားအတိုင်း အရည်အသွေးမြင့်မားပြီး သက်တမ်းအလိုက် မျိုးဗီဇခိုင်မာသော ပထမမျိုးဆက် (F1) မျိုးကောင်း မျိုးသန့်များကိုသာ စနစ်တကျသုံးစွဲစေရေးသည် နိုင်ငံတော်၏ အထူးဦးစားပေးလုပ်ငန်းစဉ်ဖြစ်လာသည်။

ယခုအခါ စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအား F2 မျိုးစေ့များ စိုက်ပျိုးခြင်းမှတားမြစ်ကာ စံချိန်စံညွှန်းမီ မျိုးကောင်းမျိုးသန့်များကို ဖြန့်ဖြူးပေးလျက်ရှိသည်။ စိုက်ပျိုးရေးဥပဒေ (၂၀၁၅) နှင့်အညီ အမျိုးအမည်မသိ သို့မဟုတ် စံမမီသောမျိုးစေ့များ ဈေးကွက်အတွင်း လှည့်လည်ရောင်းချခြင်းမရှိစေရန် တင်းကျပ်စွာစစ်ဆေးခြင်းသည် တောင်သူများကို လိမ်လည်ခံရမှုမှ အကာအကွယ်ပေးရုံသာမက နိုင်ငံတော်၏ ဝါကုန်ထုတ်လုပ်မှုအရည်အသွေးကိုပါ တည်ငြိမ်စေသည်။

၃။ နိုင်ငံတော်နှင့် ဝါစိုက်တောင်သူတို့ ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်မှုအင်အား

စိုက်ပျိုးရေးကဏ္ဍ၏ အောင်မြင်မှုဟူသည် တစ်ဦးတစ်ယောက်တည်း သို့မဟုတ် ဌာနတစ်ခုတည်းဖြင့် ဆောင်ရွက်၍မရနိုင်ပါ။ အစိုးရ၏ ဦးဆောင်မှု၊ မူဝါဒလမ်းညွှန်မှုနှင့် နည်းပညာပံ့ပိုးမှုတို့အပေါ်တွင် တောင်သူလယ်သမားထု၏ တက်ကြွစွာ ပူးပေါင်းပါဝင်မှုတို့ ပေါင်းစပ်မှသာ အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။

နိုင်ငံတော်အစိုးရက ဝါစိုက်ပျိုးမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သွင်းအားစုများဖြစ်သော ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် စိုက်ပျိုးရေရရှိရေးတို့ကို ဦးစားပေး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ အထူးသဖြင့် မိုးနည်းရေရှားရပ်ဝန်းဒေသများဖြစ်သည့် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများတွင် မြစ်ရေတင်စီမံကိန်းများနှင့် ဆိုလာရေတင်စနစ်များကို အကောင်အထည်ဖော်ပေးခြင်းဖြင့် “မိုးကြိုဝါ” စိုက်ပျိုးသူများအတွက် ရေသွင်းစိုက်ပျိုးမှုကို အဆင်ပြေချောမွေ့စေခဲ့သည်။

အပြန်အလှန်အားဖြင့် တောင်သူများကလည်း နိုင်ငံတော်၏ လမ်းညွှန်ချက်အတိုင်း ရာသီဥတုနှင့် ကိုက်ညီသော စိုက်ပျိုးနည်းစနစ်သစ်များ၊ စက်မှုလယ်ယာဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာ အသုံးပြုလာကြသည်။ ဤသို့ ဟန်ချက်ညီညီပေါင်းစပ်ဆောင်ရွက်ခြင်းသည် လယ်ယာကဏ္ဍကို စီးပွားရေးအရ တွက်ခြေကိုက်ပြီး ရေရှည်တည်တံ့သော တန်ဖိုးကွင်းဆက် (Value Chain) တစ်ခု ဖြစ်လာစေရန် တွန်းအားပေးလျက်ရှိသည်။

၄။ ဒေသတွင်းစက်မှုလုပ်ငန်းများနှင့် ချိတ်ဆက်မှု

ဝါစိုက်ပျိုးရေးကဏ္ဍသည် စိုက်ပျိုးရုံသာမက ထွက်ရှိလာသောဝါများကို ပြည်တွင်းရှိ ချည်မျှင်နှင့် အထည်အလိပ်စက်ရုံများသို့ ကုန်ကြမ်းအဖြစ် အချိန်မီစီးဆင်းစေရန် အရေးကြီးသည်။ စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများနှင့် ဝါကြိတ်စက်ရုံများ၊ ချည်မျှင်စက်ရုံများအကြား တိုက်ရိုက်ချိတ်ဆက်နိုင်သော ပွဲစားကင်းစင်သည့်စနစ်တစ်ခုကို အားပေးလျက်ရှိသည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် တောင်သူများသည် မိမိတို့ထုတ်လုပ်သော ဝါအတွက် ထိုက်တန်သောဈေးနှုန်းကို တိုက်ရိုက်ရရှိပြီး စက်ရုံများဘက်ကလည်း အရည်အသွေးအာမခံချက်ရှိသော ကုန်ကြမ်းများကို ကြားပွဲစားစရိတ်သက်သာစွာဖြင့် ပုံမှန်ရရှိနိုင်မည်ဖြစ်သည်။

ထို့ပြင် ဝါစေ့မှ စားသုံးဆီထုတ်လုပ်ခြင်းနှင့် တိရစ္ဆာန်အစာ ဝါစေ့ဖတ်များ ထုတ်လုပ်ခြင်းစသည့် ဘေးထွက်ပစ္စည်း စီးပွားရေးလုပ်ငန်းများသည်လည်း ဒေသတွင်း၌ အလုပ်အကိုင်အခွင့်အလမ်းသစ်များကို ဖန်တီးပေးလျက်ရှိသည်။ ဤသည်မှာ လယ်ယာကဏ္ဍမှသည် စက်မှုကဏ္ဍသို့ ကူးပြောင်းရာတွင် အရေးပါသော ကွင်းဆက်တစ်ခုပင်ဖြစ်သည်။

၅။ အနာဂတ်မျှော်မှန်းချက်နှင့် သုံးသပ်ချက်

နိုင်ငံတော်အကြီးအကဲ၏ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ စက်မှုလယ်ယာဝန်ဆောင်မှုများနှင့် မျိုးကောင်းမျိုးသန့်စနစ် တင်းကျပ်မှုများကို ဆက်လက်အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဆိုပါက မြန်မာနိုင်ငံသည် ပြည်ပမှချည်မျှင်နှင့် အထည်အလိပ်တင်သွင်းနေရမှုကို လျှော့ချနိုင်ရုံသာမက ပြည်ပသို့ အရည်အသွေးမြင့် ချည်မျှင်ရှည်ဝါများ ပြန်လည်တင်ပို့နိုင်သည်အထိ အောင်မြင်မှုရရှိမည်မှာ ဧကန်မလွဲဖြစ်ပါသည်။

ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးနည်းပညာများနှင့် ခေတ်မီစက်ကိရိယာများသည် တောင်သူတို့၏ ပင်ပန်းဆင်းရဲမှုကိုလျှော့ချပေးပြီး ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်သော လက်နက်ကောင်းများဖြစ်ကြသည်။ နိုင်ငံတော်က ပံ့ပိုးပေးသော စက်မှုလယ်ယာဝန်ဆောင်မှုများကို တောင်သူများက ပိုမိုတွင်ကျယ်စွာအသုံးချပြီး အရည်အသွေးမီ မျိုးစေ့များကိုသာ ရွေးချယ်စိုက်ပျိုးခြင်းဖြင့် “စက်မှုလယ်ယာအထောက်ကူများ ဝါတောင်သူတို့ အထွက်တိုးပွား” စေကာ မြန်မာ့လယ်ယာကဏ္ဍသည် ကမ္ဘာ့အဆင့်မီ ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုရသော် နိုင်ငံတော်အစိုးရ၏ အမြော်အမြင်ရှိသော မူဝါဒများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ အစွမ်းကုန်ပံ့ပိုးကူညီမှုများနှင့် တောင်သူလယ်သမားတို့၏ စိတ်အားထက်သန်စွာ ဟန်ချက်ညီ လက်တွဲဆောင်ရွက်မှုသည် မြန်မာ့ဝါစိုက်ပျိုးရေးကဏ္ဍကို စီးပွားရေးအရ အောင်မြင်မှုပန်းတိုင်ဆီသို့ မလွဲမသွေ ပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် သုံးသပ်တင်ပြအပ်ပါသည်။ ။