Skip to main content

မိုးရာသီကာလအတွင်း ရော်ဘာစိုက်ခင်းပြုစုထိန်းသိမ်းခြင်းနှင့် မိုးကာအုပ်အစေးခြစ်ခြင်း

တေဇာဝင်း (နှစ်ရှည်ပင်သုတေသန)

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်များ ပို့ကုန်ကဏ္ဍတွင် ရော်ဘာသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် တင်ပို့ရောင်းချခြင်းလုပ်ငန်းသည် အဓိကကျသော ပို့ကုန်ကဏ္ဍတစ်ခုဖြစ်သည်။ ထိုသို့ မြန်မာနိုင်ငံ၏ စီးပွားရေးအတွက် အရေးပါသော ရော်ဘာသီးနှံသည် နှစ်ရှည်ပင် အမျိုးအစားဖြစ်ပြီး ရာသီဥတုအခြေအနေအပေါ်မူတည်၍ စနစ်တကျပြစုစောင့်ရှောက်ရန် လိုအပ်သည်။

အထူးသဖြင့် မိုးသည်းထန်စွာ ရွာသွန်းလေ့ရှိသော ဇူလိုင်လသည် ရော်ဘာပင်များအတွက် ရောဂါကျ‌ရောက်မှုအများဆုံးနှင့် ထိန်းသိမ်းရအခက်ဆုံးအချိန်ဖြစ်သည်။ ရော်ဘာစိုက်တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးထားသော စိုက်ခင်းများတွင် ရော်ဘာပင်များ ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရန်နှင့် အပင်သေဆုံးမှုရှိပါကလည်း အချိန်မီအစားထိုးစိုက်ပျိုးနိုင်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များကို သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်သည်။

စိုက်ခင်းအသစ် စိုက်ပျိုးခြင်းနှင့် ဖာထေးခြင်း

မြန်မာနိုင်ငံ၏ ရာသီဥတုအခြေအနေအရ ရော်ဘာစိုက်ပျိုးရန် အကောင်းဆုံးအချိန်သည် မိုးဦးကာလဖြစ်ပြီး ဇူလိုင်လကုန် နောက်ဆုံးထား၍ စိုက်ပျိုးခြင်းနှင့် အပင်ဖာထေးခြင်းလုပ်ငန်းများ အပြီးသတ်ဆောင်ရွက်သင့်သည်။ ဇူလိုင်လထက် နောက်ကျပြီး စိုက်ပျိုးပါက အပင်အသေအပျောက်များနိုင်သဖြင့် ကျန်းမာသန်စွမ်းသည့် (နှစ်ဖုံရင့်) ဖူးဆက် ရော်ဘာပျိုးပင်များအား အမြန်ဆုံး မြေချစိုက်ပျိုးရပါမည်။

ထို့အပြင် မြေချစိုက်ပျိုးပြီးချိန်မှ တစ်လအတွင်း အပင်အသေအပျောက်များ ရှိ မရှိကို သေချာစွာ စစ်ဆေး၍ အပင်သေပျောက်မှုရှိပါက အမြန်ဆုံးဖာထေးစိုက်ပျိုးခြင်းကို ဇူလိုင်လအတွင်း အပြီးသတ်ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ပိုးမွှားတိရစ္ဆာန်များဖြစ်သည့် ကြွက်၊ ပွေးတို့၏ အန္တရာယ်ကိုလည်း ကာကွယ်နှိမ်နင်းခြင်းများ ဆောင်ရွက်ထားရန် လိုအပ်သည်။ ယင်းအပြင် အပင်ခြေရေမဝပ်အောင် ဆောင်ရွက်ခြင်း၊ နွယ်ပင်များ ရစ်ပတ်နေပါက ဖြတ်တောက်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများကိုလည်း အပြီးသတ်ဆောင်ရွက်ရန် လိုအပ်သည်။

ပေါင်းမြက်ရှင်းလင်းခြင်းနှင့် မြေဆီလွှာထိန်းသိမ်းခြင်း

ဇူလိုင်လတွင် ပေါင်းမြက်များ အလွန်အကျွံ ပေါက်ရောက်လေ့ရှိသည့်အတွက် ပေါင်းမြက်များသည် ရော်ဘာပင်၏ အာဟာရဓာတ်များကို ခွဲဝေယူသောကြောင့် အပင်ကြီးထွားမှုကို ထိခိုက်စေပြီး ရောဂါပိုးမွှားများ (ပွေး/ ကြွက်) ခိုအောင်းရာနေရာ ဖြစ်စေနိုင်သည်။ အပင်ခြေတစ်ဝိုက်ရှိ ပေါင်းမြက်များကို ရှင်းလင်းပေးခြင်းဖြင့် စိုက်ခင်းအတွင်း လေဝင်လေထွက်ကောင်းမွန်စေပြီး စိုထိုင်းဆကို လျော့နည်းစေကာ မှိုရောဂါဖြစ်ပွားမှုကို လျော့ကျစေနိုင်သည်။

ယခုနှစ်စိုက်ပျိုးသော စိုက်ခင်း၊ ပင်ပျိုထိန်းသိမ်းစိုက်ခင်း၊ အစေးခြစ်နေသည့် စိုက်ခင်းအားလုံးတွင် အပင်လိုင်းတန်းကြားရှိ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ပင်ခြေသုံးပေပတ်လည်အဝိုင်း ရှင်းခြင်းတို့ကို ဆောင်ရွက်ရပါမည်။ မြေဆီလွှာတိုက်စားမှုကို ကာကွယ်ရန်နှင့် ပေါင်းမြက်ပေါက်ရောက်မှုကို လျှော့ချနိုင်ရန်အတွက် ပဲမျိုး ရင်းဝင်မြေဖုံးအပင်များဖြစ်သော ထောက်လှန့် နွယ်ပင်၊ ပဲနော်ပင်များကို စိုက်ပျိုးနိုင်သည်။

မြေသြဇာ အာဟာရဖြည့်တင်းခြင်း

ပုံမှန်အားဖြင့် ရော်ဘာပင်များကို မိုးဦးကာလတွင် မေ/ ဇွန်လနှင့် မိုးနှောင်းကာလတွင် စက်တင်ဘာလ/ အောက်တိုဘာလများတွင် မြေသြဇာကျွေးလေ့ရှိပါသည်။ ဇူလိုင်လသည် မိုးသည်းထန်လွန်းသဖြင့် မြေသြဇာကျွေးပါက မိုးရေနှင့်အတူ ပါသွားနိုင်ခြေများသည်။ ထို့ကြောင့် မိုးနှောင်းမြေသြဇာကျွေးမည်ဆိုပါက မိုးနည်းပါးသွားချိန်ကို စောင့်ဆိုင်း၍ ကျွေးရန် အကြံပြုလိုပါသည်။ ယနေ့အချိန်အခါတွင် ဓာတ်မြေသြဇာတစ်မျိုးတည်း ကျွေးခြင်းထက် ဓာတ်မြေသြဇာ တစ်ဆနှင့် သဘာဝမြေသြဇာ (နွားချေး/ ကြက်ချေး/ ဘိုကာရှီ) သုံးဆတို့ကို ရောစပ်ကျွေးခြင်းဖြင့် မြေဆီလွှာ၏ ဖွဲ့စည်းပုံနှင့် အာဟာရဓာတ်ကို တိုးတက်စေနိုင်သည်။

 အစေးခြစ်ခြင်း

မိုးရာသီကာလသည် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအတွက် အစေးခြစ်ရန် အခက်အခဲများစွာရှိသော အချိန်ဖြစ်သည့်အတွက် အစေးခြစ် ရပ်နားထားရပါသည်။ ထိုအချိန်တွင် မိုးကာအုပ် အစေးခြစ်ခြင်း (Rain Guard Tapping) နည်းပညာကို အသုံးပြု၍ အစေးခြစ်မည်ဆိုပါက ရော်ဘာအထွက်ပိုမိုရရှိနိုင်မည်ဖြစ်သည်။

မိုးကာအုပ်အစေးခြစ်ခြင်းတွင် အဓိကအားဖြင့် Apron/Skirt Type Rain Guard (စကတ်ပုံစံ မိုးကာ)၊ Gutter Type Rain Guard (ရေတံလျှောက်ပုံစံ မိုးကာ)နှင့် Poly bag/ Cap Type Rain Guard (ပလတ်စတစ်အိတ် (သို့မဟုတ်) ဦးထုပ်ပုံစံဖြင့် အုပ်ထားသော မိုးကာပုံစံ) ဟူ၍ မိုးကာပုံစံ အမျိုးအစားသုံးမျိုးကို အသုံးပြုလေ့ရှိပါသည်။ စကတ်ပုံစံ မိုးကာအမျိုးအစားကို ပိုမိုအသုံးပြုလေ့ရှိပြီး ရော်ဘာပင်၏ပင်စည်ကို ဝန်းရံကာကွယ်ပေးသည့်ပုံစံဖြစ်သည်။

ပုံမှန်အားဖြင့် ပလတ်စတစ် (သို့မဟုတ်) အခြားရေစိုခံပစ္စည်းများဖြင့် ပြုလုပ်ထားပြီး ရော်ဘာပင်၏ အစေးခြစ်ထားသော နေရာအပေါ်တွင်ကပ်၍ တပ်ဆင်ထားခြင်းဖြစ်သည်။ မိုးကာအုပ်အစေးခြစ်စနစ် တပ်ဆင်ရန်အတွက် လိုအပ်သောပစ္စည်းများမှာ - ပလတ်စတစ် (polyethene) Apron Type အကျယ် ၆၀ စင်တီမီတာ (၂၄လက်မ) ရှိသော (ဂိတ် ၃၀၀ သို့မဟုတ် ဂိတ် ၁၅၀ နှစ်ထပ်) ပလတ်စတစ်၊ Bitumen Compound (ခေါ်) Rainguard Com- pound (မိုးရေကာ ဒြပ်ပေါင်း)၊ စုတ်တံ၊ ချုပ်စက်နှင့် ချုပ်အပ်များ၊ Plastic tape (ပလတ်စတစ်တိပ် အပြားကြီး )တို့ ဖြစ်ပါသည်။

 မိုးကာတပ်ဆင်နည်း အဆင့်ဆင့်

မိုးကာတပ်ဆင်မည့်ပင်စည်မှာ လုံးဝခြောက်သွေ့နေရန် လိုအပ်ပြီး အစေးခြစ်မျက်နှာစာအပေါ် ဘက် (သုံးလက်မခန့်အကွာ) ရှိ အခေါက်ကြမ်းများ၊ မှိုများ၊ အညှိများကို ဓားဖြင့် ခြစ်ကုတ်သန့်ရှင်းပေးပါ။

သန့်ရှင်းရေးလုပ်ထားသောနေရာတွင် မိုးရေကာဒြပ်ပေါင်းကို ပတ်ပတ်လည် (သို့မဟုတ်) အစေးခြစ်မြောင်းအပေါ်တည့်တည့်တွင် စုတ်တံဖြင့် ညီညာစွာ သုတ်ပေးရပါမည်။

ဖြတ်တောက်ထားသော မိုးကာပလတ်စတစ်စကို မိုးရေကာဒြပ်ပေါင်း သုတ်ထားသောနေရာပေါ်တွင် တင်၍ လှိုင်းတွန့်များအတိုင်း မိုးရေလုံးဝမဝင်စေရန် သေချာစွာဖိကပ်ထားရပါမည်။

ပလတ်စတစ်အပေါ် အနားစွန်းများကို ပိုမိုခိုင်ခံ့စေရန်နှင့် ရေမဝင်စေရန် ပလတ်စတစ်တိပ်ဖြင့် ရော်ဘာပင်ကိုပတ်၍ တင်းကျပ်စွာ ထပ်မံကပ်ထားပေးရမည်။

စတာပလာဖြင့် တွဲရိုက်၍လည်းရပါသည်။ ပလတ်စတစ်၏ အောက်ခြေကို အစေးခြစ်မျက်နှာစာနှင့် အစေးခံခွက်ပေါ်သို့ စကတ်ကဲ့သို့ လွှမ်းအုပ်ဖြန့်ချပေးရပါမည်။ လေတိုက်ပါက လန်မတက်စေရန် ပလတ်စတစ်စကတ်အောက်နားစွန်းကို ဝိုင်ယာကြိုး (သို့မဟုတ်) နှီးဖြင့် ပင်စည်တွင် ချောင်ချောင်လေး ချည်နှောင်ထားနိုင်ပါသည်။

ဖော်ပြပါ မိုးကာအုပ်အစေးခြစ်စနစ် တပ်ဆင်အသုံးပြု၍ အစေးခြစ်နည်းအဆင့်ဆင့်ကို လက်တွေ့လေ့လာဆောင်ရွက်လိုပါက နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန (မော်လမြိုင်)၊ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ) နှင့် နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (အင်းတကော်) တို့တွင် လာရောက်လေ့လာနိုင်ပါသည်။ မိုးကာအုပ်အစေးခြစ်စနစ် တပ်ဆင်အသုံးပြုခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည် -

 မိုးရာသီတွင် အစေးခြစ်ခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်နိုင်သဖြင့် တစ်နှစ်စာ အစေးထွက်နှုန်းကို ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရရှိနိုင်ပါသည်။ အထွက်တိုး၍ တောင်သူများ၏ ဝင်ငွေလည်း တိုးတက်လာမည်ဖြစ်ပါသည်။ တပ်ဆင်ထားသော မိုးကာ (Rain Guard) သည် မိုးရေနှင့် ရော်ဘာအစေးရည်များ ရောနှောခြင်းမှကာကွယ်ပေးသဖြင့် အစေးသားကောင်းမွန်ပြီး ရော်ဘာအရည်အသွေးကို ထိန်းသိမ်းထားနိုင်ပါသည်။ မိုးတွင်းကာလတွင် အစေးခြစ်ခြင်းလုပ်ငန်းကို ရပ်နားရန်မလိုဘဲ ဆက်လက်လုပ်ဆောင်နိုင်သဖြင့် ရော်ဘာအစေးခြစ်လုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းကို ပိုမိုတိုးတက်ရရှိစေနိုင်မည် ဖြစ်ပါသည်။

မိုးကာအုပ်အစေးခြစ်စနစ်အသုံးပြုပါက သတိပြုလိုက်နာရန် အချက်များ

မိုးကာအုပ်ထားခြင်းကြောင့် ပလတ်စတစ်အောက်တွင် စိုထိုင်းဆမြင့်မားပြီး မှိုရောဂါ ဖြစ်ပွားလွယ်ပါသည်။ ထို့ကြောင့် အစေးစုသိမ်းပြီးတိုင်း (သို့မဟုတ်) တစ်ပတ်တစ်ကြိမ် မှိုသတ်ဆေး (ဥပမာ- Metalaxyl) ကဲ့သို့သော ဆေးများကို အစေးခြစ်မျက်နှာစာတွင် သုတ်ပေးရပါမည်။

မိုးရွာသွန်းပြီး မိုးရေစိမ့်ဝင်မှု ရှိ မရှိ ပုံမှန်စစ်ဆေး‌ပေးရန်လိုအပ်ပြီး မိုးရေယိုစိမ့်မှုရှိပါက တွင်းထွက်ကတ္တရာ ပြန်သုတ်ပေးရပါမည်။ မိုးစဲ၍ နေပူသောနေ့တွင် ဖြစ်နိုင်ပါက မိုးကာအောက်နားစွန်းကို အပေါ်သို့ အနည်းငယ်လိပ်တင်ပေးခြင်းဖြင့် လေဝင်လေထွက်ရစေပြီး ရောဂါကျရောက်မှုကို ကာကွယ်ပေးနိုင်မည်ဖြစ်ပါသည်။

ရောဂါနှင့် ပိုးမွှားကာကွယ်နှိမ်နင်းခြင်းအပိုင်းတွင် ဇူလိုင်လ၏ စိုစွတ်သောရာသီဥတုသည် မှိုရောဂါကျရောက်တတ်သော အကောင်းဆုံးအခြေအနေဖြစ်ပါသည်။ ဇူလိုင်လ၏ စိုထိုင်းဆ မြင့်မားမှုနှင့် မိုးများမှုများကြောင့် ရော်ဘာပင်များတွင် ဖော်ပြပါ ရောဂါများအဖြစ်များတတ်ပါသည် -

သီးပုပ်ရွက်ကြွေရောဂါ (Phytophthora) မှာ ဇွန်လမှ စက်တင်ဘာလအတွင်း အဖြစ်များပြီး အရွက်ကြွေရောဂါ (Abnormal Leaf Fall) ကို သတိပြုရမည်ဖြစ်ပါသည်။ အဆိုပါရောဂါကာကွယ်ရန်အတွက် ဘော်ဒိုးဆေးရည် (သို့မဟုတ်) ကြေးနီဓာတ်ပါဝင်သော မှိုသတ်ဆေးများကို ကြိုတင်ပက်ဖျန်းပေးသင့်ပါသည်။

ပန်းရောင်မှိုရောဂါ (Pink Disease) မှာ အပင်ငယ်များနှင့် ကိုင်းကြားများတွင် အဖြူရောင်/ ပန်းနုရောင်မှိုမျှင်များ တွေ့ရတတ်ပါသည်။ ရောဂါရနေသောကိုင်းများကို ဖြတ်တောက်မီးရှို့ပြီး ဘော်ဒိုးဆေးရည်သုတ်ပေးရပါမည်။ အမည်းစင်းရောဂါ (Black Stripe) ကြောင့် အစေးခြစ်မျက်နှာပြင်တွင် အမည်းရောင်အစင်းကြောင်းများပေါ်လာပြီး အခေါက်ပုပ်သွားတတ်ပါသည်။ မိုးရွာနေစဉ် အစေးခြစ်ခြင်းကို ရှောင်ကြဉ်ပြီး အစေးခြစ်မျက်နှာပြင်ကို မှိုသတ်ဆေး (ဥပမာ - Metalaxyl ) ပုံမှန်သုတ်ပေးရပါမည်။

အချုပ်အားဖြင့် ရော်ဘာစိုက်ပျိုးခြင်းသည် ရေရှည်ရင်းနှီးမြှုပ်နှံမှုဖြစ်သည့်အတွက် မိုးရာသီ (ဇူလိုင်လ) အတွင်း စိုက်ခင်းများ ပြုစုထိန်းသိမ်းခြင်း၊ အာဟာရဓာတ်ဖြည့်တင်းခြင်းနှင့် ပိုးမွှားရောဂါကာကွယ်ခြင်းများ အထူးဂရုပြုဆောင်ရွက်ရန်လိုအပ်ပါသည်။ မှိုရောဂါများကို အထူးဂရုပြုကာ စိုက်ခင်းသန့်ရှင်းရေးနှင့် ရေနုတ်မြောင်းစနစ်များကို စနစ်တကျဆောင်ရွက်ခြင်းဖြင့် ရော်ဘာပင်များ ကျန်းမာစွာ ကြီးထွားစေပြီး ရေရှည်တွင်အထွက်နှုန်း ကောင်းမွန်နိုင်မည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် မိုးရာသီကာလတွင် အစေးခြစ်ရပ်နားခြင်းမပြုဘဲ Rain Guard Tapping (မိုးကာအုပ်အစေးခြစ်စနစ်) ကို စနစ်တကျတပ်ဆင်အသုံးပြုခြင်းဖြင့် ရော်ဘာစိုက်တောင်သူများအနေဖြင့် အထွက်တိုး၊ ဝင်ငွေတိုးတက်ကောင်းမွန်ကာ လူမှုစီးပွားဘဝ ပိုမိုတိုးတက်မြင့်မားလာနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။         ။