Skip to main content

မြန်မာ - တရုတ် ချစ်ကြည်ရင်းနှီးမှု (၇၆) နှစ်ကာလမှသည် နှစ်ပေါင်းထောင်ချီ

မောင်ငြိမ်းအေး

(ယမန်နေ့မှအဆက်)

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိခဲ့သည့် နိုင်ငံတော်သမ္မတကြီး၏ခရီးစဉ်အတွင်း ပေကျင်းမြို့၊ ရှန်ဟိုင်းမြို့ လင်းကန်အထူးဧရိယာနှင့် ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့တို့သို့ သွားရောက်ခဲ့သည်။ ဇွန်လ ၁၈ ရက် ညပိုင်းတွင် ရှန်ဟိုင်းမြို့မှ G23 အမြန်ရထားဖြင့် ထွက်ခွာရာ လေဆိပ်ပုံသဏ္ဌာန် တည်ဆောက်ထားသည့် ဟန်ကျိုးဘူတာသို့ ရောက်ရှိခဲ့သည်။ ထို့နောက် ဟန်ကျိုးမြို့ Huajia Shanzhuang ဟိုတယ်၌ နိုင်ငံတော်သမ္မတ ခေတ္တတည်းခိုစဉ် ကျဲ့ကျန်းပြည်နယ် ပါတီအတွင်းရေးမှူး မစ္စတာဝမ်ဟောက် လာရောက်ဂါရဝပြုတွေ့ဆုံနှုတ်ဆက်ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ နည်းပညာကဏ္ဍ၊ အထည်အလိပ်ကဏ္ဍ၊ စိုက်ပျိုးရေးနှင့် လက်ဖက်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍတို့တွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ 

ကျဲ့ကျန်းပြည်နယ်တွင် လူဦးရေ ၆၇ သန်းကျော်နေထိုင်လျက်ရှိပြီး သွင်းကုန်ထုတ်ကုန်ပမာဏကြီးမားသည့်ဒေသဖြစ်သည်။ ဆန်းသစ်တီထွင်မှုနှင့် အရည်အသွေးမြင့်မားသည့် လုပ်ငန်းပေါင်းများစွာ ပိုင်ဆိုင်ထားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားကောင်းသည့်ဒေသဖြစ်သည်။ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်ဖြင့် အားကောင်းလာလျက်ရှိသလို ကျဲ့ကျန်းပြည်နယ်နှင့် မြန်မာနိုင်ငံအကြားတွင်လည်း စီးပွားရေးနှင့် ယဉ်ကျေးမှုပိုင်းဆိုင်ရာတို့တွင် ပိုမိုနက်ရှိုင်းလာလျက်ရှိသည်။

နည်းပညာမြင့်စက်ရုံ

ဇွန်လ ၁၉ ရက်နေ့တွင် ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ရှိ နည်းပညာမြင့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာကြသည်။ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ Zhejiang Leapmotor Technology Co., Ltd. သို့ရောက်ရှိကြရာ ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ မစ္စတာကျူးကျန်းမင်းနှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆို နှုတ်ဆက်ကြသည်။ ထို့နောက် Zhejiang Leapmotor Technology Co., Ltd. ၏ သမိုင်းကြောင်းဆိုင်ရာများ၊ စက်ရုံဆိုင်ရာ အချက်အလက်များနှင့် စက်ရုံ၏ လစဉ်၊ နှစ်စဉ်စွမ်းဆောင်နိုင်ရည်များ၊ စက်ရုံမှ ထုတ်လုပ်ထားသည့် မော်တော်ယာဉ်အစိတ်အပိုင်းများနှင့် ထုတ်လုပ်ထားရှိပြီးဖြစ်သည့် မော်တော်ယာဉ်များ၊ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ပုံလုပ်ငန်းအဆင့်ဆင့်များ၊ အပြီးသတ်အချောထည်လုပ်ငန်းဆောင်ရွက်နေမှုများကို စိတ်ပါဝင်စားစွာဖြင့် ပြကွက်တစ်ခုချင်းစီအလိုက် လိုက်လံကြည့်ရှုလေ့လာကြပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သိရှိလို သည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

အဆိုပါ Zhejiang Leapmotor Technology Co., Ltd. သည် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့တွင် တည်ရှိပြီး လျှပ်စစ်ကားများ အဓိကထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ လက်ရှိအချိန်အထိ Zhejiang Leapmotor Technology Co., Ltd. သည် ထုတ်ကုန်ပစ္စည်းများ သုတေသနပြုလုပ်ခြင်းနှင့် အစိတ်အပိုင်းများထုတ်လုပ်ခြင်းအတွက် ကုမ္ပဏီပေါင်း ၅၀ ကျော်တွင် ရင်းနှီးမြှုပ်နှံထားသည်။ မော်တော်ယာဉ်အစိတ်အပိုင်းများ၏ ၆၅ ရာခိုင်နှုန်းကို ကိုယ်တိုင်တီထွင် ထုတ်လုပ်လျက်ရှိပြီး ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ရည်မှန်းထားရှိသည်။ လက်ရှိ လျှပ်စစ်ကားများ ထုတ်လုပ်မှုအခန်းကဏ္ဍတွင် တရုတ်နိုင်ငံတွင်း၌ အဆင့် (၃) တွင်ရှိပြီး ကမ္ဘာ့အဆင့်အနေဖြင့် အဆင့် (၆) တွင် ရှိသည်။ ပြည်ပနိုင်ငံများသို့ လျှပ်စစ်ကားများတင်ပို့မှုအနေဖြင့် ၂၀၂၅ ခုနှစ်တွင် အစီးရေခြောက်သောင်းကျော် တင်ပို့ခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် အစီးရေ တစ်သိန်းကျော်သည်အထိ တင်ပို့နိုင်ရေး ရည်မှန်းချက်ထား၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ လေ့လာမှုများအပြီးတွင် Zhejiang Leapmotor Technology Co., Ltd. ဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

ဝါးချည်မျှင်ထုတ်လုပ်

ယင်းနောက် Zhejiang Qingshi New Material Technology Co.,Ltd., သို့ ရောက်ရှိကြရာ ဥက္ကဋ္ဌ မစ္စတာတုကော်ဖျင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ဆက်လက်၍ ကုမ္ပဏီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမျိုးအစားကောင်းသည့် ဝါးပင်များကို သုတေသနပြုရွေးချယ်၍ ဓာတုဗေဒနည်းဖြင့်မဟုတ်ဘဲ ရူပဇီဝနည်းပညာဖြင့် ဝါးချည်မျှင်အဆင့်ဆင့် ထုတ်လုပ်မှု၊ ဝါးချည်မျှင်ကို အခြားသောချည်မျှင်အမျိုးမျိုးနှင့် အချိုးကျရောစပ်၍ ချည်များ၊ အထည်အလိပ်များ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ထားရှိမှုတို့ကို လိုက်လံရှင်းလင်းတင်ပြကြသည်။

အဆိုပါ ကျုံးကျန်းချင်းရှီနည်းပညာကုမ္ပဏီသည် တရုတ်နိုင်ငံ ကျုံကျန်းပြည်နယ် ဟန်ကျိုးမြို့ရှိ ရှောင်ရှန်းခရိုင်တွင် အခြေစိုက်သော နည်းပညာအခြေပြု ပုဂ္ဂလိကလုပ်ငန်းတစ်ခုဖြစ်သည်။ အဓိကထုတ်ကုန်များအနေဖြင့် အရည်အသွေးမြင့် ဝါးချည်မျှင်၊ ဝါးချည်မျှင်ရောစပ်ထားသောချည်များ၊ အထည်အလိပ်များဖြစ်ပြီး ဝယ်ယူသူများမှာယူလိုသည့် လိုအပ်ချက်များနှင့်အညီလည်း အထူးပြုလုပ်ထုတ်လုပ်ပေးလျက်ရှိသည်။ ထုတ်လုပ်မှုစွမ်းရည်အနေဖြင့် ၂၀၂၅ ခုနှစ်တွင် သဘာဝဗက်တီးရီးယား ပိုးသတ်နှုန်း ၉၉ ဒသမ ၂ ရာခိုင်နှုန်းရှိသည့် ဝါးချည်မျှင် စုစုပေါင်းတန် ၁၈၀၀၀ ထုတ်လုပ်နိုင်ခဲ့သည်။ ကုမ္ပဏီရုံးချုပ်သည် ဟန်ကျိုးမြို့တွင် တည်ရှိသော်လည်း ဝါးချည်မျှင်နှင့် အထည်ထုတ်လုပ်နေသည့်စက်ရုံသည် ဝါးများ များပြားစွာပေါက်ရောက်သည့် ဖူးကျန့်ပြည်နယ် နန်ပင်းမြို့၌ တည်ရှိကြောင်း သိရသည်။

ထို့နောက် ကုမ္ပဏီဥက္ကဋ္ဌက နိုင်ငံတော်သမ္မတကြီးအတွက် ဝါးချည်မျှင်ဖြင့် အထူးပြုလုပ်ထားသော လက်ဆောင်ပစ္စည်းကို ဂါရဝပြုပေးအပ်သည်။ ယင်းနောက် နိုင်ငံတော်သမ္မတ သည် ကျုံးကျန်းချင်းရှီ နည်းပညာကုမ္ပဏီ (Zhejiang Qingshi New Material Technology Co., Ltd.) ၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် အမှတ်တရလက်မှတ်ရေးထိုးပြီး ကုမ္ပဏီက ပြုလုပ်ထားသည့် ဝါးချည်မျှင်ထုတ်လုပ်သည့်စက်ဖြင့် ဝါးချည်မျှင်များ ထုတ်လုပ်ထားရှိမှု၊ ဝါးချည်မျှင်နှင့် အခြားချည်မျှင်များ ရောနှောပေါင်းစပ်မှု၊ ချည်မျှင်ရရှိလာမှုအဆင့်ဆင့်ကို လိုက်လံကြည့်ရှုလေ့လာခဲ့ပြီး ကုမ္ပဏီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးကာ ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

စက်ရုပ်ကုမ္ပဏီ

မွန်းလွဲပိုင်းတွင် Unitree Robotics Co., Ltd. သို့ သွားရောက်လေ့လာကြရာ ဥက္ကဋ္ဌဖြစ်သူ မစ္စတာဝမ်ရှင်းရှင်းနှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြပြီး ကုမ္ပဏီမှ ထုတ်လုပ်ထားသည့် စက်ရုပ်ကလည်း နိုင်ငံတော်သမ္မတအား မြန်မာဘာသာဖြင့် “မြန်မာ” ဟု ရေးသား၍ ကြိုဆိုသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် စက်ရုံမှ ထုတ်လုပ်ထားသည့် စက်ရုပ်များ၊ စက်ရုပ်များ၏ အစိတ်အပိုင်းကိရိယာတစ်ခုချင်းစီအလိုက် ထုတ်လုပ်ထားရှိမှုများကို လိုက်လံကြည်ရှုလေ့လာသည်။ 

ယင်းနောက် Unitree Robotics Co., Ltd. မှ ထုတ်လုပ်ထားသည့် စွမ်းဆောင်ရည်မြင့် တိရစ္ဆာန်ပုံသဏ္ဌာန်စက်ရုပ် (quadruped robots)၊ လူသားပုံသဏ္ဌာန်စက်ရုပ် (humanoidrobots) နှင့် အသိဉာဏ်တုနည်းပညာသုံးမော်ဒယ် (AI model) များအသုံးပြု၍ လူသားတစ်ဦးအသွင်ကဲ့သို့ လှုပ်ရှားသွားလာခြင်း၊ သဘာဝဘေးအန္တရာယ်များတွင် အသုံးပြုခြင်း၊ မြန်မာသံစဉ်၊ တရုတ်သံစဉ်တို့ဖြင့် နှစ်နိုင်ငံမှ ရိုးရာအကများကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ပြသခြင်း၊ လက်ဝှေ့ထိုး၍ သရုပ်ပြသခြင်း၊ စက်ရုံအလုပ်ရုံများ၊ နေအိမ်များရှိ ဝန်ဆောင်မှုလုပ်ငန်းများ၌ အသုံးပြုရာတွင် အသုံးပြုမှု သရုပ်ပြသခြင်းတို့ကို လုပ်ဆောင်ပြသရာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါ Unitree Robotics Co., Ltd. သည် ကျုံကျန်းပြည်နယ် ဟန်ကျိုးမြို့တွင် ရုံးချုပ်ရှိသော ကမ္ဘာကျော်ပုဂ္ဂလိက စက်ရုပ်ကုမ္ပဏီတစ်ခုဖြစ်သည်။ ကုမ္ပဏီ ကို ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စွမ်းဆောင်ရည်မြင့် တိရစ္ဆာန်ပုံသဏ္ဌာန်စက်ရုပ် (quadruped robots)၊ လူသားပုံသဏ္ဌာန်စက်ရုပ် (humanoid- robots) နှင့် အသိဉာဏ်တုနည်းပညာသုံးမော်ဒယ် (AI model) များကို သုတေသနပြုထုတ်လုပ်ရောင်းချလျက်ရှိသည်။ ကုမ္ပဏီအနေဖြင့် နည်းပညာ ဆန်းသစ်တီထွင်မှုကို အထူးအလေးပေးထားကာ AI နည်းပညာများ၊ရွေ့လျားမှု ထိန်းချုပ်မှုအယ်လ်ဂိုရီသမ်များအပါအဝင် အဓိကအစိတ်အပိုင်းအားလုံးကို ကုမ္ပဏီက ကိုယ်တိုင်ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ပြန်လည်ထွက်ခွာ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အဖွဲ့သည် ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဟန်ကျိုးမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာကြသည်။ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား ကျဲ့ကျန်းပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဝင်းမြင့်၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။ 

အသင့်စောင့်ကြို

ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အဖွဲ့သည် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။ နိုင်ငံတော်သမ္မတနှင့် အဖွဲ့အနေဖြင့် နိုင်ငံတော်အကျိုးစီးပွားကို တစိုက်မတ်မတ်ဦးတည်ပြီး ခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ခဲ့မှု၊ စီးပွားရေး၊ အာကာသနည်းပညာနှင့် အခြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု များမြှင့်တင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံပြည်သူများ၏ အကျိုးစီးပွားတိုးတက်ရေး ဦးတည်ကြိုးပမ်း အားထုတ်ဆောင်ရွက်နိုင်ခဲ့မှုအတွက် တရုတ် - မြန်မာချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများနှင့် အသင်း အဖွဲ့များအလိုက်မှ တာဝန်ရှိသူများ၊ တိုင်းရင်းသား တိုင်းရင်းသူ သားငယ်၊ သမီးငယ်လေးများ၊ ဘင်ခရာ၊ ပန်းဖွားအကအဖွဲ့များ၊ တရုတ်အကအလှအဖွဲ့များ၊ တိုင်းရင်းသားရိုးရာအကအလှအဖွဲ့များ၊ အနုပညာရှင်များ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လေဆိပ်တွင် အသင့်စောင့်ကြို၍ လေဆိပ်လေယာဉ်အဆင်းမှ VIP ဆောင်အထိလည်းကောင်း၊ တပ်မတော်လေဆိပ်အဝင်လမ်းတစ်လျှောက်တွင်လည်းကောင်း အသင့်စောင့်ဆိုင်းကြိုဆိုကြပြီး သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုနှုတ်ဆက်ခဲ့ကြသည်။

သမိုင်းဝင်ခရီးစဉ်

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဇွန်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတကြီး၏ တရုတ်နိုင်ငံခရီးစဉ်သည် နှစ်ပေါင်းရှည်ကြာ ခိုင်မြဲခဲ့သော မြန်မာ-တရုတ် ချစ်ကြည် ရင်းနှီးမှုကို ပိုမိုနက်ရှိုင်းခိုင်မာစေခဲ့သည်။ ယခုခရီးစဉ်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်တို့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို အခိုင်အမာစိုက်ထူပြလိုက်နိုင်ခြင်းသည် စစ်မှန်သော တန်းတူရည်တူရှိမှု၊ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်နိုင်မှု၊ မိတ်ဆွေစစ် မိတ်ဆွေမှန်ဖြစ်မှုဟူသည့် မြန်မာ-တရုတ် အမြင့်မားဆုံး မဟာမိတ်အဆင့်အတန်းကို ကမ္ဘာသိသက်သေပြ တည်ဆောက်နိုင်ခဲ့သည်။ နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နှစ်နိုင်ငံပြည်သူများအတွက် ကောင်းကျိုးများကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ပြီး လုံခြုံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်းများ ဖော်ဆောင်ပေးနိုင်ခဲ့သည်။ 

သို့ဖြစ်ရာ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် သံတမန်ဆက်ဆံရေး (၇၆) နှစ်ကာလမှသည် နှစ်ပေါင်းထောင်ချီ တည်တံ့ခိုင်မြဲနေမည့် သမိုင်းဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် တင်ပြလိုက်ပါသည်။ ။

ဆောင်းပါး

ဆောင်းပါး

ဆောင်းပါး