ရာပြည့်ကြုံသည့် ရန်ကုန်တက္ကသိုလ်
“မြကျွန်းညိုညို ကွန်းခိုရာ တက္ကသိုလ်မှာကြုံ x x x စာပေဂီတနဲ့သာ အနုပညာအစစမှာ လည်းစုံ x x x တေးပဉ္စင်ငြိမ့်ငြိမ့်ညောင်း x x x စုပေါင်းပါလို့ သီကျူးပုံ x x x တေးမင်္ဂလာ ဘဝင်မှာအေးလို့ x x x x x ငြိမ်းချမ်းကြစေကုန် x x x ”
လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က မြန်မာ့အသံရေဒီယိုမှ အကြိမ်ကြိမ် လွင့်ပျံ့ခဲ့ သော ရန်ကုန်တက္ကသိုလ်အား ဂုဏ်ပြုစပ်ဆို ထားသည့် “မြကျွန်းညိုညို” သီချင်းသံကို ယခုတက္ကသိုလ်ရာပြည့်ကာလတွင် တစ်ဖန် ပြန်လည်ကြားယောင်မိလေသည်။ အင်းလျား ကန်၊ ကံ့ကော်နန်းနှင့် စိန်ပန်းပြာတို့ ကြီးစိုး ရာဟု တင်စားကြရသည့် ရန်ကုန် တက္ကသိုလ် ကား လှပဆဲနုပျိုဆဲပင် ဖြစ်လေသည်။
နှစ်တစ်ရာတင်းတင်း ပြည့်လေပြီ
၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလက ဖွင့်လှစ်ခဲ့ သော ရန်ကုန်တက္ကသိုလ်၏ သက်တမ်းသည် ယခု ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် နှစ်တစ်ရာတင်းတင်း ပြည့်လေပြီ။ နှစ်တစ်ရာ ကာလအတွင်း တက္ကသိုလ်၏ အဖြစ်အပျက် တို့ကား မျိုးစုံလှပေသည်။ အဓိကကျသော ကျောင်းသားတို့၏ ကြိုးပမ်းမှု၊ လှုပ်ရှားမှု၊ နိုင်ငံရေးနိုးကြားမှု၊ အမျိုးသားရေးစိတ်ဓာတ် ပြင်းပြမှု စသည်တို့သည်ကား အံ့မခန်းဖြစ်ရ လေသည်။ ပြော၍မကုန် ၊ ရေး၍ မကုန်အောင် ဂုဏ်ယူတမ်းတဖွယ်ဖြစ်ရပေသည်။
၁၈၅၂ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သော ဒုတိယအင်္ဂလိပ် - မြန်မာစစ်ပွဲအပြီး ၁၈၅၃ ခုနှစ်၌ အောက်မြန်မာနိုင်ငံတစ်ခုလုံးကို ဗြိတိသျှတို့က သိမ်းပိုက်လိုက်လေသည်။ အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် နှစ်ပေါင်း ၂၀ ကြာပြီးနောက် ၁၈၇၃ ခုနှစ် က ရန်ကုန် ဟိုက်စကူးလ်ကျောင်းကို တည်ထောင်ခဲ့သည်။ ယင်းကျောင်းသည် ၁၈၈၄ ခုနှစ် တွင် ရန်ကုန်ကောလိပ်ဖြစ်လာပြီး ကာလကတ္တားတက္ကသိုလ်တွင် ဘွဲ့သင်တန်း များ တက်ရောက်ရန် ဥပစာတန်းများကို သင်ကြားပေးခဲ့သည်။
မြန်မာနိုင်ငံကို အိန္ဒိယနှင့် ပေါင်းစည်း ထားခြင်းအား ခွဲထုတ်ရန်နှင့် ပညာရေး တွင်လည်း ကာလကတ္တားလက်အောက်ခံ မဟုတ်ဘဲ သီးခြားလွတ်လပ်သည့် တက္ကသိုလ် တည်ထောင်ပေးရန် မြန်မာတို့၏ တောင်းဆို မှုများ ပြင်းထန်လာခြင်းကြောင့် ရန်ကုန် တက္ကသိုလ်အက်ဥပဒေကို လေးနှစ်ခန့်ကြာ အောင် ရေးဆွဲခဲ့ပြီး ၁၉၂၀ ပြည့်နှစ် ဇွန်လတွင် ပြည်သူများသို့ ချပြခဲ့သည်။ ထိုအက်ဥပဒေတွင် မြန်မာပြည်သူတို့ မနှစ်သက်သည့် အချက် အလက်များ ပါဝင်လာခဲ့သည် -
(၁) အင်္ဂလိပ်ဘာသာနှင့် အခြား ဘာသာရပ်တစ်ခုတွင် ထူးချွန်စွာ အောင်မြင်မှ တက္ကသိုလ်ဝင်ခွင့် ရမည်။
(၂) တက္ကသိုလ်တွင် အစမ်းသင်ကြား ပြီးမှ ဆက်သင်ခွင့်ရ/မရ ဆုံးဖြတ် မည်။
(၃) မြန်မာပြည်တွင် တက္ကသိုလ် တစ်ခုသာရှိပြီး ထိုတက္ကသိုလ် လက်အောက်တွင် ကောလိပ် ကျောင်းတစ်ကျောင်းသာ ရှိရ မည်။
(၄) ကျောင်းသားအားလုံး ကျောင်း အိပ် ကျောင်းစား နေကြရမည် ဟူသောအချက်များ ဖြစ်လေ သည်။
ကျွန်ပညာရေး အလိုမရှိ
နယ်ချဲ့အစိုးရသည် မြန်မာပြည်တွင် တက္ကသိုလ်ကျောင်းတစ်ကျောင်းကို မဖြစ် မနေ တည်ထောင်ပေးလိုက်ရသည့်တိုင် အောင် မြန်မာလူမျိုးတို့အား အထက်တန်း ပညာရပ်များကို သင်ကြားမပေးလိုဘဲ ပညာသင်စရိတ်ကြီးမားစေရန် ဖန်တီးထားပြီး ပညာတတ်နည်းနိုင်သမျှ နည်းပါးစေရန် ရည်ရွယ်လုပ်ကြံထားခြင်းပင် ဖြစ်သည်။ ပညာတတ်နည်းပါးပြီး အောက်တန်းကျ သည့်အလုပ်များကို လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ထားခြင်းကြောင့် မြန်မာတို့က ဝေဖန် ပြစ်တင်ကာ “ကျွန်ပညာရေး အလိုမရှိ” ဟူသော ကြွေးကြော် သံများဖြင့် နယ်ချဲ့ တို့အား ပထမဆုံးအကြိမ်အဖြစ် စတင်အန်တု လာကာ နိုင်ငံရေးနိုးကြား လာခဲ့ကြသည်။
၁၈၃၅ ခုနှစ်တွင် ပညာရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌဖြစ်လာသည့် လော့ဒ်မက္ကော် လေး၏ မှတ်တမ်းကိုအခြေခံ၍ မြန်မာ နိုင်ငံကို ကျွန်သက်ရှည်အောင် အဓိက ရည်ရွယ်ကာ ချမှတ်ခဲ့သော ရန်ကုန် တက္ကသိုလ် အက်ဥပဒေပင် ဖြစ်သည်။ မက္ကော်လေး၏ ပညာရေးမှတ်တမ်းတွင် အခြေခံမူ(၃)ချက် ပါဝင်ခဲ့သည် -
(၁) အရှေ့တိုင်းပညာရပ်နှင့် စာပေ ကို အားပေးချီးမြှင့်ရန်အစား အနောက်တိုင်း ပညာရပ်နှင့် အင်္ဂလိပ်စာကို အားပေး ချီးမြှင့် ရန်၊
(၂) အင်္ဂလိပ်ဘာသာ စာပေကို သင်ကြားမှု မဏ္ဍိုင်အဖြစ် အသုံးပြုရန်၊
၃) အသားအရောင်အားဖြင့် ညို သော်လည်း အင်္ဂလိပ်စာပေကို တတ်ကျွမ်းပြီး အင်္ဂလိပ်တို့ကဲ့သို့ တွေးခေါ်ကာ အင်္ဂလိပ် စိတ်ပေါက်နေသော လူတန်းစား တစ်ရပ် မွေးထုတ်၍ ထိုလူတန်း စားကို တိုင်းရင်းသားလူမျိုး များနှင့် အုပ်စိုးသူတို့ကြား တွင် ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်စေရန်တို့ ဖြစ်သည်။
ဤသုံးရပ်သည် အုပ်စိုးသူဗြိတိသျှတို့ကို လက်အောက်ခံတိုင်းရင်းသားတို့က အထင် ကြီးစိတ်၊ ကြည်ညိုစိတ်၊ သစ္စာရှိစိတ်တို့ကို တစိမ့်စိမ့်ဖြစ်ပေါ်လာစေပြီး တိုင်းရင်းသား တို့၏ ယဉ်ကျေးမှုအခြေခံများကို တစ်စတစ်စ ပျောက်ကွယ်သွားစေမည့်အပြင် အမျိုးသား ရေးစိတ်၊ အမျိုးသားအားမာန်များကိုပါ ပျောက်ကွယ်သွားစေမည့် မူများပင် ဖြစ်သည်။
ပညာရေးအက်ဥပဒေကြမ်းကို ပြင်ဆင်
၁၉၁၈ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံ တက္ကသိုလ်ကော်မတီကို ဖွဲ့စည်း၍ ပညာရေး အက်ဥပဒေကြမ်းကို ပြင်ဆင်ခဲ့သည်။ ပြင်ဆင် ရေးဆွဲထားသော ဥပဒေကြမ်းကို ဘဏ္ဍာရေးခန့်မှန်းချက်များနှင့်အတူ ပညာ ရေးမင်းကြီး က ၁၉၂၀ ပြည့်နှစ် ဇူလိုင်လတွင် ဘုရင်ခံ၏ ကောင်စီအစည်းအဝေးသို့ တင်သွင်းခဲ့သည်။ ထိုနှစ် သြဂုတ်လ ၂၈ ရက် တွင် ကျင်းပသော ဥပဒေပြုလွှတ်တော် အစည်းအဝေးတွင် ယင်းဥပဒေကြမ်းကို အမတ်များဖြစ်ကြသော ဦးချစ်ဖေ၊ ဦးမြင့်နှင့် ဦးလှဖေတို့က ကန့်ကွက်ခဲ့ကြသည်။ ယင်းဥပဒေကြမ်းအရ တည်ထောင်မည့် တက္ကသိုလ်မျိုးကို မလိုလားကြသောကြောင့် ဥပဒေပြုလွှတ်တော်အတွင်း ၌လည်းကောင်း၊ ပြင်ပ၌လည်းကောင်း အပြင်းအထန် ကန့်ကွက်၍ လိုလားချက်များကို တောင်းဆို ခဲ့ကြသည်။
မြန်မာနိုင်ငံပြုပြင်ရေးအသင်း(Burma Reform League)၊ ဝိုင်အမ်ဘီအေအသင်းနှင့် အခြား အလားတူအသင်းများကလည်း အထွေထွေ ကောင်စီအစည်းအဝေးများ ကျင်းပကာ ကန့်ကွက်ခဲ့ကြသည်။ ဝိုင်အမ် ဘီအေကကြီးမှူး၍ တက္ကသိုလ်ဥပဒေကြမ်း ကို ကန့်ကွက်သည့် လူထုအစည်းအဝေးပွဲကြီး တစ်ရပ်ကို ဂျူဗလီဟောတွင် တစ်ခဲနက် ကျင်းပကာ အဆို ၆ ရပ်ကို တင်သွင်းခဲ့လေ သည်။
ဗြိတိသျှအစိုးရသည် ပညာမင်းကြီး မစ္စတာမက်သယူးဟန်းတား ဦးဆောင်သော အဖွဲ့ဝင် ၃၀ ပါသည့် ယူနီဗာစီတီအက်ဥပဒေရေးဆွဲရေးကော်မတီကို ၁၉၁၈ ခုနှစ် ဇွန်လ တွင် ဖွဲ့စည်းခဲ့သည်။ မြန်မာလူမျိုး အဖွဲ့ဝင်များ အဖြစ် ဝိုင်အမ်ဘီအေမှ ဝတ်လုံတော်ရ ဦးမေအောင်၊ ဦးမောင်ကြီး (အမ်အေ)၊ ဦးဘဖေ(ဘီအေ)၊ ဦးကွမ်း(ဘီအေ) ပုသိမ်၊ ဦးဘလှိုင် (ဘီအေ)နှင့် ဦးအမ်အုံးခိုင်တို့ ခြောက်ဦး ပါဝင်ခဲ့သည်။ မြန်မာကိုယ်စား လှယ်များက ဝိဇ္ဇာသိပ္ပံပညာရပ်များသင်ကြားသည့် ကောလိပ်များကို ဆက်သွယ်နိုင်မည့် တက္ကသိုလ်တစ်ခုထူထောင်ရန် ထောက်ခံ တင်ပြခဲ့ကြ၏။ သို့သော် မက်သယူးဟန်းတား ဦးဆောင်သော ကော်မတီဝင်အများစုက ကောလိပ်တစ်ခုသာ ပါဝင်သည့် သိပ္ပံယူနီဗာ စီတီ ထူထောင်ရန် တက္ကသိုလ်အက်ဥပဒေကို ရေးဆွဲခဲ့လေသည်။
အတည်ပြုခဲ့
ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ၁၉၂၀ ပြည့်နှစ် သြဂုတ်လ ၂၀ ရက်တွင် အတည် ပြုခဲ့သည်။ ထိုအက်ဥဒေကို တစ်တိုင်းပြည်လုံး က မနှစ်သက်သဖြင့် သတင်းစာများက အကြီးအကျယ် ကန့်ကွက်ကြလေသည်။ သို့သော် အင်္ဂလိပ်အစိုးရက အလျှော့မပေး သဖြင့် သတင်းစာများက မိမိတို့ တာဝန်နှင့် တိုင်းပြည်တာဝန်ကျေပြီးဖြစ်၍ ထိုဥပဒေကို တိုက်ဖျက်ရန်မှာ ကောလိပ်ကျောင်းသားတို့ ၏ တာဝန်သာ ကျန်တော့ကြောင်း ရေးသား ကြလေသည်။ တိုင်းပြည်ခေါင်းဆောင်တို့ ကလည်း ကောလိပ်ကျောင်းသားကြီးအချို့ နှင့် ဆွေးနွေးတိုင်ပင်ကြလေသည်။
ထိုနှစ် ဒီဇင်ဘာလဆန်းလောက်တွင် ရန်ကုန်တက္ကသိုလ်နှင့် ယုဒသန်ကောလိပ် တို့မှ ကျောင်းသားကြီး ၁၁ ဦးတို့သည် ရွှေတိဂုံစေတီတွင် ဆွေးနွေးတိုင်ပင်ကြသည်။
နောင်တွင် အမျိုးသား ပညာဝန် ဦးဖိုးကျား၊ ကျောက်စာဝန် ဦးလူဖေဝင်း၊ ဝန်ထောက် ဦးဖိုးလတ်၊ ပြည်အမျိုးသား ကျောင်းအုပ်ကြီး ဦးဘဦး စသူတို့ ဦးဆောင် ပါဝင်ခဲ့ကြလေ သည်။ ဆွေးနွေးပွဲတွင် ကျောင်းသားများကို အစည်းအဝေးခေါ်ယူရန် ဆုံးဖြတ်ကြပြီး ထိုဒီဇင်ဘာလ ၄ ရက်တွင် ဗဟန်းကြားတောရ လမ်းရှိ ကျောင်းတစ်ကျောင်းတွင် ကျောင်း သားတို့၏အစည်းအဝေးကို ကျင်းပခဲ့လေ သည်။ အစည်းအဝေးတွင် တက္ကသိုလ် အက်ဥပဒေကို ကန့်ကွက်ရန် အားလုံး သဘောတူဆုံးဖြတ်ကြလေသည်။ အချို့က လိုလားချက်ကို အစိုးရထံ တင်ပြတောင်းခံ မည်၊ မရမှသာ သပိတ်မှောက်မည်။ အချို့ ကမူ ဦးစွာ သပိတ်မှောက်မည်၊ ပြီးမှ လိုလား ချက်များကို တောင်းမည်ဟု သဘောကွဲလွဲ ခဲ့ကြသော်လည်း မဲခွဲဆုံးဖြတ်ရာ ဦးစွာ သပိတ်မှောက်မည့်ဘက်က အနိုင်ရရှိသွား လေသည်။
ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ၁၉၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၈ ရက်တွင် ပညာ မင်းကြီး မက်ဟန်းတားက တင်သွင်းပြီး ဥပဒေပြုကောင်စီက အတည်ပြုခဲ့သည်။ စက်တင်ဘာလ ၂၆ ရက်တွင် ဒုတိယဘုရင်ခံ က သဘောတူ၍ အောက်တိုဘာလ ၂၄ ရက် တွင် ဘုရင်ခံချုပ်က သဘောတူလိုက်သည်။ ဒီဇင်ဘာလ ၁ ရက်တွင် ဥပဒေအာဏာ တည်လေသည်။ ဥပဒေတည်လျှင်တည်ချင်း ပင် တက္ကသိုလ်အဖွဲ့အသီးသီးကို ဖွဲ့စည်းရန် စတင်ဆောင်ရွက်သည်။ တက္ကသိုလ် ဆီးနိတ်အဖွဲ့ကို ဖွဲ့စည်းပြီး ပါမောက္ခများကို ခန့်အပ်သည်။ ဆီးနိတ်က ခွင့်ပြုသောအဖွဲ့ များကိုလည်း ဖွဲ့စည်းလေသည်။ စာပေ သင်ကြားရေး၊ စာမေးပွဲစစ်ဆေးရေးလုပ်ငန်း များကိုလည်း ချက်ချင်းပင် ဆောင်ရွက် ခဲ့သည်။
ရွှေ့ပြောင်းပေးခဲ့
ဆာရယ်ဂျီနယ် ကရက်ဒေါက်က ရန်ကုန်ယူနီဗာစီတီကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် ဖွင့်လှစ်မည်ဟု ကြေညာ ခဲ့ရာ ကောလိပ်ကျောင်းသားများက ကန့်ကွက် စည်းဝေးပွဲပြုလုပ်ကာ သံတွဲ ကိုဘဦးအား ခေါင်းဆောင်တင်မြှောက်ခဲ့လေ သည်။ ဥပဒေကိုမပြင်ဘဲ ဆက်လက် လုပ်ဆောင်ပါက ကျောင်းသားများနှင့် ပြည်သူများ ပူးပေါင်း၍ လှုပ်ရှားမှုပြုလုပ်မည် ဖြစ်ကြောင်း ဖော်ထုတ်တောင်းဆိုခဲ့သဖြင့် တက္ကသိုလ် ဖွင့်မည့်ရက်ကို ဒီဇင်ဘာလ ၇ ရက်သို့ ရွှေ့ပြောင်းပေးခဲ့သည်။
ကျောင်းသားတို့၏ ကန့်ကွက်ဆန္ဒပြပွဲ များကိုလည်း ဆောင်ရွက်ခဲ့ကြရာ ထိုနှစ် ဒီဇင်ဘာလ ၂၀ ရက် နတ်တော်လဆုတ် ၈ ရက်နေ့သည် မြန်မာပြည်ကြီးကို အံ့သြတုန် လှုပ်စေခဲ့၏။ ထိုနေ့တွင် ရန်ကုန်မြို့ အတွင်း ဝန်ရုံးကြီးကို ရန်ကုန်ကျောင်းပေါင်းစုံမှ ကျောင်းသား ကျောင်းသူတို့သည် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီကျော်အထိ ပိတ်ဆို့ထားကြ၏။ မြန်မာပြည်ကြီးကို ကြိုးကိုင်အုပ်ချုပ်နေသော အစိုးရအဖွဲ့မဏ္ဍိုင် ကြီးကို လေးနာရီတိတိ အလုပ်ရပ်ဆိုင်းစေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် မိမိတို့လုပ်ငန်း အောင်ပြီဟု တပျော်တပါး ပြန်ကြရန် လေးယောက်တစ်တွဲစီ တန်းစီကာ ရှေးရှုလာ ကြသော ကျောင်းသားတပ်ကြီးကို ရန်ကုန် ပုလိပ်အဖွဲ့က စပတ်လမ်းထဲတွင် မြင်းနှင့် တိုက်၊ တုတ်ဖြင့်ရိုက်ကာ အတင်းအဓမ္မ လူစု ခွဲခဲ့ကြ၏။ ဆေးရုံကြီးသို့ တချို့၊ ကျောင်းဆေးရုံသို့ တချို့၊ ကျောင်းဆောင် များသို့တချို့၊ အိမ်များသို့တချို့၊ သွေးသံရဲရဲဖြင့် ပို့လိုက်ရသော ကျောင်းသား ကျောင်းသူများ ၏ ညည်းညူသံများဖြင့် ထိုနေ့ကို အဆုံးသတ် ခဲ့ရလေသည်။
ဒီဇင်ဘာလ ၃ ရက် နတ်တော်လဆုတ် ၁၁ ရက်သည်ကား မြန်မာတစ်ပြည်လုံးကို တုန်လှုပ်ချောက်ချားစေခဲ့၏။ ထိုနေ့တွင် ယုဒသန်ကောလိပ်ကျောင်းသား ကိုအောင် ကျော်မှာ ရရှိခဲ့သော ဒဏ်ရာများပြင်းထန် လွန်းသဖြင့် ဆေးရုံကြီးတွင် ကွယ်လွန်သွား သောကြောင့် ဖြစ်လေသည်။ ဦးခေါင်းတွင် နံပါတ်တုတ် ဒဏ်ရာ သုံးချက်တွေ့ရှိရပြီး ဦးခေါင်းခွံကွဲသွားခဲ့ခြင်း ဖြစ်လေသည်။ ကြားရသော သတင်းကြောင့် ကျောင်းသား ကျောင်းသူများနှင့် ပြည်သူတို့၏ တောက် ခေါက်သံ၊ ဒေါသသံ၊ ခံပြင်းသံတို့ဖြင့် ထိုနေ့ကို အဆုံးသတ်ရတော့သည်။ ဒီဇင်ဘာလ ၂၆ ရက် နတ်တော်လကွယ်နေ့တွင် အာဇာနည် ဗိုလ်အောင်ကျော်၏ ရုပ်အလောင်းကို သမဂ္ဂပေါင်းစုံ အသင်းအဖွဲ့ပေါင်းစုံမှ ကြံတော သင်္ချိုင်းသို့ ပို့ဆောင်လိုက်ကြ၏။ ကြက်ပျံမကျ ထူးကဲစွာ စည်ကားလှသော စျာပနအခမ်း အနား၌ ယောကျ်ားရင့်မာကြီးများပင်လျှင် နာကြည်းကြေကွဲစွာ “အာဇာနည်ကြီး” ဟု ရေရွတ်တမ်းတငိုကြွေးကြခဲ့ကြလေသည်။
ကျွန်ပညာရေးစနစ်ကို ကန့်ကွက် ဆန့်ကျင်ကြောင်း ကြွေးကြော်ဆန္ဒပြကြရာမှ တက္ကသိုလ်ကျောင်းသားသပိတ်ကြီးပေါ် ပေါက်ခဲ့ကာ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ ကျောင်းသားများက ထောက်ခံခဲ့လေသည်။ မျိုးချစ်ဝံသာနုပုဂ္ဂိုလ်များ၏ ကူညီပံ့ပိုးမှုများ ကြောင့် အမြို့မြို့အနယ်နယ်တွင် အမျိုးသား ကျောင်းများ ပေါ်ထွန်းလာခဲ့သည်။ အမျိုး သားကျောင်းများ ပေါ်ထွန်းလာခြင်းကြောင့် မြန်မာစာပေ၊ မြန်မာ့သမိုင်းနှင့် မြန်မာ ယဉ်ကျေးမှုတို့ကို လက်ဆင့်ကမ်းနိုင်ခဲ့ကာ အမျိုးသားရေး စိတ်ဓာတ်ခွန်အားများ ဖြစ်ထွန်းပေါ်ပေါက်လာခဲ့သည်။ ယူနီဗာစီတီကောလိပ်ကျောင်းသပိတ်ကြီးဟု ထင်ရှားခဲ့ သည့် အမျိုးသားရေးလှုပ်ရှားမှုသည် မြန်မာ တိုင်းရင်းသားများအား အမျိုးသားရေး စိတ်ဓာတ်များ နိုးထစေခဲ့ပြီး ဆုံးရှုံးခဲ့ရသည့် မြန်မာ့လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ရန် အတွက် ကြီးမားသော တွန်းအားတစ်ရပ် ဖြစ်ခဲ့ပေသည်။
ပထမဦးဆုံးဘွဲ့နှင်းသဘင်
မြန်မာနိုင်ငံ ပထမဆုံးတက္ကသိုလ်ဖြစ်ရုံ သာမက အရှေ့တောင်အာရှ၏ အစောဆုံး တက္ကသိုလ်တစ်ခုဖြစ်ခဲ့သော ရန်ကုန် တက္ကသိုလ်ကို ၁၈၇၈ ခုနှစ်တွင် ဗြိတိသျှ အိန္ဒိယ ကာလကတ္တားတက္ကသိုလ်၏ လက်အောက်ခံ ရန်ကုန်ကောလိပ်အဖြစ် စတင်တည်ထောင်ခဲ့သည်။ ၁၉၀၄ ခုနှစ်တွင် အစိုးရကောလိပ်ဟု အမည်ပြောင်းခဲ့ပြီး ၁၉၂၀ တွင် ယူနီဗာစီတီ ကောလိပ်နှင့် ယုဒသန် (ဂျပ်ဆင်)ကောလိပ် ဟူ၍ ပေါ်ထွက်လာခဲ့ ၏။ ရန်ကုန်တက္ကသိုလ်ကို အင်္ဂလန်ရှိ အောက်စဖို့ဒ်နှင့် ကိန်းဘရစ် တက္ကသိုလ် များ၏ စနစ်အတိုင်း တည်ထောင်ခဲ့၏။ ၁၉၄၀ နှင့် ၁၉၅၀ ပြည့်နှစ် ကာလများအတွင်း အရှေ့တောင်အာရှ၏ အကောင်းဆုံး တက္ကသိုလ် ဖြစ်ခဲ့ရုံသာမက အာရှထိပ်တန်း အဆင့်ဝင် တက္ကသိုလ်ဖြစ်ခဲ့သောကြောင့် အာရှနိုင်ငံများမှ ကျောင်းသားများ လာရောက်၍ ပညာဆည်းပူးရာ တက္ကသိုလ် ကြီးပင် ဖြစ်ခဲ့သည်။ ထိုကာလများသည် ရန်ကုန်တက္ကသိုလ်၏ လက်လက်ထစေခဲ့ သော ဂုဏ်ယူဝင့်ကြွားဖွယ်ရာ ရွှေရောင် နေ့ရက်များဟု မှတ်တမ်းတင်ထိုက်ပေသည်။
စစ်ကြိုခေတ် ရန်ကုန်တက္ကသိုလ်၏ ပထမဦးဆုံးဘွဲ့နှင်းသဘင်ကို ၁၉၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဂျူဗလီဟော၌ ကျင်းပခဲ့သည်။ အဆိုပါ ဘွဲ့နှင်းသဘင်တွင် ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ကို အဂ္ဂမဟာ ပဏ္ဍိတ လယ်တီဆရာတော်ဘုရားကြီးအား ပေးအပ်ခဲ့သည်။ အလားတူပင် ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ကို ၁၉၅၅ ခုနှစ်တွင် ယူဂို ဆလပ်နိုင်ငံ သမ္မတမ ရှယ်တီးတိုးအား လည်းကောင်း၊ ၁၉၅၈ ခုနှစ်တွင် မြောက်ဗီ ယက်နမ်သမ္မတ ဟိုချီမင်းအား လည်းကောင်း၊ ၁၉၆၁ ခုနှစ်တွင် အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂူရီယန်အား လည်းကောင်း ရန်ကုန် တက္ကသိုလ်က ပေးအပ်ချီးမြှင့်ခဲ့လေသည်။
ကျွန်တော်ကိုယ်တိုင် ရန်ကုန်တက္ကသိုလ် မှ ချီးမြှင့်သည့် ဝိဇ္ဇာ(ပထဝီဝင်)ဘွဲ့ကို ၁၉၇၄ ခုနှစ်က ရရှိခဲ့ပါသည်။ ၂၀၀၄ ခုနှစ်က အသုံးချ စိတ်ပညာဘွဲ့လွန် ဒီပလိုမာကို လည်းကောင်း၊ ၂၀၀၈ ခုနှစ်က လူမှုရေးပညာဘွဲ့လွန်ဒီပလိုမာကိုလည်းကောင်း မိခင်တက္ကသိုလ်မှ ချီးမြှင့်ခြင်းကို ခံယူရရှိခဲ့ပါသည်။ ကျေးဇူး ကြီးမားလှသော ရန်ကုန်တက္ကသိုလ်အား ယခုနှစ်ရာပြည့်ကာလတွင် ဤစာစုဖြင့် ဦးခိုက်ကန်တော့လိုက်ပါသည်။
မြန်မာ့သမိုင်း၊ နယ်ချဲ့ဆန့်ကျင်ရေး သမိုင်း၊ အမျိုးသားလွတ်လပ်ရေးသမိုင်း၊ ဒီမိုကရေစီတော်လှန်ရေး သမိုင်းတို့တွင် ရန်ကုန်တက္ကသိုလ်သည် ထိပ်ဆုံးတန်းက ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံ၏ ပညာတတ်များ၊ အမျိုးသားခေါင်းဆောင်များသာမက စာပေ၊ ဂီတ အနုပညာရှင်များစွာကိုလည်း မွေးထုတ် ပေးနိုင်ခဲ့သည်။
နိုင်ငံရေး နယ်ပယ်ဘက်တွင် လွတ်လပ် ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လကျာ်၊ သခင် သိန်းဖေ၊ သခင်ဗဟိန်း၊ ဗိုလ်အောင်ကျော်၊ ဝန်ကြီးချုပ်ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း စသည်တို့မှာ ထင်ရှားကြသည်။ ပါမောက္ခနှင့် စာတတ်ပေတတ်ဆရာကြီးများတွင် ဦးဖေ မောင်တင်၊ ဦးခင်ဇော်(ကေ)၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဦးမျိုးမင်းတို့ ကဲ့သို့ တက္ကသိုလ် ဆရာများ၊ ကုလသမဂ္ဂအတွင်းရေး မှူးချုပ် ဦးသန့်၊ ဦးတင်ထွဋ်၊ ဒေါက်တာ ထင်အောင်၊ ဒေါက်တာသန်းထွန်း(သမိုင်း)တို့ကဲ့သို့ ပညာတတ်ပုဂ္ဂိုလ်များ၊ သိပ္ပံမောင်ဝ၊ ဒဂုန်တာရာ၊ မောင်ထင်၊ လူထုဒေါ်အမာ၊ တက္ကသိုလ် ဘုန်းနိုင်၊ မိုးမိုး(အင်းလျား)တို့ ကဲ့သို့ စာရေးဆရာများ စသည့် ပုဂ္ဂိုလ်ကျော် များသည် ရန်ကုန်တက္ကသိုလ်ကြီး၏ ဇာတ်ညွှန်းကို အခမ်းနားဆုံး၊ အကြီးကျယ်ဆုံး၊ အကောင်းဆုံး ဖြစ်အောင် ဖော်ညွှန်းရေးသား ခဲ့ကြပေသည်။
အထိမ်းအမှတ် ဝိညာဉ်များအဖြစ် ရှင်သန်နေ
ရန်ကုန်တက္ကသိုလ်၏ ဖွားဖက်တော် ၁၉၂၀ ပထမကျောင်းသားသပိတ်၊ လွတ်လပ် ရေးရသည်အထိ အရှိန်ညီးညီး တိုးတက် သွားစေခဲ့သည့် ကိုအောင်ဆန်း၊ ကိုနုတို့၏ ၁၉၃၆ ကျောင်းသားသပိတ်တို့မှစကာ ၁၉၆၂ ခုနှစ် ဆဲဗင်းဇူလိုင်နှင့် ကျောင်းသားသမဂ္ဂ အဆောက်အအုံသမိုင်း၊ ၁၉၇၄ ဒီဇင်ဘာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့် စျာပနတိုက်ပွဲ၊ ၁၉၈၈ ခု ဇူလိုင်၊ သြဂုတ် ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေး တော်ပုံသမိုင်း စသည်တို့သည် ရန်ကုန် တက္ကသိုလ်ဝင်းအတွင်း၌ အထိမ်းအမှတ် ဝိညာဉ်များအဖြစ် ရှင်သန်နေပေသည်။
“နတ္ထိ သမံ၊ ဝိဇ္ဇာ မိတ္ထံ ” ဟူသော ရန်ကုန် တက္ကသိုလ်၏ ဆောင်ပုဒ်ကိုက ယဉ်ကျေး လှပနေပေသည်။ ပညာနှင့်တူသော မိတ်ဆွေ မရှိ၊ ပညာကဲ့သို့သော ယုံကြည် စိတ်ချရသော၊ ချစ်ခင်ပေါင်းသင်းအပ်သော မိတ်ဆွေကို မိမိတို့ မည်သည့်နေရာတွင်မျှ ရှာဖွေ၍ မရနိုင် ဟူ၍ အဓိပ္ပာယ်ရရှိပေသည်။
ရန်ကုန်တက္ကသိုလ်ကြီးသည် မိမိ၏ ဘဝခရီးလမ်းတစ်လျှောက်လုံး နိုင်ငံအကျိုးပြု ခေတ်မီပညာရပ်များ ပို့ချဖြန့်ဖြူးပေးခြင်း၊ သုတေသနပြုလုပ်ခြင်းတို့ဖြင့် နိုင်ငံတော်ကို ဖြည့်ဆည်းပံ့ပိုးပေးခဲ့သော နိုင်ငံဂုဏ်ဆောင် တက္ကသိုလ်ကြီးပင် ဖြစ်သည်။ သူ့ကျွန်ဘဝမှ လွတ်မြောက်အောင်၊ လွတ်လပ်ရေးကြီး ရရှိ အောင် စွမ်းဆောင်နိုင်ခဲ့ကြသော နိုင်ငံ့ခေါင်း ဆောင်၊ နိုင်ငံ့သားကောင်းများစွာကိုလည်း မွေးထုတ်ပေးခဲ့သည်။ ဝိဇ္ဇာသိပ္ပံ ပညာသင် တက္ကသိုလ်များ၊ သက်မွေးဝမ်းကျောင်း တက္ကသိုလ်များနှင့် စစ်တက္ကသိုလ်တို့ကို ပေါ်ထွန်းလာအောင် မွေးဖွားပေးခဲ့သော မိခင်ကောင်းတက္ကသိုလ်ကြီးလည်း ဖြစ်ပေ သည်။
ယခုအခါ ရန်ကုန်တက္ကသိုလ်ကြီးကို ရှေးယခင်က အာရှတစ်ခွင်တွင် ထွန်းလင်း တောက်ပခဲ့သည့်အတိုင်း ပညာရပ်များ ခေတ်မီ မြင့်မားကာ ကမ္ဘာ့အဆင့်မီတက္ကသိုလ် ကြီးဖြစ်အောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သောအစိုးရအဖွဲ့ဝင်များ၊ ပါမောက္ခ များ၊ ဆရာဆရာမများ၊ ကျောင်းသားများနှင့် ပြည်သူလူထုကြီးကပါ စီမံဆောင်ရွက်လျက် ရှိပြီဖြစ်ရာ မြကျွန်းညိုညိုမှာ ပို၍ပို၍ တောက်ပ ထွန်းလင်းလာပေတော့မည်။ မြေကြီးလက်ခတ်မလွဲပင်တည်း။ ။
ပန်းတောင်းသန်းကြွယ်
ဆောင်းပါးရှင်၏ ကိုယ်ရေးအကျဉ်း
- အမည်ရင်း ဦးသန်းကြွယ်ဖြစ်သည်။
- ၁၉၆၄ ခုနှစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။
- ၁၉၇၄ ခုနှစ်တွင် ပထဝီဝင်အဓိက ဖြင့် လုပ်သားများကောလိပ်မှ ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။
- ၂၀၀၄ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ အသုံးချစိတ်ပညာ ဒီပလိုမာဘွဲ့ကို လည်းကောင်း၊ ၂၀၀၈ခုနှစ်တွင် လူမှုရေးပညာ ဘွဲ့လွန်ဒီပလိုမာကိုလည်းကောင်း ရရှိခဲ့သည်။
- ၁၉၆၉ ခုနှစ်မှစ၍ ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ ဆေးရုံ အသီးသီးတွင် အောက်တန်း စာရေးဘဝမှစတင် တာဝန်ထမ်း ဆောင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ဆေးလူမှုဆက်ဆံရေး အရာရှိ ရာထူးဖြင့် ရန်ကုန်ဆေးရုံကြီးမှ အငြိမ်းစားယူခဲ့သည်။