Skip to main content

မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှု (၇၆) နှစ်ကာလမှသည် နှစ်ပေါင်းထောင်ချီ

မောင်ငြိမ်းအေး

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပြီး ပြည်သူများမှ ရွေးချယ်တင်မြှောက်ခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များက ရွေးချယ်တင်မြှောက်ပေါ်ထွက်လာခဲ့သော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရလက်ထက်တွင် တရုတ်နိုင်ငံသို့ သွားရောက်သည့် နိုင်ငံတော်အဆင့် အဆင့်မြင့်ခရီးစဉ်တွင် နှစ်နိုင်ငံသမ္မတ နှစ်ဦးတွေ့ဆုံမှုမှတစ်ဆင့် နှစ်နိုင်ငံအကြား စီမံကိန်းလုပ်ငန်းများကို စတင်အကောင်အထည်ဖော်ဆောင်နိုင်မည့်အပြင် စီမံကိန်းအသစ်များကိုလည်း ဆက်လက်အကောင်အထည်ဖော်နိုင်တော့မည်ဖြစ်သည်။ ဒီမိုကရေစီနည်းလမ်းတကျ ပေါ်ပေါက်လာသည့် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရသည် နိုင်ငံတော်ကို အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာအောင် ပိတ်ဆို့ဟန့်တားမှုအမျိုးမျိုးကြားက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

အထူးသဖြင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကောင်းမွန်တည်တံ့ခိုင်မြဲအောင် ကြိုးစားလျက်ရှိသည်။ နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်စေရေးအတွက် နှစ်နိုင်ငံခေါင်းဆောင်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများ၊ ရင်းနှီးကျွမ်းဝင်မှုများရှိရန် လိုအပ်သည်။ အိမ်နီးချင်းနိုင်ငံများနှင့် သံတမန်ရေးအရ၊ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ ယဉ်ကျေးမှုအရ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံအချင်းချင်း အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်နေမှသာ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။ အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံကြီးဖြစ်သည့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်ပြီး အတူပူးပေါင်းဆောင်ရွက်မှသာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လာမည်ဖြစ်သည်။

ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့

မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန် ဆက်ဆံရေးထူထောင်ခဲ့သည့် ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့မှစတင်ပြီး ခေတ်အဆက်ဆက် နှစ်နိုင်ငံခေါင်းဆောင်များ၏ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များသည် နှစ်နိုင်ငံဆက်ဆံရေး တစ်စတစ်စနှင့် ပိုမိုတိုးတက်ခိုင်မာလာခဲ့သည်ကို အထင်အရှားတွေ့ရမည်ဖြစ်သည်။ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှုသည် စိန်ရတုအခါသမယပြည့်မြောက်ခဲ့သည့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် အစဉ် အလာမပျက် ဆက်လက်ရှင်သန်တိုးတက်လာခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ထင်ရှားသည့် နိုင်ငံတော်ခရီးစဉ်များတွင် နိုင်ငံတော်အကြီးအကဲ (ယခု နိုင်ငံတော်သမ္မတ) အနေဖြင့် ၂၀၂၅ ခုနှစ် မေလအတွင်း ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပခဲ့သည့် နှစ် (၈၀) ပြည့် မဟာမျိုးချစ်စစ်အောင်ပွဲသို့ တက်ရောက်ခဲ့စဉ် တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်။

ထို့ပြင် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့မှစက်တင်ဘာလ ၁ ရက်နေ့အထိ တရုတ်နိုင်ငံ တီယန်ကျင်းမြို့တွင် ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (CSO) အပေါင်း ထိပ်သီးအစည်းအဝေးနှင့် စက်တင်ဘာလ ၃ ရက်နေ့တွင် ပေကျင်းမြို့၌ ကျင်းပခဲ့သည့် ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ်အခမ်းအနားများသို့ နိုင်ငံတော်အကြီးအကဲ (ယခု နိုင်ငံတော်သမ္မတ) တက်ရောက်ခဲ့စဉ်ကာလအတွင်း၌လည်း တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၊ ဒုတိယသမ္မတ မစ္စတာ ဟန်ကျန့်တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ခဲ့သည်။

ထပ်လောင်းသက်သေပြ

၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်နေ့ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၆) နှစ်ပြည့်မြောက်ပြီးသည့်ကာလ ၂၀၂၆ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) အဖြစ် သွားရောက်ခြင်းသည် မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး (၇၆) နှစ်တာကာလတွင် ထူးခြားသည့် သမိုင်းမှတ်တိုင်တစ်ခုဟု ဆိုရမည်ဖြစ်သည်။ မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး (၇၆) နှစ်တာကာလအတွင်း နှစ်နိုင်ငံ အစိုးရများ၊ ပြည်သူများနှင့် အလွှာအသီးသီးအကြား ဆက်ဆံရေးသည် စဉ်ဆက်မပြတ်တိုးတက်ခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် နှစ်နိုင်ငံချမှတ်ခဲ့သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်နှင့် နှစ်နိုင်ငံဆက်ဆံရေးနယ်ပယ်တွင် ယခုခရီးစဉ်သည် ပိုမိုတိုးတက်ခိုင်မာနေကြောင်း ထပ်လောင်းသက်သေပြနိုင်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသည့် အထူးလေယာဉ်သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်တွင် ပေကျင်းမြို့ Capital လေဆိပ်သို့ ရောက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး H.E.Mr. Liu Wei ဦးဆောင်သည့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဝင်းမြင့်၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်နှင့် တာဝန်ရှိသူများက လေဆိပ်၌ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ကြိုဆိုစဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) လာရောက်ကြသည့် နိုင်ငံ့အကြီးအကဲများကို ကြိုဆိုဂုဏ်ပြုသည့် ဓလေ့ထုံးတမ်းစဉ်လာနှင့်အညီ ကော်ဇောနီ၏ တစ်ဖက်တစ်ချက်တွင် နေရာယူအလေးပြုခဲ့ကြသည်။ တရုတ်ကလေးငယ်တစ်ဦးနှင့် မြန်မာကလေးငယ်တစ်ဦးတို့က ဂုဏ်ပြုပန်းစည်းကမ်း၍ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား ခရီးဦးကြိုဆိုခဲ့ကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတလိုက်ပါလာသည့် အထူးယာဉ်တန်းသည် ကျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာသို့ ဆက်လက်ထွက်ခွာရာ လမ်းကြောင်းတစ်လျှောက်၌ နှစ်နိုင်ငံ နိုင်ငံတော်အလံများကို လွှင့်ထူ၍ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုမှုမြင်ကွင်းများသည် စိတ်ကြည်နူးစရာဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရောက်ရှိသည့် နေ့တွင်ပင် ပေကျင်းမြို့ရှိ Aerospace City သို့ သွားရောက်ကာ တရုတ်နိုင်ငံ၏ အာကာသနှင့် လေကြောင်းနည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ကြည့်ရှု လေ့လာခဲ့သည်။ ခန်းမဆောင်တွင် Aerospace City မှ အမှုဆောင်ချုပ်က တရုတ်အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်း (CASC) သို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ လာရောက်လေ့လာမှုအပေါ် ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုကြပြီး Aerospace City မှ အမှုဆောင်ချုပ်နှင့် တာဝန်ရှိသူများက Aerospace City ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များက ကြည့်ရှုလေ့လာပြီး သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကြသည်။

အာကာသစွမ်းဆောင်ရည်

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် Exhibition Hall အတွင်းရှိ Aerospace City ၏ သမိုင်း ကြောင်းဆိုင်ရာ ပြခန်း၊ Baidu Navigation System ပြခန်း Telecommunication System ပြခန်း၊ Earth Remote Sensing (ERS) ဆိုင်ရာ ပြခန်း၊ အာကာသယာဉ်မှူးလေ့ကျင့်ရေး စနစ်ဆိုင်ရာပြခန်းတို့ကို ပြခန်းတစ်ခုချင်းစီအလိုက် လှည့်လည်ကြည့်ရှုကြရာ Aerospace City မှ အမှုဆောင်ချုပ်နှင့် ပြခန်းများအလိုက် တာဝန်ရှိသူများက တရုတ်နိုင်ငံမှ အာကာသအတွင်းသို့ အာကာသယာဉ်များ လွှတ်တင်နိုင်ခဲ့မှုသမိုင်းကြောင်းဆိုင်ရာများနှင့် မြေပြင်သို့ အောင်မြင်စွာ ပြန်လည်ဆင်းသက်နိုင်ခဲ့မှု များ၊ အာကာသစခန်း တည်ဆောက်နိုင်ခဲ့မှုများ၊ လပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့မှု၊ ပစ္စည်းများသယ်ယူ ပို့ဆောင်နိုင်ခဲ့မှုများ၊ အာကာသယာဉ်များ၏ စွမ်းဆောင်ရည်များ သမိုင်းကြောင်းဆိုင်ရာအချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

အဆိုပါ Aerospace City သည် ပေကျင်းမြို့ Haiden district ၏ အနောက်မြောက်ပိုင်းတွင် တည်ရှိပြီး “Project 921” ဟု မကြာခဏရည်ညွှန်းလေ့ရှိကာ အာကာသယာဉ်မှူးလေ့ကျင့်ရေးအခြေစိုက်စခန်းနှင့် မစ်ရှင်ထိန်းချုပ်ရေးစင်တာတစ်ခုဖြစ်သည်။ အဆိုပါအဆောက်အအုံသည် ပေကျင်းအနောက် မြောက်ပိုင်းရှိ ၂ ဒသမ ၃ စတုရန်းကီလို မီတာ (ဧက ၅၇၇) ကျယ်ဝန်းသည့် မြေပေါ်တွင်တည်ရှိသော ကြီးမားသည့် ကျောင်းဝင်းတစ်ခုဖြစ်သည်။ ၁၉၉၈ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပြီး ပေကျင်းအာကာသထိန်းချုပ်ရေးစင်တာ (Beijing Aerospace Control Centre - BACC)၊ တရုတ်အာကာသနည်းပညာအကယ်ဒမီ (China Academy of Space Technology-CAST) နှင့် တရုတ်အာကာသယာဉ်မှူးစင်တာ (Astronaut Centre of China-ACC) တို့၏ အခြေစိုက် ဖြစ်သည်။

အာကာသနည်းပညာ

Aerospace City အတွင်းရှိ တရုတ်အာကာသသိပ္ပံနှင့်နည်းပညာကော်ပိုရေးရှင်း (CASC) သည် တရုတ်ဗဟိုအစိုးရမှ တိုက်ရိုက်ကြီးကြပ်ကွပ်ကဲသော နိုင်ငံတော်ပိုင် အဆင့်မြင့်နည်းပညာ အဖွဲ့အစည်းတစ်ခုဖြစ်၍ တရုတ်အာကာသအစီအစဉ်များကို အဓိကဆောင်ရွက်လျက်ရှိသည်။ နိုင်ငံ၏ ကာကွယ်ရေးနှင့် အာကာသဆိုင်ရာ စူးစမ်းလေ့လာမှုများကို ပြုလုပ်ပေးလျက်ရှိသည်။ အာကာသစနစ်များအတွက် ကမ္ဘာ့အဆင့်မီ ကုမ္ပဏီစုစုပေါင်း ၅၀၀ ပေါင်းစည်း၍ သုတေသန၊ ဒီဇိုင်း၊ ထုတ်လုပ်မှု၊ စမ်းသပ်မှုနှင့် ဂြိုဟ်တုလွှတ်တင်မှုများကို ဆောင်ရွက်လျက်ရှိသည်။ CASC သည် အာကာသပို့ဆောင်ရေးစနစ်အနေဖြင့် တရုတ်အာကာသပျံသန်းမှု၏ အဓိကမဏ္ဍိုင်ဖြစ်သော ချန်ကျန်း (Changzheng) တာဝေးပစ်ဒုံးယာဉ်များ၏ ဒီဇိုင်းပြုလုပ်ခြင်းနှင့် ထုတ်လုပ်ခြင်း၊ မောင်းနှင်သူလိုက်ပါသော အာကာသယာဉ်ပျံသန်းရေးနှင့် စူးစမ်းလေ့လာရေးလုပ်ငန်းများအနေဖြင့် ထျန်းကုန်း(Tiangong) အာကာသစခန်းတည်ဆောက်ခြင်း၊ ချန်အာ (Chang'e) လသို့ စူးစမ်းလေ့လာရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ထျန်းဝမ် (Tianwen) မားစ်သို့ စူးစမ်းလေ့လာရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဂြိုဟ်တုစနစ်များဖြစ်သည့် ပေသို (BeiDou) ဂြိုဟ်တုစနစ်ပတ်လမ်းကြောင်းအပါအဝင်၊ ကောင်းဖန်း (Gaofen) ကမ္ဘာကို လေ့လာသောဂြိုဟ်တုနှင့် ဆက်သွယ်ရေးဂြိုဟ်တုများ ထုတ်လုပ်ခြင်းနှင့် စီမံဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။ အာကာသနည်းပညာအသုံးချမှုအနေဖြင့် သတင်းအချက်အလက်နည်းပညာ၊ စွမ်းအင်သစ်၊ အဆင့်မြင့် ထုတ်ကုန်များနှင့် ပတ်ဝန်းကျင်အကာအကွယ်ပေးရေးဆိုင်ရာ အထောက်အကူပြုကိရိယာများ ထုတ်လုပ်ခြင်းကိုအရပ်ဘက်ကဏ္ဍများအထိ နည်းပညာကျယ်ပြန့်စွာ အသုံးချနိုင်ရေးအတွက် အဓိကထားဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ပူးပေါင်းဆောင်ရွက်

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး တရုတ်နိုင်ငံ၏ လူလိုက်ပါသော အာကာသယာဉ် (Manned Spaceflight) အာကာသယာဉ်မှူး လေ့ကျင့်ရေးစနစ်ဆိုင်ရာ ပြခန်းအတွင်း လေ့လာကြည့်ရှုခဲ့ကြသည်။ နိုင်ငံတော်သမ္မတကြီး လေ့လာကြည့်ရှုခဲ့သည့် တရုတ်နိုင်ငံ၏အာကာသနှင့် လေကြောင်းနည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများသည် မြန်မာနိုင်ငံ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာကောင်းများဖြစ်လာမည်ဟု မျှော်လင့်မိသည်။ လက်ရှိတွင်လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ အာကာသနည်းပညာဆိုင်ရာများ ဖြန့်ဝေ ပေးခြင်း၊ အာကာသနည်းပညာဆိုင်ရာ ပညာတော်သင် သင်တန်းသားများ ခေါ်ယူလေ့ကျင့်သင်ကြားပေးခြင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် သစ်တော၊ ရာသီဥတု၊ ရေအရင်းအမြစ်နှင့် ပထဝီဆိုင်ရာအချက်အလက်များကို ဂြိုဟ်တုနည်းပညာအသုံးပြု၍ တိုးတက်မြင့်မားအောင် ဆောင်ရွက်ခြင်းတို့၌ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားအတွက် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန် တရုတ်နိုင်ငံနှင့်အတူ အနီးကပ်ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။ နှစ်နိုင်ငံအကြား “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှုသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် စိန်ရတု အခါသမယပြည့်မြောက်ခဲ့ပြီး ဆက်လက်ရှင်သန်တိုးတက်လျက်ရှိသည်။ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် မန္တလေး ငလျင်ကြီးလှုပ်ခတ်အပြီး နောက်တစ်ရက်တွင် တရုတ်နိုင်ငံက ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်ပေးခဲ့ခြင်းသည် နှစ်နိုင်ငံပြည်သူများအကြား အေးအတူ ပူအမျှ အသိုက်အဝန်းမှ အတူမျှဝေခံစားသည့် စိတ်ဓာတ်ခိုင်မာမြဲမြံသော ချစ်ကြည်ရင်းနှီးမှုကို ထင်ဟပ်ဖော်ပြခဲ့ခြင်းဖြစ်သည်။ အရေးအကြီးဆုံးအချိန်တွင် ငလျင်ဒဏ်ခံစားကြရသည့် မြန်မာပြည်သူများအား ရှာဖွေကယ်ဆယ်ကူညီပေးခဲ့ကြသည့် တရုတ်နိုင်ငံအစိုးရနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို မြန်မာပြည်သူများကိုယ်စား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရမည်ဖြစ်သည်။ ထို့အပြင် ပြန်လည်ထူထောင်ရေးအတွက် အထောက်အကူပြုနိုင်ရန် တရုတ်ယွမ်ငွေ ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိသည့်အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို တရုတ်နိုင်ငံက မိတ်ဆွေကောင်းပီသစွာဖြင့် မြန်မာနိုင်ငံအတွက် ပေးအပ်ခဲ့သည်။

မိတ်ကောင်းဆွေကောင်း

အခက်အခဲဆုံးအချိန်တွင် ရရှိခဲ့သည့် ပထမဆုံးပြည်ပအကူအညီဖြစ်သောကြောင့် တရုတ်နိုင်ငံ၏ အချိန်မီကူညီပံ့ပိုး မှုများသည် မြန်မာနိုင်ငံအစိုးရနှင့် သဘာဝဘေးဒဏ်ခံစားကြရသည့် ပြည်သူများအတွက် များစွာခွန်အားဖြစ်စေခဲ့သည်။ ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် အဓိကကျသည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအစရှိသည့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍများ အတွက် စဉ်ဆက်မပြတ် ပေးအပ်လျက် ရှိသည်။ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းပီသသည့် တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများ၏ ဆွေမျိုးပေါက်ဖော်ပီသသည့် ရိုင်းပင်းကူညီပေးမှုများအတွက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများကိုယ်စား ကျေးဇူးတင်ရမည်ဖြစ်သည်။ အခက်အခဲ ဒုက္ခဆင်းရဲရောက်နေချိန်တွင် အကူ အညီပေးသူသည် မိတ်ဆွေကောင်းပင်ဖြစ်သည်။

နှစ်နိုင်ငံဆက်ဆံရေး (၇၆) နှစ်မြောက်အခါသမယတွင် မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူများအတွက် ရေရှည် တည်တံ့သည့် ဘုံအကျိုးစီးပွားနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုး တိုးတက်ရေး၊ မြန်မာ-တရုတ်အနာဂတ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို မြှင့်တင်နိုင်ရေးတို့အတွက် ဆက်လက်ဆောင်ရွက်သွားမည်ကို တွေ့မြင်နေရပြီဖြစ်သည်။ မြန်မာ-တရုတ်နှစ်နိုင်ငံသည် ရေမြေ တောတောင်ချင်း ထိစပ်နေရုံသာမက ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည်မှုအပိုင်းတွင်လည်း အလွန်နက်ရှိုင်းသည့် တူညီသောအချက်များရှိသည်။ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်မှု (၇၆) နှစ်မြောက် အခါသမယတွင် နှစ်နိုင်ငံခေါင်းဆောင်များအကြား၊ နှစ်နိုင်ငံအစိုးရများအကြား၊ နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ ရှင်သန်ဖွံ့ဖြိုး တိုးတက်ခိုင်မာလာပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လျက်ရှိသည်။

ယခုအခါ နိုင်ငံတော်သမ္မတကြီး၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အစတွင်ပင် နှစ်နိုင်ငံအကျိုးစီးပွားနှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည့် အခွင့်အလမ်းကောင်းများကို စတင်တွေ့မြင်နေရပြီဖြစ်သည်။ ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု၊ မိတ်ကောင်းဆွေကောင်း အိမ်နီးချင်းကောင်းပီသမှုတို့ သည် မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် အပြန်အလှန်ဆောင်ကြဉ်းပေးမှုများကို အထင်အရှားပြသလျက်ရှိသည်။ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကြီးက ဖွံ့ဖြိုးဆဲအိမ်နီးချင်းနိုင်ငံငယ်အပေါ်တွင် ထားရှိသည့် စာနာထောက်ထားမှုများနှင့် ရိုင်းပင်းကူညီမှုများသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက်ခိုင်မာ စေပါသည်။ နိုင်ငံတော်အဆင့်ချစ်ကြည် ရေးခရီး(State Visit) အဖြစ် သွားရောက်လျက်ရှိသည့် နိုင်ငံတော်သမ္မတကြီး၏ ခရီးစဉ်သည် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်မှု (၇၆) နှစ်ကာလမှသည် နှစ်ပေါင်းထောင်ချီ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ခိုင်မြဲနေမည်ဟု ယုံကြည်ပါသည်။ ။

(ဆက်လက်ဖော်ပြပါမည်)