Skip to main content

ဂုဏ်ပြုထိုက်သော တပ်မတော်နေ့

မိုးသားလေး(ဟိုတယ်/ခရီး)

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် မတ်လ ၂၇ ရက်သည် အရေးအကြီးဆုံးသော မှတ်တိုင်တစ်ခုဖြစ်သည်။

နယ်ချဲ့လွတ်မြောက်ရေးလှုပ်ရှားမှုဖြင့် စတင်သန္ဓေတည်ခဲ့ပြီး နိုင်ငံ့လွတ်လပ်ရေးအတွက် တပ်မတော်နှင့် တိုင်းရင်းသားပြည်သူများအတူ လက်တွဲပြီး ဖက်ဆစ်ဝါဒီများကို စတင်တွန်းလှန်မောင်းထုတ်ခဲ့သည့် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက် နေ့သည် ဂုဏ်ပြုထိုက်သော နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသော ကြည်း၊ ရေ၊ လေ တို့ဖြင့် ဖွဲ့စည်းထားသည့် မြန်မာ့တပ်မတော် ဖြစ်တည်ပေါ်ပေါက်ခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း(၈၁)နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။

တပ်မတော်နေ့ကျင်းပရခြင်း ရည်ရွယ်ချက်

တပ်မတော်နေ့သည် မြန်မာ့တပ်မတော်၏ စွမ်းဆောင်ရည်နှင့် မျိုးချစ်စိတ်ဓာတ်ကို ဂုဏ်ပြုသည့်နေ့တစ်နေ့ဖြစ်ပြီး သမိုင်းကြောင်းအရ နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးအတွက် အသက်သွေးချွေးပေးဆပ်ခဲ့သော ရှေးဦးတပ်မတော်သားများနှင့် ပြည်သူများ၏ စည်းလုံးညီညွတ်မှုကို ပြန်လည်သတိရစေသော နေ့တစ်နေ့ဖြစ်ပါသည်။ ထို့အပြင် ခေတ်မီမျိုးချစ်တပ်မတော်တစ်ရပ်အဖြစ် တည်ဆောက်ထားမှု၊ စစ်အင်အား၊ လက်နက်ခဲယမ်းနှင့် နည်းပညာမြှင့်တင်ထားမှုတို့ကို ပြည်သူနှင့် ကမ္ဘာကို ထုတ်ဖော်ပြသခြင်းဖြစ်သည်။

နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းအားကို ယုံကြည်မှုတည်ဆောက်ခြင်းလည်းဖြစ်ပြီး နောင်လာနောက်သား တပ်မတော်သားများနှင့် လူငယ်များအကြား မိမိနိုင်ငံ၊ မိမိလူမျိုးကို ချစ်မြတ်နိုးသည့်စိတ်၊ အချုပ်အခြာအာဏာကို ကာကွယ်လိုသည့်စိတ်နှင့် “ရဲစိတ်ရဲမာန်” စိတ်များ အစဉ်အမြဲကိန်းအောင်းနေစေရန်လည်း ရည်ရွယ်ပါသည်။

တပ်မတော်နေ့အခမ်းအနားကို ယခင်က ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါသည့်အထင်ကရ နေရာတစ်ခုလည်းဖြစ်သည့်အပြင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သမိုင်းဝင်စစ်ထွက်မိန့်ခွန်းပြောကြားခဲ့သော တော်လှန်ရေး ပန်းခြံတွင် ကျင်းပခဲ့ပါသည်။ ၂၀၀၆ ခုနှစ် နောက်ပိုင်းမှစ၍ နေပြည်တော်ရှိ စစ်ရေးပြကွင်းကြီးတွင်ကျင်းပလာခဲ့ပါသည်။

ထိုနေ့တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ)နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ အရာရှိ၊ စစ်သည်များ၊ အမျိုးသမီးတပ်ဖွဲ့ဝင်များ၊ အမျိုးသမီး(အထူး)တပ်ဖွဲ့ဝင်များ၏ စစ်ရေးပြချီတက်မှုများ၊ စစ်လက်နက်ပစ္စည်းများ ထုတ်ဖော်ပြသမှုများ၊ လေတပ်၏ လေကြောင်းပျံသန်းမှုအတတ်ပညာ ပြသမှုများနှင့်အတူ တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များ၏ အချိန်ကိုက်အုပ်စုဖွဲ့ပျံသန်း လေ့ကျင့်မှုများ၊ အလံတော်အဖွဲ့နှင့် စစ်ကြောင်းတပ်ခွဲများ၏ ဝတ်စားဆင်ယင်မှုဆိုင်ရာများ၊ စစ်ရေးပြအလံများ၊ စစ်ရေးပြလက်နက်ငယ်များနှင့် စစ်ဝတ်တန်ဆာများ ပြင်ဆင်ထားရှိမှုနှင့် စစ်ရေးပြတပ်ခွဲအသီးသီး၏ စစ်ရေးပြလှုပ်ရှားမှုများ ပြသကြပါသည်။

ထို့အပြင် နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများနှင့် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ တိုင်းစစ်ဌာနချုပ်များတွင်လည်း စစ်ရေးပြအခမ်းအနားများ ကျင်းပဂုဏ်ပြုကြပါသည်။

တပ်မတော်နေ့တွင် နိုင်ငံတော်၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာ၌ ထူးကဲစွာ ဆောင်ရွက်ခဲ့ကြသည့် စစ်ဘက်နှင့် အရပ်ဘက်ပုဂ္ဂိုလ်များအား နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်ဘွဲ့ များနှင့် တံဆိပ်များကို နှစ်စဉ်ချီးမြှင့်အပ်နှင်းလေ့ရှိရာ ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် ရဲဝံ့ပြောင်မြောက်စွာ စွမ်းဆောင်ခဲ့သူများအား ပေးအပ်သည့် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ၊ နိုင်ငံတော်တည်ဆောက်ရေးနှင့်ဖွံ့ဖြိုးရေးအတွက် နယ်ပယ်အသီးသီးမှ ထူးထူးချွန်ချွန်ဆောင်ရွက်သူများကို ပေးအပ်သည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းပါသည်။ 

တပ်မတော်နေ့ အထိမ်းအမှတ်ပြပွဲများ၊ ဓာတ်ပုံပြပွဲများနှင့် စာစီစာကုံးပြိုင်ပွဲများကို ဌာနဆိုင်ရာများက ဦးဆောင်ကျင်းပခြင်း၊ ဗဟိုအဆင့် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲများ ကျင်းပခြင်းတို့အပြင် နိုင်ငံတကာသံတမန်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအတွက် ဂုဏ်ပြုညစာစားပွဲတို့ကို ပြုလုပ်ခြင်း၊ မြို့တော်နေပြည်တော်နှင့် မြို့ကြီးအချို့တွင် တပ်မတော်နေ့ညချမ်းအချိန်အခါ၌ မီးရှူးမီးပန်းများ ပစ်ဖောက်ကာ ဂုဏ်ပြုဆင်နွှဲကြပါသည်။

တပ်မတော်၏ စွမ်းဆောင်ရည်များ

“ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏ ”ဟူသော အသက်ကိုပင် ပေးဆပ်ရဲသည့် တပ်မတော်သားတို့၏ဂုဏ်ဒြပ်ကား တုနှိုင်းဖွယ်မရှိ၊ မြင့်မြတ်လှသည်။ မြန်မာ့တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးအဖြစ် ဦးထိပ်ပန်ဆင်ကာ အစဉ်တစိုက်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကာ အရေးသုံးပါးကို ထိပါးနှောင့်ယှက်လာမည့် မည်သည့် ပြည်တွင်း၊ ပြည်ပရန်စွယ်ကိုမဆို ကာကွယ်တွန်းလှန်ရန်အတွက် သစ္စာလေးချက်အဓိဋ္ဌာန်ပြုကာ အမြဲအသင့်ရှိနေသော မြန်မာ့တပ်မတော်၊ ပြည်သူ့တပ်မတော်သာ ဖြစ်သည်။

တပ်မတော်သားများသည် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရသူများဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြသူများဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်မှာ အနိမ့်ဆုံးအဆင့် ပြည်သူလူထုကို ကာကွယ်ရန်၊ အမြင့်ဆုံးအဆင့် နိုင်ငံတော်၏ အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ရန်ဖြစ်ပြီး တပ်မတော်သားများသည် ကိုယ်ပိုင်ဆန္ဒနှင့်အညီ အများအကျိုးအတွက် နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နေကြသူများဖြစ်သည်။

ထို့အပြင် လေးချက်သောသစ္စာကို နေ့စဉ်ရွတ်ဆိုပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေသည့် တပ်မ‌တော်သားများသည် အမိနိုင်ငံတော်၏ မြတ်နိုးတန်ဖိုးထားဖွယ်ရာ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေ ဖြစ်ပါကြောင်းနှင့် ချစ်သောတပ်မတော် ထာဝရ အဓွန့်ရှည်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ၂၀၂၆ ခုနှစ် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုရေးသားတင်ပြလိုက်ရပါသည်။ ။