Skip to main content

ပြည်ထောင်စုကြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပညာရေးကို ဦးစားပေး

ဒေါက်တာ မောင်ကျော်(ပါမောက္ခချုပ်-ငြိမ်း)

ပညာရေးသည် လူတစ်ဦး၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး၊ ပင်ကိုစိတ်ဓာတ်နှင့် စံတန်ဖိုးများကို ဖွံ့ဖြိုးစေသည့် အခြေခံအင်အားဖြစ်သည်နှင့်အညီ လူတစ်ဦးချင်းစီ၏ဘဝကို တိုးတက်စေနိုင်သည်သာမက နိုင်ငံ၏အနာဂတ်ကို ပုံဖော်ပေးနိုင်သည်။ သင်ယူမှုကိုမြတ်နိုးသူ၊ တီထွင်ဖန်တီးနိုင်စွမ်းရှိသူသည် နိုင်ငံတစ်နိုင်ငံ၏ သန်းပေါင်းများစွာသော လူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကြီးမားစွာ ပြောင်းလဲစေနိုင်သည်ဆိုသည်ကို မြော်မြင်တတ်ရမည်။ မိမိတို့အတူတကွ လက်တွဲညီညာ စည်းစည်းလုံးလုံးဖွံ့ဖြိုးဖို့၊ အေးအတူပူအမျှ အတူတကွလောကကို ဖြတ်သန်းကြသည့်အခါ အငြိုးအတေး၊ ရန်ငြိုးကင်းဖို့၊ စစ်မက်ကင်းဖို့၊ ဘေးဒုက္ခများနှင့် မကြုံကြိုက်ဖို့ ကြိုတင်တွက်ဆနိုင်သော အသိဉာဏ်သည် အလိုအပ်ဆုံးဖြစ်ပါသည်။

အသိမှား၍ အလုပ်မှားသည်

လယ်တီပဏ္ဍိတ ဦးမောင်ကြီးက “အသိမှား၍ အလုပ်မှားသည်။ မှားသောအလုပ်ဖြင့် ဆိုးကျိုးတရားသာပေး၏။ မကောင်းသောအကျိုးသည် အကြောင်းမဲ့သက်သက် ဖြစ်သည်မဟုတ်။ အလုပ်မှားခြင်းတည်းဟူသော အကြောင်းကြောင့် ဖြစ်၏” ဟု ဆိုသည်။ ဝါဒပြင်းပြ၊ တစ်ဖက်သတ်အမြင်၊ ခွဲခြားဆက်ဆံသောအမြင်များကို ဖယ်ရှားရပါမည်။ ရှေးရိုးခွဲခြားဆက်ဆံမှု၏ အန္တရာယ်သည် ကြာရှည်လာသည်နှင့်အမျှ ဆင်းရဲမွဲတေမှု၊ စိတ်မချမ်းမြေ့ဖွယ် စိတ်ဒုက္ခတို့ တွေ့ကြပါလိမ့်မည်။

ပြည်သူတစ်ရပ်လုံး လူတန်းစားအလွှာအသီးသီး၏ ကောင်းကျိုးအဖုံဖုံကို ရှေးရှုကာ ကိုယ်စိတ်နှစ်ပါး အေးချမ်းသောဘဝကို လိုလားကြသည်သာဖြစ်သည်။ နိုင်ငံတည်ငြိမ်အေးချမ်းသာယာဝပြောနိုင်ဖို့ ကိုယ့်အားကိုယ်ကိုးကြရမည်။ တိုင်းရင်းသားအပေါင်းက တညီတညွတ်တည်း ကိုယ်ထူကိုယ်ထပြုကြ၊ ရေရှည်အကျိုးကို မျှော်ကိုးပြီး ပြည်ထောင်စု၏အနာဂတ်ခရီးကို လျှောက်ကြရပါမည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် တိုင်းပြည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာမှပင် အရေးကြီးသကဲ့သို့ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်း၍ တိုင်းရင်းသားပြည်သူအားလုံး ပြည်ထောင်စုကြီးအတွင်း ဥမကွဲသိုက်မပျက်၊ အေးအတူပူအမျှ ရာသက်ပန် ပူးပေါင်းနေထိုင်ရန်အတွက်လည်း ငြိမ်းချမ်းရေးက မရှိမဖြစ်အရေးကြီးလှပေသည်။

ကျွန်တော်တို့ ငယ်စဉ်ကစ ကြီးပြင်းလာသည်အထိ ပညာသင်ကြားကြသောအခါ −

သိဖို့ (learning to know)

ကျွမ်းကျင်ဖို့ (learning to do and be skillful)

ကိုယ်ကျင့်တရားကောင်းဖို့ (learning to be)

အတူတကွ နေထိုင်ကြဖို့၊ ခွဲခြားမှုမရှိဖို့ (learning to live peacefully together, with no discrimination) ကိစ္စတွေပါဝင်ပါသည်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်းတို့နှင့် ညီညွတ်မျှတစွာနေတတ်ဖို့က အလွန်အရေးကြီးလှသည်။ အတ္တ၊ ပရမျှတ၊ အပြုံးမပျက် လုပ်နိုင်ဖို့လိုပါသည်။ ကျွန်တော်တို့ သဲကြီးမဲကြီး လုပ်နေကြသောကိစ္စများက တစ်ခါတစ်ရံမှာ အဓိကမကျလှ။ အေးအေးဆေးဆေး နွေးနွေးထွေးထွေး၊ ဆွေးဆွေးနွေးနွေး လုပ်ဆောင်တတ်ကြဖို့လိုပါသည်။

မိမိဘဝကို ထိန်းကျောင်းရာမှာ ပူးတွဲဆောင်ရွက်ဖို့ (Collaboration)၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ဖို့ (Cooperation)၊ ထဲထဲ ဝင်ဝင်စဉ်းစားဖို့ (Critical thinking) ကို မေ့နေတတ်ကြသည်။ ထိပ်တိုက်ရင်ဆိုင်မှု (Confrontation) ကို လွယ်လွယ်ကူကူပြုကြသည်။ ညှိနှိုင်းဆောင်ရွက်၊ အလျော့အတင်းအပေးအယူ (Compromise) မျှတသည့် ဘဝကို တည်ဆောက်တတ်ဖို့ လိုပါသည်။

စာမတတ်လျှင်

စာမတတ်လျှင်၊ အသိပညာအတတ်ပညာမရှိလျှင်၊ ပေးတင့် (Patent) မထုတ်လုပ်နိုင်လျှင်၊ ရေမြေသယံဇာတများရောင်းချပြီး ရပ်တည်ရလိမ့်မည်။ အလုပ်ကြမ်းသမားဘဝဖြင့် အသက်မွေးမှုကို လုပ်ရလိမ့်မည်။ အဓိပ္ပာယ်က စာမသင်လျှင် ပညာဆိုတာမရနိုင်၊ သညာမရနိုင်လျှင် ဗဟုသုတမကြွယ်နိုင်၊ ဗဟုသုတကြွယ်မှ၊ ပညာဆိုတာရပြီး ပညာရမှ မှားမှန်ဝေဖန်ပိုင်းခြားနိုင်သူဖြစ်မည်။ ဉာဏ်အမြော်အမြင်ကင်းမဲ့ပြီး ကြမ်းကြုတ်ရက်စက်သောစိတ်၊ အာဃာတစိတ်၊ အကြောင်းမဲ့မကြိုက်၊ မနှစ်သက်သည့်စိတ်၊ မနှစ်မြို့သည့်စိတ်တို့သည် နိမ့်ကျသည့်စိတ်များဖြစ်၏။

အခြားသူအား သေးသိမ်အောင်ပြောလိုက်ရမှ နေသာထိုင်သာရှိသောစိတ်၊ ကိုယ့်မျက်ချေး ကိုယ်မမြင်သောစိတ်တို့သည် လှပလေ့မရှိ၊ အကျည်းတန်အရုပ်ဆိုးလေတော့သည်။ မျက်မှောက်ကာလကို တစေ့တစောင်းကြည့်လိုက်လျှင် မူးယစ်ဆေးဝါး၊ ငွေကြေးလိမ်လည်၊ လောင်းကစားမှုတို့ကြောင့် ပညာမဲ့သူ၊ အကောင်းအဆိုးမခွဲခြားနိုင်သူ၊ အတွေးအခေါ်အမြင်စောင်းသူ၊ ဥပဒေဘောင်နှင့် မညီညွတ်သူများကြောင့် စိတ်ပင်ပန်းဆင်းရဲလောက်အောင် မိသားစုဘဝ လူ့အသိုင်းအဝန်းသည် ဖရိုဖရဲယိမ်းယိုင်ပြိုလဲနေသည်ကို တွေ့ရပါလိမ့်မည်။

ဉာဏ်၊ ဝီရိယနှင့် စည်းလုံးညီညွတ်

လူ့အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ တိုးပွားမှု၊ ကျဆင်းမှုတို့သည်လည်း ထိုလူ့အဖွဲ့အစည်း၊ ထိုနိုင်ငံမှ ပြည်သူတို့၏ ဉာဏ်၊ ဝီရိယနှင့် စည်းလုံးညီညွတ်မှုပေါ်တွင် ပဓာနအားဖြင့် တည်နေပုံကို လယ်တီဆရာတော်ကြီးက-

“… တစ်ယောက်၏ဉာဏ်၊ ဝီရိယသည် အားရှိသလောက် အကျိုးကိုဖြစ်ထွန်းစေနိုင်သည်။ ထို့ထက် နှစ်ယောက်ညီလာသော် ဉာဏ်ဝီရိယသည် အားများစွာပါနေသည်။ ထိုထက်သုံးယောက် ညီလာသော် ဉာဏ်ဝီရိယ၊ ထိုထက်လေးယောက်၊ ထိုထက်ငါးယောက်၊ တစ်ကျိပ်၊ တစ်ရာ၊ တစ်ထောင် စသည်ဖြင့် အများညီညွတ်သော် ဉာဏ်ဝီရိယသည် တိုင်းကိုကြံနိုင်သည်။ ပြည်ကိုကြံနိုင်သည်။ ဤကဲ့သို့သောအရာများမှာကံသည် ပဓာနမဟုတ်၊ အများညီညွတ်သော ဉာဏ်၊ ဝီရိယသည်သာ ပဓာနပေတည်း…” ဟု တွေးမြင်တင်ပြခဲ့သည်။

လူ့အဖွဲ့အစည်းဆိုသည်မှာ လူတစ်ယောက်စီဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်၏။ တစ်ဦးစီသော လူသားနှင့် လူနေမှုအဖွဲ့အစည်းအကြား ဆက်သွယ်မှုအမျိုးမျိုးဖြစ်ပေါ်လာ၏။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကွဲပြားခြားနားသော ကျွန်းစုလေးများကဲ့သို့ ခြားနားသည့်အလားထင်မှတ်ကြကာ သာယာညီညွတ်ခြင်း သဟဇာတဖြစ်မှုမှ ဝေးကွာလာကြလေတော့သည်။ ယင်းလူ့အဖွဲ့အစည်းသည် သဟဇာတဖြစ်မှုကိုသွေဖည်၍ အစွန်းသို့ရောက်သောအခါ ယင်းအဖွဲ့အစည်း၏ တည်ငြိမ်မှု၊ တိုးတက်မှုတို့သည် ရပ်တန့်သွားတတ်၏။ သဟဇာတဖြစ်မှုမှ သွေဖည်သောလမ်းသည် အစွန်းနှစ်ဖက် ရောက်သွားသောလမ်းဖြစ်၏။ ဒေါသပုံထ၊ ယမ်းပုံမီးကျထိမရောက်ဖို့ စိတ်ကိုထိန်းကြရမည်။ ဆင်ခြင်တုံတရားများထားကြရမည်။

ဆင်ခြင်တုံတရားဆိုသည် ဤနေရာ၌ - “ယောနိသော မနသိ ကာရ”ပင်။ ကိစ္စကြုံတိုင်း၊ ကုသိုလ်ဖြစ်အောင် သင့်တင့်စွာ စိတ်နှလုံးသွင်းနိုင်ပြီဆိုလျှင် နိုင်ခြင်းရှုံးခြင်းမရှိ၊ ရန်သူမရှိ၊ ညီညွတ်စေသည်။ မကောင်းတာမလုပ်၊ မကောင်းတာကို သတိထားပြီး ရှောင်ကြဉ်လာသည်။ ကောင်းတာကို ကြိုးစားပြီးလုပ်ဖြစ်သည်၊ ယင်းသည် စိတ်နှလုံးအေးချမ်း၊ စိတ်ကျန်းမာမှုကိုပေးသည်။ ကောင်း၏၊ မကောင်း၏၊ အကြောင်းနှင့်အကျိုးဆက်စပ်၏၊ မဆက်စပ်၏ စသည်တို့ကို ဂဃနဏ သိမြင်နိုင်သောအသိဉာဏ် မြင့်ဖို့လိုအပ်သည်။

မန်လည်ဆရာတော်ကြီးက “ပညာပြည့်ဝနှလုံးလှဟူသော်” ဆောင်ပုဒ်ဖြင့် နိုင်ငံတစ်နိုင်ငံ၌ ပညာတတ်မျိုးဆက်များစွာ လိုအပ်သလို လှပသောနှလုံးသားများလည်း မရှိမဖြစ်လိုအပ်ပုံ၊ “လူထူ” မဖြစ်ရေး ပညာတတ်မျိုးဆက်များစွာလိုအပ်ပုံ၊ နှလုံးလှသည့် လူကောင်းလူတော်များလိုအပ်ပုံ၊ “လူထူမဖြစ်ဘဲ လူထု” ဖြစ်ရာ၏ ဟူသောအဓိပ္ပာယ်ဖြစ်သည်။ မှား/မှန်ပိုင်းခြား ပညာအား စာဖြင့် ပညာရယူပါ။ ပညာဉာဏ်မရှိ အတတ်ပညာမဲ့ လူထူများသည် သာမန်အသိ (Common Sense) ကိုပင် မရှိသလိုဖြစ်တတ်ရာ ပိုးဖလံမျိုးမီးကိုတိုးသလိုဖြစ်တတ်သည်။ ဘေးဒုက္ခတွေနှင့် မကြုံကြိုက်ရဖို့ ကြိုတင်တွက်ဆနိုင်သော အသိဉာဏ်သည် အလိုအပ်ဆုံး၊ ဗဟုသုတချည်း မလုံလောက်ဆိုသောအဓိပ္ပာယ်ဖြစ်ပါသည်။

မိမိတို့နိုင်ငံသည် နိုင်ငံတစ်နိုင်ငံအနေဖြင့် ရေခံမြေခံလည်းကောင်းမွန်၊ သယံဇာတလည်းပေါကြွယ်၊ ပထဝီနိုင်ငံရေးကောင်းမွန်လှသည်။ ဤထက်ပို၍ အရေးကြီးသည်မှာ ပညာလည်းတတ်၊ ဉာဏ်ပညာလည်းရှိ၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်၍ အမြော်အမြင်ရှိသော ပြည်သူလူထုဖြစ်ရေးကိုတွေးပူ၍ မန်လည်ဆရာတော်ကြီးက လူထူဖြစ်မသွားရေး၊ စိတ်နေသဘောထား၊ စိတ်အခြေအနေ (Mindset) မြင့်မားရေးရေးခဲ့ဟန်တူ၏။

ဂျပန်၏ အောင်မြင်ခြင်းတရား

ဂျပန်နိုင်ငံ၏ သူမတူ၊ ထူးခြားအောင်မြင်မှု၏ အရင်းခံမှာ ဂျပန်လူထုဖြစ်သည်။ လူထုကအဓိကကျပါသည်။ ဂျပန်တို့သည် ဉာဏ်ရည်ကောင်းသူ၊ အလုပ်ကြိုးစားလုပ်သူများဖြစ်သည်။ သယံဇာတကောင်းကောင်းရှိဖို့၊ ခေါင်းဆောင်ကောင်းဖို့ချည်း မျှော်လင့်နေသူများမဟုတ်။ မိုးကိုချည်းပဲ မျှော်လင့်နေသူမဟုတ်။ လျှပ်စစ်မရှိလျှင်ရှိအောင် ကြံဖန်လုပ်တတ်သည့် လူမျိုး၊ အဏုမြူဗုံးဒဏ်ခံရသည့်နိုင်ငံ၊ မြေငလျင်ကျော၊ ငလျင်စက်ကွင်းထဲမှာရှိနေသော်လည်း လျှပ်စစ်စွမ်းအင်ရဖို့ အဏုမြူဓာတ်ပေါင်းဖို ၅၀ ကို စွန့်စွန့်စားစား တည်ဆောက်သည့် သတ္တိက ဂျပန်၏အောင်မြင်ခြင်း တရားများဖြစ်သည်။

စိတ်နှလုံးလှဆိုသည်

“စိတ်နှလုံးလှ” ဆိုသည် ကြည်လင်သောစိတ်၊ ဗြဟ္မစိုရ်တရားလေးပါးကို ရင်ဝယ်မှာထားနိုင်သောစိတ်၊ တရားမျှတသောစိတ်၊ ကောင်းခြင်းမင်္ဂလာအဖြာဖြာကို ဖြန့်ဝေလိုသောစိတ်၊ ငြိမ်းချမ်းစွာ အတူလက်တွဲနေလိုသောစိတ်၊ ပြဿနာဟူသမျှကို ဖြေရှင်းလိုသော စိတ်၊ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုထောက်ထား ညှာတာသောစိတ်စသည်တို့ဖြစ်သည်။ နိုင်ငံသားတိုင်း ပညာတတ် နှလုံးလှကြပြီဆိုလျှင် သဘာဝသယံဇာတတို့သည် ပို၍တန်ဖိုးရှိလာကြမည်ဖြစ်၏။ လူနှင့်တကွ ဂေဟစနစ်ကြီးသည် ရေရှည်တည်တံ့ဖွံ့ဖြိုးလျက် ထာဝရအကျိုးပြုပေးနိုင်သည်ကို မြော်မြင်နိုင်စွမ်းရှိရမည်ဖြစ်သည်။

ကျွန်တော်တို့သည် ဘဝတစ်လျှောက်လုံးအပြင်ကိုသာ ကြည့်လေ့ရှိကြသည်။ အပြင်လောကတွင် ဘာတွေဖြစ်နေသလဲ ဆိုတာကိုသာ သဲကြီးမဲကြီးကြည့်သော အလေ့အထ စွဲနေတတ်ကြသည်။ အခြားသူတွေ ဘာတွေလုပ်နေသလဲ၊ ဘာတွေဖြစ်နေသလဲဆိုတာကို အာရုံထားလေ့ရှိကြသည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ တစ်နေကုန်ပြောနေ၊ လုပ်နေသော်လည်း ကိုယ့်ကိုကျွေးနေသောမိခင်၏ မီးဖိုချောင်၌ ပန်းကန်ဝိုင်းကူဆေးဖို့သတိမရကြ။ ကိုယ့်ကိုယ်ကိုယ် စစ်ဆေးဆန်းစစ်မှုလုပ်ဖို့ မရှိသလောက်ရှားပါသည်။ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ပကတိအခြေအနေကို အကဲခတ်ဖို့ပင် မကြိုးပမ်းနိုင်ဘဲ ဖြစ်နေတတ်ကြသည်။ ကြိုးပမ်းလျှင်တောင် မိမိစိတ်သည် ကြည်လင်နေဖို့ လိုပါလိမ့်မည်။ ထို့အတွက် စိတ်ကိုမသန့်စင်အောင် လှုံ့ဆော်နေတတ်သော စေတသိက်များကို အတတ်နိုင်ဆုံး ဖယ်ရှားကြဖို့လိုပါလိမ့်မည်။

စေတသိက်များ

လူတို့စိတ်ကို မသန့်စင်အောင် လှုံ့ဆော်တတ်သော စေတသိက်များမှာ− မောဟ… မသိခြင်း၊ လောဘ … လိုချင်တပ်မက်ခြင်း၊ ဒိဋ္ဌိ … မှားယွင်းစွာ နားလည်ခြင်း၊ မာန … ထောင်လွှားခြင်း၊ ဒေါသ … ခက်ထန်ခြင်း၊ ဣဿာ…မနာလိုခြင်း၊ မစ္ဆရိယ … ဝန်တိုခြင်း၊ ဥဒ္ဓစ္စ…ပျံ့လွင့်ခြင်း၊ အဟိရိက … မရှက်တတ်ခြင်း၊ အနောတ္တပ္ပ … မကြောက်လန့်ခြင်း၊ ကုဣစ္စ … ပူပန်ခြင်း၊ ထိန … ထိုင်းခြင်း၊ မိန္ဓ … မှိုင်းခြင်း၊ ဝိစိကိစ္ဆ … ယုံမှား သံသယဖြစ်ခြင်း၊ ကိုယ့်အကြောင်းကို သိဖို့ဆိုသည်မှာ အထက်ကစိတ် စေတသိက်များဖြစ်သည်။ စေတသိက်များကြောင့် နှုတ်မှု၊ ကိုယ်မှု၊ မကောင်းမှုအကုသိုလ်များ ပြုကြကုန်၏၊ ထိုစိတ်ညစ်စိတ်ပုပ်တို့က လူကိုလည်းကောင်း၊ လူ့လောကကိုလည်းကောင်း ဖျက်ဆီးနိုင်၏။

ရာစုသစ်၏ အကြီးမားဆုံးစိန်ခေါ်မှုက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့လောက်မဟုတ်၊ လောဘ၊ ဒေါသ၊ မောဟကြီးမားခြင်း၊ မာနဣဿာ မစ္ဆရိယ၊ ဒိဋ္ဌိစသည့် စိတ်ကို ညစ်ညမ်းစေသည့် စေတသိက်များအန္တရာယ်မှ ကာကွယ်ရန်ဖြစ်၏။ ကိုယ်ကျင့်တရားနှင့် ကိုယ့်သိက္ခာကို ညစ်ညမ်းစေသည့် စေတသိက်များ၏ ဘေးအန္တရာယ်မှ ကာကွယ်ရန်သာဖြစ်၏။ မာနထောင်လွှားခြင်း၊ ကိုယ့်ထက်သာသူကိုမနာလိုလျှင် ဣဿာ၊ ဝန်တိုလျှင်မစ္ဆရိယ၊ မှားယွင်းစွာနားလည်နေလျှင် ဒိဋ္ဌိတို့က အဆိုးဆုံးတရားများဖြစ်၏။ စိတ်ကိုညစ်ညမ်းစေ၏။

နေ့စဉ်နေ့တိုင်း နံနက်ခင်းအိပ်ရာကထသည်နှင့် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာ၊ မစ္ဆရိယ၊ ဒိဋ္ဌိတို့ကို သယ်ဆောင်မိပြီဆိုလျှင်၊ အကုသိုလ်စိတ်တို့ လွှမ်းမိုးလာပြီဆိုလျှင် ကိုယ့်အနာဂတ် အခြေအနေသည် ကောင်းစရာမရှိနိုင်။ “မိမိ၏ ဒေါသ၊ အမုန်းတရား၊ ရန်ငြိုး၊ ခါးသီးရွံမုန်းစိတ်များ စိတ်ထဲမှာထွက်နေလျှင် ထိုမကောင်းစိတ်များ၏ ပထမဦးဆုံးသားကောင်က ကိုယ်ကိုယ်တိုင်ပါပဲ။ ရှေးဦးစွာ ကိုယ့်ကို အန္တရာယ်ပြုနေပါပြီ။ ပြီးလျှင်အခြားသူကို အန္တရာယ်ပြုဖို့ဖြစ်လာပါပြီ။ ထိုအကုသိုလ်စိတ်ကို မိမိစိတ်ထဲ၌ ထိန်းသိမ်းလေ့မရှိ။ အခြားသူတို့ထံ လွှဲပြောင်းပစ်လေ့ရှိ၏။ ထို့ကြောင့် ထိုသူတို့လည်း ဆောက်တည်ရာမရ ဖြစ်လေတော့သည်”ဟု ဆရာကြီး ဦးဂိုအင်ဂါက ရှင်းလင်းပြခဲ့သည်။

အတ္တပရမျှတကြ

လူ့ဘောင်လောက၏ ကျယ်ဝန်းနားလည်ရန်ခက်သော အကြောင်းခြင်းရာများကိုမမြင်နိုင်၊ မသိနိုင်တော့ဘဲ တဝဲလည်လည် ဖြစ်နေတတ်သည်။ ယင်းတို့ကို ပူဆွေးနေကြလျှင် ကိုယ်ရောင့်ရဲ တင်းတိမ်သောဘဝကို ဆက်လက်တည်ထောင်ရာတွင် ပရ - အများအတွက် အကျိုးပြုမည့် မျှဝေမှုဒါနပြုကြရလိမ့်မည်။ အများကောင်းကျိုးအတွက် အတ္တ၊ ပရမျှတကြရမည်။ ဖြူစင်သောစိတ်၊ ကောင်းကျိုး ဖြစ်စေမည့်ရလဒ်၊ ငြိမ်းချမ်းသော တွေးခေါ်မြော်မြင်မှုများ ကြီးထွားအောင်လုပ်ကြရလိမ့်မည်။ ဤဘဝခဏတာနေကြစဉ် တစ်ဦးကိုတစ်ဦး မေတ္တာထား၊ အမုန်းမပွားကြဖို့၊ တစ်ဦးကိုတစ်ဦး ကူညီစောင့်ရှောက်ကြဖို့၊ ကိုယ်စိတ်နှစ်ပါးဖြင့် နာကြည်းအောင်မလုပ်မိဖို့ ဗုဒ္ဓကဟောကြားတော်မူခဲ့ပါသည်။ အမှောင်ခွင်းပြီး အလင်းဆောင်သော မြတ်တရားကို ကိုယ်တိုင်ကျင့်ကြံအားထုတ်ဖို့ဖြစ်သည်ဟု လူသားတို့အား မှာကြားခဲ့ပါသည်။

လက်ဦးဆရာများ

“ပုဗ္ဗာစရိယ မိနှင့်ဖ”သည် လက်ဦး ဆရာများဖြစ်ကြ၏။ ဆရာ ကောင်းများ၊ အမိအဖများက ကောင်း၍မှန်ကန်သောလမ်း၊ အကောင်းနှင့် အဆိုးခွဲခြားတတ်အောင် သွန်သင်ပေးကြရလိမ့်မည်။ ကောင်းခြင်းမင်္ဂလာအဖြာဖြာတို့ကို မျှဝေကြရလိမ့်မည်။ ပူးပေါင်းဆောင်ရွက်၊ ကူညီရိုင်းပင်းသည့် စိတ်ကိုဆောင်ရပါမည်၊၊ ရင်ဆိုင်ထိပ်တိုက် အကြမ်းဖက်မှုများကို ရှောင်ရလိမ့်မည်။ ကိုယ်ချင်းစာစိတ်တို့ မွေးကြရလိမ့်မည်။ ပြည်သူတို့၏ စိတ်အခြေအနေမြင့်မားသည်နှင့်အမျှ အကောင်းအဆိုး၊ အကျိုးအပြစ်၊ အမှားအမှန်တို့ကို ဝေဖန်ပိုင်းခြားမှုမြင့်မားလာမည်။ အပြုသဘောဆောင်၊ ကိုယ့်ဒေသ၊ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လေကို အကျိုးပြုသည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ကြမည်။ ကောင်းမှုများပို၍ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းဖြင့် မကောင်းမှု အဖျက်အမှောင့်လုပ်ငန်းများ ရပ်တန့်သွားပေမည်။ ဤသည်မှာ ပြည်သူတို့ အတွက် ပစ္စုပ္ပန်နှင့် အနာဂတ်လမ်းပြမြေပုံတစ်ခုဖြစ်သည်။

အရည်အသွေးပညာရေးဆိုသည်

ပညာရေးကိုမြှင့်တင်၍ ပြည်သူတို့၏ အတွေးအခေါ်အကြံအစည်ကောင်းများ မျှော်မှန်းချက်ပန်းတိုင်ဆီသို့ရောက်ရှိရန်မှာ အရည်အသွေးပညာရေးကို ပေးရမည်ဖြစ်သည်။ အရည်အသွေးပညာရေးဆိုသည်ကို စာမေးပွဲအောင်ရေး၊ အမှတ်များများရရေး၊ အောင်ချက် ကောင်းရေးကိုသာ ဦးမတည်၊ အကျင့်စာရိတ္တကောင်းမွန်ရေး၊ ဝါသနာပါရာကို မြှင့်တင်မြေတောင်မြှောက်ပေးရေးတို့ကို အချိန်ပြည့်စာတစ်ခုတည်း ဖိသင်နေခြင်းထက် ဦးစားပေးရမည်၊ တပည့်များ၊ သားသမီးများကို စာမေးပွဲနှင့်ခြိမ်းခြောက်ခြင်းမပြုသင့်ပါ။ စာမေးပွဲမအောင်ဘဲ အတန်းတင်ပေးနေသည်ဆိုတာမျိုး စောဒကတက်ခြင်းမရှိအောင်လည်း ပြုပြင်ရမည်။ စာမေးပွဲမအောင်မည်ကိုသာ စိုးရိမ်ပူပန်ပြီး ကျူရှင်ပြေး၊ ဂိုက်(Guide) များထံ ချဉ်းကပ်နေရသည်ကိုလည်း ကင်းဝေးစေချင်ပါသည်။

ပြည်သူလူထု၏ ပညာရည်မြင့်မားရေးနှင့် ပြည်သူတို့၏ စိတ်နေစိတ်ထားမြင့်မားရေးအတွက် ပညာရေးမြှင့်တင်မှု လိုအပ်သည်ကို တွေ့နေရသည်။ ကိုယ်တိုင်လေ့လာဆည်းပူးမှုကို အားပေးခြင်းဖြင့် သုတေသနနှင့် တီထွင်ဖန်တီးမှုကိုဖော်ဆောင်သည့် ပညာရေးဖြစ်လာမည်။ လူ့စွမ်းအားအရင်းအမြစ် မြင့်မားသည့်လူ့အဖွဲ့အစည်း၊ အတွေ့အကြုံလည်းရှိ၊ အမြော်အမြင်လည်းရှိသည့် လူ့အဖွဲ့အစည်းများ မြို့၊ ရွာ၊ တစ်နိုင်ငံလုံးအနှံ့ရှိစေချင်မိပါသည်။

နိဂုံးချုပ်အားဖြင့်…

၂၁ ရာစုသည် ပညာခေတ်ဖြစ်သည်နှင့်အညီ ပညာဖြင့်အရာရာကို ပိုင်းဖြတ်လျက်ရှိသည်။ ပညာမဏ္ဍိုင်ကြံ့ခိုင်မှ ခေတ်မီဖွံ့ဖြိုးတိုးတက်နိုင်သည်။ ပညာလည်းပြည့်ဝ၊ နှလုံးလည်းလှသည့် လူ့အဖွဲ့အစည်းက နိုင်ငံတော်ဖွံ့ဖြိုးအောင် အေးချမ်းသာယာဝပြောအောင် ဆောင်ကြဉ်းနိုင်မည်ဖြစ်သည့်အတွက် ရေခံမြေခံကောင်းသော၊ သယံဇာတပေါကြွယ်ဝသော၊ ပထဝီနိုင်ငံရေးကောင်းသော မြန်မာနိုင်ငံကြီးအား ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိစေရန်၊ ပညာရေးမြှင့်တင်ရန် လိုအပ်သည်မှန်သမျှကို မဆိုင်းမတွ ပူးပေါင်းဆောင်ရွက်နိုင်ကြပါရန် တိုက်တွန်းရေးသားတင်ပြလိုက်ရပါသည်။ ။