ဆယ်နှစ်မှသည် အနာဂတ်ဆီ တူညီရွှေ့လှမ်း မဲခေါင် - လန်ချန်း
ရဲအုပ် ဇာနည်ထွန်း
တိုင်းနိုင်ငံများ ပထဝီအနေအထားအရ တည်ရှိမှုသည် ထိုတိုင်းပြည်၏ ကံကြမ္မာကို ဆုံးဖြတ်ပေးသည်ဟု ဆိုရိုးစကားရှိပါသည်။ အာရှတိုက်၏ အရှေ့တောင်ဘက်ဆီသို့ အရှိန်အဟုန်ဖြင့် စီးဆင်းနေသော မဲခေါင်မြစ်ကြီးသည် ထိုကံကြမ္မာ၏ သက်သေပင်ဖြစ်ပေသည်။ တိဗက်ကုန်းပြင်မြင့်မှ မြစ်ဖျားခံလာသော ထိုမြစ်မကြီးအား တရုတ်တို့က “လန်ချန်း” ဟု အမည်ပေးကာ အားကိုးအားထားပြုခဲ့ကြသည်။
အရှေ့တောင်အာရှ မြေပြန့်လွင်ပြင်များဖြစ်ကြသော မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယမ်နမ်နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းချိန်မှာတော့ သူ့ကို “မဲခေါင် သို့မဟုတ် မယ်ခေါင်” ဟု အမည်နာမတစ်ခု ပေးလိုက်ကြသည်။ အရှည်ကီလိုမီတာ ၄၈၀၀ ရှိသည့် မဲခေါင်မြစ်သည် သူဖြတ်သန်းစီးဆင်းရာ ကမ်းတစ်ဖက်တစ်ချက်ရှိ ဒေသတွင်းနိုင်ငံများ၏ အသက်သွေးကြော ဖြစ်လာခဲ့ရသည်။ ဤမြစ်မင်းသည် မြစ်လက်တက်ခွဲပေါင်းများစွာ ခြံရံကာဖြင့် နိုင်ငံနယ်နိမိတ်များကို ကျော်ဖြတ်ကာ လူမျိုး ပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံတို့ကို ရာစုနှစ်ပေါင်းများစွာ ရှင်သန်စေခဲ့သည်။
နွေးထွေးသည့်စိတ်ဓာတ်ဖြင့် အနာဂတ်ကို အတူတကွပုံဖော်
သို့သော် ခေတ်သစ်ကမ္ဘာ၏ စိန်ခေါ်မှုများဖြစ်သော စီးပွားရေးကွာဟမှု၊ အရင်းအမြစ်ခွဲဝေမှုနှင့် နည်းပညာလိုအပ်ချက်များကို တစ်နိုင်ငံချင်းစီ ရင်ဆိုင်ရန်မှာ မလွယ်ကူလှပေ။ ဤလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ၂၀၁၆ ခုနှစ်တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု(MLC)ဟူသော သမိုင်းဝင်ယန္တရားကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ဤပေါ်ပေါက်မှုသည် သာမန်သံတမန်ရေးရာ ဆုံရပ် တစ်ခုမျှသာမဟုတ်ဘဲ “မြစ်ရေတစ်စင်းတည်းကို အတူသောက်ကြသူများ” ဟူသော နွေးထွေးသည့်စိတ်ဓာတ်ဖြင့် အနာဂတ်ကို အတူတကွပုံဖော်ရန် ကတိကဝတ်ပြုခဲ့ကြခြင်းဖြစ်သည်။
ထိုပူးပေါင်းဆောင်ရွက်မှုသည် ၁၀ နှစ်ပြည့်ခဲ့လေပြီ။ ပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ်အတွင်း MLC သည် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု၏ မယုံနိုင်စရာ စံနမူနာသစ်တစ်ခု ဖြစ်လာခဲ့သည်။ “တူညီသော မြစ်ရေ တူညီသောကံကြမ္မာ” ဟူသော ဆောင်ပုဒ်သည် စာသားတစ်ခုအဖြစ်မှ လက်တွေ့ကျသော အေးအတူပူအမျှ လူမှုအသိုက်အဝန်းတစ်ခုသို့ ကူးပြောင်းနိုင်ခဲ့သည်။ မြစ်ဖျားခံရာဒေသမှ မြစ်ဝကျွန်းပေါ်ဒေသအထိ တည်ရှိနေကြသော အဖွဲ့ဝင် ခြောက်နိုင်ငံလုံးသည် ကိုယ်ကျိုးစီးပွားထက် ဒေသ တွင်း တည်ငြိမ်သာယာရေးကို ရှေ့တန်းတင်ကာ ရွှေရောင်ဆယ်စုနှစ်တစ်ခုဆီသို့ အတူတကွ ချီတက် လျက်ရှိနေပြီ ဖြစ်ပါသည်။
လွန်ခဲ့သော ၁၀ နှစ်တာကာလကို ပြန်လည် ကြည့်ရှုလျှင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (MLC)သည် အရှိန်အဟုန်နှင့်လက်တွေ့ကျခြင်းဟူသော ဝိသေသနှစ်ခုဖြင့် ဒေသတွင်းကို ပြောင်းလဲစေခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ MLC သည် အခြားသော ဒေသတွင်းအဖွဲ့အစည်းများနှင့်မတူ၊ စီမံကိန်းအခြေပြု ပူးပေါင်းဆောင်ရွက်မှုကို အဓိကထား သောကြောင့် စာရွက်ပေါ်တွင်သာရှိသော သဘောတူညီချက်များမဟုတ်ဘဲ မြေပြင်တွင် အမှန် တကယ် ပွင့်လင်းသော အသီးအပွင့်များကို ခံစား ရခြင်းဖြစ်သည်။
ပထမဦးစွာ စီးပွားရေးနှင့် ကုန်သွယ်မှုကဏ္ဍတွင် MLC သည် အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု ပမာဏကို နှစ်စဉ် ဒေါ်လာ ဘီလီယံပေါင်းများစွာအထိ တိုးတက်စေခဲ့သည်။ အထူးရန်ပုံငွေကို အသုံးပြု၍ စိုက်ပျိုးရေးထွက်ကုန်များကို ဈေးကွက်သို့ တိုက်ရိုက်ပို့ဆောင်နိုင်သည့် နည်းပညာများနှင့် အအေးခန်းသိုလှောင်ရုံ စီမံကိန်းများကို ဖော်ဆောင်နိုင်ခဲ့သည်။ ဤသည်မှာ ဒေသတွင်းရှိ လယ်သမားများနှင့် လုပ်ငန်းရှင်ငယ်များအတွက် အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ပေးခဲ့ခြင်းပင် ဖြစ်သည်။
ဒုတိယအနေဖြင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုသည် ဤဆယ်စုနှစ်၏ အကြီးမားဆုံးအောင်မြင်မှု တစ်ခုဖြစ်သည်။ MLC အစီအစဉ်ဖြင့် ဒေသတွင်းက ကျောင်းသား ကျောင်းသူများနှင့် ပညာရှင်ပေါင်း သောင်းနှင့်ချီ၍ ပညာသင်ဆုများ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် နည်းပညာ ဖလှယ်မှု အစီအစဉ်များကို ရရှိခဲ့ကြသည်။ ဤသည်မှာ ရုပ်ဝတ္ထုများ တည်ဆောက်ရုံသာမက အနာဂတ်ကို တည်ဆောက်မည့် လူသားများကိုပါ ပျိုးထောင်ပေး လိုက်ခြင်းဖြစ်သည်။
အားအကောင်းဆုံးသော ဖွံ့ဖြိုးမှုအင်ဂျင်တစ်ခုဖြစ်
ထို့အပြင် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုသည်လည်း သိသိသာသာ အားကောင်းလာခဲ့သည်။ ယဉ်ကျေးမှုပွဲတော်များ၊ မီဒီယာဖလှယ်မှုများနှင့် ခရီးသွားလာရေးကဏ္ဍများ မြှင့်တင်ပေးခြင်းဖြင့် မဲခေါင်-လန်ချန်းမိသားစုဝင်များအကြား အပြန်အလှန်နားလည်ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့ သည်။ ၁၀ နှစ်တာခရီးအတွင်း MLC သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကို လျှော့ချပေး နိုင်သည့် အားအကောင်းဆုံးသော ဖွံ့ဖြိုးမှုအင်ဂျင်တစ်ခုအဖြစ် ကမ္ဘာ့မျက်နှာစာတွင် ဝင့်ကြွားစွာ ရပ်တည်နိုင်ခဲ့ပြီဖြစ်သည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု MLC ၏ အောင်မြင်မှု သမိုင်းကြောင်းကို ပြန်လှန် ကြည့်လျှင် မြန်မာနိုင်ငံက ဝတ်ကျေတမ်းကျေ ပါဝင်ခဲ့ခြင်းမဟုတ်ဘဲ ရှေ့တန်းမှ တက်ကြွစွာပါဝင်သူအဖြစ် ရပ်တည်ခဲ့သည်ကို ထင်ရှားစွာ တွေ့မြင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ပထဝီအနေ အထားအရ အရှေ့တောင်အာရှနှင့် တောင်အာရှကို ဆက်သွယ်ပေးထားသည့် တံခါးပေါက်ဖြစ်သလို MLC မိသားစု၏ အရေးပါသော အဖွဲ့ဝင်တစ်ဦးအနေဖြင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ယန္တရားများ ကို ခိုင်မာစေရန် အစဉ်တစိုက်ကြိုးပမ်းခဲ့သည်။
မြန်မာနိုင်ငံ၏ ပါဝင်မှုတွင် အထင်ရှားဆုံးသော မှတ်တိုင်မှာ အလှည့်ကျပူးတွဲဥက္ကဋ္ဌ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ခြင်းပင်ဖြစ်သည်။ တရုတ်နိုင်ငံနှင့်အတူ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက် စဉ်အတွင်း မြန်မာနိုင်ငံသည် ရလဒ်ကိုအခြေခံသော ပူးပေါင်းဆောင်ရွက်မှုဖြစ်ပေါ်လာစေရန် ဦးဆောင်နိုင်ခဲ့သည်။ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် မြန်မာနိုင်ငံသည် MLC ၏ အခြေခံမူများဖြစ်သည့် အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှမှုနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတို့ကို လက်ကိုင်စွဲကာ အဖွဲ့ဝင်နိုင်ငံများအကြား နားလည်မှုပိုမိုခိုင်မာစေရန် ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်နိုင်ခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံသည် MLC ၏ လုပ်ငန်းကဏ္ဍငါးခုလုံးတွင် ကော်မတီအဆင့်ဆင့်၊ အစည်း အဝေးအဆင့်ဆင့်၌ တက်ကြွစွာ ပါဝင်ဆွေးနွေးပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားသာမက ဒေသတွင်း တစ်ခုလုံး၏ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် အပြုသဘောဆောင်သော အကြံပြုချက်များကိုလည်း အစဉ်တစိုက်တင်ပြခဲ့သည်။ အထူးသဖြင့် နယ်စပ် ဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံ၏ ပါဝင်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးအတွက် မရှိမဖြစ်လိုအပ်သော မဏ္ဍိုင်တစ်ခုဖြစ်ခဲ့သည်။
ယင်းသို့ တက်ကြွစွာပါဝင်ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံအား နိုင်ငံတကာမျက်နှာစာတွင် နိုင်ငံ၏ အခန်းကဏ္ဍ မြင့်မားလာစေရုံသာမက MLC ၏ အားကိုးထိုက်သော ခိုင်မာသည့် ဒေသတွင်း ယန္တရား တစ်ခု ဖြစ်လာစေရန်အတွက် တွန်းအားပင်ဖြစ်သည်။
စီမံကိန်းပေါင်း ၉၀ ကျော်ကို အကောင်အထည်ဖော်နိုင်
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ထူးခြားချက်မှာ စကားလုံးများထက် လုပ်ရပ်များကို ပိုမိုဦးစားပေးခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွက် MLC သည် အဝေးကလှမ်းကြည့်ရုံသာရှိသည့် မူဝါဒ တစ်ခုမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ်အသက်ဝင်နေသည့် စီမံကိန်းများအဖြစ် တည်ရှိနေ သည်။ MLC အထူးရန်ပုံငွေကို အသုံးပြု၍ မြန်မာနိုင်ငံတစ်ဝန်းတွင် စီမံကိန်းပေါင်း ၉၀ ကျော်ကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမှာ ဤပူးပေါင်းဆောင်ရွက်မှု၏ ခိုင်မာသော သက်သေပင်ဖြစ်သည်။
စိုက်ပျိုးရေးကဏ္ဍတွင် မဲခေါင်-လန်ချန်းစိုက်ပျိုးရေးနှင့် နည်းပညာစင်တာများ တည်ထောင်ခြင်း၊ အရည်အသွေးမြင့် မျိုးစေ့များထုတ်လုပ်ခြင်းနှင့် ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များကို တောင်သူများလက်ဝယ်သို့ ဖြန့်ဝေပေးနိုင်ခဲ့ခြင်းတို့ကြောင့် ကျေးလက်စီးပွားရေးကဏ္ဍကိုလည်း မြှင့်တင်ပေးနိုင်ခဲ့သည်။ ထို့ပြင် မွေးမြူရေးလုပ်ငန်းများတွင် ရောဂါထိန်းချုပ်ခြင်းနှင့် ထုတ်ကုန်အရည်အသွေး မြှင့်တင်ခြင်း စီမံကိန်းများကြောင့် မြန်မာ့လယ်ယာ ထွက်ကုန်များကို ပြည်ပဈေးကွက်သို့ ထိုးဖောက် နိုင်ရန် လမ်းစဖွင့်ပေးခဲ့သည်။
ပညာရေးနှင့် လူမှုဘဝမြှင့်တင်ရေးအပိုင်းတွင်လည်း MLC သည် အားကိုးထိုက်သောအင်အားတစ်ခုဖြစ်ခဲ့သည်။ ဝေးလံခေါင်ဖျားသော ဒေသများရှိ စာသင်ကျောင်းများတွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးခြင်း၊ အသက်မွေးမှုအတတ်ပညာသင်တန်းကျောင်းများကို အဆင့်မြှင့်တင်ပေးခြင်းနှင့် နည်းပညာတက္ကသိုလ်များတွင် သုတေသနလုပ်ငန်းများကို ပံ့ပိုးပေးခြင်းတို့သည် နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သော လူသားအရင်းအမြစ်များကို ပျိုးထောင်ပေးခြင်းပင် ဖြစ်သည်။
အထူးသဖြင့် ကျန်းမာရေးကဏ္ဍတွင် MLC သည် ကပ်ရောဂါကာလအတွင်း ကာကွယ်ဆေးများနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ ပံ့ပိုးပေးရုံသာမက ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး စင်တာများ ကိုပါ ကူညီတည်ဆောက်ပေးခဲ့သည်။ ဤစီမံကိန်းများသည် မြို့ပြ၌သာမက ကျေးလက်နေပြည်သူ များ၏ တစ်နေ့တာလူမှုဘဝများထဲအထိ ရောက်ရှိသွားကာ မဲခေါင်-လန်ချန်း မိသားစုစိတ်ဓာတ်ကို မြန်မာပြည်သူတို့၏ နှလုံးသားထဲတွင် လက်တွေ့ကျကျစိုက်ပျိုးပေးနိုင်ခဲ့ပါသည်။
ကုန်သွယ်မှုကုန်ကျစရိတ်ကို လျှော့ချပေး
ခေတ်သစ်စီးပွားရေးကဏ္ဍတွင် ချိတ်ဆက်မှု သည် ဖွံ့ဖြိုးတိုးတက်မှု၏ သော့ချက်ဖြစ်သည်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံများအကြား ကုန်စည်နှင့် ဝန်ဆောင်မှုများ ချောမွေ့စွာ စီးဆင်းနိုင်ရန် မဲခေါင်-လန်ချန်း စီးပွားရေးစင်္ကြံကို ဖော်ဆောင်လျက်ရှိသည်။ ဤစီမံကိန်းသည် ရုပ်ပြလမ်းပန်းဆက်သွယ်ရေးသာမကဘဲ စည်းမျဉ်း စည်းကမ်းဆိုင်ရာ ချိတ်ဆက်မှုများကိုပါ တစ်ပါတည်း တည်ဆောက်ပေးခြင်းဖြစ်သည်။ မြန်မာနိုင်ငံ သည် ဤစီးပွားရေးစင်္ကြံ၏ မဟာဗျူဟာမြောက် ဗဟိုချက်တွင် တည်ရှိသည်။ MLC အစီအစဉ်အောက် ရှိ လမ်းတံတားနှင့် အခြေခံအဆောက်အဦ စီမံကိန်း များသည် နယ်စပ်ဒေသများကို ဗဟိုစီးပွားရေးဇုန် များနှင့် ချိတ်ဆက်ပေးကာ ကုန်သွယ်မှုကုန်ကျစရိတ်ကို လျှော့ချပေးသည်။ အထူးသဖြင့် တရုတ်နိုင်ငံ၏ ပတ်လမ်းကြောင်းတစ်ခုနှင့် ဟန်ချက်ညီညီ ပေါင်းစပ်ထားခြင်းကြောင့် မြန်မာ့ထွက်ကုန်များသည် ဒေသတွင်းဈေးကွက်သာမက ကမ္ဘာ့ဈေးကွက်သို့ပါ ပိုမိုမြန်ဆန်စွာရောက်ရှိနိုင်သည့် အလားအလာများ ပွင့်လန်းလာခဲ့သည်။
ထို့အပြင် ဒစ်ဂျစ်တယ်ချိတ်ဆက်မှုကိုလည်း တစ်ပြိုင်တည်း မြှင့်တင်လျက်ရှိသည်။ နယ်စပ်ဖြတ်ကျော် အီးကောမာ့စ်နှင့် ခေတ်မီအကောက်ခွန်စနစ်များကို အကောင်အထည်ဖော်ခြင်းဖြင့် ကုန်သွယ် ရေးလုပ်ငန်းစဉ်များကို ပိုမိုမြန်ဆန်စိတ်ချရစေသည်။ ဤစီးပွားရေးစင်္ကြံသည် မြို့ပြနှင့် ကျေးလက်ကြား၊ နိုင်ငံတစ်ခုနှင့်တစ်ခုကြား ကွာဟချက်များကို ပေါင်းကူးပေးကာ ဒေသတွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် အားကိုးထိုက်သော ကွန်ရက်ကြီးတစ်ခု ဖြစ်လာခဲ့သည်။
ယင်းကဲ့သို့ ချိတ်ဆက်မှုများ အားကောင်းလာခြင်းကြောင့် မြန်မာနိုင်ငံသည် ကုန်ထုတ်လုပ်မှုအခြေခံသည့် စီးပွားရေးစနစ်မှသည် ဝန်ဆောင်မှုနှင့် ကုန်သွယ်ရေးဗဟိုပြုသည့် စီးပွားရေးစနစ်သို့ ကူးပြောင်းနိုင်ရန် ခိုင်မာသောခြေလှမ်းများကို လှမ်းနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အဓိကမဏ္ဍိုင်တစ်ခုမှာ ရေအရင်းအမြစ်စီမံခန့်ခွဲမှုဖြစ်
မဲခေါင်မြစ်သည် ဒေသတွင်းနိုင်ငံများအတွက် စီးပွားရေးအရင်းအမြစ်တစ်ခုမျှသာမဟုတ်ဘဲ သက်ရှိထင်ရှားရှိနေသော သဘာဝအမွေအနှစ်တစ်ခုလည်းဖြစ်သည်။ ထို့ကြောင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အဓိကမဏ္ဍိုင်တစ်ခုမှာ ရေအရင်းအမြစ်စီမံခန့်ခွဲမှုဖြစ်သည်။ မြစ်အထက် ပိုင်းနှင့် အောက်ပိုင်းနိုင်ငံများအကြား ရေကို တရားမျှတစွာခွဲဝေသုံးစွဲနိုင်ရေးနှင့် ဂေဟစနစ်ထိန်းသိမ်း ရေးသည် MLC ၏ အလေးအနက်ထားရမည့် တာဝန်တစ်ခု ဖြစ်လာခဲ့သည်။
ပြီးခဲ့သောဆယ်စုနှစ်အတွင်း MLC သည် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်ရေးစင်တာကို တည်ထောင်ကာ အဖွဲ့ဝင်နိုင်ငံများအကြား ရေအရင်းအမြစ်ဆိုင်ရာ အချက်အလက်များကို ပွင့်လင်း မြင်သာစွာ မျှဝေနိုင်ခဲ့သည်။ အထူးသဖြင့် ရာသီဥတု ဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာသည့် ရေကြီးရေလျှံမှုနှင့် မိုးခေါင်ရေရှားမှု ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန် စောစီးစွာ သတိပေးစနစ်ကို ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းမှာ မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးရေးနိုင်ငံများအတွက် များစွာတန်ဖိုး ရှိလှသည်။
မြန်မာနိုင်ငံသည် ဤပူးပေါင်းဆောင်ရွက်မှုအောက်တွင် မြစ်ချောင်းများ ထိန်းသိမ်းရေး၊ ရေထုညစ်ညမ်းမှုကာကွယ်ရေးနှင့် ဇီဝမျိုးစုံ၊ မျိုးကွဲများ ကာကွယ်စောင့်ရှောက်ရေး စီမံကိန်းများကို တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိသည်။ မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိ ငါးသယံဇာတများ ရေရှည် တည်တံ့စေရန်နှင့် မြစ်ကြောင်းတစ်လျှောက် နေထိုင်ကြသော ပြည်သူများ၏ သဘာဝပတ်ဝန်းကျင် လုံခြုံမှုရှိစေရန်အတွက် နည်းပညာဖလှယ်မှုများကို လည်း ပြုလုပ်ခဲ့သည်။
ယင်းကဲ့သို့ ဆောင်ရွက်ခြင်းသည် ယနေ့မျိုးဆက်အတွက်သာမက နောင်လာနောက်သားများအတွက်ပါ မဲခေါင်မြစ်ကြီးကို အမွေပေးနိုင်ရန် ကြိုးပမ်းခြင်းဖြစ်သည်။ စိမ်းလန်းသော မဲခေါင်-လန်ချန်းရည်ရွယ်ချက်ဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဟန်ချက်ညီအောင် ထိန်းညှိ ခြင်းသည် MLC ၏ အနှစ်သာရတစ်ခုပင်ဖြစ်သည်။
ဆယ်စုနှစ်တစ်ခု၏ အောင်မြင်မှုများကို ဂုဏ်ယူဝင့်ကြွားစွာ ကြည့်ရှုနေစဉ်မှာပင် ကျွန်ုပ်တို့သည် ရှေ့ဆက်ရမည့် ခရီးစဉ်တွင် ရှိနေသော အတားအဆီးများကို မျက်ကွယ်ပြု၍ မရနိုင်ပါ။ မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု MLC သည် ယခုအခါတွင် အရှိန်အဟုန်ပြင်းစွာ မောင်းနှင်နေသော ယန္တရားတစ်ခုဖြစ်သော်လည်း ပြောင်းလဲလာသော ကမ္ဘာ့ဘဏ္ဍာရေးအခြေအနေ၊ ပထဝီနိုင်ငံရေး တင်းမာမှုများနှင့် ရာသီဥတုဖောက်ပြန်မှုများက စိန်ခေါ်မှုအသစ်များကို ဖြစ်ပေါ်စေခဲ့သည်။
ပထမဦးစွာ စီးပွားရေးပြန်လည်ကုစားမှုသည် အဓိကစိန်ခေါ်မှုတစ်ခုဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအပြီးတွင် ဖြစ်ပေါ်လာသော ငွေကြေးဖောင်းပွမှုနှင့် ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်မှုသည် အဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးမှုနှုန်းကို အနည်းငယ်နှေးကွေးစေခဲ့သည်။ ဤအတား အဆီးကို ကျော်လွှားရန်အတွက် MLC အနေဖြင့် ယခင်ကထက် ပိုမိုခိုင်မာသော ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်ရမည် ဖြစ်သည်။
နောက်ဆုံးအနေဖြင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများဖြစ်သော နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ ဆိုက်ဘာလိမ်လည်မှုများနှင့် မူးယစ်ဆေးဝါးကုန်သွယ်မှုများသည် ဒေသတွင်းတည်ငြိမ်ရေးကို ခြိမ်းခြောက်လျက်ရှိသည်။ ဤစိန်ခေါ်မှုများသည် နိုင်ငံတစ်ခုတည်း၏ အားထုတ်မှုဖြင့် မလုံလောက် ဘဲ MLC မိသားစုဝင်များအားလုံး၏ စုပေါင်းအင်အား သတင်းအချက်အလက် မျှဝေမှုနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ တင်းကျပ်သော ပူးပေါင်းဆောင်ရွက်မှုများဖြင့်သာ အောင်မြင်စွာ တွန်းလှန်နိုင်မည်ဖြစ်သည်။
ရှေ့ဆက်ရမည့်ခရီးသည် ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုနှင့် ခိုင်မာသောယုံကြည်မှုတို့ကို တောင်းဆိုနေပေသည်။ စိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်ခြင်းသည်သာ MLC ၏ နောက်ထပ်ဆယ်စုနှစ်အတွက် အောင်မြင်သော သော့ချက်ဖြစ်ပေလိမ့်မည်။
မြန်မာနိုင်ငံအနေဖြင့်လည်း လက်ရှိရင်ဆိုင်နေရသော ပြည်တွင်းနိုင်ငံရေးအကျပ်အတည်းများနှင့် နုနယ်သော အသွင်ကူးပြောင်းရေးကာလသည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်စေခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ထိုကဲ့သို့ ခက်ခဲသည့်အခြေအနေများကြားကပင် မြန်မာ့ခေါင်းဆောင်များသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို မျက်ခြည်မပြတ် ဘဲ ဆောင်ရွက်လျက်ရှိပေသည်။
ခိုင်မာသည့် သံတမန်ရေးရာ ရပ်တည်ချက်ကို ပြသ
မြန်မာနိုင်ငံ၏ ခေါင်းဆောင်ပိုင်းသည် MLC ကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်သော မဟာဗျူဟာမြောက် မဏ္ဍိုင်တစ်ခုအဖြစ် ရှုမြင်ကြသည်။ ထို့ကြောင့် ပြည်တွင်းရေး အခက်အခဲများ ရှိနေလင့်ကစား ဒေသတွင်းတည်ငြိမ်ရေးနှင့် စီးပွားရေးပြန်လည်နိုးထစေရန်အတွက် MLC အစည်းအဝေးများ၊ ထိပ်သီးဆွေးနွေးပွဲများနှင့် စီမံကိန်းအကောင်အထည်ဖော်မှုများတွင် ရပ်တန့် သွားခြင်းမရှိဘဲ တက်ကြွစွာ ပါဝင်လျက်ရှိသည်။ ဤသည်မှာ နိုင်ငံရေးအခြေအနေမည်သို့ပင်ရှိစေကာမူ အိမ်နီးချင်းနိုင်ငံများနှင့် လက်တွဲ၍ ဒေသတွင်းအကျိုးစီးပွားကို ရှေ့တန်းတင်လိုသည့် မြန်မာနိုင်ငံ၏ ခိုင်မာသည့် သံတမန်ရေးရာရပ်တည်ချက်ကို ပြသနေခြင်းပင်ဖြစ်ပေသည်။
ထို့အပြင် ဘေးကင်းလုံခြုံသော မဲခေါင်ဒေသဖြစ်ပေါ်လာစေရန်အတွက် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ တိုက်ဖျက်ရေးနှင့် ဆိုက်ဘာလိမ်လည်မှုနှိမ်နင်းရေးတို့တွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအပါအဝင် အခြားအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းကာ အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိပါသည်။ ခေါင်းဆောင်များ၏ ဤကဲ့သို့ မျက်ခြည်မပြတ် အားစိုက်ဆောင်ရွက်မှုကြောင့်သာ MLC စီမံကိန်းများသည် မြန်မာ့မြေပေါ်တွင် ဆက်လက်အသက်ဝင်နေပြီး ပြည်သူများအတွက် လိုအပ်သော နည်းပညာ၊ အရင်းအနှီးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဆက်လက်ဖော်ဆောင်ပေးနိုင်ခြင်း ဖြစ်သည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ဒုတိယဆယ်စုနှစ်သို့ ခြေလှမ်းလှမ်းရာတွင် လျစ်လျူရှု၍မရသောကဏ္ဍမှာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးဖြစ်သည်။ ကမ္ဘာ့စီးပွားရေးစနစ်သည် ရုပ်ပိုင်းဆိုင်ရာ ကုန်သွယ်မှုမှသည် အချက်အလက်နှင့် နည်းပညာအခြေပြု စီးပွားရေးစနစ်သို့ ကူးပြောင်းနေပြီဖြစ်သည်။ ထို့ကြောင့် MLC ၏ ရှေ့ဆက်မည့် မဟာဗျူဟာတွင်(Digital Mekong) ဖော်ဆောင်ရေး ကို ထိပ်တန်းဦးစားပေးအဖြစ် ထည့်သွင်းရန် အကြံပြုလိုပါသည်။
မြန်မာနိုင်ငံအတွက်မူ ဒစ်ဂျစ်တယ်စီးပွားရေးသည် ပထဝီဝင်နှင့် အခြေခံအဆောက်အဦဆိုင်ရာ အကန့်အသတ်များကို ကျော်လွှားနိုင်မည့် ဖြတ်လမ်းတစ်ခုဖြစ်သည်။ MLC အနေဖြင့် မြန်မာနိုင်ငံတွင် ကျယ်ပြန့်သော 5G ကွန်ရက်များ တည်ဆောက်ခြင်း၊ နည်းပညာမြင့် ဒေတာစင်တာများ ထူထောင်ခြင်းနှင့် အီလက်ထရောနစ်ငွေပေးချေမှုစနစ်များ အပြန်အလှန်ချိတ်ဆက်ခြင်းတို့ကို ပံ့ပိုးပေးသင့်သည်။ ဤသည်မှာ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုများကို ပိုမိုမြန်ဆန်စေရုံသာမက ဝေးလံခေါင်ဖျားဒေသရှိ လူငယ်များအတွက် ဆန်းသစ်တီထွင်မှုဆိုင်ရာ အခွင့်အလမ်း သစ်များကို ဖန်တီးပေးမည်ဖြစ်သည်။
ထို့ပြင် စမတ်စိုက်ပျိုးရေးနည်းပညာများကို MLC အထူးရန်ပုံငွေဖြင့် ပိုမိုတိုးချဲ့သင့်သည်။ အိုင်အိုတီ (IOT) နည်းပညာနှင့် ဒရုန်းများကို အသုံးပြု၍ စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ခြင်း၊ ရာသီဥတု ခန့်မှန်းချက်များကို အချိန်နှင့်တစ်ပြေးညီ ရယူခြင်းတို့သည် မြန်မာ့လယ်ယာကဏ္ဍကို ခေတ်မီစေမည် ဖြစ်သည်။ အနာဂတ် MLC သည် လမ်းတံတားများ တည်ဆောက်ရုံသာမက ဒစ်ဂျစ်တယ် ပိုးလမ်းမကိုပါ ခိုင်မာအောင် တည်ဆောက်ခြင်းဖြင့် ဒေသတွင်းနိုင်ငံများအကြား နည်းပညာကွာဟချက်ကို ပေါင်းကူး ပေးရမည်ဖြစ်သည်။
ဒစ်ဂျစ်တယ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အမြတ်အစွန်းအရှိဆုံးသော ရင်းနှီးမြှုပ်နှံမှု ဖြစ်လာမည်
နည်းပညာသည် စီးပွားရေးကိုမြှင့်တင်ပေးရုံသာမက အုပ်ချုပ်ရေးနှင့် လူမှုရေးကဏ္ဍများကိုပါ ပွင့်လင်းမြင်သာပြီး ထိရောက်စေမည်ဖြစ်ရာ ဒစ်ဂျစ်တယ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းသည် MLC ၏ အနာဂတ်အတွက် အမြတ်အစွန်းအရှိဆုံးသော ရင်းနှီးမြှုပ်နှံမှု ဖြစ်လာပေလိမ့်မည်။
ကျွန်ုပ်တို့သည် ဒုတိယဆယ်စုနှစ်ထဲသို့ ခြေစုံပစ်ဝင်လာသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်မှုဟူသော စကားရပ်ကို အဓိပ္ပာယ်အသစ်ဖွင့်ဆိုရမည်ဖြစ်သည်။ ယခင်က စီးပွားရေးတိုးတက်မှုအတွက် သဘာဝ အရင်းအမြစ်များကို အလွန်အကျွံအသုံးပြုခဲ့ကြသော်လည်း အနာဂတ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် စိမ်းလန်းသောဖွံ့ဖြိုးမှုကို မဏ္ဍိုင်ပြုရမည်ဖြစ်သည်။ ဤသည်မှာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ စီးပွားရေးကို မြင့်မားစေမည့် ရေရှည်တည်တံ့သော လမ်းစဉ်ပင် ဖြစ်သည်။
ထို့အပြင် MLC အနေဖြင့် စိမ်းလန်းသော စက်မှုဇုန်များ တည်ထောင်ခြင်းကို အားပေးသင့်သည်။ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးစံနှုန်းများနှင့်အညီ လည်ပတ်နိုင်ရန် နည်းပညာနှင့် အရင်းအနှီးများ ကူညီပေးရမည်ဖြစ်သည်။ အထူးသဖြင့် မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိ ဂေဟစနစ်ကို အခြေခံသော ခရီးသွားလုပ်ငန်းများအား မြှင့်တင်ခြင်းဖြင့် ဒေသခံပြည်သူများ၏ ဝင်ငွေကို တိုးတက်စေကာ သဘာဝတောတောင်များကိုလည်း တစ်ပါတည်း စောင့်ရှောက်နိုင်မည်ဖြစ်သည်။
အနာဂတ်၏ MLC သည် အကျိုးအမြတ်တစ်ခုတည်းကိုသာကြည့်သော အဖွဲ့အစည်းမဟုတ်ဘဲ ကမ္ဘာမြေ၊ ပြည်သူနှင့် သာယာဝပြောမှုဟူသော အချက် (၃) ချက်ကို ဟန်ချက်ညီညီပေါင်းစပ်ပေး သည့် စံပြယန္တရားတစ်ခုဖြစ်လာရန် အကြံပြုလို ပါသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု MLC ၏ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုသည် ရောင်နီဝေဆာသော အစပျိုးခြင်းသာဖြစ်သည်။ ဤမြစ်မကြီး၏ ရေစီးသံသည် အဖွဲ့ဝင် ခြောက်နိုင်ငံလုံးအတွက် ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းမှု၊ စည်းလုံးမှုတို့၏ တေးသံအဖြစ် ပဲ့တင်ထပ်ခဲ့လေပြီ။ မြန်မာနိုင်ငံ အတွက်လည်း MLC သည် အိမ်နီးချင်းကောင်းပီသမှု၏ သက်သေဖြစ်သလို နိုင်ငံတော်၏ အနာဂတ်ကို ပုံဖော်ရာတွင် အားကိုးထိုက်သော မဟာဗျူဟာမြောက် လက်တွဲဖော်လည်းဖြစ်သည်။
ကျွန်ုပ်တို့ဖြတ်သန်းခဲ့သော ၁၀ နှစ်တာ ခရီးစဉ်သည် စိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်ခြင်းဟူသော သင်ခန်းစာကို ပေးခဲ့သည်။ စီးပွားရေး၊ လူမှုရေးနှင့် နည်းပညာကဏ္ဍများတွင် ရရှိခဲ့သော အောင်မြင်မှုများသည် နောက်ထပ်ဆယ်စုနှစ်များစွာအတွက် ခိုင်မာသောအုတ်မြစ်များပင်ဖြစ်သည်။ ရှေ့ဆက်မည့်ခရီးတွင်လည်း နိုင်ငံရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အတားအဆီးများ ရှိနေဦးမည်ဖြစ်သော်လည်း မြစ်ရေတစ်စင်းတည်းကို အတူသောက်ကြသူ မိသားစုစိတ်ဓာတ်ဖြင့် လက်ချင်းတွဲလိုက်လျှင် ကျွန်ုပ်တို့ မကျော်လွှားနိုင်သော အခက်အခဲဟူသည် မရှိနိုင်ပါ။
အနာဂတ်၏ မဲခေါင်-လန်ချန်းဒေသသည် ယခင်ကထက် ပိုမိုစိမ်းလန်းပြီး ပိုမိုခေတ်မီကာ ပိုမိုသာယာဝပြောသော ကံကြမ္မာတူ အသိုက်အဝန်းတစ်ခု ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း ဤရွှေရောင်ခရီးစဉ်တွင် တက်ကြွသော အင်အားစုအဖြစ်၊ အားကိုးထိုက်သော အိမ်နီးချင်းအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ကာ မဲခေါင်မြစ်မကြီးနှင့်အတူ ထာဝရရှင်သန်ဖွံ့ဖြိုးတိုးတက်နေဦးမည်ဖြစ်ပါကြောင်း ဂုဏ်ယူစွာဖြင့် ရေးသားတင်ပြလိုက်ရပါသည်။ ။
