Skip to main content

စွမ်းအင်စစ်ပွဲ၊ ကမ္ဘာ့စွမ်းအင်ငတ်မွတ်မှုမှသည် မဖြစ်မနေ စွမ်းအင်ချွေတာမှုဆီသို့

မြင့်မြတ်

လက်ရှိ ဖြစ်ပွားနေတဲ့ အီရန် - အမေရိကန် - အစ္စရေး စစ်ပွဲက ဒုတိယအပတ်ထဲကို ရောက်ရှိခဲ့ပါပြီ။ ဒါပေမယ့် စစ်ပွဲမှာ အပြန်အလှန်တိုက်ခိုက်နေကြတဲ့ ခေါင်းဆောင်အားလုံးက စေ့စပ်ဆွေးနွေးပြီး စစ်ကိုပြေငြိမ်းဖို့ ဆန္ဒရှိဟန်မတူသေးပါဘူး။ မတူသော အကျိုးစီးပွားတွေ အားပြိုင်မှုကနေ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အလုံးစုံပျက်စီးစေဖို့အထိ၊ ခေါင်းဆောင်တွေကို သတ်ဖြတ်ပစ်တဲ့အထိ အခြေအနေတွေက ထိန်းမနိုင်သိမ်းမရ တင်းမာနေဆဲဖြစ်ပါတယ်။ ဒီအခြေအနေမှာ နှစ်ဖက်ရေနံချက်စက်ရုံ သိုလှောင်ကန်တွေ၊ ရေနံသန့်စင်စက်ရုံတွေကို အပြင်းအထန်ဗုံးကြဲပစ်ခတ်ကြခြင်းဖြင့် တကယ့်စွမ်းအင်စစ်ပွဲ အသွင်တစ်ရပ်ဆီကို ရောက်ရှိခဲ့ရပါပြီ။

စွမ်းအင်စစ်ပွဲသဏ္ဌာန်နှင့် နောက်ဆက်တွဲ ဆိုးကျိုးများ

 စစ်ပွဲစတင်ကတည်းက ပင်လယ်ကွေ့မှာဖြစ်နေတဲ့ ကမ္ဘာ့စွမ်းအင်လမ်းကြောင်း ပြဿနာက စစ်ပွဲကြီး မပြီးနိုင်ခင်မှာပဲ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းတစ်ခုအဖြစ်ကို အရှိန်အဟုန် ပြင်းပြင်းနဲ့ ဦးတည်နေတဲ့အတွက် တကယ်တမ်း စစ်ရဲ့အရှုံးအမြတ်ဆိုတာက ဘာလဲ၊ ဘယ်လဲ။ ရှုပ်ထွေးမှုတွေနဲ့ အကျပ်အတည်းတွေ ဖြစ်လာခဲ့ရပါတယ်။

ပါဝါအားကိုးနဲ့ လေးရက်နဲ့ အပြတ်ဖြတ်မယ်ဆိုတဲ့ ကြွားလုံးတွေကနေ တစ်ဖက်ကခြောက်လ အထိတောင် စစ်တိုက်နိုင်တယ်ဆိုတဲ့ တုံ့ပြန်မှုတွေဖြစ်လာရပြီ။ ဆိုလိုတာက စစ်ပွဲဟာ အတိုင်းအဆမဲ့ ကြာရှည်သွားနိုင်ပါတယ်။ စစ်မြေပြင်မှာ စစ်ပွဲအရှုံးအမြတ် မြင်ရဖို့ထက် အရှေ့အလယ်ပိုင်းက စွမ်းအင်ကဏ္ဍတစ်ခုလုံးကို တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် တိုက်ခိုက်ဖျက်ဆီးခြင်းတွေကိုသာ တွေ့လာရတယ်။ စွမ်းအင်စစ်ပွဲကနေ ကမ္ဘာ့စီးပွားပျက်ကပ်တစ်ခုဆီ တဖြည်းဖြည်းဦးတည်နေတဲ့အခြေအနေမှာ ရေရှည်အမြော်အမြင်နဲ့ နိုင်ငံရဲ့စွမ်းအင်လုံခြုံမှုအတွက် မိမိတို့နိုင်ငံသားတစ်ဦးချင်းမှာ ဘယ်လို ခံယူထားသင့်ပါသလဲ၊ ဘာလုပ်သင့်ပါသလဲ၊ ဘက်စုံအမြင်နဲ့ ကြိုတင်ပြင်ဆင်နေရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ကာတာနိုင်ငံက သဘာဝဓာတ်ငွေ့အရည် (LNG) ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ရာကနေ သူ့နိုင်ငံရဲ့ စွမ်းအင်တင်ပို့မှု ပြတ်တောက်သွားပြီး ကျန်ပင်လယ်ကွေ့ နိုင်ငံအားလုံးကပါ စွမ်းအင်တင်ပို့မှုကို ရပ်ဆိုင်းမယ့်အခြေအနေတွေ ဖြစ်လာနိုင်ကြောင်း ခန့်မှန်းနေကြပါတယ်။ အကြောင်းက စစ်ပွဲကြောင့် ပင်လယ်ရေကြောင်းလမ်း ပိတ်ဆို့ခံရပြီး ရေနံစျေးနှုန်းတွေ တစ်ရှိန်ထိုး မြင့်တက်လာနေခြင်းကြောင့်ပါ။ စွမ်းအင်အကျပ်အတည်းကြောင့် ကမ္ဘာ့နိုင်ငံတွေရဲ့ GDP ကျဆင်းရာက စီးပွားရေးကို ဆိုးဆိုးရွားရွား ထိခိုက်လာပြီး ကမ္ဘာ့စီးပွားပျက်ကပ်အထိ ဆိုက်ရောက်သွားနိုင်ကြောင်း ခန့်မှန်းချက်တွေ တရစပ်တိုးပွားလာနေပါတယ်။

စွမ်းအင်ပြတ်တောက်မှုကနေ ကမ္ဘာ့ကုန်သွယ်မှု ထိခိုက်မယ်၊ လျှပ်စစ်စွမ်းအင်ကဏ္ဍ အကြီးအကျယ် ထိခိုက်မယ်၊ ကုန်ပစ္စည်းတွေ ပြတ်လပ်လာမယ်၊ ကုန်ကြမ်းပြတ်လပ်ရင် ကုန်ထုတ်လုပ်မှု ရပ်ဆိုင်းမယ်၊ ရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းမယ်၊ ပြည်ပတင်ပို့မှု ရပ်ဆိုင်းပြီး နိုင်ငံခြားသုံးငွေပြတ်လပ်မယ်၊ ဒေါ်လာစျေးကွက်၊ ကမ္ဘာ့ရွှေစျေးကွက် ထိခိုက်မယ်၊ ဘတ်ဂျက်အကျပ်အတည်းဖြစ်မယ်၊ စက်ရုံတွေပိတ်ရမယ်၊ စားရေရိက္ခာအကျပ်အတည်းတွေ ရှိလာမယ်၊ စားသုံးသူများရဲ့ သုံးစွဲမှုလျော့ကျလာပြီး လူတွေရဲ့ နေ့စဉ်လူမှုဘဝတွေ ထိခိုက်မှုရှိလာမယ်။ ဒါကြောင့်လည်း ကမ္ဘာ့နိုင်ငံများဟာ မိမိတို့ပိုင်ဆိုင်တဲ့ စွမ်းအင်အရင်းအမြစ်တွေ ဆုံးရှုံးသွားမှာ၊ စွမ်းအင်ငတ်မွတ်မှုဘေးကြီး ဖြစ်လာမှာကို ထိတ်လန့်လာနေခြင်း ဖြစ်ပါတယ်။

မတူကွဲပြားကျင့်သုံးမှုနည်းလမ်းများ မည်သို့ရှိစေ

နိုင်ငံတစ်နိုင်ငံချင်းစီ စီးပွားပျက်ရာကနေ ကမ္ဘာ့ငွေကြေးဖောင်းပွမှုဖြစ်မယ်၊ ကမ္ဘာ့ငွေကြေးစျေးကွက် ပျက်စီး၊ နောက်ဆုံးကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ်အထိ ဦးတည်သွားနိုင်တဲ့ အခြေအနေပါ။ ဒါကြောင့် ကမ္ဘာ့မိသားစုထဲက မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အခြေအနေကို မျက်ခြည်မပြတ်ဘဲ မိမိနိုင်ငံ၊ မိမိနိုင်ငံသားတွေအတွက် စွမ်းအင်ဆိုင်ရာ လုံခြုံမှုရှိစေဖို့ ဘာတွေဆောင်ရွက်သင့်ပါသလဲ၊ ဘာတွေပြင်ဆင်ထားသင့်သလဲဆိုတဲ့ မေးခွန်းတွေ ရှိလာပါတယ်။

ကမ္ဘာပေါ်မှာ စက်သုံးဆီစျေးနှုန်း အတက်ကြမ်း လာတဲ့အတွက် ရည်ရွယ်ချက်က နိုင်ငံမှာ စက်သုံးဆီ မပြတ်လပ်ဖို့နဲ့ စက်သုံးဆီလိုအပ်ချက် မြင့်မားမလာဖို့ အရေးကြီးလာတဲ့ အခြေအနေကို ကိုင်တွယ်ဖြေရှင်းနေပါတယ်။ စက်သုံးဆီမပြတ်လပ်ဖို့ စက်သုံးဆီကို စနစ်တကျစီမံခန့်ခွဲဖို့ လိုအပ်ချက်နဲ့အညီ ဆောင်ရွက်နေပါတယ်။ ဒီနေရာမှာ ရေရှည်ကိုမျှော်ပြီး မော်တော်ယာဉ်မောင်းနှင်ခွင့်ကို ကန့်သတ်ခြင်းက နည်းလမ်းတစ်ခု ဖြစ်လာတယ်။

အချို့နိုင်ငံတွေမှာ စက်သုံးဆီရောင်းချခြင်းကို ခွဲတမ်းနဲ့ကန့်သတ်ကြသလို အချို့နိုင်ငံတွေမှာ မော်တော်ယာဉ်မမောင်းရနေ့တွေ သတ်မှတ်ပေးကြတယ်။ သူ့နည်းသူ့ဟန် မတူကွဲပြားတဲ့ ကျင့်သုံးမှုပုံစံတွေက သက်ဆိုင်ရာနိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အမူအကျင့်နဲ့ ခံယူချက်၊ လူဦးရေနဲ့မော်တော်ယာဉ် သိပ်သည်းမှုပမာဏ၊ အများပြည်သူပိုင် သယ်ယူပို့ဆောင်ရေးစနစ် ကျင့်သုံးနိုင်မှု၊ ယာဉ်ကြောအနေအထားများအပေါ်မှာ မူတည်ပါတယ်။

တစ်ဦးချင်းစီ၏ ခံယူထားရှိမှု

ဒါကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့လည်း နိုင်ငံတော်အစိုးရက ဘယ်နည်းလမ်းကို ကျင့်သုံး သည်ဖြစ်စေ အသိနဲ့ယှဉ်တဲ့ ခံယူချက်နဲ့ အပြည့်အဝ လိုက်နာဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ အသိဆိုတာမှာ မိမိတစ်ကိုယ်ရေ ခြိုးခြံချွေတာခြင်း အသိမှသည် နိုင်ငံတစ်ဝန်း စွမ်းအင်ဖူလုံရေး၊ စားရေရိက္ခာ ဖူလုံရေးဆိုတဲ့ အမျိုးသားရေးနဲ့ယှဉ်တဲ့ အသိတရားအထိ ဖြစ်ပါတယ်။ မိမိတို့ရဲ့ နေထိုင်စားသောက် သွားလာမှုပုံစံကို အခြေအနေနဲ့အညီ လိုက်ပါပြောင်းလဲနိုင်ရပါမယ်။ နိုင်ငံကြီးသားစိတ်ဓာတ်နဲ့ တည်ဆောက်ထားတဲ့ လူမှုစီးပွားဘဝတစ်ခုဟာ နိုင်ငံသားအားလုံးရဲ့ နေ့စဉ်လူမှုစီးပွားဘဝတွေကို အဆင်ပြေချောမွေ့စေပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးအထိ ဆောင်ကြဉ်းပေးနိုင်ကြောင်း ခံယူထားရပါမယ်။

ဒါမှသာ နိုင်ငံသားတစ်ဦးချင်းစီမှာ ကိန်းအောင်းနေတဲ့ နိုင်ငံကြီးသားစိတ်ဓာတ်မျိုးနဲ့ ဘယ်လိုအကျပ်အတည်းမျိုးမဆို တည်တည်ငြိမ်ငြိမ် ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ အားလုံးသိပြီးဖြစ်တဲ့အတိုင်း အထက်မှာတင်ပြခဲ့တဲ့ ထူးခြားတဲ့ကမ္ဘာ့အခြေအနေများနဲ့ အကျပ်အတည်းမျိုးစုံဟာ နိုင်ငံငယ်တွေအပေါ်မှာ များစွာဂယက်ထနေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံသားတွေ ကြုံတွေ့ခဲ့ရတဲ့ အတိတ်အခြေအနေအရပ်ရပ်ကို သင်ခန်းစာယူပြီး နိုင်ငံ အတွင်းမှာ သယ်ယူပို့ဆောင်ရေး အခက်အခဲ၊ ကုန်စျေးနှုန်း အတက်အကျနဲ့ အလွန်အမင်းစိုးရိမ် ထိတ်လန့်မှုမဖြစ်အောင် အားလုံးက ဝိုင်းဝန်းထိန်းသိမ်းကြရပါမယ်။ တစ်ခုခုကြားတာနဲ့တစ်ပြိုင်နက် စိုးရိမ်ပူပန်မှုက ပထမ၊ အလုအယက် ဝိုင်းအုံတိုးဝှေ့ အုန်းအုန်းထတတ်တဲ့အကျင့်တွေကို ပြင်ရပါမယ်။

 ဝိုင်းဝန်းပြီး ပူးပေါင်းပါဝင်ခြင်းဆိုတာ မိမိကိုယ်တိုင်က အတတ်နိုင်ဆုံး ခြိုးခြံချွေတာသုံးစွဲခြင်းကို ဆိုလိုပါတယ်။ ခြိုးခြံတယ်၊ ချွေတာတယ်ဆိုတာ အသုံးနဲ့အဖြုန်းကို ဆင်ခြင်ခြင်း၊ အကျိုးရှိစွာ သုံးစွဲခြင်းဖြစ်ပြီး ပြည်သူတစ်ဦးတစ်ယောက်ချင်းရဲ့ ဉာဏ်နဲ့ယှဉ်တဲ့ တာဝန်တစ်ရပ်ဆိုလည်း ဟုတ်ပါလိမ့်မယ်။ အသိနဲ့ယှဉ်တဲ့ ခြိုးခြံချွေတာခြင်း တာဝန်တစ်ရပ်ဟာ အသက်ရှင်နေသမျှ ရုန်းကန်ရင်ဆိုင်ရမယ့် ယခုလိုကာလမျိုးမှာ ပိုအရေးကြီးလာပါတယ်။

ယခုဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းက စစ်ပွဲကမပြီးဆုံးသေးပါဘူး။ တစ်ခုပြီးရင် တစ်ခုဆက်ဖြစ်မယ့် အကျိုးဆက်ပဋိပက္ခတွေလည်း တန်းစီရှိနေပါတယ်။ အနာဂတ်မှာ မျှော်လင့်မထားတဲ့အခြေအနေဆိုတာ မရှိနိုင်ပါဘူး။ တစ်ဦးတစ်ယောက်တည်း ခွဲနေလို့မရတဲ့ လူ့အဖွဲ့အစည်းမှာ မိမိကြောင့် မဟုတ်ပေမဲ့လည်း ဖြစ်လာနိုင်မယ့် အဆိုးဆုံးတွေအတွက် ပြင်ဆင်ထားရပါမယ်။ ဖြစ်လာရင် ကိုယ်တစ်ယောက်တည်းအတွက်တင်မက မိမိ မိသားစု ဆွေမျိုးအသိုင်းအဝိုင်းအတွက် အများအတွက်ပါ စဉ်းစားနိုင်စွမ်းရှိခြင်းက ဖွံ့ဖြိုးရေးအမြင်ပါ။ ဆိုလိုတာက အနာဂတ်မှာ မိမိထံအဝင်မရှိနိုင်တော့မယ့်အရာတွေအတွက် ခန့်မှန်းတွက်ချက်ပြီး ယခုကတည်းက ကိုယ့်ဆီကနေ အထွက်မရှိအောင်၊ အထွက်နည်းနိုင်သမျှ နည်းအောင် အဝင်နဲ့အထွက်ကို ကန့်သတ်ချွေတာသုံးစွဲသင့်ကြောင်း ဆိုလိုရင်းဖြစ်ပါတယ်။ မရေရာဘူး၊ မလုံခြုံဘူး၊ ဆုံးရှုံးနိုင်တယ်ဆိုတဲ့ ဖိစီးမှုတွေကို မိမိကိုယ်တိုင်ရဲ့ ခြိုးခြံမှုကပဲ ကယ်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ချွေတာမှုအပေါ်မှာ ရောင့်ရဲမှုပါ ထပ်ဆင့်နိုင်ရင်တော့ သူများအခက်အခဲက မိမိအတွက်တော့ လွယ်ကူနေတာ တွေ့ရပါလိမ့်မယ်။                 

ခြိုးခြံချွေတာခြင်း အကျိုးကျေးဇူးများနှင့်အတူ

မသိမသာ စက်သုံးဆီကို ချွေတာသုံးစွဲလိုက်လို့ရလာမယ့် အကျိုးကျေးဇူးတွေကို ချိန်ဆမိပါ သလား။ ဝေးတဲ့ခရီးမျိုးဆိုထားပါ။ နီးတဲ့ခရီးကိုတော့ မိမိပိုင်မော်တော်ယာဉ်၊ ဆိုင်ကယ်မသုံးဘဲ လမ်းလျှောက်မယ်၊ စက်ဘီးစီးမယ်၊ လိုအပ်မှ ခရီးထွက်မယ် စသဖြင့် မိမိကျန်းမာရေးအတွက်ပါ ကျွဲကူးရေပါ အမြတ်ထွက်လာနိုင်မယ့် အကျိုးတရားတွေရှိပါတယ်။ မိမိရဲ့စွမ်းအင်ချွေတာမှု အစိတ်အပိုင်းတစ်ခုလေးက မိမိဝန်းကျင်ရှိ လေထုအရည်အသွေးကို ဘယ်လောက်အထိ တိုးတက်သွားစေနိုင်ပါသလဲ၊ ကာဗွန်ထုတ်လုပ်မှုနဲ့ လေထုညစ်ညမ်းမှုကို ဘယ်လောက်လျှော့ချနိုင်မလဲ၊ တွက်ဆနိုင်ပါတယ်။ နောက်ထပ် အကျိုးတရားတွေ၊ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများစွာကို ရပ်တန့်နိုင်မယ့် အတိုင်းအတာ... စတဲ့ စတဲ့ အကျိုးကျေးဇူးများစွာကို ရရှိစေမှာ ဖြစ်ပါတယ်။

အချုပ်အားဖြင့်တော့ ယနေ့ကျွန်ုပ်တို့ကမ္ဘာကြီး ရင်ဆိုင်နေရတဲ့ပြဿနာက ဒီမိုကရေစီ အရေးလား၊ လူ့အခွင့်အရေးလား၊ ဂဃနဏ မသိတော့ပါဘူး။ ခေါင်းစဉ်အမျိုးမျိုးအောက်မှာ မသေချာမှုတွေထဲက သေချာတာတစ်ခုကတော့ ကမ္ဘာပေါ်မှာရှိနေတဲ့ စွမ်းအင်အရင်းအမြစ်မှန်သမျှကို အလုံးစုံလွှမ်းမိုး ထိန်းချုပ်နိုင်ရေးက ဦးစားပေးဖြစ်လာပြီဆိုတဲ့ အချက်ပါပဲ။ စွမ်းအင်ကိုချုပ်ကိုင်ထားနိုင်သူကသာ ကမ္ဘာကြီးကို ထိန်းချုပ်နိုင်မယ်လို့ ယူဆလာကြတဲ့အတွက် ယနေ့စွမ်းအင်စစ်ပွဲများနဲ့ စွမ်းအင်ဆိုင်ရာ ပဋိပက္ခတွေဟာ ပြီးဆုံးနိုင်ဖို့ ခက်ခဲနေခြင်းဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့နိုင်ငံအနေနဲ့ မိမိတို့ရဲ့အချုပ်အခြာနဲ့အတူ ပိုင်ဆိုင်ထားတဲ့ သယံဇာတနဲ့ စွမ်းအင်အရင်းအမြစ်အားလုံးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိရပါမယ်။ မြေပေါ် မြေအောက် သယံဇာတအရင်းအမြစ်တွေ တိုးသထက်တိုးပွားအောင်လည်း ရှာဖွေဖော်ထုတ်နေရပါမယ်။ ခြိုးခြံရုံနဲ့မပြီး တိုးပွားအောင် ထုတ်လုပ်ရမယ့်သဘော ဖြစ်ပါတယ်။ သို့မှသာ ကမ္ဘာပေါ်မှာ စစ်ပွဲတွေ၊ ပဋိပက္ခတွေ ဘယ်လိုရှိနေနေ အရှုံးထဲက အမြတ်ထွက်နေမှာဖြစ်ပြီး နိုင်ငံ့စီးပွား၊ အမျိုးသားအကျိုးစီးပွားဖြစ်ထွန်းကာ ပြည်သူတွေရဲ့ဘဝ တွေလည်း အစဉ်ဖွံ့ဖြိုးတိုးတက်နေမှာ ဖြစ်ပါတယ်။ ။