ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်း (မြန်မာ့ဆန်အိုးကြီးမှ ဆန်းသစ်သော ခြေလှမ်း)
ဧရာဝတီသား
ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ “ဆန်အိုးကြီး” ဟု တင်စားခံရသည်နှင့်အညီ စပါးကို အဓိကစိုက်ပျိုးထုတ်လုပ်ရာ ဒေသတစ်ခုဖြစ်ပါသည်။ အထူးသဖြင့် မြန်မာ့ဂုဏ်ဆောင် “ပေါ်ဆန်းစပါးမျိုး” များသည် ၎င်းတို့၏ ထူးခြားသော အရည်အသွေးကြောင့် ကျော်ကြားလှသော်လည်း လက်ရှိတွင် စပါးပြီးစပါး စိုက်ပျိုးမှုကြောင့် မြေဆီလွှာများ ပျက်စီးလာခြင်းနှင့်အတူ ပေါ်ဆန်းအရည်အသွေး ကျဆင်းလာခြင်းစသည့်စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရပါသည်။
ယင်းကို ဖြေရှင်းရန်နှင့် လူသားတို့၏ ကျန်းမာရေးအတွက် ဘေးကင်းလုံခြုံသော အစားအစာများ ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ နိုင်ငံတော်အကြီးအကဲ၏ ၂၀၂၁ ခုနှစ် လမ်းညွှန်မှုဖြင့် “ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်း” သုတေသနကို စတင်အကောင် အထည်ဖော်ခဲ့ကြပါသည်။
ထိုသုတေသနကို အောက်ပါရည်ရွယ်ချက်ကြီး (၃) ရပ်ဖြင့် စနစ်တကျဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်-
(က) မြေဆီလွှာပြန်လည်ရှင်သန်ရေး။ တောင်သူများအား သဘာဝမြေဩဇာကို စနစ်တကျ တွင်ကျယ်စွာ အသုံးပြုတတ်စေရန်နှင့် ပျက်စီးနေသော မြေဆီလွှာကို ပြန်လည် ပြုပြင်ရန်။
(ခ) တောင်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေး။ ဒေသနှင့် သင့်တော်သော မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးစေခြင်းဖြင့် အထွက်နှုန်းတိုးတက်စေရန်။
(ဂ) ဓာတုကင်းလွတ် ဈေးကွက်ဖော်ဆောင်ရေး။ သဘာဝမြေဩဇာနှင့် ဇီဝနည်းလမ်းများဖြင့် စိုက်ပျိုးထားသော ဘေးကင်းဆန်များအတွက် ခိုင်မာသော ဈေးကွက်တစ်ခု ရရှိလာစေရန်။
သုတေသနကို ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာရှိ တောင်သူ ဦးကြည်ခိုင်စိုး၏ လယ်မြေတွင် ၂၀၂၁ ခုနှစ်မှ စတင်ကာ ၂၀၂၅ ခုနှစ်အထိ တောင်သူအခြေပြု သုတေသနပုံစံဖြင့် ဆောင်ရွက်ခဲ့ကြပါသည်။ သုတေသနပြုလုပ်ရန် “မြောင်းမြပေါ်ဆန်းရင်၊ ဖျာပုံပေါ်ဆန်းရင်၊ ရွှေဝါရင်၊ ဖျာပုံပေါ်ဆန်းကြီး၊ ဧရာဝတီပေါ်ဆန်းကြီးနှင့် ရွှေဘိုပေါ်ဆန်းရင်” စသည့် ပေါ်ဆန်းမျိုး (၆) မျိုးကို ရွေးချယ်အသုံးပြုခဲ့ကြပါသည်။
မြေဆီလွှာဖွံ့ဖြိုးရေးနှင့် အရည်အသွေး ကောင်းမွန်စေရန် အောက်ပါဆန်းသစ်သော နည်းလမ်းများကို အသုံးပြုခဲ့ကြပါသည်-
(က) သစ်စိမ်းမြေဩဇာနှင့် မြေဆွေးစနစ်။ မိုးစပါးရိတ်သိမ်းချိန်တွင် စပါးရိုးပြတ်များကို အမြင့်တစ်ပေခွဲခန့်ချန်၍ ရိတ်သိမ်းစေပြီး ထယ်မှောက်ခြင်း၊ နွားချေးမြေဆွေး တင်း ၅၀ ကြဲပက်ခြင်းနှင့် သင်္ကြန်လက်ဆေးမိုးတွင် “ပိုက်ဆံလျှော်” ကြဲပက်၍ ပန်းပွင့်ချိန်၌ တလိမ့်ခုတ် ထယ်မှောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
(ခ) သဘာဝမြေဩဇာ ဖော်မြူလာ။ ဟူးမစ်အခြေခံ သဘာဝမြေဩဇာ (Humic Acid 70%, Fulvic Acid 5%) တို့ ပါဝင်သော ဖော်မြူလာအသစ်ကို ပင်ပွားထွက်ချိန်နှင့် မှို့ကပ်ချိန်တို့တွင် စနစ်တကျထည့်သွင်း အသုံးပြုခဲ့ပါသည်။
(ဂ) ဇီဝနည်းလမ်းဖြင့် ပိုးမွှားကာကွယ်ရေး။ နှံစုပ်ဂျပိုးအတွက် ဇီဝပိုးသတ်ဆေးကိုလည်းကောင်း၊ စပါးကုပ်ကျိုးရောဂါအတွက် ထရိုင်ဂိုဒါးမားမှိုထုပ်ကို တစ်ဧကလျှင် (၅) ထုပ်နှုန်းဖြင့် (၅) ကြိမ် ဖျန်းပေးခြင်းဖြင့် ဓာတုကင်းလွတ်စေရန် ဆောင်ရွက်ခဲ့ပါသည်။
နှစ်အလိုက် စမ်းသပ်စိုက်ပျိုးမှုရလဒ်များအရ ဧရာဝတီပေါ်ဆန်းကြီးအား ဓာတုကင်းလွတ်နည်းပညာ အသုံးပြုစိုက်ပျိုးရန် ရွေးချယ်ခဲ့ပြီး တောင်သူများ စုပေါင်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဧက ၂၅၀ အထိ တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြ ပါသည်။ ပျမ်းမျှအထွက်နှုန်းမှာ ၉၅ တင်း ဖြစ်ပါ သည်။
ဓာတ်ခွဲစမ်းသပ်မှုများအရ သဘာဝမြေဩဇာဖြင့် စိုက်ပျိုးသော ဤပေါ်ဆန်းဆန်သည် ပိုမိုစူးရှသော မွှေးရနံ့ရှိခြင်း၊ စားသုံးမှုတွင် နူးညံ့ပျော့ပျောင်းပြီး ကျိုချက်ဒဏ်ပိုမိုခံနိုင်၍ စေးကပ်မှုရှိခြင်း စသည့် အရည်အသွေးကောင်းများ ရရှိလာသည်ကို တွေ့ရပါသည်။ ထို့ပြင် စိုက်ပျိုးပြီးနောက် မြေဆီလွှာအတွင်းရှိ အပင်မှ စုပ်ယူနိုင်သော ပိုတက်စီယမ် (K)၊ ဖော့စ ဖရပ်(P)နှင့် သစ်ဆွေးဓာတ်များ သိသာစွာ တိုးတက်လာသည်ကိုလည်း တွေ့ရှိရပါသည်။
ဓာတုကင်းလွတ်ရေကြည်ပေါ်ဆန်းသည် MSME ပြပွဲများတွင် လူကြိုက်များလာခဲ့ပြီး နိုင်ငံတော်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဧက ၂၅၀ အထိ တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ပါသည်။ ထူးခြားသော အောင်မြင်မှုအဖြစ် ၂၀၂၅ ခုနှစ် မတ်လ ၆ ရက် နေ့တွင် ကျင်းပခဲ့သော ပေါ်ဆန်း ၄၁ မျိုး ပြိုင်ပွဲ တွင် ဤဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်းသည် “ပထမဆု” ကို ဆွတ်ခူးရရှိခဲ့ပါသည်။ ဆန်၏ ရုပ်သွင် ပြင်၊ ချက်ပြုတ်မှု၊ စားသုံးမှုအရည်အသွေးနှင့် တောင်သူ၏ စိုက်ပျိုးပြုစုမှုစနစ်များအပေါ် မူတည် ၍ အကဲဖြတ် ချီးမြှင့်ခဲ့ခြင်းဖြစ်ပါသည်။
ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်မှုသည် စားသုံးသူများအတွက် ဘေးကင်းစိတ်ချရသည့် အရည်အသွေးမြင့်ဆန်ကို ရရှိစေရုံသာမက စိုက်ပျိုးမြေဆီလွှာပျက်စီးမှုကိုလည်း ထိရောက်စွာ ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရပါသည်။ ဓာတုကင်းလွတ် စိုက်ပျိုးခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးများကို ရရှိစေပါသည်-
ကျန်းမာရေးနှင့် အာဟာရ။ ဓာတုပစ္စည်းများ ကင်းစင်သဖြင့် ဘေးထွက်ဆိုးကျိုးမရှိဘဲ သဘာဝအာဟာရဓာတ်များကို အပြည့်အဝ ထိန်းသိမ်းပေးနိုင်ခြင်း။
မြေဆီလွှာဖွံ့ဖြိုးမှု။ ဟူးမစ် (Humic) သဘာဝမြေဩဇာကို အသုံးပြုထားသဖြင့် မြေဆီလွှာကျန်းမာရေးကို ပြန်လည်ကောင်းမွန်စေပြီး ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ခြင်း။
ကုန်ကျစရိတ် သက်သာခြင်း။ ပုံမှန်စိုက်ပျိုးနည်းထက် တစ်ဧက စိုက်ပျိုးစရိတ်သက်သာခြင်း။
စီးပွားရေး တွက်ခြေကိုက်ခြင်း။ အထွက်နှုန်းထိခိုက်မှုမရှိသည့်အပြင် အရည်အသွေးကောင်းမွန်သဖြင့် တောင်သူများ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝကို ပိုမိုဖွံ့ဖြိုးတိုးတက်စေခြင်း။
သဘာဝမြေဩဇာ အခြေခံစိုက်ပျိုးရေးစနစ်သည် မြေဆီလွှာကို ရှင်သန်စေပြီး စားသုံးသူ၏ ကျန်းမာရေးကို များစွာအထောက်အကူပြုပါသည်။ ထို့ကြောင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးအတွက် အကောင်းဆုံးလမ်းစဉ်ဖြစ်သည့် ဤစိုက်ပျိုးနည်းစနစ်ကို တောင်သူလယ်သမား များအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဆောင်ရွက်နိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။
