Skip to main content

အမြင့်ပျံဖို့ တောင်ပံတစ်စုံ

မောင်ကောင်း

“နိုင်ငံကို ဖိုးသုညတွေ၊ မယ်သုညတွေနဲ့ တည်ဆောက်လို့မရဘူး” ဆိုတဲ့စကားကို ခေတ်အဆက်ဆက် နိုင်ငံ့အကြီးအကဲတွေပြောခဲ့ကြတာ နှစ်ပေါင်း ၇၀ ကျော်လောက်ကြာခဲ့ပါပြီ။ ဒီစကားဟာ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်ဖို့အတွက် အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ မရှိမဖြစ်လိုအပ်တယ်လို့ ဆိုလိုတာဖြစ်တယ်ဆိုတာ လူတိုင်းသိကြပြီးသားပါ။

တစ်နည်းအားဖြင့် နိုင်ငံတည်ဆောက်ရေးအတွက် လိုအပ်တဲ့ တန်ဖိုးမြင့်လူ့စွမ်းအားအရင်းအမြစ်ကို မဖြစ်မနေ ပြုစုပျိုးထောင်ကြဖို့ တိုက်တွန်းနှိုးဆော်ခြင်းလို့လည်း ဆိုနိုင်ပါတယ်။ လွတ်လပ်ရေးရပြီးခဲ့တာ နှစ်ပေါင်း ၈၀ နီးနီးလောက် ရောက်ရှိပြီးတဲ့အခါ မြန်မာနိုင်ငံရဲ့ ပညာရေးအခြေအနေ ဘယ်လိုအဆင့်အတန်းကို ရောက်ရှိခဲ့ပြီလဲလို့ကြည့်လိုက်မယ်ဆိုရင် အားရစရာမကောင်းဘူးလို့ ဆိုရမှာဖြစ်သလို မျှော်လင့်ချက်ကင်းမဲ့လောက်တဲ့ အခြေအနေမျိုးမဟုတ်ဘူးလို့လည်း ဆိုရမှာဖြစ်ပါတယ်။

ပညာရေးအပေါ် ဘယ်လိုသဘောထားကြသလဲ

လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က မြန်မာနိုင်ငံအလယ်ပိုင်း ရွာလေးတစ်ရွာကို ကျွန်တော်ရောက်သွားခဲ့တယ်။ ရွာရဲ့အခြေခံစီးပွားရေးဟာ စိုက်ပျိုးရေးဆိုပေမယ့် စိုက်ပျိုးရေးကရတဲ့ဝင်ငွေကို ခေတ်လူငယ်တွေက စိတ်မဝင်စားကြတော့ဘူးလို့ ရွာခံတချို့နဲ့ စကားစမြည်ပြောရင်း သိခဲ့ရပါတယ်။ ရာသီသီးနှံတစ်ခုခုက ရမယ့်ဝင်ငွေဟာ ကျိန်းသေ အကျိုးအမြတ်ရမယ်လို့ အာမမခံနိုင်ဘူး။ မသေချာဘူး။ ရွာမှာအိမ်ကောင်းကောင်းနဲ့၊ ပြည့်ပြည့်စုံစုံနေနိုင်တဲ့သူတွေကိုကြည့်ရင်အများစုက နိုင်ငံခြားမှာ သွားအလုပ်လုပ်နေကြသူတွေရှိတဲ့ မိသားစုအိမ်တွေပဲတဲ့။ ဒီလိုနဲ့စမတ်ဖုန်းကောင်းကောင်းတွေကိုင်နိုင်ဖို့၊ ဆိုင်ကယ်ကောင်းကောင်းစီးနိုင်ဖို့၊ ဝိုင်းကျယ်ကျယ်၊ အိမ်ကောင်းကောင်း၊ ရေခဲသေတ္တာ၊ အဲယားကွန်း၊ အဝတ်လျှော်စက်ပြည့်ပြည့်စုံစုံနဲ့ နေနိုင်ဖို့ အစရှိတဲ့ လူငယ်တွေရဲ့အိပ်မက်တွေအတွက် အဓိကလိုအပ်ချက်က ပညာတတ်ကြီးဖြစ်အောင် အချိန်ကုန်၊ ငွေကုန်ခံပြီးသင်ဖို့မဟုတ်ဘဲ နိုင်ငံခြားမှာ သွားအလုပ်လုပ်ဖို့ ဖြစ်လာတယ်တဲ့။

ရွာထဲကလမ်းဆုံလမ်းခွတွေမှာ ကိုရီးယားစကားပြောသင်တန်း၊ ဂျပန်စကားပြောသင်တန်းစတဲ့ ကြော်ငြာစာရွက်တွေကပ်ထားတာကို တွေ့ရတတ်သလို တရားဝင်သလား၊ မဝင်သလားမသိရတဲ့ နိုင်ငံခြားအလုပ်အကိုင်ပွဲစားဆိုသူတွေ၊ လူခေါ်သူတွေကလည်း ရွာကိုရောက်ရောက်လာတတ်တယ်။ အလုပ်လုပ်နိုင်တဲ့အရွယ်ရောက်လာတဲ့ လူငယ်၊ အထူးသဖြင့် ယောကျ်ားလေးတွေအတွက် ဇာတိရပ်ရွာကို စွန့်ခွာဖို့၊ ပညာသင်လက်စကျောင်းကနေထွက်ဖို့ တွန်းအားတွေဖြစ်လာတယ်။ မိဘတွေ စုဆောင်းထားသမျှ ငွေကြေးတွေ၊ မစုဆောင်းနိုင်ခဲ့ရင်လည်း လက်ရှိပိုင်ဆိုင်ထားတဲ့ အိမ် ဝိုင်းခြံ မြေ၊ ကျွဲ၊ နွားတွေကို ပေါင်နှံရောင်းချ အရင်းအနှီးလုပ်ပြီး နိုင်ငံခြားမှာသွားအလုပ်လုပ်ဖို့ကိုပဲ စိတ်အားထက်သန်လာကြတယ်တဲ့။

အဲဒီလို သွားအလုပ်လုပ်နိုင်ဖို့ ဘယ်ဘာသာစကားမှ အပိုတတ်ကျွမ်းဖို့ မလိုအပ်သလို ဘာကျွမ်းကျင်မှုမှလည်း မလိုဘူး၊ ပင်ပန်းတာချင်းတူရင် နိုင်ငံခြားမှာက မြန်မာနိုင်ငံမှာထက် လုပ်ခလစာပိုရတယ်ဆိုပြီး ဆွယ်တဲ့သူတွေကလည်း ဆွယ်နေကြတယ်တဲ့။ မြန်မြန်သွားနိုင်ရင်၊ မြန်မြန်အကျိုးရှိတယ်လို့ ထင်မှတ်နေကြတယ်။ ဒါနဲ့ပဲများပြားလှတဲ့ အရွယ်ကောင်းလူငယ်တွေ တရားဝင်နည်းနဲ့ရော၊ တရားမဝင်နည်းနဲ့ပါ ပြည်ပနိုင်ငံတွေ ဆီကိုထွက်သွားကြတယ်။ ကိုယ့်နိုင်ငံကပညာတတ်တွေ တခြားနိုင်ငံတွေဆီထွက်သွားတာကို ဦးနှောက်ယိုစီးမှု(Brain Drain)လို့ဆိုရင် အလုပ် လုပ်နိုင်တဲ့လူငယ်တွေ ထွက်သွားခြင်းကလည်း ကြွက်သားယိုစီးမှု ဒါမှမဟုတ် လုပ်အားယိုစီးမှု (Muscle Drain)လို့ ဆိုရမှာဖြစ်ပါတယ်။ အခုဆိုရင် ပြည်ပရောက်မှ “သားမှားပြီ အမေရဲ့၊ သမီးမှားပြီ အမေရဲ့” ဆိုပြီး အွန်လိုင်းပေါ်တက်လာတဲ့ နောင်တသံတွေ မကြာခဏတွေ့မြင်ရပေမယ့် လောလောဆယ် ဆင်းရဲမွဲတေတဲ့ဘဝကနေ ရုန်းထွက်နိုင်ဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ဇွတ်တိုးဝင်ဖို့ ကြိုးစားနေတဲ့သူတွေ ရှိနေသေးတာမို့ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးမှုတွေ လိုနေသေးတယ်လို့လည်း ရွာခံတချို့က ပြောပြတယ်။

နာဝါလှေငယ်နဲ့ အဏ္ဏဝါရေပြင်ကျယ်

မြန်မာ့လူ့အဖွဲ့အစည်းဟာ အစဉ်အလာအားဖြင့် ပညာသင်ယူမှုကိုအားပေးတဲ့ လူ့အဖွဲ့အစည်းဖြစ်ပါတယ်။ ရှေးကတည်းက ရဟန်းပညာရှိ၊ လူပညာရှိတွေရဲ့ ဆုံးမစာတွေ၊ နီတိကျမ်းတွေမှာ ပညာသင်ယူကြဖို့ တိုက်တွန်းထားတာတွေကို အများအပြားတွေ့နိုင်ပါတယ်။ ဒါပေမဲ့လည်း ခေတ်ကာလအလိုက်ဖြစ်ပေါ်နေတဲ့ လူမှုစီးပွားဘဝပတ်ဝန်းကျင်အခြေအနေတွေထဲမှာ အဆုံးအမတွေ၊ နီတိတွေလည်း မေ့လျော့ပစ်ပယ်ခံကြရပါတယ်။ “သေစာရှင်စာလောက်တတ်ရင် တော်ရောပေါ့” ဆိုတဲ့ စကားမျိုးကို ရှေးယခင်က ကျေးလက်ဒေသတွေမှာ အထူးသဖြင့် မိန်းကလေးတွေကို မိဘဆွေမျိုးတွေက ပြောလေ့ရှိကြတယ်လို့ ကြားဖူးပါတယ်။

သေစာရှင်စာဆိုတာ လိုအပ်လာရင်ရေးတတ်၊ ဖတ်တတ်ရုံလောက်ကိုပဲ ပြောတာဖြစ်ပါတယ်။ သူတို့ဘဝတစ်လျှောက် လုပ်ကိုင်ဆောင်ရွက်ကြရမယ့် အိမ်မှုကိစ္စတွေ၊ မိရိုးဖလာစီးပွားရေးဖြစ်တဲ့ လယ်ယာကိုင်းကျွန်းနဲ့ ကုန်ရောင်းကုန်ဝယ် အလုပ်အကိုင်တွေအတွက် ပညာကိုမြင့်မြင့်မားမား တတ်မြောက်နေစရာမလိုဘူးလို့ ခံယူထားကြလို့ပဲဖြစ်ပါတယ်။ တကယ်တော့ ပညာနည်းနည်း မဆိုစလောက်လေးနဲ့ဘဝကို ရှင်သန်နေထိုင်သွားဖို့ဆိုတာ လှေငယ်လေးတစ်စင်းနဲ့ ပင်လယ်ပြင်ကျယ်ကြီးကို ဖြတ်သန်းကြသလို အန္တရာယ်ကြီးလွန်းလှတယ်ဆိုတာကို နားမလည်နိုင်ကြတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံသားတွေ ပညာတတ်မြောက်မှု နည်းပါးနိမ့်ကျတာဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနဲ့ လည်း တိုက်ရိုက်အချိုးကျနေတာကြောင့် ပညာမတတ်လို့ မဖွံ့ဖြိုး၊ မဖွံ့ဖြိုးလို့ ပညာမတတ်တဲ့ သံသရာထဲကျမသွားအောင် အားစိုက်ရုန်းထွက်ကြဖို့လည်း လိုပြန်ပါတယ်။ ဒါကြောင့် ကျောင်းမထွက်နဲ့ ကျောင်းတက်ကြဖို့ အားလုံးက တိုက်တွန်းနှိုးဆော်နေကြရမှာဖြစ်သလို ကျောင်းတက်နိုင်အောင် အခြေအနေကောင်းတွေ၊ ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးတည်ဆောက်ပေးကြရမှာဖြစ်ပါတယ်။

ကမ္ဘာပေါ်က ပျမ်းမျှကျောင်းတက်နှစ်

ပျမ်းမျှကျောင်းတက်နှစ် (The average years of schooling) ဆိုတာဟာ နိုင်ငံတစ်နိုင်ငံရဲ့ လူဦးရေက သင်ယူပြီးမြောက်တဲ့ တရားဝင်ပညာရေးနှစ် ပျမ်းမျှအရေအတွက်ကို ကိုယ်စားပြုတဲ့ ကိန်းဂဏန်း ဖြစ်ပါတယ်။ အဲဒီကိန်းဂဏန်းကို အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေးအလားအလာ (national development and economic potential) ကို အကဲဖြတ်ရာမှာ အသုံးပြုပြီး လူ့စွမ်းအားအရင်းအမြစ်ရဲ့ အဓိကညွှန်ပြချက် (key indicator)လည်း ဖြစ်ပါတယ်။

နိုင်ငံအချို့ရဲ့ ပျမ်းမျှကျောင်းတက်နှစ်တွေကို ကြည့်မယ်ဆိုရင် ဂျာမနီ ၁၄ ဒသမ ၁၊ ကနေဒါ ၁၃ ဒသမ ၈၊ အိုက်စ်လန် ၁၃ ဒသမ ၈၊ အမေရိကန် ၁၃ ဒသမ ၇၊ ဂျပန် ၁၃ ဒသမ ၄၊ ယူကေ ၁၃ ဒသမ ၄၊ နိုင်ဂျာ ၂ ဒသမ ၁ စသည် ဖြင့်တွေ့နိုင်ပါတယ်။ ပျမ်းမျှကျောင်းတက်နှစ် အမြင့်ဆုံးနိုင်ငံတွေကိုကြည့်ရင် ပျမ်းမျှ ၁၄ နှစ် ဝန်းကျင်မှာတွေ့နိုင်ပြီး အနိမ့်ဆုံးနိုင်ငံတွေထဲမှာ မာလီ၊ ဂီနီ၊ ဘာကီနာဖာဆို၊ နိုင်ဂျာစတဲ့ ဆာဟာရ အောက်ပိုင်း အာဖရိကနိုင်ငံတွေပါဝင်ပါတယ်။ အနိမ့်ဆုံး ပျမ်းမျှ နှစ်နှစ်၊ သုံးနှစ်ဝန်းကျင်ခန့်သာ ရှိပါတယ်။ တောင်အာရှနိုင်ငံအများစုက ခုနစ်နှစ်အောက်ဖြစ်ပြီး ဝင်ငွေမြင့်မားတဲ့ နိုင်ငံအများစုက ၁၀ နှစ်အထက်မှာ ရှိပါတယ်။

နိုင်ငံတွေရဲ့ ပျမ်းမျှကျောင်းတက်နှစ်တွေဟာ အဲဒီနိုင်ငံက နိုင်ငံသားတွေရဲ့ ပျမ်းမျှပညာအရည် အချင်းဖြစ်ပါတယ်။ ဂျာမနီ၊ ကနေဒါ၊ အိုက်စ်လန်၊ အမေရိကန်၊ ဂျပန်၊ ယူကေနိုင်ငံသားတွေရဲ့ ပျမ်းမျှ အရည်အချင်းဟာ တက္ကသိုလ်အဆင့်မှာရှိနေတာကိုတွေ့နိုင်ပြီး မြန်မာနိုင်ငံသားတွေဟာ အလယ်တန်း အောက်အဆင့်၊ ဆာဟာရအောက်ပိုင်း အာဖရိကနိုင်ငံတွေက နိုင်ငံသားတွေရဲ့ ပျမ်းမျှပညာအရည်အချင်းက မူလတန်းအောက်အဆင့် စသည်ဖြင့်တွေ့နိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ အဲဒီနိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ လူနေမှုအဆင့်အတန်းတွေနဲ့ နှိုင်းယှဉ်အကဲခတ်လေ့လာ ကြည့်နိုင်ပါတယ်။

မျက်မှောက်ကာလ မြန်မာ့ပညာရေးအခြေအနေ

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းပြည်ထောင်စုအစီရင်ခံစာ အခန်း(၅) လူမှုစီးပွားဆိုင်ရာ အညွှန်းကိန်းများကဏ္ဍမှာ မြန်မာနိုင်ငံရဲ့ လူမှုစီးပွားရေးအခြေအနေကို ပညာရေး၊ လုပ်သားအင်အားနဲ့ မသန်စွမ်းမှုဆိုတဲ့ ခေါင်းစဉ်များနဲ့ အပိုင်းသုံးပိုင်းခွဲခြားဖော်ပြထားပါတယ်။ အဲဒီထဲက မြန်မာနိုင်ငံရဲ့ ပညာရေးအခြေအနေနဲ့ပတ်သက်လို့ ဖော်ပြထားတဲ့ထဲက အနည်းငယ်မျှကောက်နုတ်ပြီး ပြန်လည်တင်ပြလိုပါတယ်။ အပြည့်အစုံကိုတော့ သန်းခေါင်စာရင်းအစီရင်ခံစာမှာ ကြည့်ရှုလေ့လာကြဖို့ စာဖတ်သူတို့ကို တိုက်တွန်းလိုပါတယ်။

စာတတ်မြောက်မှုနဲ့ တွက်ချက်နိုင်မှုအခြေအနေက ပြည်ထောင်စုအဆင့်မှာ အသက် ၁၅ နှစ်နဲ့အထက် အရွယ်ရောက်ပြီးသူ ၁၀ ဦးလျှင် ကိုးဦး စာရေးနိုင်၊ ဖတ်နိုင်ပြီး စာတတ်မြောက်မှုနှုန်း ၉၂ ဒသမ ၁ ရာခိုင်နှုန်းရှိပါတယ်။ အခြေခံသင်္ချာတွက်ချက်နိုင်မှုအနေနဲ့ ၉၂ ဒသမ ၃ ရာခိုင်နှုန်းရှိပါတယ်။ မြို့မှာနေသူ ၁၀၀ မှာ ၉၅ ယောက်နှုန်း၊ ကျေးလက်မှာနေသူ ၁၀၀ မှာ ၉၀ ရာခိုင်နှုန်းစာတတ်ကြတဲ့အတွက် မြို့မှာနေသူစာတတ်မြောက်နှုန်းကပိုပါတယ်။

ကျောင်းတက်ရောက်မှုအခြေအနေကိုကြည့်ရင် မြန်မာနိုင်ငံရှိ အသက် ၃ နှစ်မှ ၂၅ နှစ်ကြား လူဦးရေ ၁၀ ဒသမ ၅ သန်းအနက် ၅၆ ဒသမ ၁ ရာခိုင်နှုန်းက လက်ရှိကျောင်းတက်နေကြပါတယ်။ ၃၄ ဒသမ ၁ ရာခိုင်နှုန်းက အရင်တုန်းက ကျောင်းတက်ခဲ့ဖူးတဲ့သူတွေဖြစ်ပြီး ကျောင်းလုံးဝမတက်ဖူး သူ ၉ ဒသမ ၈ ရာခိုင်နှုန်းရှိပါတယ်။

အသက်အရွယ်အလိုက် ကျောင်းတက်နှုန်းလျော့ကျ

မြန်မာနိုင်ငံမှာ အတန်းကျောင်းစနေကြရတဲ့အရွယ်က အသက် ၅ နှစ်အရွယ်ဖြစ်ပြီး အသက် ၅-၉ နှစ်အရွယ် ၁၀ ဦးမှာ ကိုးဦးကျောင်းတက်ကြပါတယ်။ ၁၀-၁၄ နှစ်အရွယ်မှာ ၈၄ ဒသမ ၂ ရာခိုင် နှုန်းနဲ့ ကျဆင်းစပြုလာပါတယ်။ ၁၅-၁၉ နှစ်အရွယ် မှာ ၄၃ ဒသမ ၃ ရာခိုင်နှုန်းအထိ ထက်ဝက်လောက် ကျဆင်းသွားပြီး အသက် ၂၀ - ၂၄ နှစ်မှာ ၁၅ ရာခိုင် နှုန်းအထိ သိသိသာသာလျော့ကျသွားပါတယ်။ အသက် ၂၅ နှစ်နောက်ပိုင်းမှာ ကျောင်းတက်နှုန်းမရှိသလောက်နည်းသွားပြီး သက်လတ်ပိုင်း အဆင့်မြင့်ပညာဆက်သင်သူ၊ ကျောင်းပြန်တက်သူ အနည်းငယ်သာ ရှိပါတော့တယ်။

လက်ရှိလူငယ်တွေကြားမှာ ကျောင်းလုံးဝမတက်ဖူးသူ အနည်းငယ်သာရှိနေပါတယ်။ အသက် ၁၀-၁၄ နှစ်အရွယ် ၂ ဒသမ ၄ ရာခိုင်နှုန်း၊ ၁၅-၁၉ နှစ်အရွယ် ၂ ဒသမ ၈ ရာခိုင်နှုန်း၊ ၂၀-၂၄ နှစ်အရွယ် ၃ ဒသမ ၈ ရာခိုင်နှုန်း ကျောင်းလုံးဝမတက်ဖူးကြတာကို တွေ့ရပါတယ်။ အသက် ၃၀၊ ၄၀၊ ၅၀ စတဲ့ အရွယ်တွေမှာ ကျောင်းလုံးဝမတက်ဖူးသူရာခိုင်နှုန်းဟာ အသက်ကြီးလေပိုမြင့်လေတွေ့ရတာမို့ မြန်မာနိုင်ငံမှာ အခြေခံပညာရေးမြှင့်တင်မှုကို ကာလရှည်ကြိုးပမ်းနေတဲ့ သက်သေသာဓကအဖြစ် တွေ့ရှိနိုင်ပါတယ်။

ဘာကြောင့်ကျောင်းဆက်မတက်ကြတာလဲ

ကျောင်းသူ ကျောင်းသားအများစု ကျောင်းထွက်ရခြင်းဟာ ပညာရေးစနစ်ကြောင့်မဟုတ်ဘဲ မိသားစုအတွင်း ဖိအားများကြောင့်ဖြစ်ကြောင်း သန်းခေါင်စာရင်းပါအချက်အလက်တွေက ဖော်ပြနေတယ်လို့ ၂၀၂၄ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာက ဆိုထားပါတယ်။

အဓိကအကြောင်းရင်းတစ်ခုဖြစ်တဲ့ မိသားစုကိုကူညီရန်၊ အိမ်အလုပ်များလုပ်ကိုင်ရန်၊ မိဘဆွေမျိုးများကို ပြုစုစောင့်ရှောက်ရန်အတွက် ကျောင်းထွက်ရခြင်းက ၂၇ ဒသမ ၁ ရာခိုင်နှုန်းရှိနေတယ်။ အိမ်မှုကိစ္စနဲ့ ပြုစုစောင့်ရှောက်မှုတာဝန်တွေက ကလေးများနဲ့ ဆယ်ကျော်သက်များကို ကျောင်းထွက်ဖို့ တွန်းအားပေးတာကို ပြဆိုနေတယ်လို့ဆိုပါတယ်။

ဒုတိယအရေးပါတဲ့အကြောင်းရင်းက စီးပွားရေးနဲ့သက်ဆိုင်နေပြီး ကျောင်းစရိတ်မတတ်နိုင်လို့ ၂၀ ဒသမ ၆ ရာခိုင်နှုန်း၊ လုပ်ငန်းခွင်လိုအပ်ချက်များ (စိုက်ပျိုးရေး ၁၂ ဒသမ ၁ ရာခိုင်နှုန်း၊ အခြားလုပ်ငန်းများ ၁၃ ဒသမ ၁ ရာခိုင်နှုန်း) တို့ဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့် ကျောင်းဆက်မနေနိုင် သူတွေရဲ့ထက်ဝက်ခန့်ဟာ မိသားစုလိုအပ်ချက်ကြောင့် ဒါမှမဟုတ် ပညာရေးအတွက် တိုက်ရိုက်/သွယ်ဝိုက်စရိတ်တွေကို မတတ်နိုင်ခြင်းကြောင့်ဖြစ်တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

အသက်မွေးမှုတစ်ခုပညာ

ငယ်တုန်းရွယ်တုန်း ခွန်အားဗလနဲ့ တက်ကြွတဲ့အရွယ်မှာ ကာယလုပ်အားကို အခြေပြုပြီး အသက်မွေးဝမ်းကျောင်းပြုကြရတာဟာ အကန့်အသတ်တွေရှိနေမှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပြေလည်မှုရနိုင်ပေမယ့် အကြောင်းကြောင်းကြောင့် အလုပ်မလုပ်နိုင်တော့တဲ့အခါ မူလအခြေအနေ ဒါမှမဟုတ် ပိုပြီးဆိုးရွားတဲ့အခြေအနေကို ရောက်သွားနိုင်ပါတယ်။ ဒါ့အပြင် ကာယလုပ်အားကို အခြေပြုပြီးရရှိတဲ့ လုပ်ခ၊ လစာဆိုတာတွေကလည်း ရေရှည်မှာ ဆင်းရဲနွမ်းပါးမှုကနေ လွတ်မြောက်ဖို့ ခဲယဉ်းလှပါတယ်။ ဒါကြောင့်မို့ ငယ်ရွယ်စဉ်ပညာသင်ရမယ့်အရွယ်မှာ ပညာသင်ကြဖို့ကိုပဲ နှိုးဆော်တိုက်တွန်းကြရမှာ ဖြစ်ပါတယ်။ ဆင်းဆင်းရဲရဲနဲ့ ပညာသင်ကြားရတာဟာ ပိုပြီး ရုန်းကန်အားထုတ်ကြိုးစားကြဖို့၊ ပိုပြီးလုံ့လဝီရိယ စိုက်ထုတ်ကြဖို့လိုတာ အမှန်ပါပဲ။

အသိပညာ၊ အတတ်ပညာ၊ အသက်မွေးဝမ်းကျောင်းပညာတွေကို ခက်ခက်ခဲခဲ ဆင်းဆင်းရဲရဲ ရှာဖွေသင်ယူကြပြီး လယ်ထဲကိုင်းထဲက၊ ရထားလမ်းဘေး၊ မြစ်ကမ်းနံဘေးရွာလေးတွေက၊ ဝေးလံခေါင်ဖျား တောင်ပေါ်ရွာလေးတွေက၊ မြို့ပြဆင်ခြေဖုံးကျူးကျော်ရပ်ကွက်ထဲက စတဲ့နေရာတွေကနေ ထွက်ပေါ်လာတဲ့လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ၊ ဆရာဝန်ကြီးတွေ၊ အရာရှိအရာခံတွေ အများအပြားရှိနေတာ ပါးစပ်ပြောပုံပြင်တွေ မဟုတ်ပါဘူး။ ဆင်းရဲတွင်းက လွတ်အောင်ပျံတက်ဖို့ ခွန်အားကောင်းတဲ့ တောင်ပံတစ်စုံလိုတယ်ဆိုရင် အဲဒါဟာ ပညာနဲ့လုံ့လဝီရိယပါပဲ။

ဒီဆောင်းပါးကို လိုရင်းအနှစ်ချုပ်ရရင်တော့ ပညာသင်ကြရမယ့်အရွယ်မှာ ပညာကိုမဖြစ်မနေ သင်ယူကြဖို့ပါပဲ။ KG ကနေ ၉ တန်းအထိ နိုင်ငံတော်က အခမဲ့သင်ကြားပေးနေတာဖြစ်တဲ့အတွက် လူ့ဘဝရဲ့ အနည်းဆုံးလိုအပ်ချက်အဖြစ် ၉ တန်းအောင်တဲ့ အထိ မဖြစ်ဖြစ်အောင် သင်ယူကြရမှာပဲ ဖြစ်ပါတယ်။ ဘဝမှာ ဒီထက်ပိုအဆင့်မြင့်ချင်တယ်၊ အဆင်ပြေချင်တယ်ဆိုရင် အခြေခံပညာအထက်တန်းပြီးအောင် ဆက်သင် ဒါမှမဟုတ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ အသက်မွေးဝမ်းကျောင်းပညာတွေ သင်ယူ၊ လူဖြစ် ကျိုးနပ်ချင်တယ်ဆိုရင်တော့ တက္ကသိုလ်တက်၊ အဆင့်မြင့်ပညာတွေသင် ကြိုးစားရင်ကြိုးစား သလောက်ထွန်းပေါက်ပြီး ပညာရဲရင့်ပွဲလယ်တင့်နိုင်ကြပြီပေါ့။ အဲဒီလိုအခြေအနေရောက်လာပြီဆိုရင် ကိုယ့်အတွက်ရော၊ နိုင်ငံအတွက်ရောအဖိုးတန်တဲ့ လူသားအရင်းအမြစ် ဖြစ်လာပါပြီ။

အသက် ၅ နှစ်ကစတဲ့ ပညာရေးခရီးဟာ အသက် ၂၅ နှစ်လောက်မှာ ပြီးဆုံးသွားတယ်လို့ ဆိုရပေမယ့် ယနေ့ခေတ်မှာတော့ ဘွဲ့တစ်ခုခုရပြီး ရင်လည်းရပ်ထားလို့မရပါဘူး။ ဘဝတစ်သက်တာ မှာ မိမိဘာသာ ပညာကို ဆက်လက်သင်ယူခြင်းဖြင့် ဆက်လက်ရှင်သန်ကြရမှာဖြစ်ပါတယ်။ ဉာဏ်ပညာနဲ့ လုံ့လဝီရိယ တောင်ပံတစ်စုံ အားကောင်းသန်မာကြတာနဲ့အမျှ ကောင်းကင်အမြင့်မှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ပျံသန်းနိုင်ကြမှာဖြစ်တဲ့အကြောင်း ပညာသင်အရွယ်လူငယ်များကို တိုက်တွန်းအားပေးလိုက်ပါတယ်ခင်ဗျား။ ။