Skip to main content

အညာသားများ အညာမမိစေချင်

မောင်တိုးအေး

သည်နှစ်မိုးကောင်းတော့ အညာတစ်ခွင်စိမ်းစိုလို့နေသည်။ ယခုလို မိုးကောင်းသည့်နှစ်တွေဆိုလျှင် အညာကိုသတိရသည်။ ရွာကယာခင်းများနှင့် ဆွေမျိုးများထံ မရောက်ဖြစ်တာကြာပြီ။ “တို့အညာကို တစ်နှစ်မှာ သုံး/လေးကြိမ်လောက်သာ မိုးကောင်းကောင်းရွာပေးစမ်းပါကွာ…၊ အညာသားတွေ အခြားမြို့ရွာတွေသွားပြီး အလုပ်လုပ်စရာမလိုတော့ဘူး…” ဟု ဦးကြီးပြောဖူးသည့်စကားကို ကြားယောင်မိသည်။ ကျွန်တော့်ဦးကြီးပြောသလို အညာကို မိုးကောင်းကောင်းသာရွာပေးကြည့်ပါ။ ကျွန်တော်တို့ အညာသားတွေ ပြုံးပျော်ရွှင်မြူးနေမှာ အမှန်ပါပဲ။

တကယ်တော့ ကျွန်တော်တို့ အညာသားတွေကရိုးသားလွန်းသည်။ ငယ်ငယ်က ဆရာမောင်ကြေးမုံ၏ “အညာမိသွားတဲ့ အညာသား” သီချင်းလေးနားထောင်ပြီး အောက်ပြည် အောက်ရွာသူ တစ်ယောက်က အညာသားတစ်ယောက်ကို လိမ်ညာလှည့်ဖြားချန်ထားခဲ့ပုံလောက်သာ ကြားဖူးသည်။ အခုတော့ရိုးသားလွန်းသည့် အညာသားတွေကို ကိုယ်ကျိုးစီးပွားသမားတွေက ဘဝတွေပျက်သွားအောင် အမြတ်ထုတ်ခဲ့ကြတာတွေ နားနှင့်မဆံ့အောင်ကြားနေရသည်။ အညာသားတွေဘဝက ယခုထိ အညာခံနေရဆဲဖြစ်သည်။

အညာမိပြန်ပြီ

အညာသားတွေ အညာခံရတဲ့အကြောင်း ကျွန်တော်တို့အညာသား အချင်းချင်းပြောမိတိုင်း ရင်နာရသည်။ အွန်လိုင်းပေါ်မှာ အညာသားကဗျာဆရာတစ်ယောက်က ယနေ့ဖြစ်ပေါ်နေသည့် အခြေအနေများမှာ အညာသားတွေ ဘဝတွေပျက်၊ အသိုက်တွေပျက်ပြီး အလူးအလဲခံနေရပုံကို တစ်ဖွဲ့တစ်နွဲ့ပြောရှာသည်။ နားထောင်ကြည့်ရုံနှင့်ပင် ရင်ထဲနင့်နင့်သီးသီးခံစားရသည်။ ရိုးသားသည့်အညာသားများကိုမှ လုပ်ရက်ပါလေစဟု ယူကျုံးမရဖြစ်မိသည်။

အညာသား ကဗျာဆရာပြောသလို “အညာဟာ သနားဖို့ကောင်းပါတယ်။ ပြန်တည်ရမယ့် ဘုရားတွေ၊ ပြန်ဆောက်ရမယ့် ကျောင်းတွေ၊ ပြုပြင်ရမယ့်ဆေးရုံတွေ၊ ပြန်ရွှေ့ရမယ့် သင်္ချိုင်းတွေ၊ လူမစုံတော့တဲ့ ထမင်းဝိုင်းတွေ၊ အိပ်နေရင်းလန့်နိုးရမယ့် မှတ်ဉာဏ်ဆိုးတွေနဲ့ အညာနေရာ အညာနဲ့အစားထိုးရင်တောင် တစ်ချိန်က အညာကိုပြန်မရတော့ဘူး” ဆိုသည့် စကားလုံးတွေဟာ ကျွန်တော်တို့ရင်ထဲ ပြောမပြတတ်အောင် နာကျင်မိသည်။

အညာကို ညာသွားတာဘယ်သူလဲ

တကယ်တော့ အညာသားတွေဟာ “တုံး” “အ” လွန်းလို့ အညာခံရတာမဟုတ်။ “ရိုး” “အ” လွန်း၊ အားနာလွန်းလို့ အညာခံရခြင်းဟု ပြောရမည်။ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲတွင် အညာသားတွေကို သတင်းမှားတွေပေး၊ မျှော်လင့်ချက်အမှားတွေပေး၊ အတွေးအခေါ် အမှားတွေပေးပြီး လမ်းမှားသို့ တွန်းပို့ကြသည်။ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်အမှန်ကို အသိမပေးဘဲ တပ်မတော်အပေါ်၊ နိုင်ငံတော်အစိုးရအပေါ် မကျေနပ်ချက်တွေ၊ အမုန်းတရားတွေ၊ အာဃာတတွေရိုက်သွင်းပြီး အစွန်းရောက်အောင် ဆွဲခေါ်ခဲ့သည်။ NLD ပါတီ၏ မဲမသမာမှုကို အသိမပေးဘဲ လိမ်လည်လှည့်ဖြားကာ စည်းရုံးသိမ်းသွင်းပြီး အညာကိုစစ်တလင်းဖြစ်အောင်လုပ်ကြသည်။ အချို့ NUG ၊ PDF ဆိုသည့် အကြမ်းဖက်သမားတွေက လက်နက်အားကိုးဖြင့် အညာသားတွေကို ခြိမ်းခြောက်သည်။ အကြမ်းဖက်မှုတွေမှာ ရိုးသားသည့် အညာသားတွေကို ပါဝင်ခိုင်းခဲ့သည်။

အဆိုးရွားဆုံးကတော့ ရွာသားအချင်းချင်း စည်းလုံးမှုတွေပြိုကွဲအောင်လုပ်ပြီး အဖွဲ့တွေအမျိုးမျိုးကွဲစေခဲ့သည်။ အညာမှာ လမ်းပေါ်ဝါးလုံးတန်းတွေတားပြီး အညာသားပြည်သူတွေဆီက ငွေကြေးတွေကောက်၊ ကုပ်သွေးတွေစုပ်နေကြသည်။

တကယ်တော့ အညာဟာရေနံနည်းနည်း၊ ရွှေနည်းနည်းထွက်သည်။ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ကြက်သွန်ထွက်သည်။ ကြက်သွန်ပေါ်လျှင် သားကိုရှင်ပြုမည်။ နှမ်းကောင်းလျှင် ဘုရားပွဲကျင်းပမည် ဆိုသည့် အညာဒေသဟာ ယခင်ကတည်းက အရာရာရှားပါးသည်။ အညာမှာရှိသည့် မိသားစုတွေအားလုံး တက်ညီလက်ညီလုပ်မှ ဝမ်းဝခါးလှသည်။ ယာခင်းထဲကထွက်သည့် ဆူးပုပ်၊ ကင်ပွန်းချဉ်ရွက်နှင့် ဖြစ်သလိုစားပြီး ငွေကိုခြစ်ခြစ်ကုတ်ကုတ် စုကြရသည်။ စုထားသမျှငွေကို ဝါကျွတ်လျှင် သားသမီး၊ မြေး၊ မြစ်တွေကို ရှင်ပြုနားသပြီး တစ်နှစ်ပတ်လုံး အလုပ်ပြန်လုပ်ကြသည်။ မရှိ ရှိတာလှူလိုက်ပြီး ကျောင်းအစ်မကြီး၊ ကျောင်းဒါယကာကြီးဟု အခေါ်ခံရလျှင်တစ်နှစ်တာ သူတို့ပင်ပန်းထားသမျှ ပြေပျောက်ကြသည်။ အဲသည်လို ကျင်လည်နေကြသည့်အညာကို NUG ၊ PDF အကြမ်းဖက်သမားတစ်သိုက်က ဝါဒမှိုင်းအမျိုးမျိုးတိုက်၊ အမုန်းတရားအမျိုးမျိုးပြောပြီး အစိုးရနှင့် တပ်မတော်အပေါ် အမြင်မှားအောင်လုပ်ဆောင်သည်။ နဂိုကတည်းက ရိုးသားသည့် အညာသားများကို လိမ်ညာလှည့်ဖြားပြီး စစ်တလင်းဖြစ်အောင်လုပ်ကြသည်။ တွေးမိတိုင်းရင်နာရသည်။

အညာသားတွေ အညာမခံကြပါနှင့်

ယခုဆိုလျှင် အညာတစ်ခွင်တွင် အကြမ်းဖက်သမားများ ခိုအောင်းနှိပ်စက်ခဲ့သည်မှာ ငါးနှစ်ခန့်ကြာခဲ့ပြီ။ အညာဒေသတစ်ခုလုံး၏ ထိခိုက်ပျက်စီးမှုတွေက ပြောမပြချင်လောက်အောင်များလှသည်။ မကြာမီ နိုင်ငံတော်အစိုးရက အညာဒေသအပါအဝင် နိုင်ငံတစ်ဝန်းတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်။ တစ်နည်းအားဖြင့် နိုင်ငံတစ်ဝန်းကို ရွေးကောက်ပွဲများဖြင့် ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ပေးတော့မည်။ အညာသားတွေဘာဖြစ်ချင်သည်၊ ဘာလိုချင်သည်ကို သဲသဲကွဲကွဲ ခွဲခြားရန်လိုပါသည်။ ရွေးကောက်ပွဲသည်သာ ယနေ့အခြေအနေအားလုံးအတွက် အကောင်းဆုံး ဖြစ်သည်ဟုလည်း နားလည်လက်ခံသင့်သည်။ ၂၀၂၅ ရွေးကောက်ပွဲပြီးပါက ဒီမိုကရေစီအစိုးရပေါ်လာမည်။ လွှတ်တော်အသီးသီးလည်းပေါ်လာတော့မည်။ ဒီမိုကရေစီပြန်လည်အသက်ဝင်လာမည်ဟုလည်း သိထားရမည်။

မိမိတို့၏ အခက်အခဲများ၊ အခွင့်အရေးများကို မိမိတို့ရွေးချယ်ပေးထားသည့် လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် တင်ပြအရေးဆိုနိုင်ကြမည်။ ယင်းအချိန်တွင် အညာမှာအခြေပြုနေသည့် အကြမ်းဖက်သမားများ၏ တော်လှန်ရေးအမည်ခံအကြမ်းဖက်လုပ်ငန်းများ အားလုံးသားလျှောပျက်ပြယ်ကြမည်မှာ အမှန်ပင်ဖြစ်သည်။ အညာမှာအကြမ်းဖက်သမားများ အသိုက်အမြုံဆောက်၊ ဝပ်ကျင်းတည်ဆောက်မှုများ နောက်တစ်ကြိမ်မပြုလုပ်နိုင်ရေး အညာသားတိုင်းက မျက်စိဖွင့်၊ နားစွင့်ပြီး အမြင်ကျယ်ကျယ်လုပ်ဆောင်ကြဖို့လိုသည်။

အကြမ်းဖက်သမားများ၏ မဟုတ်မမှန် လိမ်ညာလှည့်ဖြား ပြောဆိုမှုများကိုမယုံကြဘဲ နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်အတူ ညီညီညွတ်ညွတ်လုပ်ဆောင်ကြဖို့လိုသည်ဟု မြင်သည်။ အကြမ်းဖက်သမားများ၏ လှည့်ဖြားမှုအောက်ရောက်နေကြသည့် လူငယ်များကိုလည်း လမ်းမှန်ရောက်အောင် ဝိုင်းဝန်းလမ်းပြဖို့လိုသည်။ အညာကို ယခင်ကလိုအညာဆန်ချင်သည်။ အေးချမ်းချင်သည်။ ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရကရွေးကောက်ပွဲကို မဖြစ်မနေလုပ်မှာဖြစ်သည့်အတွက် မိမိတို့၏အနာဂတ်ကို မိမိတို့စိတ်တိုင်းကျရွေးချယ် “မဲ” ပေးကြဖို့လိုသည်။ ဒီမိုကရေစီနိုင်ငံရေးအလှည့်အပြောင်းကို အညာသားတွေ ပါဝင်ကူးပြောင်းပေးကြဖို့သာ တိုက်တွန်းပေးချင်သည်။

အညာသား အညာပြန်ချင်သည်

ယခုနှစ်မိုးကောင်းသဖြင့် အညာကိုပြန်ချင်သည်။ ယခင်ကလို ရွာဘုရားပွဲ၊ အလှူပွဲတွေသွားပြီးရွာက ဆွေမျိုးမိဘများနှင့် စကားလက်ဆုံကျချင်သည်။ ပဲဈေး၊ နှမ်းဈေး၊ ကြက်သွန်ဈေးများပြောပြီး အပန်းဖြေချင်သည်။ ကြက်သွန်ဈေး၊ နှမ်းဈေးကောင်းသည့်နှစ်များမှာ သင်္ကန်းတောင်းကြီး ခေါင်းပေါ်ရွက်ထားသည့် အညာသူများ၊ ဖက်စိမ်းကွမ်းတောင်ကိုင်ထားသည့် အညာသူ ညိုပြာညက်များကို တွေ့ချင်သည်။ ကွမ်းချိုးများပေါ်အောင်ပြုံးရင်း သပိတ်လွယ်ထားကြသည့် အညာသား လူညိုထွားများကိုလည်း တွေ့ချင်လှပြီ။ ရွာဘုရားမှာထုံးသင်္ကန်းကပ်ရင်း တရားတစ်ပုဒ်ကို ကြည်ကြည်လင်လင်နာချင်သည်။ နောက်ဆုံး ရွာကဆွေမျိုးများနှင့်ရေစက်ချ သာဓုအတူခေါ်ချင်သည်။ ဆုတောင်းတိုင်းသာ ပြည့်မည်ဆိုပါလျှင် အညာသားတစ်ဦး၏ အညာပြန်ခရီးသည် ယခင်ကလို သာယာဖြောင့်ဖြူးစေလိုသည်။

ဤဆုတောင်းပြည့်ဖို့ဆိုလျှင် အညာဟာငြိမ်းချမ်းနေဖို့လိုပါသည်။ အညာသားများ အညာကိုချစ်ဖို့လိုသည်။ အညာသားများစည်းလုံးဖို့လိုသည်။ အကြမ်းဖက်သမားများကို ညီညီညွတ်ညွတ်ဆန့်ကျင်ဖို့လိုသည်။ အကြမ်းဖက်သမားများ၏ လှည့်စားမှုပရိယာယ်ကိုသိမြင်ပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့် ပူးပေါင်းဆောင်ရွက်ရမည်သာဖြစ်သည်။

အညာသားများ အညာမမိစေချင်

သည်တစ်မိုးပြီးလျှင် အညာမှာငြိမ်းချမ်းတော့မည်ဟု ယုံကြည်သည်။ အညာသားတစ်ဦး၏ ရင်ထဲကဆန္ဒအမှန်မှာ အညာကို ဟိုးအရင်ကအညာလို ပြန်ဖြစ်ချင်သည်။ နွေဆန်းလျှင် အညာကိုသွားပြီး ရေနွေးကြမ်းနှင့် အမဲခြောက်ဖုတ်ကိုမြည်းကာ အညာသားများ၏ “ရိုး” “အ” မှုကို အားရပါးရပြောချင်သည်။ နိုင်ငံရပ်ခြားက ပြည်ပအားကိုးပုဆိန်ရိုးများ၏ နိုင်ငံရေးအမြတ်ထုတ်မှုများကို အသိပေးချင်သည်။ နောက်တစ်ကြိမ် နိုင်ငံရေးတောကြောင်များ၏ အသုံးချမှုမခံရအောင် အညာသားများကို လက်ခမောင်းခတ်ပြီး ပြောပြချင်သည်။

အညာသား ကဗျာဆရာတစ်ဦးပြောသလို ကျွန်တော်တို့အညာဟာ တကယ်ပဲသနားစရာကောင်းလှသည်။ သည်တစ်ခေါက် အညာရောက်လျှင် တချို့အညာဒေသများမှာ ရွာလမ်းဘေးအနီးတစ်ဝိုက် မြှုပ်ထားသည့် နင်းမိုင်းတွေကိုပြန်ဖော်ကြမည်။ အကြမ်းဖက်သမားများကြောင့် ပျက်စီးခဲ့ရသည့် ဘုရားစေတီတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံ၊ ဆေးခန်းတွေကို အေးချမ်းသွားသည့်အခါ ဝိုင်းဝန်းပြုပြင်ကြရမည်။

တစ်ချိန်သောအခါက အညာကိုပြန်ရဖို့အတွက် တစ်နည်းအားဖြင့် အညာနေရာကို အညာနှင့်အစားထိုးနိုင်ဖို့အတွက် ကျွန်တော်တို့ အညာသားတွေစည်းလုံးကြဖို့ ဆောင်ရွက်ချင်သည်။ ယနေ့အချိန်တွင် အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဆန့်ကျင်ပြီး ရွေးကောက်ပွဲကြီး အောင်မြင်အောင် ကြိုးပမ်းကြဖို့သာလိုသည်။ အထူးသတိပြုရမည်မှာ အညာသားများ ထပ်ပြီးအညာမမိကြဖို့ သတိကြီးစွာ ထားရပေလိမ့်မည်။ ။