“လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ခြင်းမှ အစတည် “ရွှေ၊ ဖွံ့၊ သာစေမည် တို့တိုင်းပြည်”
ဇော်မင်းထွန်း(ရေနံချောင်း)၊ မန္တလာကိုကိုဝင်း
နိုင်ငံတစ်နိုင်ငံ၊ အဖွဲ့အစည်းတစ်ခု သို့မဟုတ် လူမှုရေးအသင်းအဖွဲ့တစ်ခုအတွက် ဆောင်ပုဒ်ဆိုသည်မှာ မရှိမဖြစ်လိုအပ်သော လမ်းညွှန်ကြယ်ပွင့်နှင့်တူပါသည်။ ယင်းသည် ထိုအဖွဲ့အစည်း၏ ရည်မှန်းချက်၊ စံတန်ဖိုးနှင့် ခံယူချက်များကို စုစည်းဖော်ပြထားသည့် စကားလုံးအနည်းငယ်မျှသာ ဖြစ်သော်လည်း လက်တွေ့ကျပြီး လူအများ၏ အသိဉာဏ်ထဲသို့ စွဲမြဲစွာ သယ်ဆောင်သွားနိုင်စွမ်းရှိသည်။ ထိုဆောင်ပုဒ်များသည် အတွေးအခေါ်သက်သက်မျှမဟုတ်ဘဲ လုပ်ငန်းဆောင်တာများ အတွက် ခိုင်မာသောလမ်းညွှန်ချက်နှင့် စိတ်ဓာတ်ခွန်အားများကိုလည်းဖြစ်စေသည်။ ထိရောက်သော ဆောင်ပုဒ်တစ်ရပ်သည် အဖွဲ့ဝင်တိုင်းအား တစ်သားတည်းသောအမြင်ဖြင့် ရည်မှန်းချက်ဆီသို့ စည်းလုံးညီညွတ်စွာ ဦးတည်စေပြီး အဖွဲ့အစည်း၏ပုံရိပ်ကို လူထုကြားတွင် ခိုင်မာစွာတည်ဆောက်ပေးနိုင်စွမ်းရှိပါသည်။
လေ့လာ၊ လေ့ကျင့်၊ လိုက်နာ
မြန်မာ့တပ်မတော်တွင်လည်း “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသော ဆောင်ပုဒ်သည် နိုင်ငံတော်အကြီးအကဲဖြစ်သူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ၂၀၁၆ ခုနှစ်၌ စတင်ချမှတ်ခဲ့ပြီး တပ်မတော်တစ်ရပ်လုံးကို လက်တွေ့ဆောင်ရွက်စေခဲ့သည့်ဆောင်ပုဒ်ဖြစ်သည်။ လေ့လာ၊ လေ့ကျင့်၊ လိုက်နာဟူသော ဆောင်ပုဒ်၏အဓိပ္ပာယ်မှာ ကျယ်ပြန့်သလို လက်တွေ့ကျသောဆောင်ပုဒ်လည်းဖြစ်သည်။ ဆောင်ပုဒ်၏လုပ်ငန်းစဉ်မှာ ယခုခေတ်ကာလ အခြေအနေအချိန်အခါနှင့်အညီ ပြောင်းလဲတိုးတက်နေသော စစ်နည်းဗျူဟာနှင့် လက်နက်နည်းစနစ်များကို စဉ်ဆက်မပြတ် လေ့လာရမည်။ တိုးတက်ပြောင်းလဲလာနေသော စစ်လက်နက်ပစ္စည်း၊ နည်းပညာများနှင့် ကျွမ်းကျင်မှုရှိလာစေရန် အမြဲတမ်းလေ့ကျင့်နေရမည်။ ယခုကဲ့သို့ လေ့လာ၊ လေ့ကျင့်ခဲ့သည်များကို လက်တွေ့နယ်ပယ်တွင် မိမိ၏ဆင်ခြင်သုံးသပ်မှုနှင့် စစ်ပညာ၊ စစ်ဥပဒေသ၊ သိပ္ပံပညာရပ်များနှင့်အတူ လိုက်နာကျင့်သုံးအကောင်အထည်ဖော်သွားရမည်ဟူ၍ ဖြစ်သည်။
တပ်မတော်အတွက် ထိရောက်ကောင်းမွန်သော ထိုဆောင်ပုဒ်ကို လိုက်နာကျင့်သုံးကာ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်အဖြစ် တည်ဆောက်နိုင်ခဲ့သည့်အပြင် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍနှင့် နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်နိုင်ခဲ့သည်။
တပ်မတော်အနေဖြင့် နိုင်ငံတော်အတွက် မည်သည့်တာဝန်ကို ထမ်းဆောင်ရသည်ဖြစ်စေ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအတွက် တိကျစေ့စပ်သေချာထိရောက်သည့် ဆောင်ပုဒ်များ၊ ရည်မှန်းချက်များ ချမှတ်ပြီးအောင်မြင်အောင် ဆောင်ရွက်သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သော မဲမသမာမှုဖြစ်စဉ်များကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ တပ်မတော်က နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ယူခဲ့ရသည်။
ထိုကာလအတွင်း မဲမသမာမှုကျူးလွန်ခဲ့၍ ပါတီနှင့် အဖွဲ့အစည်းများအနေဖြင့် တိုင်းပြည်ကို ထင်သလို ခြယ်လှယ်ခွင့်မရသည့်အခါ အစိုးရအနေဖြင့် အုပ်ချုပ်၍မရအောင် နည်းလမ်းမျိုးစုံသုံးခဲ့သည်။ အကြမ်းဖက်မှုမျိုးစုံကို လုပ်ဆောင်ခဲ့ကြသည်။ တပ်မတော်ကသာ ကျစ်လျစ်ခိုင်မာမှုမရှိခဲ့ လျှင် ထိုအကြမ်းဖက်မှုများကြောင့် နိုင်ငံတော်၏အချုပ်အခြာအာဏာ ဆုံးရှုံးသွားနိုင်သည်။ သို့သော် လေ့လာ၊ လေ့ကျင့်၊ လိုက်နာမှုအားကောင်းခဲ့သော တပ်မတော်သည် ထိုအခြေအနေဆိုးများကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ခြင်းဖြစ်သည်။
ရည်မှန်းချက်များ
တပ်မတော်အနေဖြင့် နိုင်ငံတော်ဦးဆောင်မှုပြုရသည့်အခါ စည်းကမ်းစနစ်ကျနစွာ ရည်မှန်းချက်များချမှတ်ကာ နိုင်ငံတော်ကို ဘက်စုံထောင့်စုံကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းရာတွင် တပ်မတော်သားနှင့် အရပ်ဘက်ကိုယ်စားလှယ် များ အချိုးညီ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။ တပ်မတော်၏သမိုင်းတွင် နိုင်ငံတော်ကိုဦးဆောင်မှု ပြုသည့်အခါတိုင်း အရပ်ဘက် စစ်ဘက် မျှတစွာ ပါဝင်စေခဲ့သည်။
ရှေ့ဆက်သွားရမည့်ခရီးအတွက် ရည်မှန်းချက်များကိုလည်း ချမှတ်ဆောင်ရွက်ခဲ့သည်။ နိုင်ငံရေးရည်မှန်းချက်အဖြစ် “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး” တို့ကို ချမှတ်ထားသည်။ ထို့အတူ အမျိုးသားရေးရည်မှန်းချက်အဖြစ် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး” တို့ကို ချမှတ်ထားသည်။
နိုင်ငံရေးရည်မှန်းချက်
စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဖော်ဆောင်ရန်အတွက် ရွေးကောက်ပွဲသည် အရေးကြီးပါသည်။ ပြည်သူလူထု၏ဆန္ဒအမှန်ကို ရွေးကောက်ပွဲများကသာ ဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။ ထို့အတွက်လည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုင်ငံရေးပါတီပေါင်း ၅၇ ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၉၁ ဦးအပါအဝင် စုစုပေါင်းကိုယ်စားလှယ်လောင်း ၄၉၃၀ ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ပါသည်။ ယခုကျင်းပသော ရွေးကောက်ပွဲတွင် တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ လွှတ်တော်ထဲတွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်စေရန် ပြည်သူ့လွှတ်တော်ကို FPTP စနစ်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်ကို ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP-Mixed Member Proportion System) ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်သည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရာတွင်လည်း မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများ၏ ဆောင်ရွက်ပုံအတိုင်း ပုံတူကူးချခြင်းမျိုးမပြုဘဲ မြန်မာနိုင်ငံ၏ သမိုင်းကြောင်း၊ လူနေမှုစနစ်၊ ယဉ်ကျေးမှုစရိုက်လက္ခဏာ၊ ဓလေ့ထုံးတမ်းအစဉ် အလာများနှင့်ကိုက်ညီသော ဒီမိုကရေစီစနစ်ကို မြန်မာနည်း၊ မြန်မာ့ဟန်ဖြင့် မြန်မာနိုင်ငံတော် အစိုးရနှင့် မြန်မာပြည်သူပြည်သားများက ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အမျိုးသားရေးရည်မှန်းချက်
တိုင်းပြည်သာယာဝပြောရေးအတွက် အဓိကလိုအပ်သည်မှာ တိုင်းပြည်ငြိမ်းချမ်းမှုရှိရန် ဖြစ်သည်။ ထာဝရငြိမ်းချမ်းရေးခိုင်မာတည်တံ့နေမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အောင်မြင်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်လျက်ရှိသည်။ တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ယနေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက် ၂၇ ကြိမ် ထုတ်ပြန်ပေးခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ခေါင်းဆောင်များဖြင့် ဆွေးနွေးနိုင်ရေး ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။ NCA တွင် လက်မှတ်ရေးထိုးထားသော အဖွဲ့ ၇ ဖွဲ့နှင့် လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့ ၃ ဖွဲ့တို့နှင့် ဆွေးနွေးနိုင်ခဲ့သည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီကလည်း NCA လက်မှတ်ရေးထိုးထားသော EAO များနှင့် ၉၁ ကြိမ်၊ NCA လက်မှတ်မရေးထိုးထားသော EAO များနှင့် ၂၅ ကြိမ်၊ နိုင်ငံရေးပါတီများနှင့် ၂၂ ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနှင့် ၁၃ ကြိမ် ဆွေးနွေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင်လည်း နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခြင်း ခေါင်းစဉ်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပေးထားသည်။ ထို့အပြင် ၂၀၂၅ ခုနှစ်တွင် ငြိမ်းချမ်းရေးစကားဝိုင်း (Peace Talk) တစ်ကြိမ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ (Peace Forum) တစ်ကြိမ်တို့ကိုလည်း ကျင်းပပြုလုပ်နိုင်ခဲ့သည်။
စားရေရိက္ခာဖူလုံရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်လျက်ရှိသည်။ ထို့အပြင် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကိုလည်း ဆောင်ရွက်နေသည်။
စားရေရိက္ခာတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၁ ခုနှစ်မှ ယနေ့အထိ စိုက်ဧကများ တိုးချဲ့ခြင်း၊ စိုက်ပျိုးသီးနှံများကို ရာသီမပြတ်စိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့သည်။ စိုက်ပျိုးမြေနှင့် သီးနှံစိုက်ဧရိယာတိုးတက်လာမှုအခြေအနေကို လေ့လာကြည့်ရာ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် စိုက်ပျိုးမြေဧရိယာ (ဧက) ၃၀၈၆၉၀၃၇ နှင့် သီးနှံစိုက်ဧရိယာ (ဧက) ၄၈၃၂၂၆၂၇ ရှိခဲ့ရာမှ ၂၀၂၄-၂၀၂၅ခုနှစ်တွင် စိုက်ပျိုးမြေဧရိယာ (ဧက) ၃၀၉၆၈၉၆၃ နှင့် သီးနှံစိုက်ဧရိယာ (ဧက) ၅၂၀၂၉၅၄၈ အထိ တိုးတက်လာခဲ့သည်။
မွေးမြူရေးဇုန်များနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ဖော်ထုတ်ဆောင်ရွက်ထားရှိမှုအနေဖြင့် ကရင်ပြည်နယ်တွင် မွေးမြူရေးဇုန်နှစ်ခု၊ မကွေးတိုင်းဒေသကြီးတွင် မွေးမြူရေးဇုန်နှစ်ခု၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် မွေးမြူရေးဇုန်တစ်ခုစီနှင့် ရှမ်းပြည်နယ်တွင် မွေးမြူရေးဇုန် သုံးခု ဖော်ထုတ်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ပြည်ပသို့ ငါးတင်ပို့မှုအနေဖြင့် ၂၄၃၅၂၉.၆၅၆ မက်ထရစ်တန်၊ ပုစွန်တင်ပို့မှု ၇၅၇၂.၉၉၂ မက်ထရစ်တန်နှင့် အခြားရေထွက်ပစ္စည်းတင်ပို့မှု ၈၄၉၆၅.၈၇၃ မက်ထရစ်တန် တင်ပို့နိုင်ခဲ့ရာမှ ၂၀၂၄-၂၀၂၅ ခုနှစ် တွင် ငါးတင်ပို့မှု ၃၉၃၁၇၄.၅၄၅ မက်ထရစ်တန်၊ ပုစွန်တင်ပို့မှု ၉၁၄၆.၆၁၅ နှင့် အခြားရေထွက်ပစ္စည်းတင်ပို့မှုမှာ ၁၅၁၅၇၂.၀၆၆ မက်ထရစ်တန်အထိ တိုးမြှင့်တင်ပို့နိုင်ခဲ့ပါသည်။
စိုက်ပျိုးသီးနှံများ ပိုမိုတိုးတက်ထွက်ရှိမှုနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ တိုးတက်လာသည့်စိုက်ဧကများကို အောက်ပါဇယားအတိုင်း မြင်တွေ့နိုင်သည်-

စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်အကြီးအကဲကိုယ်တိုင် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန်ခဲ့သည့်အတွက် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။ ဤသို့ဆောင်ရွက်ခြင်းအားဖြင့် အမျိုးသားရေးရည်မှန်းချက်ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့နိုင်ကြောင်း လေ့လာတွေ့ရှိရသည်။
စဉ်ဆက်မပြတ် ဆောင်ရွက်ရမည့်ဆောင်ပုဒ် သုံးခု
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်ပြီးနောက် ဖွဲ့စည်းခဲ့သော နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်လက်ထက်တွင်လည်း နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်က “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့”၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့”၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဟူသော ဆောင်ပုဒ်သုံးခု ချမှတ်ပေးခဲ့ သည်။ “ရွှေ ၊ ဖွံ့၊ သာ” ဟု အတိုကောက်မှတ်ယူနိုင် ပါသည်။
စီးပွားရေးမောင်းနှင်အား ကောင်းမွန်မှသာ ကျန်ရှိသည့် ကာကွယ်ရေးမောင်နှင်အားကဏ္ဍနှင့် နိုင်ငံရေးမောင်းနှင်အားကဏ္ဍ အဆင်ပြေမည်ဖြစ်သည်။ စီးပွားရေးအင်အားတောင့်တင်းနေစေရန်အတွက် မိမိနိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အောင်မြင်စွာ ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရမည်။ ထိုမှတစ်ဆင့် Agro-based Industry ဖြစ်မြောက်အောင် လည်းဆောင်ရွက်ကြရမည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးအပါအဝင် ဒေသထွက်ကုန်ကြမ်းများကို အသုံးပြုကာ MSME လုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်ကြရန် နိုင်ငံတော် အစိုးရက ဘက်စုံကဏ္ဍစုံမှ ပံ့ပိုးပေးလျက်ရှိပါသည်။ အရည်အသွေးမြင့်ပြည်တွင်းထွက်ကုန်များကို ပြည်ပသို့တင်ပို့နိုင်ရေးအတွက် အခွင့်အလမ်းများကိုလည်း အစိုးရက ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ကြောင့် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဟူသောဆောင်ပုဒ်ကို ပထမဆုံးဆောင်ပုဒ်အဖြစ် သတ်မှတ်ပေးထားသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် ပညာတတ်လူသားအရင်းအမြစ်ပေါများနေရမည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးနှင့်ပတ်သက်လာလျှင် ဘက်စုံပညာရေးစနစ်ကို ကျင့်သုံးသည်။ အခြေခံပညာအလယ်တန်းအောင်မြင်သည်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုစသည့် အသက်မွေးဝမ်းကျောင်းပညာ သင်ယူနိုင်ရေးလမ်းကြောင်းကို သင်ယူခွင့်ရရှိအောင် စီမံပေးထားသည်။ ခရိုင် ၈၈ ခုတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုအထက်တန်းကျောင်း ၈၉ ကျောင်း ဖွင့်လှစ်ပေးထားပြီးဖြစ်သည်။ ထိုမှတစ်ဆင့် သက်ဆိုင်ရာဘွဲ့အသီးသီး ရရှိစေရန် ဆက်လက်ကြိုးစားကြရမည်ဖြစ်သည်။ ယခင်က စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်ကို နေပြည်တော်ရေဆင်းတွင်သာရှိခဲ့သည်။ ယခုအခါ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်တစ်ခုကို ထပ်မံ ဖွင့်လှစ်နေပြီဖြစ်သည်။
ထို့အတူ ကွန်ပျူတာနှင့် နည်းပညာများကို ပေါင်းစပ်သင်ကြားပေသည့် Polytechnic University ရှစ်ခုကို ဖွင့်လှစ်ထားပြီးဖြစ်သည်။ မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်တွင် Naypyitaw State Academy ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်က တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ယခုအခါ သုံးနှစ်ပြည့်မြောက်ပြီဖြစ်၍ စဉ်းစားတွေးခေါ်ဖန်တီးမှုကို အားပေးသော၊ အရည်အသွေးပြည့်ဝသော သင်ကြားသင်ယူလေ့ကျင့်မှုများမှတစ်ဆင့် အသုံးချသုတေသနနှင့် တီထွင်ဆန်းသစ်မှုကို အားပေးသည့် အဆင့်မြင့်ပညာရပ်များကို သင်ယူရာ ထိပ်တန်းတက္ကသိုလ်ဖြစ်လာစေရန် ဦးတည်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ပညာရေးသည် ဖွံ့ဖြိုးတိုးတက်မှုမှန်သမျှ၏ အဓိကအုတ်မြစ်ဖြစ်သည်။ ထို့ကြောင့် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဟူသော ဒုတိယဆောင်ပုဒ်ကို ချမှတ်ခြင်းဖြစ်သည်။
လူတိုင်းသည် ခိုင်မာလှပသောခြံစည်းရိုးနှင့် အိမ်ကြီးအိမ်ကောင်းတွင် နေထိုင်လိုကြသည်။ ထို့အတူ ပတ်ဝန်းကျင်သန့်ရှင်းကောင်းမွန်ခြင်းကို နှစ်သက်သည်။ ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများရှိ အဆောက်အအုံများနှင့် လမ်းများကို မြင်တွေ့ရသည်မှာ မြင်ကွင်းကောင်းလှသည်။ ကားလမ်းများ၊ ရထားလမ်းများ၏ သဘာဝပတ်ဝန်းကျင်မှာလည်း သာယာငေးမောဖွယ်ဖြစ်သည်။ မြန်မာနိုင်ငံတွင်နေပြည်တော်မြို့တော်ကဲ့သို့ အခြားသောမြို့များတွင်လည်း သဘာဝပတ်ဝန်းကျင် သာယာလှပစေချင်သည်။ သစ်ပင်များစိုက်ပျိုးခြင်း၊ အမှိုက်များ စနစ်တကျစွန့်ပစ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေမည့် အခိုးအငွေ့များကင်းစင်ခြင်းတို့သည် သဘာဝပတ်ဝန်းကျင်ကို ကောင်းမွန်အောင် ထိန်းသိမ်းခြင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ကောင်းမွန်စွာ ထိန်းသိမ်းခြင်းအားဖြင့် လေကောင်းလေသန့်ရရှိပြီး ကျန်းမာရေးကို ကောင်းမွန်စေသည်။ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်သယံဇာတများကို တရားလွန်ထုတ်ယူ သုံးစွဲခြင်းသည် သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်သဖြင့် အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းတို့ကိုလည်း ရှောင်ကြဉ်ကြရမည်။ ထို့ကြောင့် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဟူ သော တတိယဆောင်ပုဒ်ကို ချမှတ်ခြင်းဖြစ်သည်။
ဤဆောင်ပုဒ်သုံးခုမှာ နိုင်ငံတော်တွင် မည်သည့်အစိုးရတာဝန်ယူသည်ဖြစ်စေ မလွဲမသွေဆောင်ရွက်ရမည့် ရည်မှန်းချက်များလည်းဖြစ်သည်။
တပ်မတော်သည် အဓိကတာဝန်ကြီးသုံးခုဖြစ်သော ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်တို့ကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်အတွက် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသော ဆောင်ပုဒ်နှင့်အညီ ကျင့်ကြံနေထိုင်ဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ အခြေခံကောင်းများရှိခြင်းကြောင့် နိုင်ငံတော်တာဝန်ကို ဦးဆောင်ရသည့်အခါတွင်လည်း နိုင်ငံတော်အတွက် အမှန်တကယ်လိုအပ်သော၊ အချိန်အခါမရွေး လိုအပ်သော ရည်မှန်းချက်များ၊ ဆောင်ပုဒ်များ ချမှတ်ကာ အောင်မြင်တိုးတက်အောင် ဆောင်ရွက်နိုင်ခြင်းဖြစ်ပါသည်။ စိတ်ဓာတ်ခိုင်မာမှုနှင့် ဇွဲသတ္တိပြည့်ဝမှု၊ လေ့ကျင့်သားပြည့်ဝမှု၊ သန္နိဋ္ဌာန်စိတ်ဖြင့် ရည်မှန်းချက် ပြီးမြောက်အောင် ဆောင်ရွက်မှုတို့ကြောင့် ဖြစ်သည်။
ထိုအောင်မြင်မှုများမှာ မျက်စိဖြင့် မြင်နိုင်သောအရာများဖြစ်သည်။ အမှန်ကိုအမှန်အတိုင်း မြင်အောင်ကြည့်တတ်ကြရမည်ဖြစ်သည်။ အခက်အခဲမျိုးစုံကို ရင်ဆိုင်ကျော်လွှားကာ နိုင်ငံတော်ကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်၏ ဆောင်ရွက်ချက်များ၊ အောင်မြင်မှုများကို ထင်ရှားစွာ မြင်တွေ့နေရသည့်အတွက် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ခြင်းမှ အစတည် “ရွှေ၊ ဖွံ့၊ သာစေမည်တို့ တိုင်းပြည်”သို့ ရောက်ရှိအောင် ပို့ဆောင်ပေးလျက်ရှိသည်ကို ဂုဏ်ပြုအပ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
