Skip to main content

အွန်လိုင်းရာဇဝတ်ဂိုဏ်းများ၏ လိမ်လည်ငွေရှာမှုများကို သိရှိရှောင်ရှား နိုင်ငံတော်အစိုးရ၏ ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်

မင်းပြည့်စုံ

ပညာအရည်အချင်းမလို၊ သက်မွေးမှု အတတ်ပညာမလို၊ ပင်ပင်ပန်းပန်း လုပ်စရာမလိုဆိုသည့် အလုပ်ခေါ်စာများ၏ နောက်ကွယ်၊ ဖုန်းမဲပေါက်ပါသည်၊ အဲကွန်းမဲပေါက်ပါသည်ဟုဆိုသော မက်လုံးမဲများ၏ နောက်ကွယ်၊ ချောမောလှပသည့် ရုပ်ရည်အသွင် အပြင်ကို လူမှုမီဒီယာတွင် ဖော်ပြထားပြီး ချိုသာ သော စကားလုံးများဖြင့် ဆွဲဆောင်မှု၏နောက်ကွယ်၊ အွန်လိုင်းလောင်းကစားအမျိုးမျိုး၏ နောက်ကွယ်တွင် ရှုပ်ထွေးပွေလီစွာ လိမ်ညာလှည့်ဖြားမည့် ဇာတ်လမ်းများစွာ ရှိနေသည်။

အဓိကအားဖြင့် အလုပ်လိုသူကို အလုပ်နှင့် မက်လုံးပေးခြင်းက တစ်မျိုး၊ ငွေကြေးလိုအပ်သူကို ငွေကြေးနှင့် မက်လုံးပေးခြင်းက တစ်နည်း၊ အလှကြိုက်သူကို ရုပ်ရှိရေလျှံ အယောင်ဆောင် ဇာတ်လမ်းဆင်ခြင်းက တစ်ဖုံ၊ ငွေကြေးအင်အား တောင့်တင်းသူထံမှ ငွေချူနည်းက တစ်သွယ် အမျိုးမျိုး၊ အဖုံဖုံ ဇာတ်လမ်း အစုံစုံဖြင့် လုပ်ကြံလိမ်လည်မှုများက ရှုပ်ထွေးများပြားလှသည်။

ဇာတ်လမ်းအဆုံးတွင် အလိမ်ခံသူများ၏ ဘဝသည် ယိမ်းယိုင်ကြရသည်၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာကြရသည်။ တစ်ဖက်မှာလည်း ဇာတ်လမ်းမျိုးစုံဖြင့် လိမ်လည်ငွေကြေးရယူနိုင်ရန်အတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်အတွက် သားကောင်း၊ သမီးကောင်းရတနာများ၏ ဘဝကို စတေးကြရသည်။ အလုပ်အကိုင်အခွင့်အလမ်း ခေါင်းစဉ်အောက်တွင် အနာဂတ် ပျောက်ရှကြရသည်။

အွန်လိုင်းလောင်းကစားနှင့် ငွေလိမ်လုပ်ငန်းများတွင် လုပ်ကိုင်နေသူအများစုမှာ လိမ်လည် စုဆောင်းခံရသူများဖြစ်ကြသည့်အပြင် လူကုန်ကူးခံရသူများလည်း ပါဝင်နေပြီး နေ့စဉ် အလုပ်ချိန် ၁၂ နာရီမှ ၁၄ နာရီအထိ လုပ်ကိုင်ကြရသည်ဟု ဆိုကြသည်။ နစ်နာသူ အလုပ်သမားအများစုသည် ဖွင့်ဟ ဖော်ထုတ်ရန် ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်ရပြီး ငွေလိမ်လုပ်ငန်းများ၏ ကျေးကျွန်ဖြစ်သွား ရသည်။

၎င်းတို့သည် အများအားဖြင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ဆွဲဆောင်ခြင်း၊ အွန်လိုင်းလောင်းကစား ခြင်း၊ ငွေချေးခြင်း၊ ချစ်သူရည်းစားအဖြစ် ဟန်ဆောင်ပြီး လိမ်လည်ငွေညှစ်ခြင်းအစရှိသော လိမ်လည်မှု အကြောင်းအရာမျိုးစုံကို အွန်လိုင်းမှတစ်ဆင့် လုပ်ကိုင်ရပြီး အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း ဦးဆောင်လုပ်ကိုင်သူများအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံချီသော ငွေရပေါက် လိမ်လည်မှုလုပ်ငန်းများ ဖန်တီးပေးကြရသည်။

ထိုကဲ့သို့ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းလုပ်ကိုင်သူ ပြည်ပနိုင်ငံသားများသည် အိမ်နီးချင်းနိုင်ငံ အချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ မဲ့ထော်သလေး KK Park နယ်မြေတွင် online လိမ်လည်မှုများ၊ online လောင်းကစားမှုများနှင့် ဒုစရိုက်မှုများကို ကျူးလွန် ခဲ့ကြသည်။

ထိုကဲ့သို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်ပြီး အွန်လိုင်းလောင်းကစားမှု များနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၉၀ ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံကို တစ်ဆင့်ခံ၍ နယ်စပ်ဖြတ်ကျော်ရောက်ရှိလာသည့် ဖြစ်စဉ်များက အများစု ဖြစ်နေသည်။

“KK Park မှာ အသုံးပြုတဲ့ ပစ္စည်းအများစု၊ ၁၀၀ မှာ ၉၀ ရာခိုင်နှုန်းလောက်က ထိုင်းနိုင်ငံဘက်က လာကြတယ်။ သူတို့က ကျွန်တော်တို့ မြန်မာနိုင်ငံက ပစ္စည်းတွေကို ဘာဆိုဘာမှ မသုံးကြပါဘူး။ တရားမဝင်ဂိတ်တွေကနေတစ်ဆင့် ထိုင်းနိုင်ငံကလာတဲ့ လျှစ်စစ်ပစ္စည်းကအစ တစ်ကိုယ်ရေသုံး ပစ္စည်းအထိ အားလုံးက ထိုင်းနိုင်ငံက တင်သွင်းတာ ချည်းပါပဲ။ တရားမဝင်ဂိတ်တွေက ကျွန်တော်တို့ တိုင်းရင်းသားတွေနဲ့ နိုင်ငံ့အကျိုးစီးပွားအတွက် မဟုတ်ပါဘူး။ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားတွေပဲ ဖြစ်တယ်” ဟု KK Park နယ်မြေအနီးတွင် တည်ရှိသည့် အင်ကြင်းမြိုင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောပြသည်။

ထိုကဲ့သို့ တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်လာသူ ပြည်ပနိုင်ငံသားများက ဖွံ့ဖြိုးမှုနည်းသော၊ တရားဥပဒေစိုးမိုးမှု အားနည်းသော၊ နယ်စွန်နယ်ဖျားကျသော တစ်နိုင်ငံနှင့် တစ်နိုင်ငံ ထိစပ်ရာ နယ်နိမိတ်နေရာများကို လိမ်လည်လှည့်ဖြားမှုလုပ်ငန်းများအတွက် အခြေတည်ရွေးချယ်အသုံးပြု ကြသည်။

“ကျွန်တော်တို့ ဒေသက လက်နက်ကိုင်တွေရှိတဲ့၊ တရားဥပဒေစိုးမိုးမှုနည်းတဲ့ ဒေသဖြစ်တဲ့အတွက် တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ရှောင်ရတာတွေရှိတယ်။ ဒီဘက်ကနေ သူတို့ဘက်သွားရင် ထိုင်းစစ်သားတွေက စုရပ်တစ်ခု လုပ်တယ်။ အဲဒီ နေရာကလွဲပြီး ဘယ်မှမသွားရဆိုပြီး တစ်နေရာ တည်းမှာ နေခိုင်းတယ်။ တိုက်ပွဲရှောင်တဲ့အနေနဲ့ နိုင်ငံတကာအထောက်အပံ့တွေ ကျွန်တော်တော့ မရဖူးပါဘူး။ ရတဲ့သူတချို့တော့ ရှိပါတယ်။ အကောင်းစားတွေ မဟုတ်ပါဘူး။ ဥပမာ ထမင်း ထုပ်၊ စောင်၊ အင်္ကျီတွေ ပေးတယ်လို့ ပြောတယ်။ ဘေထုပ်က ပစ္စည်းတွေပါ။ ပေးရင်လည်း မှတ်တမ်း တင်တာတွေ လုပ်တယ်တဲ့။ တိုက်ပွဲရှောင်တွေ သောင်ရင်းမြစ်ကူးလာတာကစပြီး မှတ်တမ်း တင်ကြတယ်။ တိုက်ပွဲရှောင်ဆိုပြီး ထိထိရောက်ရောက် လုပ်ပေးတာမရှိပါဘူး။ နိုင်ငံတကာက ထောက်ပံ့ထားတဲ့ တိုက်ပွဲရှောင်တွေအတွက် ဒုက္ခသည်စခန်းဆိုပြီး ဖွင့်ထားတာတွေ ရှိတယ်။ အဲဒီမှာ ကျွန်တော်တို့ကို နိုင်ငံတကာကိုပြပြီး အထောက်အပံ့တွေကို ရယူတယ်။ မျောက်ပြ ဆန်တောင်းတဲ့ ပုံစံပေါ့။ ဒါတွေကို ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအနေနဲ့ သိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က လက်တွေ့ ကြုံခဲ့ရတော့ သိတယ်”ဟု အင်ကြင်းမြိုင်ကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

လတ်တလော မြန်မာနိုင်ငံ မြဝတီနယ်စပ်တွင် အခြေတည်ထားသော KK Park အရေးက အရှေ့တောင်အာရှနိုင်ငံများတွင် လှုပ်လှုပ်ရှားရှားဖြစ်ခဲ့သည်။ မီဒီယာစာမျက်နှာများတွင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရေး အလေးပေးဖော်ပြခဲ့ကြသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် ကရင်ပြည်နယ် မြဝတီမြို့ မဲ့ထော်သလေး KK Park နယ်မြေတွင် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စဉ်ဆက်မပြတ် စစ်ဆေးဖော်ထုတ်လျက်ရှိသည်။

ထိုကဲ့သို့ စစ်ဆေးဖော်ထုတ်ပြီး ဥပဒေနှင့်အညီ ပြည်နှင်ဒဏ်ပေးနိုင်ရေး လုပ်ငန်းစဉ်များကို စနစ်တကျဆောင်ရွက်၍ သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ လွှဲပြောင်းပေးအပ်လျက်ရှိသည့်အပြင် ယင်းတို့စုဖွဲ့နေထိုင်ခဲ့ကြသည့် KK Park အတွင်းရှိ အဆောက်အအုံများကို ဖျက်ဆီးရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သည်။ ထို့အတူ တရားမဝင် ကုန်သွယ်မှုပြုသည့် လက်နက်ကိုင်အကြမ်းဖက်သူများ၏ လမ်းကြောင်းများကိုလည်း ပိတ်သိမ်းဖျက်ဆီးမှုများ ဆောင်ရွက်နေပြီဖြစ်သည်။

တစ်ချိန်တည်းတွင် အဆိုပါ အွန်လိုင်းအခြေပြု လိမ်လည်မှုလုပ်ငန်းများသည် မြန်မာနိုင်ငံတွင် သာမက အရှေ့တောင်အာရှဒေသနိုင်ငံများအကြား ပျံ့နှံ့နေသည်မှာ မီဒီယာများ၏ ဖော်ပြလာမှုကြောင့်ဆိုသည်မှာ ပေါ်လွင်လာသည်။ အင်ဒိုနီးရှားနိုင်ငံတွင် အွန်လိုင်းမှုခင်းများနှင့် စပ်လျဉ်း၍ မသင်္ကာသူ တရုတ်နိုင်ငံသား ၈၈ ဦးကို ဩဂုတ်လ ၂၉ ရက်နေ့က ဖမ်းဆီးခဲ့ရကြောင်း သတင်းမီဒီယာများ၏ ဖော်ပြမှုအရ သိရသည်။ ထို့အတူ ထိုင်းနိုင်ငံတွင် လည်း ဩဂုတ်လလယ်ပိုင်းက အွန်လိုင်းငွေကြေး လိမ်လည်မှုများကို ဖော်ထုတ်နှိမ်နင်းမှုများမှ တစ်ဆင့် မြန်မာအမျိုးသမီးတစ်ဦးအပါအဝင် တရုတ်နိုင်ငံသူ၊ နိုင်ငံသားအချို့၊ ထိုင်းနိုင်ငံသားအချို့တို့ကို ဖမ်းဆီးရမိခဲ့သည့်အပြင် လိမ်လည်မှုလုပ်ငန်းနှင့်ပတ်သက်သည့် တန်ဖိုးကြီးဇိမ်ခံကားများ၊ အိမ်ခြံမြေစာချုပ်စာတမ်းများ၊ ငွေသားများကိုပါ သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရှိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံအစိုးရ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများရှိ သက်ဆိုင်ရာအစိုးရအဖွဲ့များ ပူးပေါင်းကာ ဒေသတွင်း အွန်လိုင်းရာဇဝတ်မှုခင်းများ မြင့်တက်နေခြင်းအပေါ် အပူတပြင်း အရေးယူ တုံ့ပြန်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။

ထိုကဲ့သို့ အရေးယူတုံ့ပြန်ဆောင်ရွက်မှုများကို နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံအစိုးရက အိမ်နီးချင်းနိုင်ငံများ၏ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဖော်ထုတ် နှိမ်နင်းလျက်ရှိသည့် အခြေအနေကို နိုင်ငံပိုင်သတင်းစာများတွင် ခပ်စိပ်စိပ်တွေ့မြင်သိရှိ လာရသည်။

 “နိုင်ငံတော်အစိုးရအနေနဲ့ အခုလို အွန်လိုင်းလိမ်လည်မှုတွေကို အဆက်မပြတ် အမြစ်ကနေ ဖယ်ရှားနေတာကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ KK Park မြေနေရာဟာ အရင်က ကျွန်တော်တို့ရဲ့ လယ်ယာမြေတွေ၊ ဥယျာဉ်ခြံမြေတွေ ဖြစ်ပါတယ်။ ဒေသခံတောင်သူတွေဆီက ပိုက်ဆံပိုပေးပြီး ဝယ်ကြတယ်။ ပြီးတော့ သူတို့က အဆောက်အအုံတွေ ဆောက်ကြတယ်။ ဒီလို ဆောက်လုပ်ပြီး မြို့မှာလိုပဲ အထဲမှာ အကုန်ရှိတယ်ဆိုတာတော့ ကြားဖူးတယ်။ ဘာလုပ်ငန်းတွေ လုပ်နေတယ်ဆိုတာ မသိရ ဘူး။ မြင်လည်းမမြင်ရဘူး။ အဲဒီထဲကို ဝင်ဖို့၊ ထွက်ဖို့ကလည်း မလွယ်ဘူး။ အုတ်တံတိုင်းကြီးတွေ ကာရံပြီးတော့ CCTV တွေ တပ်ထားတယ်၊ လုံခြုံရေး လည်း တင်းကျပ်တယ်။ ကျွန်တော်တို့ ဒေသခံ တော်တော်များများက အဲဒီထဲကို မရောက်ဖူးကြဘူး။ ရောက်ဖူးတဲ့ သူကလည်း အလုပ်ကြမ်းသွားလုပ်တာပါ၊ ဝင်ဖို့ ထွက်ဖို့ ခက်တော့ အဲဒီမှာ မလုပ်ကြဘူး။ သူတို့တွေက တရားမဝင် လောင်းကစားလုပ်တယ် ပြောကြတယ်။ ကျွန်တော်တို့ဒေသခံတွေက ကိုယ့်ဒေသမှာ တရားဝင်ဖြစ်တဲ့ ကုန်ထုတ်လုပ်တဲ့အလုပ် တွေကိုပဲ လုပ်စေချင်တယ်။ ဒါမှ ကျွန်တော်တို့ဒေသခံတွေလည်း အလုပ်အကိုင်အခွင့်အလမ်းတွေရပြီး အဆင်ပြေကြမှာ ဖြစ်ပါတယ်” ဟု မဲ့ထော်သလေးကျေးရွာမှ ဒေသခံတစ်ဦးက ပြောပြသည်။

ယခုအခါ နိုင်ငံသူ၊ နိုင်ငံသားများအတွက် အန္တရာယ်ကြီးမားသည့် အွန်လိုင်းရာဇဝတ်ဂိုဏ်း များအား နိုင်ငံတော်အစိုးရက ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူလျက်ရှိပြီး ထိုသို့ စုံစမ်းဖော်ထုတ်အရေးယူဆောင်ရွက်ရာတွင် ကရင်ပြည်နယ်တွင်သာမက ရှမ်းပြည်နယ်အရှေ့မြောက်ဘက်နှင့် အရှေ့ဘက်တို့တွင်လည်း နယ်မြေစစ်ဆေး ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“ဒီနေရာမှာ အွန်လိုင်းလိမ်လည်မှုတွေ၊ အွန်လိုင်းလောင်းကစားမှုတွေနဲ့ ဒုစရိုက်မှုတွေ ထပ်မံပြီး မလုပ်ဆောင်နိုင်အောင် KK Park အတွင်းက အဆောက်အအုံအားလုံးကို ဖြိုချဖျက်ဆီးသွားမှာ ဖြစ်ပါတယ်။ တရားမဝင်ဂိတ်တွေလည်း ရှိနေတယ်။ ဒါတွေကိုလည်း ဖယ်ရှားရှင်းလင်းနေပါတယ်။ အားလုံးကို ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ ကြိုးစား ဆောင်ရွက်နေပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

လက်ရှိအချိန်အထိ စိစစ်လွှဲပြောင်းပေးမှုအနေဖြင့် ပြည်ပနိုင်ငံသား ၉၅၃၆ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင် လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၂၇၉ ဦးကိုလည်း သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရှိရသည်။

“တရားဥပဒေစိုးမိုးမှု အားနည်းတဲ့နေရာမှာ ကျွန်တော်တို့ မြေကို အသုံးချ၊ သောင်ရင်းမြစ်ကို ကျောထောက်နောက်ခံထားပြီးတော့ အခုလို လာလုပ်ကြတာဖြစ်တယ်။ တရားဥပဒေစိုးမိုးနိုင်မှ အွန်လိုင်းလိမ်လည်မှုတွေကလည်း ပပျောက်သွားမှာပါ။ ဒါကြောင့် ကျွန်တော်တို့ဒေသမှာ တရားဥပဒေစိုးမိုးမှုကောင်းစေချင်တယ်၊ အုပ်ချုပ်မှုကောင်းစေချင်တယ်။ ဒါမှလည်း ကျန်တဲ့အပိုင်းတွေ လုပ်ရတာ အဆင်ပြေမှာဖြစ်တယ်။ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးမှုလည်း ပိုပြီးရရှိမှာဖြစ်တယ်။ ဒီလိုမျိုးအခြေအနေကိုလည်း မျှော်လင့်ပါတယ်” ဟု အင်ကြင်းမြိုင်ကျေးရွာမှ ဒေသခံပြည်သူတစ်ဦးက ပြောပြသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် လိမ်နည်းမျိုးစုံ၊ မက်လုံးမျိုးစုံ၊ အကြောင်းအရာမျိုးစုံ ဖန်တီးပြီး အွန်လိုင်းရာဇဝတ်ဂိုဏ်းများ၏ လိမ်လည်ငွေရှာမှုများကို သိရှိရှောင်ရှားကာ နိုင်ငံတော်အစိုးရ၏ ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။