ဉာဏ်ရည်တုနည်းပညာ (AI) နှင့် မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု
ဒေါက်တာဇင်မာကျော် (သတင်းအတတ်ပညာ)
နှစ်စဉ်အောက်တိုဘာလ၏ နောက်ဆုံးသီတင်းပတ်ကို ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုရက်သတ္တပတ် (Global Media and Information Literacy - MIL) Week အဖြစ် သတ်မှတ်ထားပါသည်။ ယခုနှစ်အတွက် အဓိကဖော်ညွှန်းချက်မှာ “ဉာဏ်ရည်တုနည်းပညာဖြင့် ပြီးမြောက်ခြင်း-ဒစ်ဂျစ်တယ်နယ်ပယ်အတွင်းမှ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု”ဟူ၍ ဖြစ်ပါသည်။
အဓိကဖော်ညွှန်းချက်တွင် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုနှင့် AI ဆုံမှတ်များ၊ AI သည် သတင်းအချက်အလက် အခင်း အကျင်းကို မည်ကဲ့သို့ပြန်လည်ပုံဖော်ပေးနိုင်သည်ကို ရှာဖွေခြင်း၊ MIL သည် လူတစ်ဦးချင်းစီတိုင်းအား စွမ်းဆောင်မှုများ ရရှိစေရန်နှင့် AI ဖြင့် ဖန်တီးသော အကြောင်းအရာများတွင် ဝေဖန်ပိုင်းခြားစွာ လုပ်ဆောင်တတ်စေရန် မည်မျှအထိ အရေးကြီးကြောင်းကို မီးမောင်းထိုးပြထားပါသည်။
AI နှင့် သတင်းအချက်အလက်ပေါင်းစည်းမှု
လက်ရှိကာလတွင် AI နှင့် သတင်းအချက်အလက်ပေါင်းစည်းမှုသည် အလွန်အရေးပါလာသည်။ AI ဆိုသည်မှာ လူသားများက သတင်းအချက်အလက်များကို မည်ကဲ့သို့ ဖန်တီး၊ သုံးစွဲ၊ မျှဝေ ထားကြသနည်းဆိုသည်ကို အသွင်ပြောင်းထားခြင်းပင် ဖြစ်ပါသည်။
AI ကို အသုံးပြုပြီး လုပ်ဆောင်လိုက်သည့် လုပ်ဆောင်မှုအဆင့်ဆင့်တိုင်းသည် လူထုထံ ရောက်ရှိလာမည့် သတင်းစီးဆင်းမှုပုံစံများ၊ အကြောင်းအရာများဖန်တီးခြင်းနှင့် လွှမ်းမိုးမှုရှိသည့် အများပြည်သူ၏ ဖော်ထုတ်တင်ပြချက်များကို မမှန်းဆနိုင်လောက်သည့် အတိုင်းအတာအထိ ရောက်အောင် ပုံဖော်စီစဉ်ပေးနေသည်။
AI သည် သတင်းအချက်အလက်ရယူနိုင်မှုများကို မြှင့်တင်ပေးနိုင်သည့် အလားအလာကောင်းများ တည်ရှိနေသည်။ တစ်ပြိုင်နက်တည်းမှာပင် တစ်ဖက်စောင်းနင်း ခြေရာခံခြင်းများ၊ သတင်းအမှားများ၊ နက်ရှိုင်းသည့်တုပမှုနည်းပညာများ၊ မီဒီယာအတုအယောင်နှင့် အလိုအလျောက် ဆုံးဖြတ်ချက်ချလုပ်ဆောင်နေမှုနှင့် ပတ်သက်နေခြင်းစသော စိန်ခေါ်မှုများလည်း တည်ရှိနေပါ သည်။
လူတစ်ဦးချင်းစီသည် AI ဖြင့် ဖန်တီးသည့် အကြောင်းအရာများကို ချင့်ချိန်စဉ်းစားပြီး အကဲဖြတ်တတ်စေရန်၊ အချက်အလက်အခြေပြုသည့် မီဒီယာ၏ သက်ရောက်မှုများကို နားလည်သဘောပေါက်ကြစေရန်၊ ဒစ်ဂျစ်တယ်နယ်ပယ်တွင် လုပ်ဆောင်မှုတိုင်းကို ချင့်ချိန်စဉ်းစားလုပ်ဆောင်ကြရန်အတွက် MIL သည် ယခင်ကထက် ပိုမို အရေးပါလာသည်။
AI နည်းပညာ ဆက်လက်တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုက မဖြစ်မနေ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရမည့်အချက်မှာ ယခုကဲ့သို့ အလျင်အမြန်ပြောင်းလဲနေသော ဒစ်ဂျစ်တယ်အခင်းအကျင်းကို ဖြတ်သန်းနိုင်ရန်အတွက် ပြည်သူများ အသိပညာနှင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုများ ပေးစွမ်းနိုင်ရေးပင် ဖြစ်သည်။
မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုနှင့် AI ဆုံမှတ်တွင် ရှိနေသည့် အဓိက စိန်ခေါ်မှုများက မည်သည့်အရာများဖြစ်မည်နည်းဆိုသည်ကို လေ့လာအဖြေရှာကြရန် လိုအပ်လာပါသည်။ AI ၏ အခန်းကဏ္ဍ မြင့်မားလာခြင်းသည် ပြည်သူများ၏ ဖော်ထုတ်တင်ပြမှုနှင့် သတင်းအချက်အလက်ဂေဟစနစ်ကို ပုံဖော်ရာတွင် MIL အပေါ် ခိုင်မာသော ချဉ်းကပ်မှုတစ်ခုပြုလုပ်ရန် အလေးပေးတိုက်တွန်းထားပါသည်။
AI နှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း
AI မှ ပေးအပ်သော အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို တုံ့ပြန်ရန်အတွက် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများကို မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုမှ မည်ကဲ့သို့ကူညီနိုင်သည်ကို လေ့လာကြရပါမည်။ အဓိကအလေးထားရမည့် အခန်းကဏ္ဍများမှာ (၁) သတင်းအချက်အလက်နှင့် မီဒီယာအပေါ် ယုံကြည်မှု၊ (၂) MIL သင်ရိုးညွှန်းတမ်းများ ခေတ်နှင့်အညီ မွမ်းမံခြင်း၊ (၃) မီဒီယာမိတ်ဖက်များမှတစ်ဆင့် အလွတ်သဘော MIL သင်ယူမှု၊ (၄) AI နှင့် နည်းပညာမှတစ်ဆင့် အသုံးပြုသူများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့ ဖြစ်သည်။
သတင်းအချက်အလက်နှင့် မီဒီယာအပေါ် ယုံကြည်မှုအခန်းကဏ္ဍနှင့်ပတ်သက်၍ AI မှ ထုတ်လုပ်သော အကြောင်းအရာများသည် ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ သတင်းရင်းမြစ်များ ၏ တိကျမှုကို အကဲဖြတ်ရန်၊ မှားယွင်းသော အချက်အလက်များကိုတိုက်ဖျက်ရန်နှင့် ဒစ်ဂျစ် တယ် အခင်းအကျင်းကို မျှတစွာ ဖြတ်သန်းရန်အတွက် ဝေဖန်ပိုင်းခြားတွေးခေါ်မှုကို အားကောင်း စေရန် အရေးကြီးကြောင်း ဖော်ညွှန်းထားပါ သည်။
MIL သင်ရိုးညွှန်းတမ်းများ ခေတ်နှင့်အညီ မွမ်းမံရေးတွင် ဒစ်ဂျစ်တယ်နယ်ပယ်ကို ဖြတ်သန်းရန် လိုအပ်သည့် ကျွမ်းကျင်မှုများ ရရှိစေရေးအတွက် ကျောင်းတွင်းနှင့် ကျောင်းပြင်ပနှစ်မျိုးလုံးတွင် MIL ပညာရေးကို အားကောင်းစေရန် မဖြစ်မနေ လိုအပ်ပါသည်။ AI သည် သတင်းအချက်အလက် ရယူခွင့်ကို ပြန်လည်ပုံဖော်လာသည်နှင့်အမျှ၊ ညှိနှိုင်းဆောင်ရွက်ထားသော၊ ထိရောက်ပြီး အကျိုးသက်ရောက်မှုရှိသော ကြိုးပမ်းအားထုတ်မှုများကို သေချာစေရေးအလို့ငှာ MIL ၏ ကျယ်ပြန့်သော မူဘောင်ထဲသို့ AI သိနားလည်မှုကို ပေါင်းစပ်သင့်ပါသည်။
ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုရက်သတ္တပတ်သည် ဒစ်ဂျစ်တယ်အသိုက်အဝန်း ထူထောင်ရေးနှင့် အရေးပါသော အွန်လိုင်းပါဝင်ဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက် MIL ကို ကျောင်းသင်ရိုးညွှန်းတမ်း၊ တစ်သက်တာသင်ယူမှု အစီအစဉ်များနှင့် ရပ်ရွာ အခြေပြုအစီအစဉ်များတွင် ပေါင်းစပ်ရန် နည်းဗျူဟာများဖော်ထုတ်ကြရန် မီးမောင်းထိုးပြနေပါ သည်။
သတင်းမီဒီယာသမားများသည် လူထုဟောပြောချက်များအား ပုံဖော်ခြင်းနှင့် AI ဖြင့် ဖန်တီးမှုများ လုပ်ဆောင်နေသည့်ကမ္ဘာကြီးတွင် သတင်းမှားများကို တိုက်ဖျက်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေကြသည်။ မီဒီယာကဏ္ဍမှ ပြည်သူများအကြား မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုမြှင့်တင်ရေး လုပ်ဆောင်နိုင်စွမ်းအား ကောင်းမည်ဆိုပါက အသိပညာ ဗဟုသုတရှိသော အသိုက်အဝန်းများကို ပျိုးထောင်ရန်၊ နိုင်ငံသားများအား စွမ်းဆောင်မှုမြင့်မားစေရန်နှင့် သတင်း မီဒီယာတွင် အများပြည်သူ၏ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန်အတွက် အရေးပါလာပေမည်။
AI ၏ သက်ရောက်မှုကို ကောင်းစွာနားလည်ရန် လိုအပ်
AI နှင့် နည်းပညာမှတစ်ဆင့် အသုံးပြုသူများ၏ စွမ်းဆောင်ရည်မြှင့်တင်ရန်ဆိုသည့် အချက်သည် လည်း အရေးပါပေသည်။ မူဝါဒချမှတ်သူများသည် အုပ်ချုပ်မှုဆိုင်ရာ မူဘောင်များ ဖော်ဆောင်ရာတွင် သတင်းအချက်အလက်အခင်းအကျင်းအပေါ် AI ၏ သက်ရောက်မှုကို ကောင်းစွာနားလည်ရန် လိုအပ်ပါသည်။ ယင်းအချက်သည် ဒီမိုကရေစီတန်ဖိုးများကို ထိန်းသိမ်းစောင့်ရှောက်ပြီး အများပြည်သူတို့၏ ဆွေးနွေးမှုများကို ကာကွယ်ပေးကာ AI မှ လှုံ့ဆော်ပေးသည့် မှားယွင်းသော သတင်းအချက်အလက်များ ပျံ့နှံ့မှုကိုလည်း ကာကွယ်ပေး နိုင်ပါမည်။
မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုသည် သတင်းအချက်အလက် အပြည့် အစုံပါဝင်သော မူဝါဒများရေးဆွဲခြင်း၊ AI ခေတ်တွင် တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုကို သေချာစေခြင်းနှင့် အားလုံးပါဝင်သော ဒစ်ဂျစ်တယ်ဂေဟစနစ်ကို မြှင့်တင်ခြင်းတို့အတွက် မူဝါဒချမှတ်သူများကို ပံ့ပိုးပေးပါလိမ့်မည်။ ထို့အပြင် အသုံးပြုသူ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးကို အလေးပေးသည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းအုပ်ချုပ်မှုဆိုင်ရာ MIL Action Plan ကို အခြေပြုလေ့လာကြရန်လည်း ညွှန်းဆိုထားသည်။
AI ဖြင့် အဆင့်မြှင့်တင်ထားသော ဒစ်ဂျစ်တယ်ဝန်းကျင်များအတွက် လမ်းညွှန်ချက်များ ရေးဆွဲရာတွင် MIL ကို အဓိကအစိတ်အပိုင်းများအဖြစ် လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ထားသည့် ကမ္ဘာလုံးဆိုင်ရာ ရက်သတ္တပတ်အထိမ်းအမှတ်သတင်းစကားကို ဝေမျှကာ ၂၀၂၅ ခုနှစ် Global Media and Information Literacy Week အား ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။
ကိုးကား-
Concept Note of Global MIL Week 2025

