ဒစ်ဂျစ်တယ်ခေတ်တွင် တာဝန်ယူမှုရှိသော နိုင်ငံသားတစ်ဦးဖြစ်လာစေမည့် မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုပညာကို လေ့လာကြပါစို့
ရတနာထွန်း
ယနေ့ကမ္ဘာသည် သတင်းအချက်အလက်များ လျင်မြန်စွာစီးဆင်းနေသော ဒစ်ဂျစ်တယ်နယ်နိမိတ်အသစ်တွင် ရောက်ရှိနေပြီဖြစ်သည်။ လူမှုကွန်ရက်နှင့် နည်းပညာများ တိုးတက်လာသည်နှင့်အမျှ သတင်းမီဒီယာပုံစံအမျိုးမျိုးသည် လူသားတို့၏ နေ့စဉ်ဘဝကို အနီးကပ်လွှမ်းမိုးလာသည်။
ထိုသို့သော ပတ်ဝန်းကျင်တွင် ရရှိလာသော သတင်းအချက်အလက်များကို မှန်ကန်စွာ ဆန်းစစ် နိုင်ရန်နှင့် တာဝန်ယူမှုရှိစွာ အသုံးပြုနိုင်ရန်အတွက် မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (Media and Information Literacy -MIL) သည် မရှိမဖြစ် လိုအပ်သော ၂၁ ရာစု၏ ကျွမ်းကျင်မှု တစ်ရပ်ဖြစ်လာသည်။ MIL သည် မီဒီယာဆိုင်ရာ သိနားလည်မှု (Media Literacy) နှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (Information Literacy) တို့ကို ပေါင်းစပ်ထားပြီး ယင်းတွင် လက်ရှိခေတ်ရေစီးကြောင်းအရ အလွန်အရေးကြီးသော ဒစ်ဂျစ်တယ်ဆိုင်ရာ သိနားလည်မှု (Digital Literacy) ကဏ္ဍလည်း ပါဝင်လာပါသည်။
ကမ္ဘာလုံးဆိုင်ရာ MIL ရက်သတ္တပတ်တွင် တက်ကြွစွာပါဝင်ခြင်း
ကမ္ဘာ့မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ ရက်သတ္တပတ် (Global Media and Information Literacy Week) ကို UNESCO က ဦးဆောင်ပြီး ၂၀၁၂ ခုနှစ်မှစ၍ ကမ္ဘာတစ်ဝန်း ကျင်းပလာခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ UNESCOတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ကမ္ဘာ့မီဒီယာနှင့် သတင်းအချက်အလက် ဆိုင်ရာ သိနားလည်မှု (Global Media and Information Literacy Week-MIL) ကို ကျင်းပသည့်နိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံများ စာရင်းဝင်ခဲ့ပါသည်။
ထို့နောက် ၂၀၁၉ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၌ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ နှစ်စဉ် အောက်တိုဘာလ စတုတ္ထပတ်တွင် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ ပါဝင်ပြီး “သတင်းတု သတင်းမှားများ၊ အမုန်းစကား များ၊ လုပ်ကြံသတင်းများ၏ သက်ရောက်မှု၊ သတင်း အချက်အလက် ဒစ်ဂျစ်တယ်နယ်နိမိတ်အသစ်၊ ပြည်သူ့အကျိုးစီးပွားအတွက် MIL” ကဲ့သို့သော ဆောင်ပုဒ်များဖြင့် အသိပညာပေးစကားဝိုင်းများ ပြုလုပ်လာခဲ့သည်မှာ ယခုနှစ် ၂၀၂၅ ခုနှစ်တွင် (၈)နှစ်ပြည့်မြောက်ပြီဖြစ်ပါသည်။
AI ဖန်တီးသော အကြောင်းအရာများကို ခွဲခြားနိုင်စွမ်း
နိုင်ငံတော်အကြီးအကဲက လူငယ်များသည် ခေတ်မီနည်းပညာများကို ကျွမ်းကျင်တတ်မြောက်ကြစေလိုကြောင်းနှင့် ဆိုရှယ်မီဒီယာကို အကျိုးရှိရှိ အသုံးချစေလိုကြောင်း တိုက်တွန်းပြောကြားထားရာ ဉာဏ်ရည်တု (Artificial Intelligence - AI) နည်းပညာများကြောင့် သတင်းအခင်းအကျင်းများ လျင်မြန်စွာပြောင်းလဲနေချိန်တွင် "Minds Over AI- MIL in Digital Spaces" ဟူသော ယခုနှစ် (၂၀၂၅) UNESCO ကမ္ဘာလုံးဆိုင်ရာ MIL ရက်သတ္တပတ်၏ ဆောင်ပုဒ်သည် အချိန်နှင့်တစ်ပြေးညီ အရေးကြီးသော သတိပေးချက်တစ်ခု ဖြစ်နေပါသည်။
AI သည် လူအများလေးစားရသော နိုင်ငံရေးသမားများ၊ သတင်းတင်ဆက်သူများနှင့် ကျော်ကြားသူများ၏ အသံနှင့်ရုပ်ပုံများကို ပွားယူ၍ အမှားအယွင်းများ၊ အမုန်းစကားများ သို့မဟုတ် လိမ်လည်လှည့်ဖြားသည့် ကြော်ငြာများကို ဖန်တီးနိုင်စွမ်းရှိသည်။ ဥပမာအားဖြင့် သတင်းတင်ဆက်သူတစ်ဦး က ကျန်းမာရေး သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိမ်လည်မှုများကို ထောက်ခံပြောဆိုနေသည့် ဗီဒီယိုအတုများ ပေါ်ပေါက်လာခြင်းမျိုးဖြစ်သည်။ ထိုသို့သော AI-Generated Content (AIC) များ သည် မူရင်းထုတ်လုပ်သူ၊ သတင်းဌာနနှင့် လူထု၏ ယုံကြည်ကိုးစားမှုကို အလွန်အမင်းထိခိုက်စေနိုင်ပါသည်။
AI-ဖန်တီးထားသော အကြောင်းအရာများ (AIC)သည် ရိုးရာသတင်းမှားများထက် ပိုမိုမြန်ဆန်စွာ ပျံ့နှံ့နိုင်ခြင်း၊ ပိုမိုယုံလွယ်အောင် ပြုလုပ်နိုင်ခြင်းတို့ကြောင့် နိုင်ငံသားတိုင်းသည် ဤခြိမ်းခြောက်မှုကို သိရှိနားလည်ထားရန် လိုအပ်ပါသည်။ ထိုသို့အခြေအနေတွင် MIL အသိပညာအရည်အသွေးသည် မရှိမဖြစ်လိုအပ်လာသည်။ MIL သည် လူတစ်ဦးချင်းစီအား သတင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုများကို ပြုပြင် တည်းဖြတ်ထားမှု၊ လုပ်ကြံဖန်တီးထားမှု ရှိ၊ မရှိကို သက်ဆိုင်ရာ Website များ၊ Application များကို အသုံးပြု၍ စစ်ဆေးခြင်းအပါအဝင် ကျွမ်းကျင်မှုဆိုင်ရာများကို သင်ကြားပေးခြင်းဖြင့် အန္တရာယ် ရှိသော အကြောင်းအရာများ၏ သက်ရောက်မှုကို ထိရောက်စွာ လျော့ပါးစေသည်။ ကျွန်ုပ်တို့၏ စိတ်ဝင်စားမှုအလိုက် သတင်းများကိုသာ AI နည်းပညာသုံး အယ်လ်ဂိုရီသမ်များက ရွေးချယ်ပြသခြင်းဖြင့် လူမှုအမြင်ကို ထိန်းချုပ်နိုင်စွမ်းရှိပါသည်။ MIL အသိပညာကို တတ်မြောက်သူတစ်ဦးအနေဖြင့် မိမိတို့ တွေ့ရှိ/ ကြားသိသည့် သတင်းအချက်အလက် များကို သိရှိသည်နှင့် အမှန်ဟု လက်ခံယုံကြည်ခြင်း မျိုးမဟုတ်ဘဲ ဝေဖန်ပိုင်းခြားသုံးသပ်ခြင်းဖြင့် အမှား/အမှန်ခွဲခြားမှု ပြုလုပ်နိုင်လာပါသည်။
MIL (Media and Information Literacy) သည် လူတိုင်းအား အယ်လ်ဂိုရီသမ် မည်သို့အလုပ်လုပ်သည်၊ မီဒီယာက မည်သည့်ရည်ရွယ်ချက်ဖြင့် ထုတ်လွှင့်သည်၊ မည်သို့သော စည်းမျဉ်း၊ နည်းနာများကို အသုံးပြုထားသည် စသည်တို့ကို ကိုယ်ပိုင်စဉ်းစားဉာဏ်ဖြင့် ဆက်စပ်နားလည်နိုင်စေခြင်းဖြင့် ပြည်သူ့အကျိုးစီးပွားအတွက် အမှန်တကယ်အထောက်အကူပြုမည့် သတင်းအချက်အလက်များကို ရွေးချယ်နိုင်စေပါသည်။ ထိုသို့နားလည်မှသာ မိမိပတ်ဝန်းကျင်မှသည် ကမ္ဘာကြီးတစ်ခုလုံးကို ပြည့်ပြည့်စုံစုံ ရှုမြင်နိုင်မည်ဖြစ်ပါသည်။
AI နည်းပညာသည် လျင်မြန်စွာ တိုးတက်နေသော်လည်း လူ့ဉာဏ်ပညာ၊ ဆင်ခြင်တုံတရား၊ မေတ္တာ၊ စေတနာ၊ လူသားဆန်သည့် စိတ်အခြေအနေနှင့် ကျင့်ဝတ်သိက္ခာက မည်သည့်စက်နှင့်မျှ အစားထိုးမရနိုင်ပါ။ MIL သည် လူတစ်ဦးချင်းစီအား အွန်လိုင်းအခွင့်အရေးနှင့် တာဝန်ဝတ္တရားများကို သိရှိစေပြီး သတင်းအချက်အလက်များကို ကျင့်ဝတ်နှင့်အညီ ပြန်လည်အသုံးပြုရန်နှင့် ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်တွင် အပြုသဘောဖြင့် ပါဝင်ဆောင်ရွက်ရန် လမ်းညွှန်ပြလျက်ရှိပါသည်။
မြန်မာနိုင်ငံ၏ MIL မြှင့်တင်ရေးလုပ်ငန်းစဉ်များ
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများပူးပေါင်းကာ အထူးသဖြင့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MIL ကို အဓိကမောင်းနှင်အားအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ပြန်ကြား ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ပညာရှင်များပူးပေါင်းကာ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအတွက် MIL သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိပါသည်။ အသိပညာပေး စကားဝိုင်းများတွင် Artificial Intelligence (AI) နည်းပညာ၏ ကောင်းကျိုး၊ ဆိုးကျိုး၊ စိန်ခေါ်မှုများ နှင့် သတင်းတု၊ သတင်းမှားများအပေါ် သက်ရောက် မှုတို့ကိုပါ ထည့်သွင်းဆွေးနွေးလာပြီဖြစ်ပါသည်။
ယခုနှစ်တွင်လည်း မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကမ္ဘာ့မီဒီယာနှင့် သတင်းအချက်အလက်သိနားလည်မှုဆိုင်ရာ ရက်သတ္တပတ် (၂၀၂၅) (Global Media and Information Literacy Week−2025) အခမ်းအနားကို အောက်တိုဘာလ ၂၄ ရက်နေ့တွင် နေပြည်တော်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ပုဗ္ဗသီရိမြို့နယ်တွင် “MIL နှင့် AI ထိတွေ့ပြီးနောက် AI သည် သတင်းအခင်းအကျင်း များကို မည်ကဲ့သို့ ပြန်လည်ပုံဖော်လာသည်ကို လေ့လာစမ်းစစ်၍ AI မှ ပုံဖော်သည့် အကြောင်းအရာများကို ဝေဖန်ပိုင်းခြားရာ၌ MIL သည် လူတိုင်း အတွက် မည်မျှအရေးကြီးကြောင်း” ခေါင်းစဉ်အောက်တွင် MIL in Myanmar Transition ဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။ ထို့ပြင် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကျောင်း သား၊ ကျောင်းသူများ၏ လှုပ်ရှားဆောင်ရွက်မှုများအဖြစ် နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ သတင်းစာတိုက်များသို့ လေ့လာ ရေးခရီးများ ပို့ဆောင်ခဲ့ပါသည်။
တာဝန်ယူမှုရှိသော ဒစ်ဂျစ်တယ် နိုင်ငံသားဖြစ်လာစေခြင်း
MIL တတ်ကျွမ်းမှုများ ရရှိထားခြင်းဖြင့် လူငယ်များအပါအဝင် နိုင်ငံသားများအား သတင်းအချက်အလက်ရယူပိုင်ခွင့်ကို သိရှိစေပြီး ရရှိလာသော အသိပညာ၊ အတတ်ပညာနှင့် နည်းပညာများကို အသုံးပြု၍ မိမိ၏ပုဂ္ဂိုလ်ရေးဘဝ၊ ပညာရေးနှင့် လူမှုအသိုင်းအဝိုင်းကို အကျိုးရှိအောင်၊ ပြောင်းလဲလာ အောင် ဆောင်ရွက်နိုင်စွမ်း ရှိစေပါသည်။ မကြာမီ အပိုင်းလိုက် စတင်ကျင်းပတော့မည့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကာလသည် MIL ၏ အရေးပါပုံကို ပိုမိုထင်ရှားစေလာပါသည်။ ရွေးကောက်ပွဲအချိန် ကာလတွင် နိုင်ငံရေးဝါဒဖြန့်မှုများ (Propaganda)၊ AI နည်းပညာဖြင့် ဖန်တီးထားသော Deepfake ဗီဒီယိုအတုများနှင့် အမုန်းစကားများက အရှိန် အဟုန်ဖြင့် ပျံ့နှံ့နိုင်ခြေ မြင့်မားပါသည်။
နိုင်ငံသားများအနေဖြင့် မဲပေးဆုံးဖြတ်ရာတွင် အစစ်အမှန် သတင်းအချက်အလက်အပေါ် ဆင်ခြင် တုံတရားအခြေခံ၍ ဆုံးဖြတ်နိုင်ရန်၊ MIL သည် အဓိကသော့ချက်ဖြစ်ပါသည်။ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများနှင့် ပါတီများအကြောင်းကို ဝေဖန်ပိုင်းခြားစိတ်ဖြင့် စိစစ်နိုင်မှသာ ပကတိ အခြေအနေမှန်ကို နားလည်နိုင်ပါမည်။ အမုန်းစကားများ သို့မဟုတ် လူမျိုး၊ ဘာသာကို အခြေခံသည့် သတင်းမှားများပျံ့နှံ့မှုကို တားဆီးနိုင်ခြင်းဖြင့် မဲဆွယ်စည်းရုံးရေးကာလတွင် လူမှုအသိုင်းအဝိုင်းများအကြား ပဋိပက္ခများဖြစ်ပွားမှုကို လျှော့ချနိုင်ပါမည်။ နိုင်ငံသားများက MIL ကို အသုံးပြု၍ ရရှိသော အချက်အလက်များကို ခိုင်မာသော အသိပညာအဖြစ် ပြောင်းလဲကာ မဲပေးပိုင်ခွင့်ကို တိုင်းပြည်အတွက် အမှန်တကယ်အကျိုးရှိမည့် ဆုံးဖြတ်ချက်များ ချမှတ်ရန်အတွက် အသုံးပြုနိုင်ကြမည် ဖြစ်ပါသည်။
မရှိမဖြစ်လိုအပ်သော အသိပညာ
ရွေးကောက်ပွဲကဲ့သို့သော အရေးကြီးသည့် အမျိုးသားရေးကိစ္စရပ်များ ချဉ်းကပ်လာချိန်တွင် သတင်းအချက်အလက်များကို ဝေဖန်ပိုင်းခြားနိုင်သည့် MIL စွမ်းရည်က နိုင်ငံသားတိုင်းအတွက် မိမိ၏တာဝန်ယူမှုကို ထမ်းဆောင်ရန်နှင့် အမှန်တရားပေါ်တွင် အခြေခံသော ဆုံးဖြတ်ချက်များ ချမှတ်ရန် အလွန်အရေးကြီးပါသည်။ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (MIL) သည် ဒစ်ဂျစ်တယ်ခေတ်၏ စိန်ခေါ်မှုများ၊ အထူးသဖြင့် AI မှ ဖန်တီးသော သတင်းတုများ၊ Deepfake များနှင့် အမုန်းစကားများကို ထိရောက်စွာ ရင်ဆိုင်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သော အသိပညာတစ်ခုဖြစ်ပါသည်။
ဤသည်မှာ လူတိုင်းအတွက် ပညာရပ်ဆိုင်ရာ တတ်ကျွမ်းမှုတစ်ခုသာမက နေ့စဉ်ဘဝနှင့် လူမှုအဖွဲ့အစည်း၏ လုံခြုံရေးအတွက်ပါ မရှိမဖြစ် လိုအပ်သော ဘဝစွမ်းရည် (Life Skill) တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံသားတိုင်းသည် "Minds Over AI" ဟူသော ဆောင်ပုဒ်၏ အနှစ်သာရကို နားလည်ပြီး မိမိတို့၏ ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ ကျင့်ဝတ်သိက္ခာနှင့် တာဝန်ယူမှုတို့ကို MIL မှတစ်ဆင့် မြှင့်တင်ခြင်းဖြင့် ဒစ်ဂျစ်တယ်ခေတ်၏ အခွင့်အလမ်းများကို အကောင်းဆုံးအသုံးချနိုင်ကာ ခိုင်မာ၍ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နိုင်ကြရန် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု - MILသည် လေ့လာဆည်းပူးအပ်သည့် အသိပညာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
ကိုးကား-
သတင်းအချက်အလက်သိနားလည်မှု
https://www.moi.gov.mm/news/46364
