သင်အလိမ်မခံချင်လျှင် စာဖတ်ပါ
စာဖတ်ပရိသတ်တစ်ဦး
စာအုပ်စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများနှင့်ပတ်သက်၍ ပြည်တွင်း၊ ပြည်ပစာဆိုပညာရှင်ကြီးများ၏ အဆိုအမိန့်များစွာရှိပါသည်။ လက်လှမ်းမီရာ စာဆိုပညာရှင်ကြီးများ၏ အဆိုအမိန့်များအနက် စာရေးဆရာ၊ သတင်းစာဆရာကြီး သခင်အောင်ဖေ၏ “သင်အလိမ်မခံချင်လျှင် စာဖတ်ပါ” ဟူသော အဆိုအမိန့်ကို မှတ်မှတ်ထင်ထင် သဘောကျမိသည်။
ထိုအဆိုအမိန့်ကား မည်သည့်ခေတ်မဆို ခေတ်တွေ ဘယ်လိုပြောင်းပြောင်း ဟောင်းနွမ်းသွားခြင်းမရှိပါ။ အထူးသဖြင့် ဆိုရှယ်မီဒီယာပေါ်တွင် မာယာ၊ သာဌေယျာ၊ ပလီစိချောက်ချက် လိမ်လည်လှည့်ဖြားမှုများ တင်းကျမ်းပြည့်နေသော မျက်မှောက်ကာလတွင် ပိုလို့ပင် ခေတ်မီဆန်းသစ်နေသည်။
ဆရာကြီးရွှေဥဒေါင်းက တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များစာအုပ်တွင် “ဘာစာမှမဖတ်သော လူတစ်ယောက်သည် သေးငယ်သောအရေးအရာကို ဧရာမကိစ္စကြီးအနေဖြင့် မြင်တတ်၍ တအံ့တဩပြောခြင်းမျိုးကို ကြုံရဖူးသည်” ဟူ၍ ဆိုဘိသကဲ့သို့ စာပေဗဟုသုတမရှိသူများသည် သူတစ်ပါး၏ လိမ်လည်လှည့်ဖြားမှုများကို အဟုတ်ထင်ယုံမှတ်၍ အလိမ်ခံကြရလေသည်။
စာအုပ်စာပေ လေ့လာဖတ်ရှု၍ စာပေဗဟု သုတရှိသူများအဖို့မူ သူတစ်ပါး၏ ပြုမူပြောဆိုမှုများကို ဟုတ်၏ မဟုတ်၏၊ ဖြစ်နိုင် မဖြစ်နိုင်၊ သဘာဝကျ မကျ၊ သူ့၌ရှိသမျှသော ဉာဏ်လေးဖြင့် စဉ်းစား၊ ဝေဖန်၊ သုံးသပ်နိုင်ပါသည်။
ဘာသာရေးစာပေအချို့ကို လေ့လာဖတ်ရှု
ကျွန်တော်သည် ဖခင်ကြီး၏ကျေးဇူးဖြင့် ဆယ်ကျော်သက်အရွယ်ကတည်းက ဇာတ်ကြီးဆယ်ဘွဲ့၊ ငါးရာ့ငါးဆယ်ဝတ္ထုမှသည် မိုးကုတ်ဆရာတော်ကြီး၏ သစ္စာလေးပါးတရားတော်များ၊ ဓမ္မာစရိယ ဦးဌေးလှိုင်၏ ရတနာသုံးပါးကျေးဇူး၊ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများစသည်ဖြင့် ဘာသာရေးစာပေအချို့ကို လေ့လာဖတ်ရှုခဲ့ဖူးသည်။
ထိုထိုသော ဘာသာရေးစာပေအချို့ကို လေ့လာဖတ်ရှုမှတ်သားခဲ့ဖူး၍ ထေရဝါဒဗုဒ္ဓ သာသနာတော်နှင့် မလျော်ညီမှုများကို ဉာဏ်မီသမျှ ရှောင်ရှားနိုင်ခဲ့ပါသည်။ မှတ်မိသေးသည်။ တစ်ခါက မိသားစုများနှင့် ဘုရားဖူးသွားသည့်ခရီးတစ်ခုတွင် ဘုရားပရိဝုဏ်အတွင်းရှိလူတစ်ဦးက “ဆယ့်တစ်မီးငြိမ်းအောင် မောင်းဆယ့်တစ်ချက်လာတီးကြ” ဟူသော ဆော်ဩမှုနှင့်အတူ ဘုရားဖူးများသည် မောင်းဆယ့်တစ်ချက်တီးရန် တန်းစီစောင့်စားနေကြသည်။
“မောင်းဆယ့်တစ်ချက်တီးလို့ ဆယ့်တစ်မီးငြိမ်းစတမ်းဆိုရင် မြတ်စွာဘုရားရှင်လည်း လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီ ဘယ်ဖြည့်မှာလဲ၊ မောင်းဆယ့်တစ်ချက်ပဲ တီးတော့မှာပေါ့” လူပုံအလယ်တွင် အလိုက်မသိပြောတတ်ဆိုတတ်သော ကျွန်တော်၏ ဝေဖန်စကားကြောင့် ဖခင်ကြီးက မျက်နှာရိပ်၊ မျက်နှာကဲဖြင့် တားမြစ်လေတော့သည်။ လူရှင်းသည့်အခါမှ ဖခင်ကြီးက “လူကြားထဲမှာ မပြောရဘူး၊ ကိုယ်သိရင် ကိုယ့်စိတ်ထဲမှာပဲထားရန်” ဆုံးမသွန်သင်လေတော့သည်။ သို့သော် အဖေ့မျက်နှာကား ပြုံးလို့နေပါသည်။
ဆိုရလျှင် ဘာသာရေးစာပေများ၏ကျေးဇူးကြောင့် ကျွန်တော်သည် ကျွန်တော့်မှာ ရှိသမျှသော ဗဟုသုတဉာဏ်လေးဖြင့် ဘာသာရေးအမှုကိစ္စများတွင် ထေရဝါဒနှင့်ညီ မညီ၊ ဘုရားဟောဟုတ် မဟုတ်၊ စာပေကျမ်းဂန်နှင့်ညီ မညီ သုံးသပ်ချိန်ထိုး နိုင်ခဲ့ပါသည်။
ပရိယတ္တိစာတတ်ပေတတ် ဆရာတော် သံဃာတော်အရှင်သူမြတ်တို့၏တရားကို နာယူမှတ်သားခြင်းလည်းမရှိ၊ ဓမ္မစာပေများကို လေ့လာမှတ်သားဖူးခြင်းမရှိဘဲ ဆရာအတင်မှားပြီး အယူလွဲမှားဖောက်ပြန်ပါက သံသရာနှင့်ချီ၍ နစ်နာပေလိမ့်မည်။ ထို့အတူ သုတ၊ ရသစာပေ ဗဟုသုတချို့ငဲ့ပါကလည်း ဘဝနှင့်ချီ၍ ဆုံးရှုံးနစ်နာပါလိမ့်မည်။ မျက်မှောက်ကာလတွင် အထူးသဖြင့် နိုင်ငံရေးနယ်ပယ်ပင်ဖြစ်သည်။ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းမျှပင် တီးခေါက်လေ့လာမှုမရှိဘဲ နိုင်ငံရေးနယ်ပယ် အတွင်း ဝင်ရောက်မိပါလျှင် နိုင်ငံရေးသမားအမည်ခံ ကိုယ်ကျိုးရှာသူများ၏ အသုံးချခံသက်သက်ဖြင့် ဘဝနှင့်ချီ၍ နစ်နာဆုံးရှုံးတတ်ပါသည်။
၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွင်လည်း အတွေ့အကြုံနုနယ်သော လူငယ်အချို့သည် အစွန်းရောက်နိုင်ငံရေးသမားများ၏ ဒီမိုကရေစီနှင့် ဖက်ဒရယ်ဟူသော စကားလုံးများအပေါ် နားယောင်ကာ အသုံးချခံသက်သက် ဖြစ်ခဲ့ကြရပြန်သည်။
အလားတူ လွတ်လပ်ရေးရပြီးစကတည်းက ကျဉ်းမြောင်းသော လူမျိုးရေး၊ ဘာသာရေး၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲတို့အပေါ် အခြေပြု၍ လက်နက်စွဲကိုင်ကာ စစ်ဘုရင်ဝါဒကို ကျင့်သုံးနေကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကလည်း စာပေဗဟုသုတနှင့် ဘဝအတွေ့အကြုံနုနယ်သော လူငယ်များကို အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်သို့ တွန်းပို့ကြပြန်သည်။
နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အနာဂတ်အကျိုးစီးပွားကို လျစ်လျူရှုပြီး မင်းသားကြီးမလုပ်ရ ပတ်မကြီးထိုးဖောက်လေ့ရှိသော ငို့ဘနိုင်ငံရေးသမားအချို့၏ ဝါဒမှိုင်းများကြောင့် မြန်မာနိုင်ငံတွင် “တော်လှန်ရေး”ဟူသော ဝေါဟာရစကားလုံးသည် အတွေ့အကြုံနုနယ်သော လူငယ်များကို ခေတ်အဆက်ဆက်ဆွဲဆောင်လျက်ရှိပေသည်။
တော်လှန်ရေးဆိုတာ
တော်လှန်ရေး၏ သဘောသဘာဝနှင့်ပတ်သက်၍ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ် မေလ ၁၉ ရက်နေ့တွင် ကျင်းပခဲ့သည့် ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံတွင် “ဘာလဲတော်လှန်ရေး။ အကြမ်းပတမ်းလုပ်တာတိုင်း တော်လှန်ရေးလား၊ မဟုတ်ဘူး။ အဖျက်လုပ်ငန်းဆိုတာတိုင်း တော်လှန်ရေးလား၊ မဟုတ်ဘူး။ လုပ်ချင်တိုင်း လုပ်လို့ရသလား၊ မဟုတ်ဘူး။ ဘာရည်ရွယ်ချက်နဲ့လဲ။ ဘယ်လိုလဲ၊ လဲ လဲ လဲ။ အဲဒီလို ‘လဲ’တွေအမျိုးမျိုးနဲ့ ကျွန်တော်တို့စဉ်းစားကြစို့။ တစ်ရံရောအခါက ဒီမေးခွန်းကို ကျွန်တော် ဒီလို ဖြေခဲ့တယ်။
“တော်လှန်ရေးဆိုတာ လူထုက လူထုရဲ့ကံကြမ္မာကို အခြေခံကနေပြီး ဖန်တီးရာမှာ ဘယ်လိုပဲဖြစ်ဖြစ်ဆိုပြီး လူထုကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်းဖြစ်တယ်။ ရာဇဝင်ကြောင်းအရ မလွှဲမရှောင်သာလို့လည်း လိုတယ်။ ဖြစ်ပျက်ပေါ်ပေါက်နေတဲ့ ရာဇဝင်အခြေအနေအချက်အလက်တွေနဲ့ အခြားတစ်လမ်းဖြစ်တဲ့ အခြောက်တိုက် စိတ်ကူးစီမံကိန်းမျိုးနဲ့တော့ မဖြစ်နိုင်ဘူး။ ပြီးတော့ မျက်စိစုံမှိတ်ပြီး အကမ်းလို ရမ်းလို့မဖြစ်ဘူး၊ တစ်ဖက်တွင်သာလုပ်တဲ့ အလုပ်၊ အလိုအလျောက် လူထုထကြွမှု ဖျက်ဆီးရုံအလုပ်ကိုလည်းလက်မခံနိုင်ဘူး။ အဲဒါတွေကြောင့် တော်လှန်ရေးဆိုတာ အကြီးအကျယ် ဆုံး ပြုပြင်ဖန်တီးတတ်တဲ့ သတ္တိရှိပါတယ်။ တော်လှန်ရေးရဲ့အခြေခံရည်ရွယ်ချက်ကြီးကတော့ လုပ်စားကိုင်စား လူထုကြီးလွတ်လပ်မှုဖြစ်ပါတယ်။ တော်လှန်ရေးရဲ့အခြေခံအုတ်မြစ်ကတော့ လူထုပါဝင်အောင် ဆောင်ရွက်ရေးဖြစ်ပါတယ်။ တော်လှန်ရေးအောင်မြင်ဖို့ အခြေခံကတော့ လူထုကြီးရဲ့ နိုးကြားထကြွမှု တစ်နည်းအားဖြင့် လူထုကြီးဟာ ဘယ်အထိ ဖွဲ့ဖွဲ့စည်းစည်းရှိလို့ ဘယ်အထိ မိမိရဲ့ တာဝန်နဲ့ တန်ခိုးအာဏာကို သိရှိနားလည်နိုးကြားသလဲဆိုတဲ့အပေါ်မှာ တည်ပါတယ်။ အဲဒီလို ကျွန်တော်ဖြေခဲ့တယ်”ဟူ၍ မိန့်ကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတဟောင်း ဒေါက်တာ မောင်မောင်ကလည်း တော်လှန်ရေး၏ သဘော သဘာဝနှင့်စပ်လျဉ်း၍ - - -
“တော်လှန်ရေးဟူသည် -
ဆန္ဒစောခြင်း၊ စိတ်အားထက်သန်ခြင်း၊
အယူမှန်ခြင်း၊ အယူမှားခြင်း၊
မေတ္တာကြီးမားခြင်း၊ ပြင်းထန်စွာ မုန်းတီးခြင်း၊
စိတ်နှလုံးကို ဆွဲဆောင်နိုင်သော ဆောင်ပုဒ်စကားများ၊
ရဲရဲတောက်လုပ်ဆောင်ချက်များ၊ စွန့်စားခြင်းများ
စသည်တို့ဖြင့် ရောထွေးပြွမ်းတီး၍သာ နေပေသည်။
နှစ်ပေါင်းများစွာကြာပြီးမှသာလျှင် တော်လှန်ရေးတစ်ရပ်၏အဓိပ္ပာယ် ထင်ရှားစွာပေါ်လွင်တတ် သည်။
သမိုင်းကသာ တော်လှန်ရေးကို မှတ်ကျောက်တင်နိုင်သည်” ဟူ၍ သူ၏ကိုယ်ရေးမှတ်စုတွင် ရေးသားခဲ့ပါသည်။
သို့ဆိုလျှင် မြန်မာလူငယ်မောင်မယ်များအနေဖြင့် တော်လှန်ရေး၏သဘောသဘာဝနှင့်ပတ်သက်၍ ဆဝါးမှန်းဆ၊ ချိန်ထိုးသုံးသပ်နိုင်ပါမည်။ ထို့အတူ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထိန်းချုပ်ထားသည့် ဒေသအချို့မှ ဒေသခံပြည်သူများအနေဖြင့်လည်း အကြမ်းဖက် သမားများက အတိတ်ကာလကဲ့သို့ပင် ၎င်းတို့၏ကိုယ်ကျိုးစီးပွားနှင့် အစွန်းရောက်နိုင်ငံရေးခံယူချက်များအတွက် နိုင်ငံ့ဝန်ထမ်းနှင့် အေးချမ်းစွာနေထိုင်နေကြသည့် ပြည်သူလူထုအား လက်နက်အားကိုးဖြင့် ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများကို ကိုယ်တွေ့ တွေ့ကြုံခံစားခဲ့ကြရသည့်အလျောက် ကြာကြာဝါးမှ ခါးမှန်းသိလာခဲ့ကြသည်။
သို့နှင့်အမျှ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထိန်းချုပ်ထားသည့် မြို့ရွာ၊ ဒေသများကို တပ်မတော်က ပြန်လည်သိမ်းပိုက်ရရှိမှုအပေါ် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ၊ ဝမ်းပန်းတသာဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
လွတ်လပ်ရေးရပြီးစ တိုင်းပြည်ကနုနု မုန်တိုင်းက ထန်ထန်ကာလတွင်လည်း အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများက ကျဉ်းမြောင်းသောနိုင်ငံရေး၊ လူမျိုးရေး၊ဘာသာရေးအစွန်းရောက် မှုများဖြင့် ဖြူးမြို့၊ ပခုက္ကူခရိုင် ထီးလင်းမြို့နယ် ဆင်စွယ်ရွာနှင့် မြစ်ဝကျွန်းပေါ်ဒေသအပါအဝင် ကျေးလက်၊ မြို့ရွာများမှ ဒေသခံပြည်သူအချို့အား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြဖူးသည်။
ထိုခေတ် ထိုကာလတွင်လည်း တပ်မတော်ကပင် အဆိုပါဒေသမှ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးစသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရပါသည်။
စာရှုသူမိတ်ဆွေ . . .
ဆိုရှယ်မီဒီယာမှ အလိမ်အညာများအပါအဝင် နယ်ပယ်စုံမှ လိမ်လည်လှည့်ဖြားမှုများနှင့် ကင်းဝေး လိုပါသလား။
သင်အလိမ်မခံချင်လျှင် စာဖတ်ပါ။
အင်္ဂလိပ်လူမျိုး စာပေပညာရှင်ကြီး Francis Bacon ကလည်း “စာဖတ်ခြင်းဖြင့် ပြည့်ဝသော လူတစ်ယောက်ဖြစ်လာနိုင်သည်”ဟု မိန့်ဆိုခဲ့သည် မဟုတ်ပါလား။ ။
